အခန်း (၉၀)
Vol. 9 Ch. 90
လင်းကျန်းအန်းမှာ ကိစ္စများကို သူ့စိတ်ထဲတွင် စဉ်းစားခဲ့ပြီးဖြစ်သောကြောင့် အချိန်မဆွဲခဲ့တော့ပေ။
နေ့လည်ဘက် အလုပ်သွားသောအချိန်တွင် သူ့လက်ထဲမှ အလုပ်များကို အပြီးသတ်ပြီး အဖွဲ့ခေါင်းဆောင်ဆီသို့ သွားကာ သူ့အတွေးများနှင့် စုန့်ရှီးယန် အစောပိုင်းက ပြောခဲ့သည်များကို ခေါင်းဆောင်ကို ထပ်မံပြောပြခဲ့သည်။
ခေါင်းဆောင်အတွက်မူ လင်းကျန်းအန်းပြောလာသည့် ဤစကားကို ကြားပြီးနောက်တွင် သူသည်လည်း အလွန် အံ့အားသင့်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူ့၏နားလည်မှုအရ ထုတ်လုပ်ရေးအဖွဲ့မှစပါးစိုက်ပြီး ဆန်နှင့်ဆီကို ဗျူရိုသို့ ပေးရမည်။ ပြီးလျှင် နိုင်ငံတော်ကနေ ပိုက်ဆံရမည်ဖြစ်ပြီး ဤသည်က ပိုက်ဆံရှာရန် တစ်ခုတည်းသော နည်းလမ်းဟု သူ ထင်ထားခဲ့သောကြောင့်ပင်ဖြစ်သည်။
ရလဒ်အနေနှင့် လင်းကျန်းအန်း၏စကားများအရ တပ်ဖွဲ့၏ပြင်ပတွင် ပိုက်ဆံရှာနိုင်သည့် အခြားနည်းလမ်းများကပါ ထွက်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ အလွန်တုန်လှုပ်နေစဉ်ရင်းနှင့်ပင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။
အကယ်၍ အရာရှိစုန့် ပြောသည့်အတိုင်းသာဆိုလျှင် သူတို့သည်လည်း ဤနည်းလမ်းကို အသုံးပြုပြီး တပ်မဟာ၏ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်လိမ့်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် အဖွဲ့ဝင်များအားလုံးအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပုံရိပ်ကို ဖန်တီးနိုင်မည်ဖြစ်သည်။
သေချာသည်မှာ ခေါင်းဆောင်က ဤကဲ့သို့ စဉ်းစားခဲ့သော်လည်း သူတို့ ဤကဲ့သို့ တစ်ခါမျှ လက်တွေ့မလုပ်ဖူးခဲ့ပေ။ နည်းလမ်းသိလျှင်ပင် ကောင်းကောင်း လုပ်နိုင်မည် မဟုတ်ပေ။
“ဟေး၊ ဒါက တကယ်ပဲ ကောင်းတဲ့သတင်းပဲ၊ ဒါပေမဲ့ ငါ့ကို ပြောပြပါဦး၊ ငါတို့တွေဆီမှာ တောင်တွေကနေ ပစ္စည်းတွေ အများကြီးရှိပေမယ့် အန္တရာယ်တွေလည်း အများကြီးရှိတယ်လေ၊
လူတိုင်းက လက်ရှိအခြေအနေကို ကျေနပ်နေကြပုံရတယ်၊ တောင်ပေါ်ကို တက်ဖို့ ဆန္ဒရှိတဲ့လူ သိပ်မများလောက်ဘူးလို့ ငါထင်တာပဲ”
အမှန်တကယ်တွင် လင်းကျန်းအန်းက ဤစကားကို ပြောနေချိန်၌ ခေါင်းဆောင်က တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။
သို့သော် သူ့၏နှလုံးခုန်နှုန်းမြန်လာရုံလောက်အတွက် သူ မည်သည်ကိုမျှ လုပ်မပေးနိုင်ပေ။ ကျန်ရှိသည့်အဖွဲ့ဝင်များကလည်း သူ့၏ စည်းမျဥ်းကို လိုက်နာရမည်ဖြစ်သည်။
သူတို့က စိတ်လှုပ်ရှားရုံလောက်နှင့်တင် ဖြစ်နိုင်မည်မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ရန်လည်း လိုအပ်လိမ့်မည်ဖြစ်သည်။
သူတို့၏ တပ်မဟာတွင် ကြိုးစားပမ်းစားနှင့် မြေကြီးပေါ် ရပ်တည်နေသော သူများလည်း အများကြီးရှိသော်လည်း အချို့က ပျင်းရိကာ ကြောက်တတ်ကြသည်။
ထိုလူမျိုးများက အလုပ် အမှန်တကယ်အဆင်ပြေမပြေကို မသိသေးသော အစီအစဉ်တစ်ခုအတွက် တောင်ပေါ်သို့ တက်ရန် စွန့်စားနိုင်ကြလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် အဖွဲ့တစ်ခုလုံးအတွက် အတူတကွ လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။
သို့သော် လင်းကျန်းအန်းက လက်လျှော့ရန် ဆန္ဒမရှိပေ။
ထို့အပြင် တပ်မဟာ တစ်ခုလုံးက မပါဝင်ချင်လျှင်ပင် အဖွဲ့၏ တစ်စိတ်တစ်ပိုင်းလောက် ပါဝင်လျှင် လုံလောက်သည်။
မဟုတ်ပါက သူသည်လည်း မြို့ကို အလုပ်သွားလုပ်သော သူများကဲ့သို့ လုပ်ရလိမ့်မည်ဖြစ်သည်။
သက်ဆိုင်ရာ “ဘေးထွက်အလုပ်ငွေ” ကို အချိန်တန်လျှင် အဖွဲ့ထံသို့ ပြန်ပေး၍လည်း ရသည်။
“ဒီကိစ္စကိုသာ ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် ကောင်းတဲ့ကိစ္စတစ်ခု သေချာပေါက် ဖြစ်လိမ့်မယ်လို့ ထင်တယ်၊ ဒုတိယဦးလေး၊ ကျွန်တော် တကယ်ပဲ စွန့်စားပြီး လုပ်ချင်တယ်”
လင်းကျန်းအန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်နှင့် မျက်လုံးများကို မြင်သော် ခေါင်းဆောင်လည်း သူ၏ စိတ်ဓာတ်များ ကူးစက်သွားခဲ့သည်။
“ကောင်းပြီ၊ ဒါဆို မင်းနဲ့ အရင်ဆုံး စကားပြောဖို့ လူအချို့ကို သွားရှာလိုက်မယ်၊ တစ်ယောက်ယောက်က မင်းနဲ့အတူ လုပ်ချင်တယ်ဆိုရင် မင်းတို့ကို တောင်ပေါ်တက်ဖို့အတွက် အတူသွားဖို့ ထွက်ခွင့်ပေးလိုက်မယ်”
တောင်ပေါ်တွင် ကောင်းသောအရာများ အများကြီးရှိသည်ကို ယခင်က သိကြသော်လည်း မည်၍မည်မျှရှိသည်ဆိုသည်ကိုတော့ အတိအကျမသိခဲ့ကြပေါ။ ထို့အတူ မည်သည့်နေရာတွင် ရှိနေသည်ကို မသိခဲ့ကြပေ။
အမှန်တကယ် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မှန်ကန်သောနေရာများကို သွားရလိမ့်မည်ဖြစ်သည်။
လင်းကျန်းအန်းနှင့် သဘောတူညီမှုရရှိပြီးနောက် ခေါင်းဆောင်က လူရှာဖို့ရန် စတင်ခဲ့သည်။
လင်းကျန်းအန်းသည်လည်း ခေါင်းဆောင်၏ ကျောပြင်ကို မျှော်လင့်တကြီးကြည့်နေခဲ့ပြီး သတင်းကောင်းကို ပြန်ယူလာရန် စောင့်ဆိုင်းနေခဲ့သည်။
စုန့်ရှီးယန်ကလွဲ၍ လင်းမိသားစုထဲတွင် မည်သူကမှ လင်းကျန်းအန်း၏ လုပ်ဆောင်ချင်နေသော ကိစ္စများကို မသိခဲ့ကြပေ။
ထို့ကြောင့် နေ့လည်ဘက် အိမ်သို့ပြန်ရောက်သောအချိန် သူ့ပျော်ရွှင်မှုကို ဝေမျှချင်ခဲ့ပြီး ခေါင်းဆောင်က သူ့အဆိုပြုချက်ကို သဘောတူကြောင်းကို ပြောပြချင်သောကြောင့် မိသားစုအတွင်း ပတ်ပတ်လည် ရှာဖွေပြီးနောက် နောက်ဆုံးတွင် စုန့်ရှီးယန်ကိုသာ သွား၍ရှာဖွေကာ ပြောပြဖို့လုပ်ခဲ့တော့သည်။
အိမ်သို့ပြန်ရောက်ပြီးနောက် လင်းကျန်းအန်းက အလျှင်အမြန် ရေချိုးပြီး စုန့်ရှီးယန်ကို အလျင်အမြန် ရှာခဲ့သည်။
ထို့နောက် သူ့ကို ဘေးဘက်သို့ ခေါ်သွားခဲ့ပြီး သူတို့နှစ်ယောက် လူမရှိသည့် ထောင့်တစ်နေရာတွင် တီးတိုးစကား ပြောခဲ့ကြလေသည်။
မီးဖိုချောင်ထဲတွင်တော့ လင်းရန်က ချက်ပြုတ်နေဆဲပင်ဖြစ်သည်။
မိသားစုက သူမ ချက်ပြုတ်ထားသော အစားအသောက်များကို စားဖူးပြီးနောက်တွင် အဘွားလင်းက မီးဖိုချောင်၏ ထိန်းချုပ်မှုအလုံးစုံအား လင်းရန် လက်ထဲသို့ အသိစိတ်ရှိရှိနှင့် လွှဲပြောင်းပေးခဲ့သည်။
မပေးလို့ မရဘူးလေ။ အချစ်ဆုံးမြေးမလေး ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို ပိုပြီး စားချင်နေအောင် ဘယ်သူကများ လုပ်ခိုင်းလို့လဲ?
ဒါကြောင့် ဒါက သူ့မရဲ့မြေးမလေးကို ပင်ပန်းစေမှာ ဖြစ်ပေမယ့် ဘာမှ မတတ်နိုင်ဘူး…
သို့သော် အခြားနည်းလမ်းများနှင့် ပြန်ပြီး ဖြည့်ဆည်းပေးရန် နည်းလမ်းများ ရှာမည်မှာ သေချာသည်။
လင်းရန်က မီးဖိုချောင်ထဲတွင် ရပ်ကာ ချက်ပြုတ်နေရင်းဖြင့် ခြံထောင့်မှ လူနှစ်ယောက်၏ သံသယဖြစ်ဖွယ် အမူအရာများအား စူးစမ်းစွာ ကြည့်နေခဲ့သည်။
သူမ၏ အဖေနှင့် စုန့်ရှီးယန် တို့က တီးတိုးပြောနေကြပုံရပြီး အမူအရာကိုကြည့်ရသည်မှာ သူမ၏ အဖေက အလွန် စိတ်ကြည်နေပုံရ၏။
မဟုတ်သေးဘူး၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်တုန်းက ဒီလောက် ကောင်းသွားတာလဲ?
လင်းရန် နားမလည်နိုင် ဖြစ်နေခဲ့သည်။
သူမ၏ အကြည့်က အလွန် သိသာနေ၍လား သို့မှမဟုတ် စုန့်ရှီးယန် ကိုယ်တိုင်က အလွန် ထက်မြက်၍လား မသိသော်လည်း လင်းရန် က စတင်ကြည့်ပြီး နှစ်စက္ကန့်လောက်ကြာသောအချိန်တွင် ထိုကသူ ရုတ်တရက် သူမရှိရာ မီးဖိုချောင်ဘက်ကို လှည့်ကြည့်လာခဲ့သည်။
မီးဖိုချောင် ပြတင်းပေါက်ကနေတဆင့် သူနှင့် လင်းရန်တို့ အကြည့်ချင်း တိုက်ရိုက်ဆုံသွားခဲ့သည်။
လင်းရန် ပြန်မတုံ့ပြန်နိုင်မီတွင် စုန့်ရှီးယန်က ရုတ်တရက် သူ့မျက်ခုံးကို ပင့်လိုက်ပြီး သူ့၏မျက်လုံးများက “ဘာလို့ သူ့ကို ချောင်းကြည့်နေလဲ” ဟူသော အမူအရာမျိုးကို ပြသနေခဲ့သည်။
လင်းရန် ချက်ချင်းပင် မျက်နှာလွှဲလိုက်မိသည်။
ဘယ်သူက သူ့ကို ကြည့်ချင်နေလို့လဲ? သူမကက အဖေလင်း အဆင်ပြေတာလားဆိုတာကို ကြည့်နေတာလေ!
သူ့ကို မြင်သွားသည့်အတွက်ကြောင့် လင်းရန် ရှက်ရွံ့သွားခဲ့ပြီး ထပ်မကြည့်တော့သည်ကို မြင်လျှင် စုန့်ရှီးယန်တစ်ယောက် မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိရပါဘဲ ပျော်ရွှင်လာခဲ့ရပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“ရှောင်စုန့်၊ရှောင်စုန့်?”
လင်းကျန်းအန်းမှာ မီးဖိုချောင်ဘက်သိုး ကျောပေးထားသောကြောင့် စုန့်ရှီးယန်မှ သူ့၏သမီးဖြစ်သူကို သူ့ရှေ့မှာတင် စနောက်နေသည်ကို လုံးဝ မသိခဲ့ပေ။
သူသာ သိခဲ့မည်ဆိုလျှင် သူ့ကို “ရှောင်စုန့်” ဟု ခေါ်လောက်တော့မည်မဟုတ်ပေ။
ဤစကားကို တွေးတောမိခဲ့ပြီနောက် စုန့်ရှီးယန်က သူ့၏အတွေးများကို လျှင်မြန်စွာ ပြန်လည်စုစည်းလိုက်ပြီး လင်းကျန်းအန်း၏ မေးခွန်းကို ဆက်လက် ဖြေကြားလိုက်သည်။
“ဦးလေး၊ ကျွန်တော်ထင်တာလည်း ဦးလေး ပြောသလိုပဲ၊ လူတိုင်းက ဒါကို လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဇွဲရှိပြီး ခံနိုင်ရည်ရှိသရွေ့တော့ ဦးလေးရဲ့ ကြိုးစားမှုက နောက်ဆုံးမှာ အသီးအပွင့် သေချာပေါက် ရပါလိမ့်မယ်”
လင်းကျန်းအန်းက ခေါင်းဆောင်မှ သူ့အဆိုပြုချက်ကို သဘောတူကြောင်း သတင်းကောင်းကို စုန့်ရှီးယန်ထံသို့ ပြောပြပြီးနောက်တွင် သူ၏ လက်ရှိစိုးရိမ်ပူပန်မှုများကိုလည်း တစ်ဖက်လူထံတွင် ပြောပြခဲ့သည်။
မည်သူကမှ သူနှင့်အတူ အလုပ်မလုပ်ချင်မည်ကို သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။ သူ လူများကို အစည်းရုံးနိုင်ပါက တစ်ယောက်တည်း လုပ်ရမှာဖြစ်ပြီး ဤသည်က အမှန်တကယ်ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။
သို့သော်လည်း စုန့်ရှီးယန်
၏ အားပေးစကားများကြောင့် လင်းကျန်းအန်း ရုတ်တရက် စိတ်တည်ငြိမ်သွားခဲ့သည်။
စုန့်ရှီးယန် ပြောခဲ့သလိုပင်၊ လူတိုင်း က ရဲရင့်နိုင်မည်မဟုတ်သော်လည်း သူသာ ဇွဲမလျှော့လျှင် နောက်ဆုံးတွင် အောင်မြင်လိမ့်မည်။
“ရှောင်စုန့် ဒါတွေသာ တကယ် ဖြစ်လာခဲ့ရင်၊ ဒါမှမဟုတ် ဦးလေးသာ နောင်တစ်ချိန်မှာ ချမ်းသာလာခဲ့ရင် မင်းကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”
ယနေ့ ဖြစ်ခဲ့သော ကိစ္စများအပြီးတွင် လင်းကျန်းအန်း က စုန့်ရှီးယန်
နှင့် သူ့ဆက်ဆံရေးက များစွာ ပိုမိုနီးစပ်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ဒီခံစားချက်က...
သူ့ရဲ့ ညီအစ်ကိုလိုမျိုးပဲ…
ထို့ကြောင့် သူ ဤစကားကို ပြောပြီးနောက် စုန့်ရှီးယန်၏ ပခုံးကို ပုတ်လိုက်မိလဆသည်။
ညီအစ်ကိုနှစ်ယောက် အတူ ကောင်းမွန်စွာ ရှိနေကြသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
စုန့်ရှီးယန်ကတော့ လင်းကျန်းအန်း၏ လုပ်ရပ်ကြောင့် သူ့စိတ်က ခဏတာ ရှုပ်ထွေးသွားခဲ့ရသည်။
လင်းကျန်းအန်းက သူ့ကို ညီအစ်ကိုအဖြစ် သဘောထားပေမဲ့ သူကတော့ တစ်ဖက်လူကို နောင်တစ်ချိန်မှာ ဖြစ်လာမဲ့ ယောက္ခမအဖြစ် သဘောထားနေတာလေ။
ဒါက မသင့်လျော်ဘူး။
မစီလျော်လှဘူး…
ထို့ကြောင့် သူ အလျင်အမြန် နောက်ဆုတ်လိုက်ပြီး ခေါင်းကို ငုံ့ကာ ပြောလိုက်သည်။
“ဒုတိယဦးလေး၊ ဒီလို မပြောပါနဲ့၊ ကျွန်တော်လည်း ဘာမှကူညီခဲ့တာမဟုတ်ဘူး”
လင်းကျန်းအန်းကတော့ ဤသည်ကို မြင်သောအခါ စုန့်ရှီးယန်တွင် နောက်ထပ် အားသာချက်တစ်ခု ရှိနေသေးသည်ဟု ခံစားလိုက်ရသည်။
အရင်က သူက အကူအညီပေးတတ်ကြောင်းသိခဲ့ရပြီး အခုချိန်မှာတော့ အခုတော့ နှိမ့်ချပြီး ရိုသေတတ်တာကိုပါ သိလိုက်ရတယ်….
ဟေး၊ ဒီကောင်လေးက တကယ်ကို အရာရာတိုင်းမှာ ကောင်းတာပဲ..!
“ကောင်းပြီ၊ တကယ်ပြီးမြောက်တဲ့အခါကျမှပဲ ဦးလေးက မင်းကို ထပ်ပြီး ကျေးဇူးလာတင်မယ်၊ အခုကတော့ နည်းနည်း စောနေသေးတယ်!”
လင်းကျန်းအန်းတစ်ယက် ဤအကြောင်းများကိုပြောခဲ့ပြီး နောက်ဆုံးတွင် စိတ်အေးလက်အေး ဖြစ်သွားခဲ့ရကာ သူ၏ တန်ဖိုးရှိလှတသည့် သမီးလေး ချက်ပြုတ်နေသည်ကို ကူညီပေးဖို့အတွက် မီးဖိုချောင်ဘက်သို့ လှည့်ဝင်သွားခဲ့သည်။
စုန့်ရှီးယန်ကတော့ ထွက်ခွါသွားသော လူလတ်ပိုင်းအမျိုးသား၏ နောက်ကျောကို ကြည့်ပြီး သူ့၏နှာခေါင်းကို တို့ထိလိုက်သပြီး အကြောင်းအရင်းမရှိဘဲ စိတ်မကောင်းဖြစ်နေသကဲ့သို့ ခံစားခဲ့ရသည်။
**