အခန်း (၈၉)
Vol. 9 Ch. 89
လင်းကျန်းအန်း သူ၏ လက်ရှိ အခြေအနေကို ပြောင်းလဲရန်အတွက် နည်းလမ်းရှာရမည်ဖြစ်ကြောင်း တွေးတောနေခဲ့သည်။
အနည်းဆုံးအနေဖြင့် ပိုက်ဆံ ပိုရှာရလိမ့်မည်ဖြစ်သည်။ သို့မှသာ သူ၏သမီးကြိုက်နှစ်သော ပစ္စည်းတစ်ခုခု ဝယ်ချင်သောအချိန်တွင် ပိုက်ဆံမလုံလောက်သည့် အဖြစ်မျိုး ကို ရှောင်ရှားနိုင်လိမ့်မည်။
သို့သော် လင်းကျန်းအန်းက သူ၏ အားသာချက်များကို ဂရုတစိုက် စဉ်းစားကြည့်သော် ကျေးလက်ဒေသတွင် အလုပ်လုပ်နိုင်သည့် အရည်အချင်းမှလွဲ၍ ထူးထူးခြားခြား အားသာချက် ဘာမျှ မတွေ့ခဲ့ပေ။
သူက မြို့ထဲသို့ အလုပ်သွားလုပ်၍မရပေ။ မြို့တွင် အခွင့်အလမ်းများ ရှိမရှိဆိုသည်ကို ထည့်ပြောရန်အတွက် ဖယ်ထားလျှင်ပင် ယခု သူ၏သမီးဖြစ်သူက သူ့ဘေးတွင် ရှိနေသောကြောင့် အိမ်ကနေ ထပ်မံထွက်ခွါဖို့ရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် သူ့အနေဖြငာ် ကျေးလက်ဒေသတွင်သာ နေပြီး ပိုက်ဆံရှာရန် အခွင့်အလမ်းများ ရှိမရှိကို ကြည့်ရတော့မည်ဖြစ်သည်။
ဒါပေမဲ့ ကျေးလက်မှာ ဘယ်လို အခွင့်အလမ်းတွေများ ရှိနိုင်မှာလဲ?
ဤကိစ္စကြောင့် လူတိုင်း နေ့လည်စာစားပြီး ခဏနားတော့မည့်အချိန်အထိ လင်းကျန်းအန်းမှာ ဧည့်ခန်းမကြီးထဲတွင် တစ်ယောက်တည်း ထိုင်ပြီး မျက်မှောင်ကြုတ်နေခဲ့ကာ အလွန် စိုးရိမ်နေပုံရ၏။
ထိုအချိန်တွင် ခြံထဲမှ ခြေသံများ လာနေသည်ကို သူ ကြားလိုက်ရသည်။
သူ့အနေဖြင့် မည်သူလဲဆိုသည်ကို ကြည့်ရန် သူ၏ခေါင်းကိုမမြှောက်ရမီပင် အသံတစ်ခုကို ကြားလိုက်ရသည်။
“ဒုတိယဦးလေး၊ ဘာဖြစ်တာလဲ?”
ဧည့်သည်ဖြစ်သည့် စုန့်ရှီးယန်ပင် ဖြစ်သည်။
ထိုသူ့ကို မြင်သောအခါ လင်းကျန်းအန်း က သူ၏ မျက်နှာအမူအရာကို မြန်မြန် ထိန်းချုပ်လိုက်ပြီး အဆင်ပြေကြောင်း ပြောရန် လုပ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ စုန့်ရှီးယန်က သူတို့၏အိမ်ကို ဧည့်သည်အဖြစ် ရောက်လာခဲ့ခြင်း ဖြစ်သောကြောင့် သူ အစောပိုငားက စဉ်းစားခဲ့သော ခက်ခဲသည့် ကိစ္စများကို ဧည့်သည်များအား မသိစေခြင်းက အကောင်းဆုံးပင်ဖြစ်သည်။
ဤကိစ္စကို လျစ်လျူရှုရန် ဆင်ခြေတစ်ခု ရှာနေစဉ် စုန့်ရှီးယန် ပြောလာခဲ့သည့်စကားကို သူ ကြားလိုက်ရသည်။
“ဦးလေး စိတ်မရှိဘူးဆိုရင် ကျွန်တော့်ကို ပြောပြပါလား…ကျွန်တော် နည်းနည်းလောက်တော့ အကြံဉာဏ် ပေးနိုင်လောက်ပါတယ်”
စုန့်ရှီးယန်၏ မူလရည်ရွယ်ချက်မှာ လင်းမိသားစုနှင့် အတူလာနေဖို့ရန် မဟုတ်သော်လည်း ယခုအချိန်တွင်မူ သူသည်လည်း ရောက်လာပြီးဖြစ်သကဲ့သို့ လင်းမိသားစုနှင့် ရက်အနည်းငယ် နေထိုင်ပြီးနောက်တွင် လင်းမိသားစုမှ လူတိုင်းက ပေါင်းသင်းရ လွယ်ကူပြီး သူ့ကို ကောင်းကောင်း ဆက်ဆံကြသည်ကို သူ တွေ့မြင်နေလဲ့ရသည်။
ထို့ကြောင့် သူသည်လည်း သူ၏ အရည်အချင်းဘောင်အတွင်းမှ သူတို့ကို တတ်နိုင်သမျှ ကူညီချင်ခဲ့သည်။
ဤသည်ကို ဤနေရာမှ အကူအညီအတွက် ပြန်ပေးဆပ်ခြင်းဟု ယူဆနိုင်သည်။
သို့သော် သူက လင်းကွမ်းချင်းကို ဤအကြောင်းပြောပြီး အိမ်တွင် အခက်အခဲများ ရှိနေလား သို့မဟုတ် အကူအညီလိုလားဟု မေးခဲ့သော်လည်း လင်းကွမ်းချင်း က ရန်သူကို ရင်ဆိုင်နေရသော ပုံစံမျိုးနှင့်သာ လက်များကို တရကြမ်းဝှေ့ယမ်းပြီး မည်သည့်အရာမျှ မရှိဟု ပြောခဲ့သည်။
သူ၏ ထိုပုံစံကို မြင်သောအချိန်တွင် စုန့်ရှီးယန်က သူ့ထံမှ မည်သည့်အရာကိုမှ မရရှိနိုင်ကြောင်းကို သိလိုက်ရသည်။
သူ့အနေဖြင့် လင်းမိသားစုထဲမှ တခြားသူများနှင့်အားလုံးနှင့် လုံးဝ မရင်းနှီးပေ။ သူတို့ထံသို့ ဖြောင်းတန်းစွာ သွားပြီး အကူအညီလိုသလားဟု မေးမြန်းရန်လည်း ခက်ခဲလှသည်။
လင်းမိသားစု တစ်ခုလုံးတွင် သူရင်းနှီးသောလူများက လင်းကွမ်းချင်း၊ လင်းကျန်းအန်းနှင့် သူ့သမီးဖြစ်သည့် လင်းရန် ၊ ပြီးနောက် အဘွားလင်းတို့သာ ရှိသည်။
အဘွားလင်းကတော့ သူ့အပေါ်တွင် အလွန် စိတ်အားထက်သန်ကာ စုန့်ရှီးယန်၏စကားကို ကြားလျှင် သူမကို ထောင်ထဲ ထည့်ချင်နေသကဲ့သို့ အပြင်းအထန် ငြင်းဆန်လောက်သည့် ပုံမျိုးဖြစ်နေခြင်းက သူ့အပေါ် ဖိအားများစွာ ရှိစေခဲ့သည်။
ကံကောင်းစွာနှင့် ယခုအချိန်တွင် လင်းကျန်းအန်းတစ်ယောက် အမည်မသိသော ကိစ္စတစ်စုံတစ်ရာကို သူတစ်ယောက်တည်း စိုးရိမ်ပူပန်နေသည်ကို သူတွေ့လိုက်ရသည်။
သူ၏ အရည်အချင်းဘောင်အတွင်းကဆိုလျှင် စုန့်ရှီးယန်က သူ့ကို တတ်နိုင်သမျှ ကူညီပြီး ဖြေရှင်းနည်း ရှာပေးရန် အတူတကွ လုပ်ဆောင်ဖို့ရန် စီစဉ်လိုက်သည်။
ဤစကားကို ကြားသောအချိန်တွင် လင်းကျန်းအန်းတစ်ယောက် တွေဝေသွားခဲ့သည်။
သူက စုန့်ရှီးယန်ကို ကြည့်လိုက်သော် တစ်ဖက်လူ၏ လေးနက်သော အမူအရာကို တွေ့လိုက်ရသည်။ ခိုသူက စစ်တပ်က အရာရှိကြီးတစ်ယောက်ဖြစ်သောကြောင့် သူ့ထက် ဈေးကွက်ကို ပိုမြင်ဖူးလိမ့်မည်ဟု လင်းကျန်းအန်း တွေးတောလိုက်မိသည်။ ထိုသူသာ ဆိုပါက သူ့ကို အမှန်တကယ်ပင် အသုံးဝင်သော အကြံဉာဏ်များကို ပေးနိုင်လောက်မည်ဖြစ်သည်။
ထို့ကြောင့် နောက်ဆုံးတွင် လင်းကျန်းအန်းက သူ၏စိတ်ကူးထဲမှ အကြောင်းကို စုန့်ရှီးယန်နှင့် ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒါဆို ရှောင်စုန့်၊ ဦးလေးနဲ့အတူ အပြင်ကို ခဏလမ်းလျှောက် ထွက်ပေးပါဦး”
ယခုအချိန်တွက် မိသားစုဝင်များကလည်း အလုပ်သွားရန် ထပြီး ပြင်ဆင်ခဲ့ကြသည်။
ထို့ကြောင့် သူတို့ စိတ်ပူမည်ကို စိုးရိမ်နေခဲ့သည်။ ဆိုရပါက လင်းကျန်းအန်းက ဤကိစ္စများကို သူ့မိသားစုကို ချက်ချင်း မပြောချင်သေးပေ။
ထို့ကြောင့် စုန့်ရှီးယန်နှင့်အတူ အပြင်ဘက်သို့ လမ်းလျှောက် ထွက်ရန် ဆုံးဖြတ်လိုက်သည်။
စုန့်ရှီးယန်က ခေါင်းကို လျှင်မြန်စွာ ငြိမ့်ပြလာခဲ့သည်။ လင်းကျန်းအန်းက ဤအကြောင်းကို လင်းမိသားစုကို မပြောချင်ကြောင်း သူ သိထားခဲ့သောကြောင့် လင်းကျန်းအန်း၏နောက်ကနေ လင်းမိသားစုခြံဝင်းထဲမှ နာခံစွာ လိုက်သွားခဲ့သည်။
လင်းမိသားစုအိမ်ကနေ အတော်လေး ဝေးသည့်အထိ လမ်းလျှောက်ပြီးမှ လင်းကျန်းအန်းက နောက်ဆုံးတွင် စကားစပြောလာခဲ့သည်။
“ရှောင်စုန့် မင်းက မြို့ကြီးက လာတာဆိုတော့ သတင်းအချက်အလက်တွေ စုံလင်မယ်ထင်တယ်၊ မင်းရဲ့ အမြင်အရဆိုရင် ဦးလေးက အလုပ်လုပ်ပြီး ပိုက်ဆံရှာချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းက ပိုသင့်တော်လဲ၊ ဒါမှမဟုတ် ဘယ်လိုလုပ်ရမလဲ? လက်ရှိဘဝကို ဘယ်လို တိုးတက်အောင် လုပ်လို့ရနိုင်တယ်လို့ထင်လဲ?”
စုန့်ရှီးယန်သည်ကား အလွန်ထက်မြက်လှသူဖြစ်သည်ကြောင့် လင်းကျန်းအန်းက အဘယ်ကြောင့် ရုတ်တရက် ဤကဲ့သို့ တွေးနေရသည်လဲဆိုသည်ကို ရှင်းပြစရာမလို သိရှိခဲ့သည်။
လင်းရန်မှ ယနေ့ကွန်မြူတီ၏ စားသောက်ဆောင်ကို အလုပ်သွားခဲ့သည့်အတွက်ဆိုသည့် အကြောင်းပြချက်ကို သူ ခန့်မှန်းပြီးသားပင် ဖြစ်သည်။
ဖခင်တစ်ယောက်အနေနှင့် သူ့သမီး၏ လက်ရှိအောင်မြင်မှုအား ရိုးသားစွာ ယှဉ်ပြိုင်ချင်သည့်အတွက်ကြောင့် မဟုတ်ပေ။
သို့သော် သူ၏သမီးကို ပိုကောင်းသော ဘဝတစ်ခု မပေးနိုင်ဘဲ ဤမျှလောက် ကြိုးစားပမ်းစား အလုပ်သွားလုပ်ခိုင်းသည်ကို စဉ်းစားလိုက်လျှင် စိတ်မသက်မသာ ဖြစ်လာခဲ့ရသည့်အတွက်သာဖြစ်နိုင်လိမ့်မည်။
စုန့်ရှီးယန်အနေဖြင့် ဖခင်တစ်ယောက် မဖြစ်သေးသော်လည်း လင်းကျန်းအန်း၏ ခက်ခဲသော ကြိုးစားအားထုတ်မှုများကို သူ နားလည်နိုင်သည်။
ထို့ကြောင့် လင်းကျန်းအန်း၏ မေးခွန်းကို နားထောင်ပြီးနောက် သူက လေးလေးနက်နက် စဉ်းစားလိုက်သည်။
လင်းကျန်းအန်း ကိုယ်တိုင် ပြောခဲ့သလိုပင် သူ ယခု ကြိုးစား၍ရနိုင်သည့် တစ်ခုတည်းသော နေရာက ကျေးလက်ဒေသမှာဖြစ်သည်။
ကျေးလက်ဒေသတွင် တပ်မဟာနှင့်အတူ စပါးစိုက်ပျိုးနေရုံသာဆိုလျှင် လင်းမိသားစုမှာ အခုရှိနေသည့် အခြေအနေအတိုင်းပင် ဆက်ရှိနေမှာဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ယခုအချိန်တွင် လင်းမိသားစုက ချွန်ဖန်း ကွန်မြူနတီ၏ တပ်မဟာတွင် အလုပ်အမှတ် အများဆုံးရပြီး အလုပ်အကြိုးစားဆုံး မိသားစုဟု သတ်မှတ်နိုင်သည်။
ထို့ကြောင့် အလုပ်အမှတ်ပေါ် မူတည်ပြီး ဖြေရှင်းနည်းရှာရန် ကြိုးစားလျှင်ပင် နဂိုကတည်းက ထိပ်ဆုံးသို့ ရောက်နိုင်နေမည်ဖြစ်၍ တခြားနည်းလမ်း ရှာရတော့မည်ဖြစ်သည်။
ကံကောင်းထောက်မစွာနှင့် သူတို့က ကျေးလက်ဒေသတွင် ရှိနေပြီး ချွမ်ဖန်း တပ်မဟာ၏ ပတ်ပတ်လည်တွင် တောင်များနှင့် သစ်တောများ များစွာရှိပြီး တောင်များက ထွက်ကုန် ပေါများသည်။
သူတို့သာ အမှန်တကယ်ပင် စီးပွားရေး စတင်ချင်တယ်ဆိုလျှင် လုပ်စရာ မည်သည်မျှ မရှိဘဲမနေပေ။
ခဏလောက် စဉ်းစားပြီးနောက် စုန့်ရှီးယန် နောက်ဆုံးတွင် စကားစပြောလိုက်သည်။
“ဒုတိယဦးလေး၊ ကျွန်တော်ထင်တာတော့ တောင်ကို အမှီပြုပြီး တောင်ကိုစားတယ်ဆိုတဲ့ သဘောတရားကို ဦးလေး သေချာပေါက် ကြားဖူးမယ်ထင်တယ်၊
ပြီးတော့ ကွမ်းချင်း အရင်က ပြောဖူးတာ ဦးလေးက တောင်တက်ပြီး အမဲလိုက်တတ်တယ်တဲ့၊ ဦးလေးရဲ့ အမဲလိုက်နိုင်စွမ်းက တပ်မဟာတစ်ခုလုံးမှာ အကောင်းဆုံးပဲလို့ပြောခဲ့တယ်၊ တောင်တွေကနေ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု စဉ်းစားဖူးလား?”
တောင်တွေကနေ နည်းလမ်းတစ်ခုခု ရှာတာလား?
လင်းကျန်းအန်းက ဤစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
စုန့်ရှီးယန် မည်သည်ကိုဆိုလိုသည်ဆိုသည်ကို သူ နားလည်သည်။ တောင်ပေါ်တွင် အမဲလိုက်ခြင်း၊ သို့မှမဟုတ် တောင်ပေါ်က ဆေးဖက်ဝင်ပစ္စည်းများ တူးပြီး ရောင်းခြင်းပင် ဖြစ်လိမ့်မည်။
သူသာ အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းမည်ဖြစ်လျှင် ဤကိစ္စကို ခေါင်းဆောင်နှင့် ဆွေးနွေးရမည်ဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း ခေါင်းဆောင်က ပိုကောင်းသော အသင်းအဖွဲ့တစ်ခု တည်ဆောက်ရန် မစဉ်းစားခဲ့ခြင်း မဟုတ်ပေ။
သို့သော် ခေါင်းဆောင်က သူကဲ့သို့ တောင်များ၏ အပြင်ဘက်သို့ တစ်ခါမျှ မရောက်ဖူးသေးပေ။ ထို့ကြောင့် သူ၏ အမြင်အာရုံက ကန့်သတ်ထားပြီး အရာများစွာကို မသိပေ။
စုန့်ရှီးယန်က ဤအကြောင်းကို သူ့အား သတိပေးလိုက်သောအခါ ဤကိစ္စကို ခေါင်းဆောင်နှင့် ပြောရန် လိုအပ်ကြောင်း သူ ခံစားလိုက်ရသည်။
စုန့်ရှီးယန် ပြောတာ မှန်တယ်။ သူတို့ရဲ့ တောင်တွေက ဘဏ္ဍာတွေ ပြည့်နေတာ၊ မြို့မှာတောင် ရှာရခက်တဲ့ ကောင်းမွန်တဲ့ ဘဏ္ဍာတွေ အများကြီး ရှိတယ်!
သူတို့ တပ်ဖွဲ့ရဲ့ ခွင့်ပြုချက်ရပြီး လူတိုင်း အတူတကွ ပူးပေါင်းပြီး အသုံးပြုနိုင်တဲ့ သယံဇာတတွေကို ထုတ်ဖော်နိုင်မယ်ဆိုရင် သူတို့အဖွဲ့ သေချာပေါက် ပိုကောင်းလာမှာပဲ!
ဤကဲ့သို့ စဉ်းစားလိုက်မိလျှင် လင်းကျန်းအန်းမှာ တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။
သူ မထိန်းနိုင်စွာ ပြုံးလိုက်ပြီး စုန့်ရှီးယန် ကို ထပ်ပြောလိုက်သည်။
“ရှောင်စုန့် ဒီကိစ္စ အဆင်ပြေသွားရင် မင်းက ငါ့ လင်းမိသားစုရဲ့ သူရဲကောင်းဖြစ်လာလိမ့်မယ်၊ မဟုတ်ဘူး၊ တပ်မဟာတစ်ခုလုံး ရဲ့ သူရဲကောင်း ဖြစ်လာလိမ့်မယ်!”
စုန့်ရှီးယန်က ခေါင်းခါရမ်းပြီး လျှင်မြန် ပြောလိုက်သည်။
“ကျွန်တော်က ဘာမှ သိပ်ပြီးမကူညီခဲ့ပါဘူး၊ ဒါပေမဲ့ ဦးလေးက နောက်ပိုင်းမှာ ဘာကို ဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ပြီးသွားလို့ ပြဿနာ တစ်ခုခု ရှိရင် ကျွန်တော့်ကို ဆက်ပြီး လာရှာလို့ရပါတယ်”
တခြားဘာပဲဖြစ်ဖြစ် သူ့ဆီမှာ အဆက်အသွယ်တစ်ချို့တော့ ရှိနေတာပဲလေ…
အထူးသဖြင့် သူ၏ စစ်မှုထမ်းဟောင်း စစ်သားအများအပြားကို နောက်ပိုင်းတွင် နေရာအသီးသီးသို့ ခွဲဝေပေးခဲ့သောကြောင့် ဆက်သွယ်မှုများ လုပ်ရသည်က မခက်ခဲပေ။
ဤစကားကို ကြားသောအခါ လင်းကျန်းအန်းက စုန့်ရှီးယန် ကို ကျေးဇူးတင်ပြီး ကျေနပ်သည့် မျက်နှာနှင့် ကြည့်လိုက်သည်။
ယနေ့ခေတ်တွင် ရှောင်စုန့်ကဲ့သို့ တရားမျှတပြီး အကူအညီပေးတတ်သောလူငယ်မျိုးက အမှန်တကယ်ပင် ရှားပါးသည်။
သူ စုန့်ရှီးယန် ကို ပထမဆုံး တွေ့တုန်းက ဘယ်လိုလုပ်ပြီး သတိမထားမိခဲ့တာလဲ? သူ့ကို သူခိုးတစ်ယောက်လိုတောင် သဘောထားပြီး သူ့ရဲ့သမီးနဲ့ ဝေးဝေးနေခဲ့ခိုင်းသေးတယ်။
အဟမ်း၊ ဒါက ဘာလဲ!
လင်းကျန်းအန်းမှာ ဤအချိန်မှစပြီး စုန့်ရှီးယန်ကို သူ့စိတ်ထဲတွင် အထူးချွန်ဆုံး လူငယ်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်တော့သည်!
**