← Chapters

Chapter 26

Vol. 3 Ch. 26

Chapter 26

Vol. 3 Ch. 26

နောက်ဆုံးတွင် ဖေးကျီအန်းသည် အန်တီဝူ၏ အာဟာရပြည့် ဟင်းချိုတစ်ပန်းကန်လုံး ကုန်အောင်သောက်လိုက်ရာ အန်တီဝူမှာ အလွန်ပျော်ရွှင်သွားပြီး သူ့ကို သုံးကြိမ်တိုင်တိုင် ချီးကျူးကာ မနက်ဖြန်တွင် နောက်ထပ် ပြုတ်ပေးဦးမည်ဟုပင် ပြောလိုက်သည်။

“အဟွတ်—ဟွတ်၊ ဟွတ်။” ဤစကားကို ကြားလိုက်ရသဖြင့် ဖေးကျန့်မှာ လည်ချောင်း ဆို့သွားတော့မတတ် ဖြစ်သွားသည်။ လုနန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမက အဘိုးကြီးကို မည်မျှ မုန်းတီးနေသည်ကို တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမက ဟင်းချိုဆက်ချက်နေသေးသောကြောင့် ဖြစ်သည်။

လုနန်သည် ဖေးကျန့်၏ အကြည့်နှင့် ခဏမျှဆုံလိုက်ပြီးနောက် ခံစားချက်မဲ့စွာ အကြည့်လွှဲလိုက်သည်။

'ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စကို သူမ မြစ်ဝါထဲ ခုန်ချတောင် ရှင်းလို့ရမှာမဟုတ်ဘူး။ ဒီအတိုင်းပဲ ထားလိုက်တော့မယ်။'

ညစာစားပွဲမှာ ဒီလိုထူးဆန်းတဲ့ အငွေ့အသက်နဲ့ ပြီးဆုံးသွားခဲ့သည်။ သူတို့အားလုံး စားလို့ပြီးတာနဲ့ စားပွဲဝိုင်းကနေ လူတွေ ကွဲသွားကြ၏။ ဖေးကျန့်က ပန်းကန်တွေ ဆေးပေးမယ်လို့ ပြောတော့ အန်တီဝူကလည်း မီးဖိုထဲမှာ လုပ်စရာတွေ ရှိသေးတယ်လို့ ပြောသည်။ သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်းနီးပါး ထရပ်ပြီး မီးဖိုခန်းထဲ အတင်းတိုးဝင်သွားကြသည်။ ရှောင်ကျိုး ကလည်း ဒါကို မြင်တော့ ကားမှာ တစ်ခုခုဖြစ်နေလို့ အပြင်ထွက် စစ်ဆေးရမယ်လို့ ပြောလိုက်သည်။

လုနန် - “…” ဒီလိုဆိုလည်း ငါပါ ထွက်သွားတာ ပိုကောင်းပါတယ်လေ။

သူမသည် ဟွိုက်ဟွိုက်နှင့် ရှောင်ပိုင်တို့ကို ပွေ့ချီကာ အပေါ်ထပ်သို့ အလျင်အမြန် တက်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် ဘုန်းကြီးပြေးသော်လည်း ကျောင်းမပါနိုင်ဟူသော စကားလိုပင်။ ဖေးကျီအန်း၌ နေ့လယ်စာစားချိန် အနားယူချိန်ရှိသော်လည်း အိမ်တွင်နားရသည်ကို အများအားဖြင့် မကြိုက်ပေ။ ယနေ့ နေ့လယ်စာစားချိန်တွင် ဖေးကျီအန်းသည် ပုံမှန်အတိုင်း စစ်တပ်သို့ ပြန်မသွားဘဲ အိပ်ခန်းဆီသို့ တက်လာခဲ့သည်။

သူသည် တံခါးလက်ကိုင်ကို ဆုပ်ကိုင်ပြီး တံခါးကို တွန်းဖွင့်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ တံခါးကို ခေါက်လိုက်သည်။

အိပ်ခန်းထဲမှ မည်သူမျှ ပြန်မဖြေပေ။

အစားထိုးအနေဖြင့် အန်တီဝူနှင့် ကုဟွိုက်ရှိနေသည့် ဘေးခန်းတံခါးမှာ ရုတ်တရက်ပွင့်လာပြီး အလျင်အမြန် ပြန်ပိတ်သွားခဲ့သည်။

ဖေးကျီအန်းမှာ စိတ်ပေါက်ပေါက်နှင့် ရယ်မောမိတော့သည်။

လုနန်သည် အစက ဟွိုက်ဟွိုက်ကို ချော့သိပ်ပြီးနောက် ကိုယ်တိုင် အိပ်ချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ဟွိုက်ဟွိုက်က ရှောင်ပိုင်ကို လွှတ်မပေးဘဲ ခွေးလေးနှင့်အတူ အိပ်မည်ဟု တောင့်ခံနေခဲ့သည်။

ဟွိုက်ဟွိုက်၏ ခိုင်မာသော သဘောထားကို မြင်သောအခါနှင့် ရှောင်ပိုင်တွင် ပိုးမွှားများ ရှိနိုင်သည်ကို စိုးရိမ်သဖြင့် သူမက ပြောလိုက်သည်။

“ရှောင်ပိုင်ကို ရေချိုးပေးရအောင်။ သူက နည်းနည်း ညစ်ပတ်နေပြီ။ ရေချိုးပြီးရင် ကလေးလေးနဲ့ အတူတူ အိပ်လို့ရပြီ။”

ဟွိုက်ဟွိုက်က ခေါင်းစောင်းလိုက်ပြီး ခဏတာ စဉ်းစားကာ ပြောလိုက်သည်။ “ကလေးလေး၊ ရေချိုးမယ်။”

လုနန်က အံ့သြသွားပြီး မေးလိုက်သည်။ “ကလေးလေး၊ သားလေးလည်း ရေချိုးချင်တာလား။”

ဟွိုက်ဟွိုက်က ခေါင်းညိတ်ပြီး “ကလေးညစ်ပတ်၊ ရေချိုး၊ ရှောင်ပိုင်အိပ်။”

လုနန်မှာ ခဏတာ ထိတ်လန့်သွားသော်လည်း ကုဟွိုက်၏ ဆိုလိုရင်းကို လျင်မြန်စွာ နားလည်လိုက်သည်။ သူက သူလည်း ညစ်ပတ်နေပြီဖြစ်၍ ရှောင်ပိုင်နှင့်အတူ အိပ်နိုင်ရန်အတွက် အရင်သန့်ရှင်းရမည်ဟု ပြောနေခြင်း ဖြစ်သည်။

သူမ၏ နှလုံးသားက နူးညံ့သွားပြီး တစ်စုံတစ်ခုဖြင့် ထိမှန်သွားသလို ခံစားလိုက်ရသည်။ ကုဟွိုက်သည် သံသယဖြစ်ဖွယ်မရှိ လိမ္မာပါးနပ်သူဖြစ်သည်။ သူ့အမေက သူ၏သူငယ်ချင်းအသစ် ရှောင်ပိုင်၏ ညစ်ပတ်သော အမွေးများအပေါ် အနည်းငယ် စက်ဆုပ်ခြင်းကို သူနားလည်ခဲ့ပြီး ရှောင်ပိုင်နှင့်အတူ အိပ်ချင်လျှင် သူလည်း အရင် သန့်ရှင်းရမည်ကို သဘောပေါက်ခဲ့သည်။

သို့သော် သူ့စိတ်ထဲတွင် ရှောင်ပိုင်ကို သူငယ်ချင်းအဖြစ် သဘောထားခဲ့သည်။ ရှောင်ပိုင်သည် သန့်ရှင်းပြီးမှ သူ့နှင့်အတူ အိပ်နိုင်မည်ဆိုလျှင် သူသည်လည်း ရှောင်ပိုင်နှင့်အတူ အိပ်နိုင်ရန်အတွက် သန့်ရှင်းရသည်က တရားမျှတသည်ဟု သူတွေးလိုက်သည်။

ဘယ်လောက် နူးညံ့ဖြူစင်တဲ့ စိတ်ထားလေးလဲ။ လုနန်သည် သူမ၏ နှလုံးသားကို ကုစားလိုက်သလို ခံစားလိုက်ရသည်။

သူ ဝတ္ထုထဲ၌ လူဆိုးဟု ခေါ်ဆိုခံရသည်အထိ ဘယ်လောက်တောင် ဒုက္ခခံခဲ့ရတာလဲ။

ဒီအကြောင်းကို တွေးလိုက်မိတော့ လုနန် နည်းနည်း စိတ်မကောင်း ဖြစ်သွားသည်။ ဇာတ်လမ်းထဲမှာ ကုဟွိုက်ဟာ ကြီးလာတော့ စိတ်ခြောက်ခြားတာ၊ ကိုယ့်ကိုယ်ကိုပဲ အလေးထားတာ၊ သူများကို မယုံတာတွေ ဖြစ်လာသည်။

ဗီလိန် တစ်ယောက်ရဲ့ လက္ခဏာရပ်အားလုံး သူ့မှာ ပြည့်စုံနေသလိုပင်။ အချစ်ကို မယုံဘဲ၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ရှောင်သည်။ အထီးကျန်မှုနှင် အေးစက်မှုတွေက သူ၏ ထူးခြားချက်တွေ ဖြစ်လာသည်။

သူ အမှားတွေကို ပြန်ပြင်ဖို့ ကြိုးစားခဲ့တဲ့ တစ်ကြိမ်တည်းသော အချိန်ကတော့ ဇာတ်လိုက်မရဲ့ ညီမလေးနဲ့ ချစ်ကြိုက်မိချိန်ပင်။ သို့သော် အရမ်းနောက်ကျသွားပြီဖြစ်သည်။ သူ ပြန်ပြင်လို့မရသော ကိစ္စတွေ အများကြီး လုပ်ခဲ့ပြီးလေပြီ။

ထိုမိန်းကလေးက သူ့ကို မချစ်ခဲ့။ သူ့မိသားစုနဲ့ ပြဿနာတွေကြောင့် သူ့ကို မုန်းတောင်မုန်းခဲ့သည်။ နောက်ဆုံးတော့ တခြားတစ်ယောက်နှင့် ချစ်ကြိုက်ပြီး လက်ထပ်ကာ ကလေးတွေတောင် ရခဲ့သည်။

ကုဟွိုက် ငယ်ငယ်ရွယ်ရွယ်နှင့် မသေခင်အထိ အဲဒီမိန်းကလေးက သူ့အပေါ် မုန်းတီးမှုတွေကို လွှတ်မချနိုင်ခဲ့ချေ။ ဆုံးရှုံးလိုက်ရမှု၏ အလေးချိန်ကို သူ ထိုအခါမှ နားလည်နိုင်ခဲ့သည်။

လုနန် သက်ပြင်းချလိုက်ပြီး ကလေးငယ်၏ ခေါင်းလေးကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။

“ကောင်းပြီ၊ ရှောင်ပိုင်ကို အရင်ရေချိုးပေးမယ်၊ ပြီးတော့ သားလေးကို ရေချိုးပေးမယ်။ ဘယ်လိုလဲ။”

“အင်းအင်း။” ကလေးငယ်က ခေါင်းကို အားမာန်ပါပါ ညိတ်ပြရင်း တည်ကြည်ပေမယ့် ချစ်စဖွယ်ကောင်းနေသည်။

လုနန် ပြုံးလိုက်ပြီး သူ့ဘာသာ တွေးလိုက်မိသည်မှာ ဤသည်သာ မှန်ကန်သော လမ်းဖြစ်သည်။ သူ့ကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေပြီး သူချစ်မြတ်နိုးရသော မိန်းကလေးကို ရဲရင့်စွာ လိုက်လံစေကာ အခြားသူတစ်ဦး၏ ကယ်တင်ခြင်းကို မလိုအပ်ဘဲ သူ့ကိုယ်သူ ငြိမ်းချမ်းမှုနှင့် ကယ်တင်ခြင်းကို ရှာဖွေနိုင်သူ ဖြစ်လာစေရမည်။

“မေမေ သားလေးကို ကောင်းကောင်း ဂရုစိုက်ပေးမယ်။”

သူမ သက်ပြင်းချလိုက်ပြီး ရေချိုးခန်းသို့ သွားရန် တံခါးကို ဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် ဘေးဘက်အိပ်ခန်း အဝင်ဝ၌ ဖေးကျီအန်းက လက်မြှောက်ကာ တံခါးခေါက်ရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။

လုနန် - “…” ကယ်ပါဦး၊ သူ အလုပ်မသွားဘူးလားမသိဘူး။

သူမ အလိုလို အခန်းထဲ ပြန်ဝင်သွားလိာက်သည်။ အပြင်ဘက်တွင် တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင် သူမ တံခါးကို ဂရုတစိုက် ဖွင့်ကြည့်လိုက်ရာ ဖေးကျီအန်း မရှိတော့သည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူခိုးတစ်ယောက်လိုပင် ကလေးငယ်နှင့် ရှောင်ပိုင်တို့ကို ခေါ်ကာ ရေချိုးခန်းထဲသို့ တိတ်တဆိတ် ဝင်သွားသည်။

'ကယ်ပါဦး။ သူမ ဖေးကျီအန်းရဲ့ ဒေါသကို လုံးဝ ရင်မဆိုင်ချင်လို့ ထွက်ပြေးချင်ရုံသက်သက်ပဲ။ '

' ဖေးကျီအန်း စိတ်အေးသွားရင်တော့ သူ့ကို ရှင်းပြရမယ်။ ဒါပေမဲ့ ဘယ်လိုရှင်းပြရမလဲ။ ကယ်ကြပါဦး။ အန်တီဝူကို သူ့အတွက် ဟင်းချိုချက်ခိုင်းတာ သူမ မဟုတ်ဘူး၊ အန်တီဝူရဲ့ စိတ်ကူးသက်သက်ပဲလို့ ပြောရမလား။'

'ဒါက အမှန်ဆိုပေမယ့် ဘယ်သူက ယုံမှာလဲ။ သူ့ကို အိုတယ်လို့ မထင်ဘူး၊ မစွမ်းဆောင်နိုင်ဘူးလို့လည်း မထင်ဘူးလို့' သူမ ပြောလို့ရသည်။ သို့ပေမယ့် မနေ့ကပဲ ဖေးကျီအန်းက အသက်ကြီးတယ်လို့ သူမ ပြောခဲ့သည် မဟုတ်ပါလား။

'ကောင်းရော၊ အခု တစ်မိသားစုလုံးက ဖေးကျီအန်းက မစွမ်းဆောင်နိုင်ဘူးလို့ ထင်ကုန်ပြီ၊ ပြီးတော့ ဒီကိစ္စကို သူမ ကိုယ်တိုင် စကားလုံးတွေနဲ့ အတည်ပြုခဲ့တာပင်။

အဆိုးဆုံးကတော့ ဖေးကျီအန်းရဲ့ နာမည်ဂုဏ်သတင်းက သူမကြောင့် လုံးဝ ပျက်စီးသွားချေပြီ။'

လုနန် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ 'အမျိုးသားတစ်ယောက်သည် သူ့အား မစွမ်းဆောင်နိုင်ဟု ကောလာဟလ ဖြန့်ခဲ့သော အမျိုးသမီးကို အလွယ်တကူ ခွင့်လွှတ်မည်လား။'

'ခွင့်လွှတ်လောက်ပါတယ်နော် ?'

'အာ!! မေ့လိုက်တော့၊ အခုတော့ ပုန်းနေတာ ပိုကောင်းတယ်။ ပုန်းနေလို့ရတဲ့ အချိန်တိုင်းက တန်ဖိုးရှိတယ်။'

ရှောင်ပိုင်သည် အဖြူရောင် ခွေးကလေးဖြစ်ပြီး အခြားအရောင် လုံးဝမပါဝင်ပေ။ သူက သေးငယ်ပြီး အလွန်ချစ်စရာကောင်းသော်လည်း အနည်းငယ် အေးစက်သည်။ သူ့ကို ပွေ့ဖက်ရန် ချဉ်းကပ်ပါက ချက်ချင်းပြေးသွားမည် သို့မဟုတ် နောက်ကျောသာပေးထားလိမ့်မည်။

သို့သော် ကလေးငယ်မှာ မည်သို့မျှ အားမလျော့ပုံရသည်။ ရှောင်ပိုင် ပြေးသောအခါ သူ လိုက်ဖမ်းသည်။ ရှောင်ပိုင် နောက်ကျောပေးလိုက်သောအခါ ကလေးငယ်က ရှောင်ပိုင်ရှေ့သို့ ရောက်သည်အထိ တရွတ်တိုက် တိုးဝင်သွားပြီး .. ရှောင်ပိုင်က ပြန်လှည့်ပြန်သည်။

ရေချိုးချိန်တွင် ရှောင်ပိုင်က လုနန်ကို ကျောပေးထားဆဲပင်။ လုနန် ရုတ်တရက် သတ္တိပေါ်လာကာ ရေချိုးခေါင်းဖြင့် ရှောင်ပိုင်ကို ရေဖြန်းချလိုက်သည်။ ရှောင်ပိုင်က အံ့အားသင့်စွာဖြင့် “ဝုတ်!” ဟု အော်လိုက်သည်။

လုနန်က စုန်းမတစ်ယောက်လို ရယ်လိုက်သည်။ “ရှောင်ပိုင်၊ မင်း ငါ့စကားကို နားထောင်တာ ပိုကောင်းမယ်၊ မဟုတ်ရင် ဟွန့်…”

ကလေးငယ်က လုနန်ကို မကျေနပ်သည့် မျက်နှာဖြင့် ကြည့်လိုက်သည်။

လုနန် ရှက်ရှက်ဖြင့် သူမ၏ နောက်ပြောင်မှုကို အဆုံးသတ်ကာ ရှောင်ပိုင်ကို စတင်ဆေးကြောတော့သည်။

သူ့ကို သန့်ရှင်းရေးလုပ်ပြီးနောက် အဝတ်ဟောင်းတစ်ခုနှင့် အခြောက်ခံလိုက်သည်။ ရှောင်ပိုင်သည် သေးငယ်ပြီး အမွေးအနည်းငယ်သာ ရှိသောကြောင့် နှစ်ချက် သုံးချက် သုတ်လိုက်သည်နှင့် လုံးဝ ခြောက်သွေ့သွားသည်။ “အရင်ဆုံး ရှောင်ပိုင်ကို သား အိပ်ယာပေါ် တင်ထားရအောင်၊ ပြီးရင် သားကို ရေချိုးပေးမယ်၊ ကောင်းပြီလား။”

လုနန်သည် သူမ၏ ကလေးငယ်တွင် သူ့ကိုယ်ပိုင် အတွေးများရှိသည်ကို သိရှိပြီးနောက် သူ့သဘောထားကို အလိုလို မေးမြန်းခဲ့သည်။

“အင်းအင်း။” သူက သူ့အမေကို ခေါင်းညိတ်ပြပြီးနောက် လက်ဖဝါးလေးဖြင့် မျက်နှာသုတ်ပဝါထဲတွင် ပုန်းအောင်းနေသော တုန်ယင်နေသည့် ရှောင်ပိုင်ကို ပွတ်သပ်လိုက်သည်။

“ရှောင်ပိုင်၊ ငါ့ကို စောင့်နေနော်။”

လုနန်က ပျော်ရွှင်စွာ ကြည့်နေခဲ့သည်။ ကလေးငယ်က အရမ်းလိမ္မာလှသည်။ လုနန်က သူ့ကို ကို့ရို့ကားယား ရေချိုးပေးနေတုန်းတောင် မငိုသလို ဆိုးလည်း မဆိုးခဲ့ပေ။ ရေချိုးကန်ထဲမှာ စိတ်ရှည်ရှည်နှင့် ထိုင်နေပြီး လုနန်ကို ဖြူစင်သော မျက်လုံးလေးတွေနှင် ကြည့်နေသည်။

သူမ ပြန်ရောက်ပြီး ပထမဆုံးရက် အနည်းငယ်အတွင်းမှာပင် ကလေးငယ်က မနက်တိုင်း သူမကို ငိုပြီး ရှာတတ်သည်။ သူ့ကို ချီလိုက်တာနှင့် မငိုတော့ဘဲ သူမ ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေး အိပ်ပျော်သွားတတ်သည်။

လုနန် စိတ်ထဲ နည်းနည်းရှုပ်ထွေးနေခဲ့သည်။ ရှောင်ပိုင်လိုပင် ညင်ညင်သာသာ ထုပ်ပိုးလိုက်ပြီး သူ့ကို ပွေ့ချီကာ သူ၏ အိပ်ယာလေးထဲမှာ ပြန်ထားလိုက်သည်။

ရှောင်ပိုင်က အဝတ်ဟောင်းအောက်မှာ တုန်နေတုန်းပင်၊ ဘယ်ကိုမှ မပြေးပေ။ လုနန်က ခေါင်းပေါ်က အဝတ်ကို ဖြုတ်ပေးလိုက်တာနှင့် သူ ကိုယ့်ကိုယ်ကို လှုပ်ခါလိုက်ပြီး အခြောက်ခံလိုက်သည်။ ကလေးလေးဆီကို ယိုင်တိုင်တိုင် လျှောက်သွားပြီး သူ့လက်ကို လျှာနဲ့ လျက်လိုက်သည်။ ပြီးတော့ သူ့ဘေးနားမှာ လှဲအိပ်လိုက်ပြီး ငြိမ်နေ၏။

“ရှောင်ပိုင်!” ကလေးငယ်က စိတ်လှုပ်ရှားစွာနှင့် ရှောင်ပိုင်ကို သူ့စောင်လေးထဲ ဆွဲထည့်လိုက်ပြီး စောင်အောက်မှာ နားမလည်နိုင်တဲ့ စကားတွေ တတွတ်တွတ်ပြောနေသည်။

လုနန် လန့်သွားပြီး သူ့ကို စောင်ထဲကနေ အမြန်ဆွဲထုတ်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည။ “စောင် ခေါင်းမြီးခြုံပြီး မအိပ်ရဘူး၊ နားလည်လား။”

ကလေးငယ်က လုံးဝနားမလည်ပေမဲ့ သူ၏သေးငယ်သော စိတ်ထဲမှာတော့ စောင်နဲ့ခေါင်းကို အုပ်လိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံးက စောင်လိုပဲ သေးငယ်သွားတယ်လို့ ခံစားရသည်။ တစ်ချိန်က သူတစ်ယောက်တည်း ရှိခဲ့ပေမဲ့ အခုတော့ ဒီလျှို့ဝှက်ချက်ကို ရှောင်ပိုင်နဲ့ မျှဝေချင်နေပြီ။ သို့သော်သူ့အမေက မကြိုက်သဖြင့် ခေါင်းလေးကို ထုတ်ပြီး ရှောင်ပိုင်ရဲ့ခေါင်းလေးကို ခေါင်းအုံးပေါ် ညင်သာစွာ ဆွဲတင်ပေးလိုက်ရတော့သည်။

ရှောင်ပိုင် - “…”

ရှောင်ပိုင်ကို တစ်စက္ကန့်လောက် သနားမိသည်။

လုနန် - “မျက်လုံးမှိတ်ထား။ မေမေ ဒီမှာရှိတယ်။ အိပ်ရာဝင်ပုံပြင် နားထောင်ချင်လား။”

ဖြစ်နိုင်ဖွယ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် လုနန်သည် သူမ၏ သားတွင် အံ့သြဖွယ်စွမ်းရည်တစ်ခုရှိသည်ကို တွေ့ရှိခဲ့သည်—စက္ကန့်ပိုင်းအတွင်း အိပ်ပျော်သွားခြင်းပင်။

တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီးနောက် လုနန် သူမ ကိုယ်ပိုင်အိပ်ခန်းသို့ ပြန်သွားခဲ့သည်။ ဖေးကျီအန်းက သူမကို မတွေ့လျှင် ထွက်သွားလိမ့်မည်ဟု သူမ ထင်ခဲ့သည်။ သူမ ထင်မှတ်မထားသည်မှာ ဖေးကျီအန်းသည် ပြတင်းပေါက်ဘေးတွင် မျက်လုံးမှိတ်ကာ အနားယူနေခြင်းပင်။

သူက အဲဒီနေရာမှာ ထိုင်ရတာကို တကယ်ကြိုက်ပုံရသည်။ တစ်ခါတလေ ညနေခင်းတွေမှာ အဲဒီမှာ စာဖတ်သည်။ လုနန် ညဘက် လုပ်ရိုးလုပ်စဉ်တွေ ပြီးတာကို စောင့်ပြီးမှ စာအုပ်ကို ချ၊ မီးပိတ်ပြီး အတူတူ အိပ်တတ်၏။

လုနန် ခဏတွေဝေသွားပေမယ့် အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမနှင့် ဖေးကျီအန်း ရက်အတော်ကြာ အိပ်ယာတူခဲ့ပေမယ့် ညဘက်မှာပဲ ဖြစ်ခဲ့သည်။ နေ့ဘက်မှာတော့ သူမက နေရာမကျသလို ခံစားနေရသည်။

“ငါ အဲ့လောက်တောင် ကြောက်စရာကောင်းတာလား။” ဖေးကျီအန်းက မျက်လုံးဖွင့်ပြီး လုနန်ကို တည့်တည့်ကြည့်လိုက်သည်။

“ဟားဟား။” လုနန်က အောင့်သက်သက်ရယ်ရင်း ပြောလိုက်သည်။ “လုံးဝ မဟုတ်ပါဘူး။”

ဒီနေ့ ဒီရင်ဆိုင်မှုကို ရှောင်လွှဲလို့ မရတော့ပုံရသည်။ သတ္တိကို မွေးပြီး ဖေးကျီအန်းဆီ လျှောက်သွားရင်း ဒူးထောက်ပြီး မြန်မြန်ဆန်ဆန် တောင်းပန်ဖို့ စီစဉ်လိုက်သည်။ သူ့ကို ဒေါသထွက်ဖို့ အခွင့်အရေး လုံးဝမပေးဖို့ ဆုံးဖြတ်ထားသည်။

ဖေးကျီအန်းသည် သူ့ဆီသို့ တလှမ်းချင်း စိုးရိမ်တကြီး လျှောက်လာနေသော လုနန်ကို ကြည့်လိုက်ပြီး တစ်ခုခု ပြောရန် ပြင်ဆင်နေစဉ်…

သူ စကားမပြောမီ လုနန်က အရင်ပြောလိုက်သည်။ “ကျွန်မ မှားပါတယ်! ရှင့်ကို အိုတယ်လို့ မခေါ်သင့်ပါဘူး၊ ပြီးတော့ မွေးစားအမေကို ရှင့်အတွက် ဆေးပြုတ်ခိုင်းပြီး လူတိုင်းကို ရှင့် အဲ့လိုပါလို့ ထင်အောင် မလုပ်သင့်ပါဘူး… လာပါ၊ ကျွန်မကို ရိုက်လိုက်။”

ဒီလိုပြောပြီးနောက် သူမက ကံကြမ္မာကို လက်ခံသည့်ဟန်ဖြင့် ပါးပြင်ကို ရဲရဲဝံ့ဝံ့ လှည့်ပေးလိုက်သည်။ ဖေးကျီအန်း မတုံ့ပြန်နိုင်ခင် သူမက ထပ်ပြောလိုက်သည်။

“ရှင်က စစ်သားတစ်ယောက်ပဲဟာ .. ရှင် ကိုယ့်မိန်းမကို မရိုက်မှန်း ကျွန်မသိပါတယ်။ မရိုက်ဘူးဆိုရင်လည်း ကျွန်မကို ဆဲလိုက်လေ။”

ဖေးကျီအန်း - “……”

လုနန်သည် မျက်လုံးတစ်လုံးကို လျှို့ဝှက်ဖွင့်ကာ ဖေးကျီအန်း၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်သည်။ သူက ကြည့်လိုက်သောအခါ သူမ မျက်လုံးများကို အလျင်အမြန် ပြန်မှိတ်လိုက်သည်။

ဖေးကျီအန်းက သူမ၏ အပြုအမူလေးကို သတိမထားမိဟု သူမ ထင်ခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ ဒေါသထွက်နေပုံမပေါ်သဖြင့် သူမ အနည်းငယ် ပိုမိုရဲရင့်လာခဲ့သည်။

ဖေးကျီအန်းသည် လုနန်၏ ပြဇာတ်ဆန်ဆန် ဖျော်ဖြေမှုကို မြင်တွေ့ခဲ့ရပြီး မျက်တောင်ပင် မခတ်ခဲ့ပေ။ သူ့ကို သူမက ချီးကျူးသည်ကို နားထောင်ရင်း သူမ၏ လေသံမှာ စိတ်ခံစားချက်များ အပြည့်ဖြင့် ပြောလိုက်သည်။

“ရှင်က စိတ်ထားကောင်းပြီး ကြင်နာတတ်သူ၊ ကျွန်မကို ဆဲဖို့ ဝန်မလေးမှန်း ကျွန်မသိပါတယ်။ ခင်ဗျားက ကျွန်မကို စိတ်ထဲကနေ ခွင့်လွှတ်ပြီးသား ဖြစ်နေပြီ၊ ဟုတ်တယ်မလား။”

ဖေးကျီအန်းက စိတ်ထဲကနေ ပြုံးလိုက်မိပြီး ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ သူ ဘယ်လို ရတနာမျိုးကို လက်ထပ်ခဲ့တာလဲ။ ကုဝေကော မင်း အစကတည်းက ဒီလိုမျိုး စီစဉ်ထားခဲ့တာလား။

“ဒါဆို မင်း ကိုယ့်ကို မကျေနပ်ဘူးလား။”

“ဘာလို့လဲ။” အကြောင်းအရာက လုနန် နားမလည်နိုင်အောင် မြန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။ သူမ နားလည်သောအခါ သူမ၏ မျက်နှာ ရဲတက်သွားသည်။ သူမသည် အတွေ့အကြုံမရှိသူ မဟုတ်သော်လည်း အေးစက်သော ဖေးကျီအန်းထံမှ ထိုသို့သော စကားလုံးများကို ကြားလိုက်ရသောအခါ ဘာလုပ်ရမှန်း မသိတော့ပေ။

“မင်း ကျေနပ်မှု မရှိဘူးဆိုရင် ဒီည ကြိုးစားကြည့်လို့ရတယ်။” ဖေးကျီအန်းက ထရပ်လိုက်ပြီး သူ့ဦးထုပ်ကို ပြင်ဆင်လိုက်ကာ စစ်ဝတ်စုံကို ဆွဲဆန့်လိုက်သည်။ လက်ရှိစတိုင်လ်ကို မွမ်းမံထားခြင်း မရှိသေးသော်လည်း စစ်ဝတ်စုံက သူ့ကို အံဝင်ခွင်ကျဖြစ်နေပြီး သူ၏ ခန့်ညားပြီး စည်းကမ်းရှိသော ဟန်ပန်ကို ပြသနေသည်။

လုနန်သည် သူ ထွက်သွားသည်ကို ကြည့်နေရင်း သူမ၏ လက်များ ကို ပွတ်သပ်ကာ “ဒီည ကြိုးစားကြည့်” ဟူသော သူ၏ စကားက ဘာကို ဆိုလိုတာလဲဟု တွေးခဲ့မိသည်။

သူမ တောင်းပန်ပုံ မှားသွားတာလား။

All Chapters