အခန်း (၈၄)
Vol. 9 Ch. 84
စုန့်စစ်ယွီ၏ လုံးဝ လက်မခံနိုင်သော အမူအရာကို မြင်တွေ့ရသောအခါ စုန့်ဝေ့တစ်ယောက် မသက်မသာ ဖြစ်ခဲ့ရသော်လည်း ကံကောင်းစွာဖြင့် သူပြန်လာသည့် လမ်းတွင် နောက်ထပ် နည်းဗျူဟာကို စဉ်းစားထားပြီး ဖြစ်ပေသည်။
အဖေနှင့် သမီးက လင်းရန် အပေါ် မဖြစ်မနေ မှီခိုနေစရာ မလိုဘဲ အောင်မြင်နိုင်သည်။
ထို့ကြောင့် သူက စုန့်စစ်ယွီကို နှစ်သိမ့်ရန် စကားစခဲ့သည်။
“လင်းရန် မပြန်လာတော့ဘူးဆိုရင် နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားရုံပဲ၊ ဒါက အခြေအနေကို ပိုပြီး ရှုပ်ထွေးစေလိမ့်မယ်၊ ဒါပေမယ့် အဖေတို့ ပူးပေါင်းပြီး ကောင်းစွာ စီစဉ်မယ်၊ သမီးရဲ့ အတွေ့အကြုံနဲ့ဆို ပန်းတိုင်ကို သေချာပေါက် ရောက်နိုင်လိမ့်မယ်လို့ အဖေထင်တယ်”
ဒါရိုက်တာ ရှုဘက်ကို ချဉ်းကပ်ဖို့အတွက်က အနည်းငယ် ပိုပြီး ခက်ခဲသွားလိမ့်မည်ဖြစ်သည်။
သို့သော် သူ ထိုသို့စကားပြောပြီးနောက် စုန့် စစ်ယွီက ခေါင်းလှည့်ပြီး အံကြိတ်ကာ ဖြည်းဖြည်းချင်း ပြောဆိုခဲ့သည်။
“ဒါပေမယ့် အဖေ၊ သမီး မနေ့ကပဲ လင်းရန်ကို သူ့ဆီ ခေါ်လာမယ်ဆိုပြီး ရှုကျစ်ဝမ်နဲ့ သဘောတူထားခဲ့ပြီ!”
“ဘာ!”
စုန့်ဝေ့က ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားပြီးနောက် ရုတ်တရက် စုန့်စစ်ယွီကို လေးနက်နေသောအသံဖြင့် ဆူပူခဲ့သည်။
“စိတ်အေးအေးထား၊ တည်တည်ငြိမ်ငြိမ်နေ၊ လုံးဝ မစိုးရိမ်နဲ့လို့ ငါ အင်းကို မပြောခဲ့ဘူးလား... ဘာလို့ ငါ့စကားကို နားမထောင်တာလဲ!”
စုန့်စစ်ယွီက ယခင်က သူ့စက်ရုံသို့ နှစ်ကြိမ်လာရောက်ခဲ့စဉ်က သူက စုန့်စစ်ယွီအား ဤပြဿနာနှင့် ပတ်သက်၍ အကြိမ်ကြိမ် သတိပေးခဲ့သည်။
သူ၏ ထပ်ခါတလဲလဲ သတိပေးမှုများနှင့် သင်ကြားမှုများက စုန့်စစ်ယွီအတွက် နားပင်းစေခဲ့ပြီး ယခုမူ သူနှင့် တိုင်ပင်ခြင်းမရှိဘဲ ရှုကျစ်ဝမ် ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်။
“စစ်ယွီ! ဘာလို့ ဒီလောက်ထိ အလျင်စလို ဖြစ်နေတာလဲ! မင်း တစ်ရက်၊ နှစ်ရက်တောင် မစောင့်နိုင်ဘူးလား!”
စုန့်ဝေ့က အလွန်ဒေါသထွက်ကာ အံကြိတ်လိုက်မိသည်။
မူလတွင် သူတို့က ရှုမိသားစုနှင့် ကိစ္စများကို အတည်မပြုရသေးဘဲ ယခုကဲ့သို့ ကိစ္စမျိုးလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် လင်းရန်သည်လည်း ပြန်မလာတော့ပေ။ ထို့အပြင် ယခုအချိန်တွင် သူတို့က နှစ်ရက်အတွင်း လင်းရန်လာလိမ့်မည်ဟု ရှုကျစ်ဝမ်ကို ထပ်မံ စောင့်ဆိုင်းခိုင်းလိုက်ပြန်ပြီဖြစ်သည်။
ဤကဲ့သို့ အကြိမ်ကြိမ် လှောင်ပြောင်ခံရပါက ရှုမိသားစုမှာ မည်မျှပင် စိတ်ကောင်းရှိသည်ဖြစ်စေ သူတို့နှင့် ထပ်မံ ဆက်သွယ်တော့မည် မဟုတ်ပေ။
ဤအချက်ကို စဉ်းစားမိသောအခါ စုန့်ဝေ့ ခေါင်းပင် မူးဝေသွားခဲ့ရသည်။
အခြေအနေကို ကယ်တင်ရန် အခြားမည်သည့် နည်းလမ်းများ ရှိနေလောက်သေးသနည်းဟူ၍ စဉ်းစားနေစဉ် ရုတ်တရက် တိတ်ဆိတ်နေသော စုန့်စစ်ယွီက စကားပြောလာသည်ကို ကြားလိုက်ရသည်။
သူမက လက်သီးဆုပ်ကာ ခိုင်မာစွာ ပြောလာခဲ့လေသည်။
“ရှုမိသားစုနဲ့ ပတ်သက်ပြီး ဘာမှ ထပ်ဖြစ်လို့မရဘူး!”
“အခုမှ ထင်မှတ်မထားတာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိတာလား! အစောကြီးကတည်းက ဘာလို့ ဒီလိုတွေ လုပ်ခဲ့တာလဲ! အဲဒီနေ့က ရှုကျစ်ဝမ်ကို လင်းရန်နှင့် တွေ့ပေးမယ်ဆိုပြီး ဘယ်ကနေ စပြီးဖန်တီးခဲ့တာလဲ ငါ့ကိုပြော!”
စုန့်ဝေ့က ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်သည်။
ထိုနေ့ကို မရောက်သေးသော်လည်း ရှုကျစ်ဝမ်က ထိုနေရာတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော်လည်း လင်းရန် ရောက်မလာသောအချိန်တွင် မည်မျှ ဒေါသထွက်နေမည်ကို စုန့်ဝေ့က မြင်ယောင်နေနိုင်ပြီဖြစ်သည်။
ဤအကြောင်းကို စဉ်းစားမိသောအခါ သူကိုယ်တိုင်ပင် စိတ်ပျက်အားငယ်လာခဲ့သည်။
စုန့်စစ်ယွီက ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ဆုံးဖြတ်ချက်ချထားသည့်အလား အံကြိတ်ကာ ပြောဆိုလိုက်သည်။
“အဲဒီနေ့ လင်းရန်ကို လှည့်စားလို့ မရဘူးလို့ ဘယ်သူပြောလဲ”
“လင်းမိသားစုအကြောင်းကို ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ…လင်းရန် ပြန်လာဖို့က မဖြစ်နိုင်ဘူး!”
စုန့်ဝေ့က အလွန် စိတ်ပျက်စွာဖြင့် စုန့်စစ်ယွီအား ဤအကို ထပ်မံ ပြောပြခဲ့သည်။
“အခု မင်း လင်းမိသားစုဆီကို သွားရှာရင်တောင် သူမက ပြန်လာနိုင်မှာ မဟုတ်ဘူး!”
သူက သူ၏သမီး စုန့်စစ်ယွီ လက်မလျှော့သေးဘဲ လင်းရန်ကို ပြန်ခေါ်လာရန် နည်းလမ်းရှာရန်အတွက် ကျေးလက်ဒေသရှိ လင်းမိသားစုထံသို့ ထပ်မံ သွားရောက်လိုသည်ဟု ထင်ခဲ့သည်။
ရလဒ်အနေဖြင့် သူစကားပြောပြီးသည်နှင့် စုန့်စစ်ယွီက အဓိပ္ပာယ်ရှိစွာဖြင့် ပြောလာခဲ့သည်။
“လင်းရန်ကို ရှာဖို့ ကျေးလက်ဒေသကို သွားမယ်လို့ ဘယ်သူပြောလဲ… လင်းရန်က ကမ္ဘာပေါ်မှာ တစ်ယောက်တည်းပဲရှိတဲ့ မိန်းမ မဟုတ်ဘူး”
စုန့်ဝေ့က ထိုစကားကို ကြားသောအခါ ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
ဘာအဓိပ္ပာယ်လဲ…?
လင်းရန်က ကမ္ဘာပေါ်မှာရှိတဲ့ တစ်ယောက်တည်းသော မိန်းမ မဟုတ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ…..?
ဖြစ်နိုင်လောက်လား.....
သူ မည်သည်ကို စဉ်းစားမိသည်ကို မသိသော်လည်း စုန့်ဝေ့၏ မျက်လုံးများက ပြူးကျယ်လာပြီး စုန့်စစ်ယွီကို မယုံနိုင်စွာ ကြည့်လိုက်သည်။
“စစ်ယွီ မင်း ဘာပြောချင်တာလဲ…မင်း အဲဒီတစ်ယောက်နေရာအတွက် သွားချင်နေတာတော့ မဟုတ်ဘူးမလား!”
သူမ၏အဖေ သဘောပေါက်သွားပုံရသည်ကို မြင်သောအခါ စုန့်စစ်ယွီက တည်ငြိမ်သောမျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
“အဖေ၊ သမီးက လင်းရန်နဲ့တောင် မနှိုင်းယှဉ်နိုင်ဘူးလို့ ထင်နေတာလား?”
သူမ၏ ယခင်ဘဝ၌ဖြစ်စေ၊ ဤဘဝ၌ဖြစ်စေ စုန့်စစ်ယွီက လင်းရန် ကို လုံးဝ အထင်မကြီးခဲ့ပေ။
လင်းရန်က ရုပ်ရည်အရ သူမထက် ပိုသာကောင်း ပိုသာလိမ့်မည်။ သို့သော် အလုံးစုံခြုံငုံကြည့်လျှင် သူမ၏ လက်ချောင်းတစ်ချောင်းနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။
သူမ၏ဖခင်က ကျေးလက်ဒေသမှ လယ်သမားတစ်ယောက်ဖြစ်ပြီး သူမကလည်း အသိပညာ မရှိလှပေ။
အရေးကြီးဆုံးမှာမူ သူမက ဝက်ကဲ့သို့ တုံးအပြီး ဘဝ၏ အခြေခံအသိပညာများစွာကို မသိခြင်းပင်ဖြစ်သည်။
ထိုသို့သောသူက အသက်ကြီးပြီး လူကြီးဖြစ်နေသည်မှလွဲ၍ ဉာဏ်ကောင်းသော ကလေးအချို့နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
သူမ, စုန့်စစ်ယွီက လင်းရန်ထက် မည်သို့ နိမ့်ကျနိုင်မည်နည်း။
ရှုကျိဝမ်ကို လင်းရန်က မျက်နှာဖြင့် ဆွဲဆောင်ခဲ့သော်လည်း စုန့်စစ်ယွီသည်လည်း ရုပ်မဆိုးလှပေ။ သူမ၏ အခြေအနေများအားလုံးက လင်းရန်ထက် များ၀ွာ သာလွန်ပေသည်။
ရှုကျိဝမ်က ငတုံးတစ်ယောက်ဖြစ်နေလျှင်ပင် သူမနှင့် လင်းရန်ကြားတွင် မည်သူ့ကို ရွေးချယ်ရမည်ကို သိသင့်သည်ဟု သူမ ထင်မြင်ခဲ့သည်။
“မဖြစ်ဘူး! မင်း ရူးနေတာလား!”
သို့သော် စုန့်ဝေ့က သူမပြောသည်ကို ကြားသော် အလွန် ရယ်စရာကောင်းသည်ဟု ခံစားခဲ့ရသည်။
“ရှုကျိဝမ်က ဘယ်သူမို့လို့လဲ? မင်းနဲ့ ထိုက်တန်လို့လား?!”
ရှုကျိဝမ်သာ အမှန်တကယ် ကောင်းမွန်နေခဲ့လျှင် စုန့်ဝေ့က သူ့ကို လင်းရန်နှင့် ပေါင်းစပ်ရန်အခွင့်အရေးပေးမည် မဟုတ်ပေ။ သူ့သမီးကိုသာ ထိုယောက်ျားကောင်းကို ပေးခဲ့မည်ဖြစ်သည်။
သူက ရှုကျိဝမ်ကိုလည်း သဘောမကျခဲ့၍သာ စုန့်စစ်ယွီနှင့်ရှုကျစ်ဝမ်ကို အစကတည်းက မစဉ်းစားခဲ့ခြင်းသာဖြစ်ပေသည်။
ရှုမိသားစုကို ဘေးဖယ်ထားလျှင်ပင် စုန့်ဝေ့က ရှုကျစ်ဝမ် တစ်ယောက်တည်းကို အလွန် အထင်သေးသည်။
ရှုကျစ်ဝမ် အလုပ်မဝင်မီတွင် သူက သူ့၏မိသားစုတွင် အခွင့်အာဏာ ရှိသူမဟုတ်ခဲ့ပေ။
နောက်ပိုင်း၌ ဒါရိုက်တာရှုက သူ့ကို မြို့တော်အစိုးရရုံးသို့ ရောက်အောင် ကြိုးစားပေးခဲ့ပြီး အောင်မြင်မှုအချို့ ရလိမ့်မည်ဟု ထင်ခဲ့သော်လည်း နှစ်နှစ်ကြာပြီးနောက်တွင်လည်း ရေတိမ်မြုပ်နေဆဲပင်ဖြစ်သည်။
ထိုသို့သောလူက နောက်ထပ် နှစ်အနည်းငယ် ပိုကြာ၍ ရာထူးတိုးရန် အခွင့်အရေးပေးရင်ပင်လျှင် ဝေးဝေး သွားနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် စုန့်ဝေ့က ရှုကျိဝမ်ကို လင်းရန်နှင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ သူ့သမီးကတော့ သေချာပေါက် ပိုကောင်းသောသူနှင့် ထိုက်တန်သည်။
ထို့ပြင် လူတစ်ယောက်က မြင့်မားသော နေရာသို့ ရောက်လေလေ၊ သူ၏ ဆက်ဆံရေးများနှင့် သူမြင်တွေ့ရသော ကမ္ဘာက ကွဲပြားလေလေ ဖြစ်သည်။
စုန့်စစ်ယွီအတွက် သူ မိတ်ဆက်ပေးနေရန် မလိုတော့ဘဲ သူမ ကိုယ်တိုင် အလွန်ကောင်းမွန်သော အဖော်ကို ရွေးချယ်နိုင်ပေလိမ့်မည်ဖြစ်သည်။
သို့သော် ယခုမူ သူမက လင်းရန်ကိုယ်စား ရှုကျိဝမ်နှင့် ဆက်သွယ်ရန် စီစဉ်နေသည်ဟု အမှန်တကယ်ပင် ပြောလာခဲ့သည်။
စုန့်ဝေ့၏ သဘောမတူနိုင်သော အမူအရာကို မြင်သော် စုန့်စစ်ယွီက တည်ငြိမ်စွာ ပြောလိုက်သည်။
“အဖေ၊ မစိုးရိမ်ပါနဲ့၊ ဒါက ယာယီအစီအစဉ်သက်သက်ပါ…သမီး ရှုကျိဝမ်နဲ့ တကယ်လက်ထပ်မှာ မဟုတ်ပါဘူး…အချိန်တန်ရင်၊ သမီး လိုချင်တာကို ရလာတဲ့အခါ လွတ်မြောက်ဖို့ နည်းလမ်းရှာမှာပါ”
ယခင်ဘဝက ချစ်ခြင်းမေတ္တာအတွေ့အကြုံကို ဆုံးရှုံးပြီးနောက်တွင် စုန့်စစ်ယွီက ချိန်းတွေ့ခြင်းနှင့် လက်ထပ်ခြင်းကဲ့သို့သော အရာများကို မမျှော်လင့်တော့ပေ။
ထို့ကြောင့် သူမအတွက်တောင့် လက်ထပ်ခြင်းကဲ့သို့် အဆုံးစွန်အထိ မရောက်နိုင်လျှင် အဆင်ပြေပေပြီ။ သို့မဟုတ် လက်ထပ်မည်ဆိုလျှင်လည်း သူမ၏ ကိုယ်ကျိုးစီးပွားကို အမြင့်ဆုံးမြှင့်တင်ရမည်ဖြစ်သည်။
လက်ရှိတွင် ရှုကျစ်ဝမ်နှင့် ဆက်လက် ဆက်သွယ်နေခြင်းက သူမအတွက် အကူအညီဖြစ်စေမည့် အခြေအနေ ဖြစ်လာလိမ့်မည်။
အချိန်တန်လျှင် ဒါရိုက်တာ ရှုက ရှုကျစ်ဝမ်အတွက် သေချာပေါက် သူမကို စိတ်ရင်းအမှန်ဖြင့် ပိုမိုကူညီလာလိမ့်မည်ဖြစ်ပြီး သူမ၏ ယခင်ဘဝက လင်းရန်၏ ညီမအဖြစ် ရရှိခဲ့သည့် အကူအညီထက်ပင် ပိုမိုရရှိလိမ့်မည်!
ထို့အပြင် သူမက လင်းရန်၏ နေရာ၌ ရှုကျိဝမ်နှင့် ဆက်လက် ဆက်သွယ်မည်ဟုသာ ပြောခဲ့ခြင်းဖြစ်ပြီး သူ့ကို မဖြစ်မနေ လက်ထပ်မည်ဟု မပြောခဲ့ပေ။
သူမက သူ့ကို ဒီအတိုင်း ဆက်ပြီး ချိတ်ဆွဲထားရုံပဲလေ….သူ့ကို သေချာပေါက် လက်ထပာလိမ့်မယ်လို့မှ မဆိုလိုတာ။
သူမက ဘဝနှစ်ခု နေထိုင်ခဲ့ရပြီး အသက်နှစ်ဆယ်ကျော်အရွယ် ရှုကျစ်ဝမ်ဆိုသည့် လူငယ်တစ်ယောက်ကို ခိုင်မာစွာ မထိန်းချုပ်နိုင်ဘဲနေလိမ့်မည်ဟာ သူမ မယုံကြည်ပေ!
နောက်ပြန်လှည့်ကြည့်လျှင် ရှုမိသားစုက ရှုကျိဝမ်နှင့် လက်ထပ်ရန်အတွက် သူမကို အမှန်တကယ် ဖိအားပေးခဲ့လျှင်ပင် သူမက ရှုကျိဝမ်၏ စရိုက်ကို သိပြီးသားဖြစ်သည်။
သူမအနေဖြင့် ယခင်ဘဝက လင်းရန်ကဲ့သို့ ရှုကျိဝမ်၏ အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသောသူမျိုး လုံးဝ ဖြစ်လာမည် မဟုတ်ပေ။
သူမ လိုချင်သည့်အရာ အားလုံးကို ရပြီးနောက် ရှုကျိဝမ်ကို ကွာရှင်းပစ်လိမ့်မည်ဖြစ်သည်။
ဤကမ္ဘာတွင် နောင်လာမည့် အချိန်များ၌ ကွာရှင်းပြတ်စဲသူများက ပိုများလာမည်ကို သူမ ကောင်းစွာ သိသည်။
ထို့ကြောင့် သူမနှင့် ရှုကျိဝမ် ကွာရှင်းခြင်းက အံ့ဩစရာကိစ္စ မဟုတ်နိုင်တော့ပေ။
ဤအချက်ကို စဉ်းစားမိပြေိးလျှင် စုန့်စစ်ယွီက ရှုကျိဝမ်နှင့် ချစ်ကြိုက်သကဲ့သို့ ဟန်ဆောင်ခြင်းက သူမအတွက် လုံးဝ အကျိုးရှိပြီး အန္တရာယ်ကင်းသော အရာတစ်ခု ဖြစ်မည်ဟု ခံစားမိလေသည်။
“အဖေ၊ ဒီကိစ္စကို ဒီအတိုင်းပဲ ဆက်လုပ်လိုက်ရအောင်…သမီးတို့ ရှုမိသားစုကို လက်မလျှော့သင့်သေးဘူး!”
“ကောင်းကောင်း စဉ်းစားစမ်းပါ၊ မင်း ရှုကျိဝမ်နဲ့ အတူတူရှိပြီးတဲ့နောက်ပိုင်းမှာ အဲဒါက အတုအယောင် ဖြစ်ရင်တောင် မင်းရဲ့ နာမည်ဂုဏ်သတင်းက.....”
စုန့်ဝေ့က အနည်းငယ် မကျေနပ်နိုင်သေးပေ။
သို့သော် စုန့်စစ်ယွီ က သူ့ကို ဖြတ်ပြောလိုက်သည်။
“သမီး သေချာစဉ်းစားပြီးပြီ…အဖေလည်း စဉ်းစားကြည့်လိုက်ဦး…အနာဂတ်ကောင်းမွန်လာဖို့က နာမည်ဂုဏ်သတင်းထက် ပိုအရေးမကြီးဘူးလား?”
စုန့်စစ်ယွီ ပြောသည်ကို ကြားပြီးနောက် စုန့်ဝေ့က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အဆုံးတွင် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူ့သမီး ပြောသည်မှာ မှန်သည်။
သူမ အောင်မြင်ပြီး နာမည်ကြီးလာပါက လူအများစုမှ မော့ကြည့်ရမည့် အနေအထားတွင် ရပ်တည်နိုင်လိမ့်မည်။
သူမကို မည်မျှပင် မကျေနပ်ကြလျှင် သူမ၏ရှေ့တွင် သူမအကြောင်းကို မကောင်းပြောရဲတော့မည် မဟုတ်ပေ။
“ကောင်းပြီ၊ မင်း သေချာဆုံးဖြတ်ပြီးပြီဆိုတော့ အဖေ အတတ်နိုင်ဆုံး ကူညီပေးမယ်”
အဆုံးတွင် စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့က သဘောတူညီမှု ရရှိခဲ့ပြီး ရှုကျိဝမ်အား လင်းရန်ကို လက်လျှော့စေပြီးနောက် စုန့်စစ်ယွီက ထိုအခွင့်အရေးကို ယူကာ ရှုကျစ်ဝမ် သူမအား ချစ်မိလာအောင်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ရှုကျစ်ဝမ်မှ လင်းရန် အပေါ် လက်လျှော့အောင် လုပ်ရမည်ဖြစ်သောကြောင့် သူတို့ တစ်စုံတစ်ခု လုပ်ရတော့မည်ဖြစ်သည်။
ဤကဲ့သို့ စဉ်းစားမိလိုက်ကြပြီးနောက် အဖေနှင့်သမီးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရှုကျိဝမ်မှ လင်းရန် အပေါ် လက်လျှော့အောင် မည်ကဲ့သို့ လုပ်ရမည်ဆိုသည်ကို စတင် ဆွေးနွေးနေခဲ့ကြသည်။
**