အခန်း (၈၅)
Vol. 9 Ch. 85
ချွမ်ဖန်း တပ်မဟာ..
နောက်တစ်နေ့ မနက်တွင် လင်းရန်က အဝတ်အစားပြင်ဆင်ပြီးနောက် ကွန်မြူနတီခေါင်းဆောင်များ၏ စစ်ဆေးအကဲဖြတ်မှုကို ခံယူရန်အတွက် ကွန်မြူနတီကို သွားရန် အဆင်သင့် ပြင်ဆင်ထားခဲ့လေ၏။
အဘွားလင်းမကမူ ယနေ့တွင် လင်းရန်နှင့် အတူ သွားရန် အစီအစဉ်မရှိပေ။ လင်းရန်၏ ပြောစကားအရဆိုလျှင် ခေါင်းဆောင်များက သူမသာ သူမ၏အဖွားကို ခေါ်ပြီး အလုပ်လာလုပ်နေသေးသည်ကို မြင်လျှင် သူမက “မရင့်ကျက်သေးဘဲ၊ ကိုယ့်ကိစ္စကို ကိုယ် တာဝန်မယူနိုင်လောက်သေး”ဟု ထင်သွားနိုင်သည် ။
အဘွားလင်းက ဤစကားကို ကြားသောအခါ သူမ မြေးမလေး၏ ပြောစကားက မှန်သည်ဟု ချက်ချင်း ခံစားလိုက်ရပြီး၊ တံခါးဝတွင်သာ စိတ်အားထက်သန်စွာဖြင့် ရပ်ကာ သူမကို လက်လှမ်းပြ၍ လမ်းတွင် ဂရုစိုက်ရန်နှင့် စောစောပြန်လာဖို့ရန် မှာကြားလိုက်သည်။
လင်းရန်က ပြုံးလိုက်မိပြီး အဘွားလင်းကို နှုတ်ဆက်ကာ ကွန်မြူနတီဘက်ကို လျှောက်သွားခဲ့သည်။
သူမက အလွန်စောစီးစွာ ထွက်ခဲ့ခြင်း မဟုတ်ပေ။ တပ်မဟာထဲမှ လူများက လယ်ကွင်းများတွင် ပြည့်နှက်နေပြီးဖြစ်ကာ အလုပ်စလုပ်နေကြပြီဖြစ်လေသည်။
လယ်ကွင်းတစ်ခု၏ဘေးက ဖြတ်သွားရင်း လင်းရန် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ကျောက်ရှီလဲ့က လယ်ကွင်းထဲမှ တောက်ပသည့် အပြုံးတစ်ခုနှင့် လင်းရန် ကို လက်လှမ်းပြကာ နှုတ်ဆက်လာခဲ့သည်။
“ရန်ရန်၊ မင်္ဂလာနံနက်ခင်းပါ!”
လင်းရန်တစ်ယောက် သူမက မနက်စောစောမှာပင် တက်ကြွနေသည်ကို မြင်သောအခါ မရယ်ဘဲ မနေနိုင်ခဲ့ပေ။
“မင်္ဂလာနံနက်ခင်းပါ…အလုပ်လုပ်တဲ့အချိန် ဂရုစိုက်ဦး၊ ပြီးတော့ ဘေးကင်းလုံခြုံရေးကိုလည်း အာရုံစိုက်”
“သိပါပြီ၊ နင်လည်း ဂရုစိုက်နော်!”
သူတို့နှစ်ယောက်က နှုတ်ဆက်ရုံသာရှိခဲ့ခဲ့ပြီ အခြားဘာမျှဆက်မပြောခဲ့ဘဲ လင်းရန်ကလည်း ဆက်လက် ထွက်ခွာသွားခဲ့သည်။
သူမ မျက်လုံးထောင့်မှ ကြည့်လိုက်သော် သူမဆီသို့ အပြုံးတစ်ခုနှင့် ကြည့်နေသည့် ချန်ကျားယန်ကို တွေ့လိုက်သော်လည်း လင်းရန်က လျစ်လျူရှုလိုက်သည်။
ယမန်နေ့ညက အိပ်ခါနီးတွင် သူမ၏ အစ်ကိုကြီး လင်းကွမ်းချင်းက သူမဆီသို့ ရုတ်တရက် ရောက်လာပြီး နေ့လည်က ပညာတတ်လူငယ်(ကျစ်ချင်း)များ စုဝေးသည့်နေရာတွင် ချန်ကျားယန်နှင့် စကားပြောခဲ့ကြောင်း သူမကို ပြောပြခဲ့သည်။
လင်းကွမ်းချင်းက လင်းရန် နဲ့ ချန်ကျားယန် ကြားက ဖြစ်ပျက်နေသည့် ကိစ္စများကို မေးခဲ့ပြီး သူ(ချန်ကျားယန်)က တကယ်ပင်တစ်ခုခု လုပ်ခဲ့သည်လားဟု မေးလာခဲ့သည်။
သို့သော် လင်းရန် က ဇာတ်ကြောင်းကို လင်းကွမ်းချင်းအား အသေးစိတ် ပြောပြ၍မရနိုင်ပေ။
သို့သော် သူမက ချန်ကျားယန်ကိုလည်း သဘောကျသကဲ့သို့ ဟန်မဆောင်နိုင်သောကြောင့် ချန်ကျားယန်ကို မကြိုက်ကြောင်း ရိုးရိုးသားသားပင် ပြောပြခဲ့သည်။
စာကြောင်းတစ်ကြောင်းဖြင့်သာ ပြောရလျှင် သူမ မကြိုက်ဘူးဆိုသည့် သဘောပင်ဖြစ်သည်။
လင်းကွမ်းချင်းက ဤစကားကို ကြားပြီးနောက် သူ၏မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေသော်လည်း အဆုံးတွင် သူမဘက်မှ ခိုင်မာစွာ ရပ်တည်ပေးခဲ့သည်။
လင်းရန်က ချန်ကျားယန်ကို မကြိုက်ဘူးဆိုရင် သူမှာ မကောင်းတဲ့အချက်တစ်ခုခု ရှိလို့ပဲဖြစ်လိမ့်မယ်…ဒါဆိုရင်တော့ ဒီအချိန်ကစပြီး သူနဲ့ အတတ်နိုင်ဆုံး အဆက်အသွယ် လုပ်ဖို့ကို လျှော့ချတာ ပိုကောင်းလိမ့်မယ်….
သေချာတာပေါ့။ မိန်းကလေးတွေရဲ့ အမြင်အာရုံက အမြဲမှန်တတ်တယ်!
လင်းရန် ပျောက်ကွယ်သွားသည်ကို မြင်လျှင် ကျောက်ရှီလဲ့နှင့် မလှမ်းမကမ်းတွင် ရပ်နေသည့် ပညာတတ်လူငယ်တစ်ယောက်က သူမကို မေးလာခဲ့သည်။
“ကျောက်ကျစ်ချင်း၊ လင်းကျစ်ချင်း အလုပ်မလာဘူးလား၊ သူမ ဘယ်သွားမလို့လဲ?”
ဤမေးခွန်းက သိချင်စိတ်ကလွဲ၍ အခြားအဓိပ္ပာယ် မရှိသကဲ့သို့ ထင်ရသော်လည်း လင်းရန်၏ စိတ်ကျေနပ်နေသော နောက်ကျောကို ကြည့်ပြီး ထိုလူ၏ မျက်လုံးထဲမှ မနာလိုစိတ်တို့က အနည်းငယ်ဖြစ်ပေါ်ခြင်းကို မထိန်းနိုင်ခဲ့ပေ။
သူတို့၏ လယ်ကွင်းက ပညာတတ်လူငယ်များ၏ အလုပ်ဧရိယာဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းက ပညာတတ်လူငယ်များသာဖြစ်သည်။
ယခုအချိန်တွင် တစ်ယောက်ယောက်မှ ကျောက်ရှီလဲ့ကို မေးလာခဲ့သည်။ အခြားသူများက မည်သည်ကိုမျှ မပြောကြသော်လည်း သူတို့၏ နားများကတော့ မသိမသာ ထောင်လာခဲ့ကြသည်။
အထူးသဖြင့် ချန်ကျားယန်….
အစောပိုင်းက လင်းရန် သူ့ဘက်ကို ကြည့်လာခဲ့စဉ်တွင် သူက သူ၏ အကောင်းဆုံး အပြုံးကို ပြသပေးခဲ့သည်။ သို့သော် မထင်မှတ်ထားစွာနှင့် လင်းရန် က သူ့ကို မမြင်သကဲ့သို့ ထွက်ခွာသွားခဲ့သည်။
လင်းရန် အမှန်တကယ်ပဲ သူ့ကို မမြင်တာလား…ဒါမှမဟုတ် မြင်လျက်သားနဲ့ တမင်တကာ လျစ်လျူရှုတာလား ဆိုတာကို သူမသေချာဘူး….
နောက်ကျသွားလျှင် သူ လင်းရန်နှင့် နီးစပ်ရန် ပို၍ ခက်ခဲသွားမည်ဖြစ်သည်။
ယခုအချိန် လင်းရန် မည်သည့်အရာကို သွားလုပ်သည်ဆိုသည်ကို ကျောက်ရှီလဲ့ဆီသို့ တစ်စုံတစ်ယောက်မှ မေးနေသည်ကို ကြားသောအချိန် သူ့ရင်ထဲမှ ဒေါသစိတ်ကို ခဏတာ ထိန်းချုပ်ပြီး ဂရုတစိုက် နားထောင်နေခဲ့သည်။
ကျောက်ရှီလဲ့မှာ လင်းရန် မည်သည့်နေရာသို့ သွားမည်ဆိုသည်ကို သေချာပေါက် သိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မနေ့ညက သူမ လင်းရန်၏ အိမ်သွားစဉ်တွင် လင်းရန်က ယနေ့တွင် ကွန်မြူနတီ၏စားဖိုဆောင်တွင် အလုပ်ရရန်အတွက်စမ်းသပ်မှုခံရန် သွားရမည်ဟု ကြိုပြောခဲ့သည်။
ကျောက်ရှီလဲ့ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားသွားပြီး ကြိုတင် ဂုဏ်ပြုစကား ပြောခဲ့လေသည်။
ဤအရာက ကြီးကျယ်သော ကိစ္စဖြစ်သော်လည်း ဤအချိန်မှာ အပြင်ဘက်၌ လူများစွာ ရှိနေသောကြောင့် အလုပ်က အပြည့်အဝ အဆင်မပြေမီ တစ်ခုခု ဖြစ်မလာနိုင်ဟု အာမခံနိုင်သည့်အတွက် ကျောက်ရှီလဲ့ က ထိုးထွင်းဉာဏ်ရှိစွာနှင့် ကွန်မြူနတီနှင့် ပတ်သက်၍ မည်သည်ကိုမှ ထုတ်မပြောခဲ့ပေ။
“အိုး… ကျွန်မ မသိဘူး၊ သူမ တစ်ခုခုအတွက် ထွက်သွားတာ ဖြစ်မှာပေါ့၊ ရန်ရန် ဘယ်သွားမယ်ဆိုတာကို ကျွန်မ မမေးမိလိုက်ဘူးလေ၊ ကျွန်မ ဘယ်လိုလုပ် သိမလဲ”
သူမကသူမ၏ မျက်လုံးဝိုင်းလေးများကို ဖွင့်လိုက်ပြီး အပြစ်ကင်းစင်သော အမူအရာနှင့် လူတိုင်းကို ကြည့်၍ ပြောလိုက်သည်။
ကျောက်ရှီလဲ့က အလွန်ရိုးသားပုံပေါ်သောကြောင့် မည်သူကမျှ သူမ လိမ်ပြောနေသည်ဟူ သံသယမဝင်ခဲ့ကြပေ။
ကျောက်ရှီလဲ့က လင်းရန် မည်သည့်နေရာကို သွားမှန်း မသိဟုပြောလာခဲ့သော်လည်း ထိုလူက လက်မလျှော့ဘဲ ဆက်ပြီး မေးလာခဲ့သည်။
“ဒါဆို နောင်ကျရင် သူမက ငါတို့နဲ့အတူ အလုပ်ဆက်လုပ်ဦးမှာလား? ဒီအကြောင်းကိုတော့ သူမ မင်းကို ပြောပြလောက်တယ် ဟုတ်တယ် မဟုတ်လား?”
သူမ၏ ပတ်ဝန်းကျင်ရှိ လူများအားလုံးက သူမအား စိုက်ကြည့်နေသည်ကို မြင်သောအခါ ကျောက်ရှီလဲ့က သူမ၏ မျက်လုံးကို တိတ်တဆိတ် လှိမ့်လိုက်သော်လည်း တစ်ခုခု မပြောလျှင် ဤလူက လက်လျှော့မည် မဟုတ်ကြောင်းကို သူမ သိလိုက်သည်။
ထို့အပြင် လင်းရန်က နောင်တစ်ချိန်တွင် သူတို့နှင့် အလုပ်မလုပ်တော့မည်မှာ အမှန်ပင်ဖြစ်သည်။ ယခု ပြောလိုက်လျှင် ဤလူအုပ်စုက အမြဲတစေ မေးခွန်းများ မေးနေခြင်းမှရှောင်နိုင်လိမ့်မည်ဖြစ်သည်။
“ရန်ရန်က နောင်အနာဂတ်ကျရင် ကျွန်မတို့နဲ့ အလုပ်လုပ် မလုပ်လောက်တော့ဘူး”
“တကယ်လား?! သူ့မိသားစုဝင်တွေက သဘောတူကြတယ်ပေါ့?”
ထိုလူက ဤသတင်းကို သိသိသာသာ လက်မခံနိုင်ဘဲ တုန်လှုပ်သွားပုံရ၏။
ကျောက်ရှီလဲ့က သူ့ကို ထူးဆန်းသည့် အမူအရာနှင့် ကြည့်လိုက်သည်။
“သူမရဲ့မိသားစုက သဘောတူတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? လင်းဦးလေးနဲ့ တခြားသူတွေက ရန်ရန် အပေါ် အရမ်းကောင်းတာ၊ ဘာလို့ သူ့တို့က သဘောမတူရမှာလဲ? သူမရဲ့မိသားစုက ရန်ရန်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာကမှ သင့်တော်တယ်လို့ ရှင် ထင်နေတာလား?”
ထိုလူက လှောင်ပြောင်သကဲ့သို့ ပြုံးလိုက်သည်။
“ငါ အဲဒီလို ပြောချင်တာ မဟုတ်ပါဘူး၊ လင်းမိသားစုက အရမ်းမချမ်းသာဘူးလို့ ခံစားရရုံပါ၊ သူမကို ဒီအတိုင်းပဲ အိမ်မှာ လူပျင်းလိုထားရင် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတွေ အများကြီး တိုးလာမှာ မဟုတ်ဘူးလား....
ငါလည်း ဒီတပ်မဟာကို ဝင်ဖို့ ရောက်လာခဲ့တာလေ၊ အချိန်အကြာကြီးနေပြီးတဲ့နောက်မှာ တပ်မဟာရဲ့ မိသားစုဝင်တွေနဲ့ အတော်လေး ရင်းနှီးနေပြီ၊ လူတိုင်းက မနက်တိုင်း စောစောထပြီး ပြည့်စုံတဲ့ဘဝတစ်ခုရဖို့ ကြိုးစားပမ်းစား လုပ်နေတာ မြင်ရတယ်၊ သူမကိုသာ ဒီအတိုင်းထားရင် သူတို့အတွက် ခက်ခဲမှာ မဟုတ်ဘူးလား?”
ယခုအခါတွင် ကျောက်ရှီလဲ့ က တကယ်ပင် သူမ၏မျက်လုံးများကိုလှိမ့်ပစ်လိုက်သည်။
“ရှင် အဲဒီလောက်အားနေရင် ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်စမ်းပါ၊ လင်းရန်တို့ မိသားစုက ရှင်ထင်ထားတာထက် အများကြီးပိုအဆင်ပြေတယ်!”
ယခုအချိန်တွင် သူမက တစ်ဘက်မှလူနှင့် ရန်မဖြစ်ချင်ပေ။ အမှန်တကယ်တွင် ကျောက်ရှီလဲ့ ပြန်ဖြေချင်သည်က : ဦးလေးလင်စရဲ့ မိသားစုက လင်းရန် ကို စောင့်ရှောက်ရတာ ခက်ခဲတယ်လို့ ဘယ်သူပြောလဲ? ဒါမှမဟုတ် သူမက ကိုယ်တိုင် အလုပ်ရှာနိုင်လောက်အောင် အရည်အချင်း မရှိဘူးလို့ ထင်နေတာလား? ကိုယ်လုပ်ရမဲ့ အလုပ်ကိုသာ သွားလုပ်စမ်းပါ!
ဟမ့်!
သို့သော် သူမက ဤလူအုပ်စုနှင့် ထို စကားများကို ပြောဖို့ရန်အတွက် အလွန် ပျင်းရိနေခဲ့၏။
လင်းရန်ရဲ့ ကွန်မြူနတီက အလုပ်ကတည်ငြိမ်သွားတာနဲ့ ရန်ရန် ဘယ်လောက် အစွမ်းအစရှိလဲဆိုတာ သူတို့ကို မြင်စေရမယ်!
ကျောက်ရှီလဲ့က လှည့်ထွက်သွားပြီး စကားမပြောတော့သည်ကို မြင်သောအခါ တစ်ဖက်လူက နှုတ်ခမ်းကို သရော်လိုစွာကွေးညွတ်လိုက်ပြီး စိတ်ထဲမှ မထိန်းနိုင်ဘဲ လှောင်ပြောင်လိုက်သည်။
သူက မင်းကိုကို ထမင်းနှစ်နပ်ပဲ ကျွေးခဲ့တာမဟုတ်ဘူးလား?
လင်းရန်ကို ကာကွယ်ဖို့ အခုလိုထွက်လာတာက အလျင်စလို ဖြစ်လွန်းနေတယ်မဟုတ်လား?
ဘယ်လိုတောင် အရှက်ကင်းမဲ့တဲ့သူလဲ!
လင်းမိသားစုကလည်း အတူတူပဲ။ သူတို့ရဲ့ ဦးနှောက်များက မြည်းကန်ခံရသလား ထင်ရတယ်။
မြို့က ပထွေးကလည်း လာရောက်လည်ပတ်ပြီးတော့ လင်းရန်နဲ့ ဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်သွားကြတယ်။
သူတို့ကတော့ လင်းရန် ကို ကလေးလေးလို အိမ်မှာထားပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေးလို ပ
ပျိုးထောင်နေကြသေးတယ်။
လင်းမိသားစုက တကယ်ပဲ ဦးနှောက်မှာ ပြဿနာတစ်ခုခု ရှိနေတာလား?
သူတို့က တခြားသူတွေကို ဝန်ဆောင်မှုပေးရတာကို ကြိုက်နေကြတာလား?
သူတို့ကတော့ အမှန်တကယ်ပင် နားမလည်ပါချေ။
ပညာတက်လူငယ်များက လင်းမိသားစုမှာ တကယ်ပင် ကမောက်ကမ ဖြစ်နေပြီဟု ကောက်ချက်ချလိုက်ကြသည်။
တခြားသော ပညာတက်လူငယ်များမှာလည်း သူနှင့်တူညီသော အတွေးများရှိနေခဲ့ကြပြီး လင်းမိသားစုက မည်သို့သော အရာမျိုးကို လုပ်ဆောင်နေသည် ဆိုသည်ကို လုံးဝ နားမလည်နိုင်ကြပေ။
ချန်ကျားယန်ဘက်တွင်တော့ သူက ထိုစကားကို ကြားသောအခါတွင် သူ့စိတ်ထဲက လိုအင်ဆန္ဒများက ထပ်မံ တိုးပွါးလာခဲ့သည်။
သူလည်း လင်းရန်လိုမျိုး လင်းမိသားစုဆီကနေ အထူးကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ရခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ….
**