အခန်း (၈၆)
Vol. 9 Ch. 86
လင်းရန် အတွက်မှာမူ သူမကို သိသောသူများ၏ စိတ်ထဲတွင် သူမက လင်းမိသားစု၏ အခြေအနေကို လျစ်လျူရှုထားပြီး အပျော်အပါးကိုမက်ပြီး အလိုကြီးကာ ပျင်းရိသော သခင်မလေး ဖြစ်သွားမှန်း လုံးဝ မသိခဲ့ပေ။
သူမက အလုပ်ကိစ္စများကို ပြီးမြောက်အောင် လုပ်ချင်ရုံသက်သက်သာဖြစ်သည်။
သူမ ကွန်မြူနတီသို့ ရောက်သောအခါ စားဖိုမှူးကျိုးက စောလျင်စွာ ရောက်နေသည်ကို တွေ့လိုက်ရသည်။
လင်းရန် ရောက်လာသည်ကို မြင်သော် စားဖိုမှူးကျိုးက သူမကို ကွန်မြူနတီခေါင်းဆောင်များထံသို့ တိုက်ရိုက်ခေါ်သွားခဲ့ပြီး သူမကို ညွှန်ပြကာ ပြောလိုက်သည်။
“ဒါက ရဲဘော် လင်းရန်
ပါ၊ သူမက ဟင်းချက်တဲ့နေရာမှာ အရမ်း တော်တယ်၊ အခုကစပြီး ကွန်မြူနတီရဲ့ စားသောက်ဆောင်က စားဖိုမှူးရာထူးကို သူမကို ပေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်..”
အခြားခေါင်းဆောင်များက လင်းရန်ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြပြီး စားဖိုမှူးကျိုးနှင့် လင်းရန်ကို အံ့သြတကြီး လှမ်းကြည့်လိုက်ကြသည်။
မဟုတ်သေးပါဘူး။
သူတို့သာ စားဖိုမှူးကျိုးရဲ့ သမီးနဲ့ အရင်ကတည်းက မတွေ့ဖူးခဲ့ရင် သူက သူ့ရဲ့ကလေးကို ခေါ်လာတယ်လို့တောင် ထင်မိမှာပဲ….
ဒီလို ငယ်ရွယ်ချောမောတဲ့ မိန်းကလေးတစ်ယောက်ကို စားဖိုမှူးလုပ်ဖို့ ခေါ်လာတယ်တဲ့လား….
“လူအိုကြီးကျိုး၊ မင်း ငါတို့ကို နောက်ပြောင်နေတာလား...”
တစ်ယောက်က သံသယရှိစွာနှင့် စားဖိုမှူးကျိုးကို ထပ်မေးလိုက်သည်။
အထူးသဖြင့် ယမန်နေ့က လင်းရန်နှင့် အဘွားလင်းကို တွေ့ခဲ့သော ခေါင်းဆောင်က မျက်လုံးများ ပြူးကျယ်သွားတော့လေသည်။
ဒီကောင်မလေးက စားဖိုမှူးကျိုးရဲ့ အကဲဖြတ်မှုကို တကယ်ပဲ အောင်မြင်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး…
ဒီအချိန်မှာ လင်းရန်ကလည်း အရှေ့မှာရှိနေတဲ့အတွက် မေးရအဆင်မပြေလို့သာပေါ့။
မဟုတ်ရင် သူ စားဖိုမှူးကျိုးရဲ့ ပခုံးကို လှုပ်ပြီး မေးလိုက်ချင်ခဲ့တယ်….
လောင်ကျိုး၊ တကယ်လို့ မင်း ခြိမ်းခြောက်ခံနေရတာဆိုရင် ဒီအတိုင်း ပြောသာချလိုက်စမ်းပါ!
စားဖိုမှူးကျိုးကလည်း သူတို့ မယုံကြည်နိုင်ကြသည့်အကြောင်းကို သိနေသောကြောင့် ကျယ်လောင်စွာ ရယ်မောပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ခနနေရင် သူမကို နေ့လည်စာ ချက်ခိုင်းလိုက်မယ်၊ သူမရဲ့ ဟင်းချက်စွမ်းရည်ကို အရင်ဆုံးမြည်းစမ်းကြည့်လိုက်လေ၊ ပြီးရင် ကျုပ် နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာကို သိလာလိမ့်မယ်…”
စားဖိုမှူးကျိုး ဤကဲသို့ပြောသည်ကို မြင်သောအချိန်တွင် လူတိုင်းမှာ မယုံကြည်နိုင်ကြသေးသော်လည်း နေ့လည်စာ စားပြီးမှသာ ဆက်ပြောရန် ဆုံးဖြတ်လိုက်ကြသည်။
ခေါင်းဆောင်များကို ဤအကြောင်းပြောပြပြီးနောက် စားဖိုမှူးကျိုးက လင်းရန်ကို မီးဖိုချောင်ထဲသို့ တိုက်ရိုက် ခေါ်သွားခဲ့သည်။
အချိန်က များစွာစောနေခြင်း မရှိတော့ပေ။
အချိန်က မနောက်ကျလွန်းတော့ဘူးဆိုတော့ နေ့လည်စာ စတင်ချက်ပြုတ်ဖို့အတွက် အချိန်ကောင်းပဲ…
မီးဖိုချောင်ထဲသို့ ရောက်သော် စားဖိုမှူးကျိုးက လင်းရန်ကို အခန်းထဲရှိ ပစ္စည်းများ၏ အသုံးပြုပုံနှင့် အခြေအနေများကို အသိပေးပြီး ကွန်မြူနတီ၏ ကုန်ကျစရိတ်များအကြောင်းကို ပြောပြကာ လင်းရန်ကို သူ့ဘာသာသူ စတင်ချက်ပြုတ်ခိုင်းလိုက်လေသည်။
သူ့အတွက်ကတော့ ယမန်နေ့ကဲ့သို့ပင် လင်းရန် ဟင်းချက်သည်ကို ဘေးမှ ရပ်ကြည့်နေခဲ့သည်။
လင်းရန်၏ စွမ်းရည်က အမြဲတစေ ကောင်းမွန်နေသည့် ပုံမှန်သောစွမ်းရည်ဟုတ်မဟုတ်၊ သို့မဟုတ် မနေ့ကထက် ပိုကောင်းအောင် ချက်ပြုတ်နိုင်သည် ဟုတ်မဟုတ်ကို ထပ်မံအတည်ပြုရန်စောင့်ဆိုင်းနေခဲ့သည်။
ယခုအချိန်တွင် လူတိုင်း ရှိနေသောကြောင့် လင်းရန်က စားဖိုမှူးကျိုးကို လုံးဝ စိတ်ပျက်အောင် လုပ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူမက စင်ပေါ်မှ ဟင်းသီးဟင်းရွက်များကို မြန်မြန်ဆန်ဆန် ရွေးယူလိုက်ပြီး နေ့လည်စာ စားမည့် လူအရေအတွက်အလိုက် ဟင်းလျာ ငါးမျိုး ချက်ပြုတ်ရန် စီစဉ်လိုက်သည်။
ယနေ့ ကွန်မြူနတီတွင် ခေါင်းဆောင် ရှစ်ဦးသာ ရှိနေခဲ့သည်။ ဤကဲ့သို့ ခက်ခဲပြီး ရိုးရှင်းသည့်ခေတ်ကာလတွင် ဟင်းလျာ ငါးမျိုးနှင့် ဟင်းချိုတစ်ခွက်က အလွန်ကောင်းမွန်သည့် စံနှုန်းတစ်ခုဟု သတ်မှတ်နိုင်ပြီးသားပင် ဖြစ်နေလေသည်။
ဟင်းလျာငါးမျိုးထဲတွင် ရှုပ်ထွေးသည့်အရာများ မပါရှိပေ။
ဟင်းသီးဟင်းရွက်၊ အသား၊ ဟင်းချိုတို့ ပါဝင်ပြီး ငါးကန်ငယ်လေးထဲမှာ ငါးတစ်ကောင်လည်း ရှိနေသေးသည်။ ထိုငါးက အနီးအနားမှ တပ်မဟာတစ်ခုက ပို့လိုက်ပုံရသည်။ ငါးက အသက်ရှင်နေဆဲဖြစ်သောကြောင့် အလွန် လတ်ဆတ်နေပေသည်။
လင်းရန် စင်ပေါ်တွင် ခရမ်းချဉ်သီးများကို တွေ့လိုက်သောကြောင့် ခရမ်းချဉ်သီးနှင့်ငါးဟင်း ချက်ဖို့ရန် ဆုံးဖြတ်လိုက်သည်။
အသားအတွက်မူကား လူတိုင်း ကြိုက်နှစ်သက်မည့် ဝက်သားဆီပြန် လုပ်ရုံသာဖြစ်ပေသည်။
နောက်ထပ် ဟင်းသီးဟင်းရွက်နှစ်မျိုးနှင့် ကြက်ဥပါသည့် ဟင်းသီးဟင်းရွက်ဟင်းချိုတစ်အိုးချက်လိုက်မည်ဆိုလျင် လုံလောက်ပေပြီ။
လင်းရန် ငါးကို အရင်ဆုံးကိုင်တွယ်လိုက်သည်။ ငါးသတ်သော လုပ်ငန်းစဉ်ကို ဘယ်လောက်ကြာကြာ ပြုလုပ်ခဲ့သည်ဖြစ်စေ သူမ နေသားမကျသေးပေ။
သို့သော်လည်း သူမ၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်နေခဲ့သည်။ ငါးကို နာကျင်မှုကို သက်သာစေရန်အတွက် သူမ မီးဖိုချောင်သုံးဓားရိုးနှင့် ငါးခေါင်းကို မေ့မြောအောင် ရိုက်လိုက်ပြီး ထိုအချိန်ကို အသုံးချကာ စတင်ခဲ့သည်။
ငါးကို ပါးပါးလှီးပြီးနောက် ကြက်သွန်မြိတ်နှင့် ဂျင်းရေထဲတွင် စိမ်လိုက်ပြီး ငါးညှီနံ့ကို ဦးစွာဖယ်ရှားလိုက်လေသည်။ ပြီးနောက်တွင် ရေပိုများကို ညှစ်ထုတ်လိုက်ပြီး ကော်မှုန့်နှင့် ရောနယ်ကာ ဘေးဖယ်ထားလိုက်သည်။
ဤအားလပ်သည့်အချိန်ကို အသုံးချပြီး သူမက ဟင်းသီးဟင်းရွက်မျိုးစုံနှင့် အသားများကို စတင် ပြင်ဆင်ခဲ့သည်။
ပါဝင်ပစ္စည်းများ အားလုံးနီးပါး အဆင်သင့်ဖြစ်ပြီးနောက်တွင် လင်းရန်က ခရမ်းချဉ်သီး အတုံးလေးများကို ဒယ်အိုးထဲသို့ထည့်ပြီး ဆီသတ်လိုက်သည်။
နောင်မျိုးဆက်များတွင်ဆိုလျှင် ခရမ်းချဉ်သီး၏ အရသာကို မြှင့်တင်ရန် ခရမ်းချဉ်သီးဆော့စ် အနည်းငယ်ခန့် ထည့်ရုံမျှနှင့် ဤအရသာကိုရရှိလိမ့်မည် ဖြစ်သည်။
သို့သော် ဤခေတ်ကာလတွင်ကား ထိုကဲ့သို့ နည်းပညာ မြင့်မားခြင်းမျိုး မရှိသေးသည့်အတွက် လင်းရန်က ခရမ်းချဉ်သီးဆော့စ်ကို ရိုးရာနည်းလမ်းအတိုင်းပင် လုပ်ဖို့ကြိုးစားခဲ့တော့သည်။
အိုးထဲမှ ခရမ်းချဉ်သီးက အရည်ထွက်လာသည်အထိ ဆူပွက်လာသောအချိန်တွင် သူမကအိုးကို မီးအေးအေးနှင့် ဆက်တည်ထားပြီး အရည်များက ပျစ်လာကာ ခရမ်းချဉ်သီး၏ အရသာများ အားလုံး ထွက်လာသည်အထိ ချက်ထားလိုက်သည်။
ထို့နောက် ရေနွေးအနည်းငယ်ထည့်ပြီးမှ ယခင်က ဆားနယ်ထားသော ငါးအသားလွှာများကို ထည့်ကာ မီးအေးအေးဖြင့် ငါးအသားလွှာများကို ကျက်သည်အထိ ဖြည်းဖြည်းချင်း မွှေပေးလိုက်လေသည်။
ချက်ပြုတ်သည့် နောက်ဆုံးအဆင့်သို့ စတင်တော့မည်ဆိုလျှင် ဆားနှင့် ပဲငံပြာရည်အနည်းငယ်ခန့် ထည့်လိုက်ရမည်ဖြစ်ကာ ထိုအဆင့်ကိုပြီးစီးသွားလျှင်တော့ ပြီးစီးသွားပြဖြစ်ချေသည်။
သို့သော် ဤအဆင့်လောက်နှင့် လုံးဝ ပြီးစီးသွားသည်တော့ မဟုတ်သေးပါချေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းချဉ်သီးငါးဟင်း၏ အနှစ်သာရကို မထည့်ရသေးသောကြောင့်ပင် ဖြစ်သည်။
ခရမ်းချဉ်သီးငါးဟင်းကို ဇလုံကြီးထဲသို့ ထည့်ပြီးနောက်တွင် လင်းရန်က ယခင်က ပြင်ဆင်ထားသည့် ကြက်သွန်စိမ်း၊ နုပ်နုပ်စင်းထားသောကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ နှပ်နှပ်စင်းနှင့် ငရုတ်ကောင်းစေ့အနည်းငယ်တို့ကို ငါးအသားလွှာများပေါ်သို့ တင်လိုက်သည်။
ထို့နောက် ဒယ်အိုးသန့်သန့်ထဲတွင် ဆီတစ်ဇွန်း အပူပေးလိုက်ပြီး ထိုဆီကို ငါးပေါ်သို့ လောင်းချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ပူနေသောဆီကြောင့် ငရုတ်ကောင်း၊ နုပ်နုပ်စင်းထားသောကြက်သွန်မြိတ်နှင့် နုပ်နုပ်စင်းထားသောကြက်သွန်ဖြူ တို့၏ မွှေးရနံ့များက အပြည့်အဝ ထွက်လာခဲ့သည်။
ဆီပူ၏ တစီစီမြည်သံနှင့်အတူ မွှေးရနံ့များက မီးဖိုချောင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။
ဘေးနားတွင်ရှိနေသော စားဖိုမှူးကျိုးကမှာ မျက်လုံးများ မလှုပ်ဘဲမနေနိုင်ခဲ့ပေ။
ဒီနည်းလမ်းကို သူ တစ်ခါမှ မမြင်ဖူးဘူး… ဒါပေမဲ့ ကြည့်ရုံနဲ့တင် ဒီငါးရဲ့ အရသာက သေချာပေါက် ကောင်းမှာပဲဆိုတာ သူပြောရဲတယ်…
တကယ်ကို အံ့မခန်းပဲ!
ရွှေရောင်တောက်နေပြီး အဖြေရောင်အခိုးအငွေ့များ ထွက်နေသည့် ခရမ်းချဉ်သီးငါးအသားလွှာကို ကြည့်လိုက်ရုံနှင့်ပင် သိရှိနိုင်သည်။
ဤထပ်ပေါင်းထည့်သည့် ခရမ်းချဉ်သီး၏ ထူးခြားသော ချိုချဉ်အရသာနှင့် ပေါင်းစပ်လိုက်လျှင်ရရှိနိုင်မည့် ခရမ်းချဥ်သီးငါးဟင်း၏အရသာက လူတိုင်း တွေးတောနိုင်လိမ့်မည်။
စားဖိုမှူးကျိုးကဲ့သို့ နှစ်ပေါင်းများစွာ အစားအသောက်ကောင်းများကို ကြိုက်နသောသူမဟုတ်ဘဲ အစိမ်းသက်သက်လူတစ်ယောက်ဖြစ်နေလျှင်ပင် ဤအချိန်တွင် သူ၏ တူကို ကောက်ယူမိကာ အရင်ဆုံး တစ်ကိုက် စားကြည့်ချင်စိတ် ဖြစ်လာစေလိမ့်မည်။
စားဖိုမှူးကျိုး၏ ဤပုံစံကို မြင်သောအခါ လင်းရန်က နားလည်သဘောပေါက်စွာဖြင့်င့် တူတစ်စုံနှင့် ပန်းကန်လုံးသေးသေးလေးတစ်လုံးကို ယူပြီး စားဖိုမှူးကျိုးအား လှမ်းပေးရင်း ကောင်းမွန်ချိုသာစွာ ပြောလိုက်သည်။
“ဦးလေးကျိုး ဆားပေါ့လား၊ ငန်လားဆိုတာ အရင် ကူညီမြည်းစမ်းပေးပါလား?”
တကယ်တမ်းတွင် သူ မမြည်းစမ်းကြည့်လျှင်ပင်၊ သို့မဟုတ် လင်းရန်မှမျက်လုံးမှိတ်ထားလျှက် အရသာများကို ထည့်လျှင်ပင် အရသာကို မှားထည့်မိမည် မဟုတ်ပေ။
သူမကက စားဖိုမှူးကျိုးတစ်ယောက် အလွန်စားချင်နေသည်ကို မြင်သောကြောင့်သာ တမင်တကာ ဖန်တီးထားသည့် ဆင်ခြေသက်သက်ပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤငါးကလည်း မသေးလှပေ။ သူမက အိုးအကြီးဖြင့် ချက်ထားခြင်းသာဖြစ်သည်။
စားဖိုမှူးကျိုးက ကွန်မြူနတီ စားဖိုဆောင်၏ အကြီးဆုံးသော “ခေါင်းဆောင်” ဖြစ်သောကြောင့် သူ မထွက်ခွါမီ သူနှင့် တတ်နိုင်သမျှ ဆက်ဆံရေးကောင်းအောင် ထားရန် လိုအပ်သည်။
သူမ၏ ရိုးသားသည့် ပုံစံကို မြင်သော် စားဖိုမှူးကျိုးလည်း ခဏလောက် တွေဝေသွားပြီးမှ လေးနက်စွာနှင့် ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ မင်းအတွက် မြည်းစမ်းကြည့်ပေးမယ်”
လင်းရန် အပြုံးဖြင့် ဆက်ပြောလိုက်လေ၏သည်။
“ကောင်းပါပြီ၊ ကျေးဇူးပြုပြီး….”
ထို့နောက် စားဖိုမှူးကျိုးက တူကိုယူပြီး ဇလုံအနားဆီသို့ တိုးကပ်သွားရန်ပင် မစောင့်နိုင်တော့ဘဲ လှမ်းယူလိုက်ကာ ခရမ်းချဉ်သီးငါးဟင်း အနည်းငယ်ကို အရင်ဆုံး တို့မြည်းလိုက်သည်။
သူ့အတွေ့အကြုံအရဆိုလျှင် ဟင်းတစ်တတို့ တို့ကြည့်လိုက်ရုံနှင့် ဆားပေါ့လား၊ ငန်လားဆိုသည်ကို ဆုံးဖြတ်နိုင်၏။
သို့သော် ဤတစ်တို့မြည်းလိုက်ပြီးနောက် စားဖိုမှူးကျိုးက ခဏတာလောက်စိတ်လှုပ်သွားပြီးမှ လေးနက်စွာ ပြောလိုက်သည်။
“ဟင်းအရည်ရဲ့ အရသာက အဆင်ပြေပါတယ်၊ ဒါပေမဲ့ ငါးအရသာက ဘယ်လိုရှိလဲ ငါ မသိသေးဘူး၊ ငါးကို တစ်ခါ ထပ်ကူမြည်းစမ်းပေးမယ်”
လင်းရန်:….ဦးလေးကျိုးပျော်ရင် ပြီးတာပါပဲ…
ဤအကြိမ်တွင် စားဖိုမှူးကျိုးက လင်းရန် ပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ချက်ချင်း လက်တွေ့ လုပ်ဆောင်လိုက်သည်။
သူက ငါးတစ်တုံးကို ဖဲ့ယူပြီး ပါးစပ်ဆီသို့ လျှင်မြန်စွာ သွင်းထည့်လိုက်သည်။
ပါးစပ်ထဲရောက်သည်နှင့် ငါးအသားလွှာက နူးညံ့ချောမွေ့ပြီး ပါးစပ်ထဲတွင် အရည်ပျော်ကျသွားခဲ့လေသည်။
အပြင်ဘက်အလွှာသည်လည်း ခရမ်းချဉ်သီးဟင်းအနှစ်ရည်၏ ချိုချိုချဥ်ချဉ်အရသာနှင့် ရောယှက်နေသောကြောင့် တစ်ဖဲ့စားပြီးသည်နှင့် နောက်တစ်ဖဲ့ ထပ်စားချင်စိတ် ဖြစ်လာစေခဲ့သည်။
ငါးကိုမပြောနဲ့ဦး။
ဟင်းအနှစ်သပ်သပ်နဲ့ဆိုရင်တောင် ထမင်းဖြူတစ်ပန်းကန်ကို ကုန်အောင် စားနိုင်တယ်…..
စားဖိုမှူးကျိုးမှာ ယခုတွင် လင်းရန်၏ ဟင်းချက်စွမ်းရည်က မည်မျှ ကောင်းမွန်သည်လဲဆိုသည်ကို အမှန်တကယ်ပင် သိသွားခဲ့သည်။
သူ မနေ့က ဒီကောင်မလေးကို အထင်သေးခဲ့မိတာပဲ….
**