← Chapters

အခန်း (၈၇)

Vol. 9 Ch. 87

အခန်း (၈၇)

Vol. 9 Ch. 87

စားဖိုမှူးကျိုးမှာဆက်စားချင်စိတ် ပြင်းပြနေသော်လည်း ဤသည်က ခေါင်းဆောင်များအတွက် ပြင်ဆင်ထားခြင်းဖြစ်သောကြောင့် နောက်ဆုံးတွင် တူကို မချင့်မရဲချလိုက်ပြီး လင်းရန်ကို လက်မထောင်ပြလိုက်သည်။

“ကောင်မလေး၊ မင်းရဲ့ စွမ်းရည်တွေက ငါ့ထက်တောင် ကျော်လွန်နေပြီ…”

လင်းရန် က ချက်ချင်းပဲ ကျိုးနွံစွာ ပြောလိုက်သည်။

“ဦးလေးကျိုး ဒီအရသာကို ကျွန်မ ဒီအတိုင်း မတော်တဆ လုပ်လိုက်မိတာပါ၊ အရည်အချင်းပိုင်းမှာဆိုရင် ဦးလေးကို သေချာပေါက် မီမှာ မဟုတ်ဘူး…”

စားဖိုမှူးကျိုးက လက်ရမ်းပြလိုက်သော်လည်း ဤကဲ့သို့ လိမ်ညာမှုများအား လင်းရန်ကို ဆက်မပြောဖြစ်တော့ပေ။

“ဒီလိုစကားတွေ မပြောပါနဲ့၊ ငါ ,လောင်ကျိုးက အရည်အချင်း နည်းနည်းရှိပေမယ့် စိတ်ကတော့ သန့်ရှင်းပါတယ်၊

ငါ့ရဲ့ စွမ်းရည်တွေက ကျေးလက်ဒေသမှာဆိုရင်တော့ သင့်တော်ပေမယ့် အပြင်ဘက်ကို ထွက်သွားရင် အရာရောက်တော့မှာ မဟုတ်ဘူး၊

မင်းက အိုးတစ်လုံးထဲက ငါးတစ်ကောင်လိုမျိုး ပြောမနေနဲ့၊ မင်းရဲ့အရည်အချင်းက ခရိုင်ထဲမှာတင်မကဘူး၊ မြို့ပြက နိုင်ငံပိုင်ဟိုတယ်တွေမှာတောင် တန်ဖိုးရှိတယ်လို့ ပြောလို့ရတယ်….”

မည်သို့ပင်ဖြစ်စေကာမူ စားဖိုမှူးကျိုးက လောကအမြင်ကျယ်သူတစ်ယောက်ဖြစ်သည်။ သူက မြို့ပြက နိုင်ငံပိုင်စားသောက်ဆိုင်များတွင် နှစ်ကြိမ် စားဖူးခဲ့သည်။ ထို့ကြောင့် ထိုနေရာမှ အစားအစာများက သေချာပေါက် ကောင်းသည်ဖြစ်ကြောင်းသိထားခဲ့ချေ။

သို့သော် ယခုအချိန်တွင် လင်းရန်၏ ငါးဟင်းနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးအနေဖြင့် နိုင်ငံပိုင်စားသောက်ဆိုင်များက စားဖိုမှူးများ ချက်သည့် ငါးဟင်းများက လင်းရန်၏ ဟင်းလောက် မကောင်းသကဲ့သို့ပင် သူ ခံစားလိုက်ရသည်။

လင်းရန်က စိတ်ထဲမှ သူမ၏ စွမ်းရည်များက ယနေ့ခေတ် စားဖိုမှူးအများစုထက် သေချာပေါက် သာလွန်သည်ဟု ပြောလိုက်မိသည်။

မြို့ပြမှ နိုင်ငံပိုင်စားသောက်ဆိုင်များ အကုန်လုံးအတွက်မှာမူ သူမ မပြောရဲပေ။ အနည်းဆုံးအနေဖြင့် စုန့်မိသားစုအနီးမှ နိုင်ငံပိုင်စားသောက်ဆိုင်နှစ်ခုမှာ သူမ ကိုယ်တိုင် စားဖူးခဲ့သည်။

ဟင်းချက်စွမ်းရည်က ဤခေတ်ကာလအတွက် ကောင်းသော်လည်း သူမလောက်တော့ မကောင်းပါချေ။

သို့သော် စားဖိုမှူးကျိုး အရှေ့တွင်မူ သူမ၏ ကျိုးနွံမှုကို ဆက်ထိန်းထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ တစ်ခါတည်း အကုန်ထုတ်ပြဖိိ့အတွက်ကိုမူ သူမ စိုးရိမ်သေးပေသည်။

“ကျွန်မ စမ်းသပ်ပြီး ချက်ကြည့်တဲ့ အရသာက ဒီလိုကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ ဦးလေကျိုး ကြိုက်တယ်ဆိုရင် နောက်တစ်ခါ ဦးလေးအတွက် သီးသန့် ချက်ပေးရမလား?”

“ဟားဟား ဒါက အရမ်းကောင်းတာပဲ!”

စားဖိုမှူးကျိုးက ပျော်ရွှင်စွာနှင့် သဘောတူလိုက်သည်။

သူတို့နှစ်ယောက်လုံးက လင်းရန်၏ချက်ပြုတ်နည်းများနှင့်ပတ်သက်၍ သို့မဟုတ် သင်ခိုင်းပေးဖို့ဆိုသည်ကို မပြောခဲ့ကြပေ။

စားဖိုမှူးကျိုးက လင်းရန်၏ ချက်ပြုတ်နည်းအဆင့်များကို အကုန်လုံး မြင်တွေ့ပြီးသားဖြစ်သော်လည်း သူတို့နှစ်ယောက်လုံးက စားဖိုမှူးများဖြစ်ကြပြီး ဤလုပ်ငန်း၏ စည်းကမ်းများကို နားလည်ကြဆဲပင်ဖြစ်သည်။

လူများကို ဟင်းချက်နည်း သင်ပေးခြင်းက တပည့်ခံသည့် ကိစ္စကဲ့သို့ပင်ဖြစ်ပေသည်။

သူတို့ အတွက်မှာမူ ဤကဲ့သို့ လုပ်စရာမလိုပေ။ စားဖိုမှူးကျိုးက အမှန်တကယ် ဗိုက်ဆာနေလျှင် ဤစားစရာအကြောင်းကို ဆက်လက်စဉ်းစားမည်ဖြစ်သော်လည်း သူ လင်းရန်ကို သင်ပေးခိုင်းရန်ပြောလိမ့်မည် မဟုတ်ပေ။ ဤသည်က စည်းကမ်းဖောက်ဖျက်ခြင်း ဖြစ်ပေ၏။

စားဖိုမှူးကျိုး၏ တုံ့ပြန်မှုကြောင့် လင်းရန်က သူ့အပေါ် ပို၍ပင် အထင်ကြီးသွားခဲ့ရသည်။

ငါးအသားလွှာဟင်းက ပူနေစဉ် လင်းရန်က နောက်ထပ် မနှောင့်နှေးတော့ဘဲ ကျန်သည့် ဟင်းပွဲများကို ဆက်ချက်ပြုတ်ခဲ့သည်။

လင်းရန် ဟင်းချက်နေဆဲတွင် ကွန်မြူနတီရုံးခန်းထဲတွင် ထိုင်နေသည့် ခေါင်းဆောင်တချို့က သူတို့ တစ်ခါမျှ မရဖူးသည့် မွှေးရနံ့တစ်ခုကို ရုတ်တရက် ရလိုက်ကြလေသည်။

“လောင်ကျိုး ဒီနေ့ ဟင်းပွဲအသစ်တွေ ချက်နေတာလား? ခရမ်းချဉ်သီးဟင်းနံ့ ရတယ်!”

ခရမ်းချဉ်သီးဟင်းတွေက တကယ်ကိုကောင်းတယ်။ အခု အနံ့နဲ့တင် သူတို့က စားသောက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ…

ဒီနေ့တော့ သူတို့ ကံကောင်းပြီပဲ!

ထိုလူ စကားဆုံးသည်နှင့် သူ့ဘေးနားရှိ လူက ချက်ချင်း ဖြတ်ပြောလိုက်သည်။

“စားဖိုမှူးကျိုးက ဒီနေ့ ဟင်းမချက်ဘူး…”

သူတို့က စားဖိုမှူးကျိုး ထွက်တော့မည်ကို တွေးတောလိုက်မိကြသည့်အတွက် လူအများအပြားက သက်ပြင်းချလိုက်ကြသည်။

သို့သော် တစ်ယောက်က လျင်မြန်စွာပင် တုံ့ပြန်လိုက်သည်။

မဟုတ်သေးဘူး၊ စားဖိုမှူးကျိုး မချက်ဘူးဆိုရင် ဒီအနံ့က.…

အဲဒီကောင်မလေး တကယ် ချက်ခဲ့တာလား?

ပြောနေစရာတောင်မလိုဘူး။

အနံ့က တကယ်ကို မွှေးတာပဲ….

လူအုပ်စု၏ လည်ချောင်းများက မသိမသာ လှုပ်ရှားသွားခဲ့ကြသည်။

အချိန်က (၁၁:၃၀)ပင် မထိုးသေးဘဲ နေ့လည်စာ စားရန်အချိန်လရ်း မဟုတ်သေးသော်လည်း ဤအနံ့ကို ရလိုက်သည်နှင့် သူတို့၏ ဗိုက်များက ဆာလောင်သည့်အသံများ မြည်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့က အနံ့ကို မတွေးတောနိုင်မီ အသားနံ့များက တဖြည်းဖြည်း မွှေးထွက်လာခဲ့ပြန်သည်။

“ဒါကိုတော့ ငါ သိတယ်၊ ဒါ အသားပဲဖြစ်ရမယ်! အရမ်းမွှေးတာပဲ!”

လူအုပ်စုတစ်စုက အသားနံ့ရသော် ချက်ချင်းပင် အသံတိတ်သွားကြလေသည်။

သူတို့က မီးဖိုချောင်ဘက်သို့ လည်ပင်းလိမ်ကာ ကြည့်မိသော်လည်း ကံမကောင်းစွာနှင့် မည်သည်ကိုမျှ မမြင်ရပေ။

လင်းရန်၏ ပုံရိပ်ကိုသာ မီးဖိုချောင်ပြတင်းပေါက်ကနေ ခဏတာလောက် မြင်ရခဲ့၏။ သူမ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည်က သိသာနေပေသည်။

“ဒီကောင်မလေး ဘာတွေများချက်ပြုတ်နေခဲ့တာလဲ မသိဘူး၊ ဘာလို့ အသားရဲ့ မွှေးရနံ့က ဒီလောက်တောင် ပြင်းနေရတာလဲ?”

လူအချို့က ဗိုက်ဆာစွာနှင့် ပိုက်ဆံအိတ်ကို ကိုင်နေခဲ့ပြီး ဆာလောင်နေချိန်က တစ်နှစ်လောက် မစားရဘဲ နေရခြင်းနှင်တူသည်ဟူသောစကား၏ ခံစားချက်က မည်သည်ကိုဆိုလိုသည်ဆိုသည်ဖြစ်ကြောင်းကို ပထမဆုံးအကြိမ် သိခဲ့ကြရသည်။

ဒါပေမဲ့ အခုချိန်ထိ စားသောက်ရမယ့်အချိန်ကိုတောင် မရောက်သေးဘူး!

မီးဖိုချောင်ထဲတွင် လင်းရန်က ဟင်းပွဲများကို အကုန်ပြင်ဆင်ပြီးနောက် စားဖိုမှူးကျိုးကို လှမ်းမေးကြည့်လိုက်လျှင် အချိန်က (၁၁:၄၀) ကျော်နေပြီဖြစ်ပြီး ကွန်မြူနတီခေါင်းဆောင်များ အလုပ်ဆင်းရန် ဆယ်မိနစ်သာ လိုတော့သည်ကို သိလိုက်ရသည်။

ဤကဲ့သို့ သိလိုက်သည်နှင့် သူမက မျက်မှောင်ကြုတ်လိုက်ပြီး ငါးဇလုံကို ပြန်ကြည့်လိုက်လေသည်။

ယခုက နွေရာသီ ဖြစ်သော်လည်း ငါး၏ အသားကို ပူပူနွေးနွေး စားခြင်းက ပိုကောင်း၏။ မဟုတ်ပါက အေးသွားလျှင် ငါးညှီနံ့များကို ပိုရတက်လေသည်။

ထို့ကြောင့် သူမ ငါးကို အလွန်စောစီးစွာ ချက်မိခဲ့ပြီလားဟု နောင်တရနေခဲ့သည်။

ဤဟင်းပွဲများ၊ အထူးသဖြင့် ခရမ်းချဉ်သီးငါးဟင်းကို ဖုံးအုပ်ရန် တစ်ခုခု ရှာဖို့ စဉ်းစားနေစဉ် ရုတ်တရက် မီးဖိုချောင်ဘက်ကို လျှောက်လာသည့် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

လင်းရန် တုန်လှုပ်သွားပြီး မသိစိတ်မှ တံခါးဘက်သို့ ကြည့်လိုက်သောအခါ ယမန်နေ့က သူမနှင့် အဘွားလင်းတို့ တွေ့ခဲ့သည့် ခေါင်းဆောင် ဝင်လာသည်ကို တွေ့လိုက်ရသည်။

ပြီးနောက် ခေါင်းဆောင်က စားဖိုမှူးကျိုး ကို မရည်ရွယ်ဘဲ မေးသကဲ့သို့ မေးလိုက်သည်။

“လောင်ကျိုး၊ ငါ ခုနကပဲ ရုံးခန်းထဲက လူအတော်များများ မနက်စာ မစားရသေးဘူးဆိုတာ သိလိုက်ရတယ်၊ နေ့လည်စာ ပြင်ဆင်ပြီးပြီလား?

ပြင်ဆင်ပြီးပြီဆိုရင် ငါတို့ အရင်စားလိုက်တော့မယ်၊ မဟုတ်ရင် လူတိုင်း ဗိုက်ဆာနေကြလိမ့်မယ်၊ ဗိုက်မဝရင် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလေ”

ဤစကားကို ပြောလိုက်သည့် ခေါင်းဆောင်၏ ရင်ထဲတွင် ဘာမျှ ရှိမနေဘဲ မည်သို့နေမည်နည်း။

သူတို့ မနက်စာ မစားရသေးဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? တကယ်တော့ သူတို့အားလုံး မနက်စာ စားပြီးသားပဲ!

အခုချိန်မှာ သူတို့ ဘာလို့ ဒီလောက်တောင် ဗိုက်ဆာနေလဲဆိုတာကတော့.. သေချာပေါက် အနံ့ကြောင့်ပဲပေါ့!

လောင်ကျိုးက အစားအသောက်များ အဆင်သင့်ဖြစ်နေပြီဆိုသည်ကို မြင်နေခဲ့ရပြီး ခေါင်းဆောင်ကလည်း ဗိုက်ဆာနေပြီဖြစ်သောကြောင့် စတင်စားသောက်နိုင်စေဖို့ ပြောလိုက်သည်။

“အားလုံး ပြီးပါပြီ၊ ရှောင်လင်းနဲ့ ကျုပ် အခုပဲ ဟင်းတွေယူလာခဲ့တော့မလို့၊ မင်းတို့တွေ ထမင်းပန်းကန်တွေ သွားယူပြီး စားကြတော့”

ကွန်မြူနတီခေါင်းဆောင်များ စားသောက်သည့်နေရာက မီးဖိုချောင်အပြင်ဘက်ကရှိ တဲငယ်လေးထဲတွင်ဖြစ်ပေသည်။

ထိုတဲငယ်ထဲတွင် ကျောက်တုံးစားပွဲဝိုင်းကြီး တစ်လုံး ရှိနေ၏။ ပုံမှန်ဆိုလျှင် စားဖိုမှူးကျိုးက ပြင်ဆင်ထားသည့် ဟင်းပွဲများကို ထိုအပေါ် တင်ပေးပြီးလျှင် ခေါင်းဆောင်များကို သူတို့ဘာသာသူတို့ ထမင်းထည့်စားခိုင်းလေ့ရှိသည်။ ထို့နောက်တွင် လူအုပ်စုတစ်စုက စားပွဲကို ဝိုင်းပတ်ပြီး စားကြလိမ့်အည်။

ညစာ အဆင်သင့်ဖြစ်ပြီဆိုသည်ကို ကြားလိုက်သည်နှင့် ခေါင်းဆောင်က သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို မြန်မြန် ထိန်းချုပ်လိုက်ရပြီး တတ်နိုင်သမျှ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။

“ကောင်းပြီ၊ ခင်ဗျားနဲ့ ရှောင်လင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် သူတို့ကို ခင်ဗျားတို့အတွက် တစ်ခုခု လုပ်ခိုင်းလိုက်ဦးမယ်”

ပြောပြီးသည်နှင့် ခေါင်းဆောင်က လှည့်ပြီး ထွက်သွားခဲ့သည်။

ကံကောင်းစွာနှင့် လင်းရန်နှင့် စားဖိုမှူးကျိုးက သူ့နောက်ကျောကို စိုက်ကြည့်မနေခဲ့ကြပေ။ မဟုတ်ပါက သူ လာတုန်းကထက် သူ၏ ခြေလှမ်းများက မည်မျှပင် ပိုမြန်လာခဲ့သည်ကို သတိထားမိသွားကြလိမ့်မည်ဖြစ်သည်။

စားဖိုမှူးကျိုးက လင်းရန်ကို နှုတ်ဆက်ပြီး ဟင်းပွဲများကို အပြင်သို့ ထုတ်ယူသွားရင်း ကွန်မြူနတီထဲမှ ခေါင်းဆောင်အချို့ကို သူမထံသို့ လျင်မြန်စွာ မိတ်ဆက်ပေးခဲ့သည်။

ဤသည်က လင်းရန် ယခုလေးတင် ပြသခဲ့သည့် ငါးဟင်းတစ်ပွဲနှင့် လဲလှယ်ခဲ့သော

သတင်းအချက်အလက်များဟု ပြောလို့ရပေသည်။

စားဖိုမှူးကျိုး၏ မိတ်ဆက်ပေးမှုကြောင့် လင်းရန်က ခေါင်းဆောင်များ၏ အခြေအနေကို အကြမ်းဖျင်း သိရှိသွားခဲ့သည်။

ကွန်မြူနတီမှာ လူရှစ်ယောက် အမြဲရှိသော်လည်း အားလုံးက နေ့တိုင်း ရှိနေခြင်း မဟုတ်ပေ။

တစ်ခါတရံတွင် ကွန်မြူးနစ်ခေါင်းဆောင်များ အစည်းအဝေးအတွက် ခရိုင် သို့မဟုတ် မြို့သို့ သွားကြလေ့ရှိသည်။

တစ်ခါတရံတွင်တော့ နယ်မြေအလိုက် တပ်မဟာများကို စစ်ဆေးရန် သွားကြရလေ၏။ အလုပ်ရှုပ်သောအချိန်များတွင်၊ အလုပ်များကို လွှဲပြောင်းပေးသောအချိန်တွင် စသည်ဖြင့် အလုပ်များ အလွန်ရှုပ်လေသည်။

သို့သော် အထက်တွင် ဖော်ပြခဲ့သည့်ကိစ္စများက လွန်ခဲ့သော ရက်အနည်းငယ်ကမှ ပညာတတ်လူငယ်များအတွက် ကိစ္စများကို အစီအစဉ်ချနေခဲ့ရ၍သာဖြစ်ပေသည်။ ထို့အပြင် ကျေးလက်ဒေသတွင် အလုပ်အများဆုံးအချိန်သို့ မရောက်သေးသောကြောင့် နာရီဝက်လောက် အနားယူ၍ ရနေသေး၏။

မတိုင်ခင်က ရောက်လာသည့်လူက ယမန်နေ့က လင်းရန် နှင့် အဘွားလင်းတို့ စကားပြောခဲ့သည့် ခေါင်းဆောင်ဖြစ်ကာ ထိုသူမှ် ဤအရာရှိအုပ်စုထဲတွင် အငယ်ဆုံးဖြစ်လေသည်။

သူက ဒီနှစ်တွင် အသက် ၃၅နှစ်ရှိပြီဖြစ်ပြီး ဝါအရဆုံး နုသေးသော်လည်း စကားပြောရာတွင် အကောင်းဆုံးသူလည်းဖြစ်သည်။

သူ့ထံတွင် အလှဆုံးသောနာမည်လည်း ရှိပြီး ချန်ဝမ်ဟု ခေါ်လေ၏။

သူ၏ နာမည်ကို ကြားရသည်ကပင် ပျော်စရာ ကောင်းနေသည်။

လင်းရန် စဉ်းစားကြည့်ပြီးနောက် ကြင်နာသော နာမည်၏ပုံရိပ်က ခေါင်းဆောင်နှင့် အလွန် လိုက်ဖက်သည်ဟု ခံစားလိုက်ရသည်။

အခြားခေါင်းဆောင်များက ပုံမှန်အားဖြင့် အသက်ကြီးကြသည်။

အကြီးဆုံးများက အသက် (၅၀) ရှိပြီး အများစုကတော့ အသက် (၄၀) ဝန်းကျင်များဖြစ်ကြသည်။ အားလုံးက လင်းရန်၏ ဦးလေးအရွယ်များပင် ဖြစ်ကြလေသည်။

“သူတို့အားလုံး ကောင်းမွန်တဲ့လူတွေပဲ၊ ဒါပေမဲ့ တစ်ခါတလေ စကားနည်းနည်း များတတ်တယ်၊ အထူးသဖြင့် နောက်နေ့ ဘာစားရမလဲဆိုတာကို အငြင်းပွါးတတ်လေ့ရှိကြတယ်၊ သူတို့ရဲ့အဲဒီပုံစံကိုသာ တခြား အသင်းဝင်တွေ မြင်သွားရင်တော့ မျက်နှာပျက်ရလိမ့်မယ်”

စားဖိုမှူးကျိုး၏ စကားလုံးများက စတင်ထွက်ကျလာသည်နှင့် ရပ်တန့်၍ မရတော့ပေ။

သူက ဤအသက်ကြီးသည့် ခေါင်းဆောင်များ၏ စိတ်ဝင်စားစရာ ကိစ္စအချို့ကိုလည်း ပြောပြချင်သေးသည်။ သို့သော်လည်း တခြားတစ်ဖက်မှ ခြေသံများ လာနေသည်ကို ကြားလိုက်ရလေသည်။

စားဖိုမှူးကျိုး ခဏတာလောက် တုန်လှုပ်သွားပြီးမှ ပြုံးလိုက်သည်။

“ဟေး၊ ငါ ဒီနေ့ တကယ်ကို ဗိုက်ဆာနေပုံပဲ၊ ငါ နေ့လည်စာစားဖို့အတွက် အရမ်းကို တက်ကြွနေပြီနော်”

**

All Chapters