← Chapters

Chapter 30

Vol. 3 Ch. 30

Chapter 30

Vol. 3 Ch. 30

ဖေးကျန့်က အချက်အလက်အများစုကို ပေးရမည်ဖြစ်သဖြင့် နောင်တရနေခဲ့သော်လည်း ခဏစဉ်းစားပြီးနောက် သူက အိမ်နီးနားချင်းများကို လုနန်အား မိတ်ဆက်ပေးလိုက်သည်။

“ဘေးအိမ်က ဦးလေးချွေ့တို့ မိသားစု။ ဦးလေး ချွေ့က ကျွန်တော့်အဖေနဲ့ ရာထူးတူတူပဲ၊ သူတို့မိသားစုမှာ လူရှစ်ယောက် ကိုးယောက်လောက်ရှိတယ်။ အခုရက်ပိုင်း သူတို့ကို မတွေ့ရတာက အန်တီဟော်နဲ့ ဦးလေးချွေ့တို့ ရန်ဖြစ်ပြီး သူမက ကလေးတွေကို သူမမိဘအိမ် ပြန်ခေါ်သွားလို့။ ဦးလေးချွေ့ က ဒေါသထွက်ပြီး တပ်ထဲသွားနေတော့ အိမ်မှာ အဖွားချွေ့နဲ့ ကလေးထိန်းပဲ ကျန်တော့တယ်”

"ဪ ဒါနဲ့၊ အန်တီဟော်က မိထွေး၊ ဦးလေးချွေ့ရဲ့ အရင်အိမ်ထောင်က သားအကြီးဆုံးနဲ့ သားအလတ်က ဒီမှာ မနေဘူး။ အန်တီဟော် ပြန်လာရင် သူ့ကို မဆွနဲ့။ သူက တကယ် ကြမ်းတယ်။ ရန်ဖြစ်ရင် ခင်ဗျား လုံးဝ မနိုင်ဘူး”

ဖေးကျန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း လုနန်မှာ မေးခွန်းများ ပြည့်နေသည်။ ဒါဆို လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ မြင်ခဲ့သည့် ပန်းပင်ရေလောင်းနေသော အဖွားအိုသည် အိမ်ရှင်မ မဟုတ်ဘဲ အိမ်ရှင်မရဲ့ ယောက္ခမလား။ သူမက အိမ်နီးနားချင်းနှင့် ပေါင်းသင်းရ လွယ်သည်ဟု ထင်ခဲ့သည်။ သူမက ဤမျှ ကြမ်းတမ်းပြီး ရန်ပင် ဖြစ်ဖူးသည်လား။

“သူတို့ မကြာခဏ ရန်ဖြစ်တတ်လား” သူမ မမေးချင်သော်လည်း အိမ်များက အရမ်းနီးနေသည်။ ညဘက် ကျယ်လောင်စွာ ရန်ဖြစ်လျှင် သူမ သေချာပေါက် ကြားရလိမ့်မည်။ လုနန်က သူမ၏ အနာဂတ် အိပ်စက်မှု အရည်အသွေးကို စိုးရိမ်နေခဲ့သည်။

“ဟုတ်တယ်၊ သူတို့ မကြာခဏ ရန်ဖြစ်တယ်။ နေ့ဘက်ဆို အလုပ်လုပ်နေလို့ ရန်ဖြစ်ဖို့ အချိန်မရှိဘူး။ ဒါကြောင့် ညဘက် အိမ်ပြန်လာမှပဲ ဖြစ်လေ့ရှိတယ်”

ဖေးကျန့်က ပုံမှန်အတိုင်း ပြောလိုက်သည်။ ရိုးရိုးသားသားပြောရရင် သူက သူ့အိမ်က အေးစက်ပြီး အသက်မဲ့နေတယ်လို့ ထင်ခဲ့ဖူးသည်။ သို့ပေမယ့် အိမ်နီးနားချင်းတွေ ခေါင်မိုးတောင် လှုပ်အောင် ရန်ဖြစ်နေတာ ကြားပြီးနောက် သူ အဲဒီလို မခံစားရတော့ပေ။

လုနန် ဖော်ပြရခက်ခဲစွာ ပြောလိုက်သည်။

"တခြားမိသားစုတွေကရော? မင်းအဖေ ဒါမှမဟုတ် မင်းအဖေရဲ့ အထက်အရာရှိတွေနဲ့ ရင်းနှီးတဲ့သူတွေ ရှိလား”

အနီရောင်အဆောက်အအုံငယ်သည် ရာထူးမြင့် စစ်အရာရှိ မိသားစုများအတွက် နေအိမ်ဖြစ်သည်။ ဤနေရာတွင် ဖေး မိသားစုနှင့် ဆင်တူသော အနီရောင်အဆောက်အအုံ ဆယ်ခုကျော်ရှိပြီး ပိုဝေးသောနေရာတွင် မိသားစုပုံစံအဆောက်အအုံများ ရှိသည်။

ဤအနီရောင်အဆောက်အအုံများကို အသိုင်းအဝိုင်းငယ်တစ်ခုက ဝန်းရံထားသည်။ ဝင်ပေါက်တွင် စစ်သားများ ကင်းစောင့်နေသဖြင့် ဝင်ခွင့်မှာ အလွန်တင်းကြပ်သည်။ ပြင်ပလူများ ဝင်ရောက်ရန် ခက်ခဲပြီး မိသားစုဝင်မဟုတ်သူများ ဝင်ရောက်ရန် ခွင့်ပြုချက် လိုအပ်သည်။

ဒါကြောင့်မို့ လုနန်ကို ကန်ထုတ်လိုက်ပြီးနောက်ပိုင်း အန်တီစွင်းကို ဘာလို့ ပြန်မတွေ့ရတာလဲဆိုတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။ သူမ မဝင်ချင်လို့ မဟုတ်ဘဲ၊ ခွင့်ပြုချက်မရှိဘဲ ဝင်လို့မရလို့ဖြစ်သည်။

လုနန်က အဆောက်အအုံအားလုံး ပြည့်ပြည့်စုံစုံ လူမနေကြဘူးဆိုတာ သတိထားမိသည်။ ဖေး မိသားစုအပါအဝင် အိမ်ထောင်စု ဆယ်စုလောက်ပဲ နေကြသည်။

ဖေးကျန့်က ကိတ်မုန့်တစ်လုံးကို ပါးစပ်ထဲထိုးထည့်ပြီး မပီမသ ပြောလိုက်သည်။

"အထက်အရာရှိတွေ မရှိဘူး။ ကျွန်တော့်အဖေထက် ရာထူးပိုမြင့်တဲ့သူတွေက မြို့တွင်းမှာ၊ ကျွန်တော့်အဘိုးအဘွားတွေနဲ့အတူ နေကြတယ်။"

"ရင်းနှီးတဲ့ မိသားစုလေး၊ငါးစုလောက်ရှိတယ်။ ကျန့် မိသားစုနဲ့ ကျန်းမိသားစုလိုမျိုးပေါ့။ ပြီးတော့ ဘေးအိမ်က ဦးလေး ချွေ့ ကလည်း ကျွန်တော်တို့နဲ့ ဆက်ဆံရေးကောင်းတယ်။ တခြားမိသားစုတွေကတော့ ရင်းနှီးရုံပဲ၊ သွားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ ကိစ္စမရှိဘူး။"

လုနန်က မျက်ခုံးပင့်လိုက်ပြီး ဖေးကျန့်က ရှန့်မိသားစုကို မပြောဘူးဆိုတာ သတိထားမိလိုက်သည်။ ရှန့်မိသားစုက အိမ်နီးနားချင်းသက်သက် မဟုတ်ဘဲ ဖေးကျန့် ရဲ့ ဦးလေးမိသားစု ဖြစ်တာကို သတိပြုသင့်သည်။ ဖေးကျန့်နဲ့ ရှန့်ကျီမင်ရဲ့ ဆက်ဆံရေးအပြင် ဖေးကျီအန်းရဲ့ သူ့အပေါ်ထားတဲ့ သဘောထားကို ကြည့်ရင် သူတို့ဆက်ဆံရေးက မဆိုးလောက်ပေ။

ဖေးကျန့်က လုနန်ရဲ့ အကြည့်အောက်မှာ မသက်မသာ ခံစားရပြီး ကိတ်မုန့်ကို ဆက်မစားနိုင်တော့ချေ။ လုနန်က သူ့စကားတွေထဲမှ ထူးဆန်းတာတစ်ခုကို သဘောပေါက်သွားပြီဆိုတာ သူသိလိုက်၏။

"အဲဒါ ရှန့်ကျီမင်ရဲ့အဖေ… ကျွန်တော် မနေ့က ကျွန်တော့်မိဘတွေအကြောင်း ပြောပြပြီးပြီပဲ၊ ဒါပေမဲ့ မိသားစုဝင်မဟုတ်တဲ့သူတွေ၊ အဘိုးအဘွားနဲ့ အဒေါ်ပါမကျန်၊ ကျွန်တော့်အမေက ပြဿနာရှိတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ သူတို့အားလုံးက ကျွန်တော့်အဖေက သူ့ကို မတရားလုပ်ခဲ့တယ်လို့ပဲ ထင်နေကြတယ်။"

ဒီနေရာမှာ ဖေးကျန့်က ကိတ်မုန့်ကိုချပြီး သက်ပြင်းချလိုက်သည်။

"ရှန့်ကျီမင်ရဲ့အဖေက ကျွန်တော့်ဦးလေးပဲ။ သူက ကျွန်တော့်အဖေက ကျွန်တော့်အမေကို မတရားလုပ်ခဲ့တယ်လို့ အမြဲထင်နေတာကြောင့် သူ့ကို အမြဲဒုက္ခပေးနေတာ။ ကျွန်တော့်အမေက ကျွန်တော့်အဖေနဲ့ ပြန်သင့်မြတ်ချင်တာဆိုတော့ ကျွန်တော့်ဦးလေးကလည်း သူမ အလိုရှိတာကို ဖြစ်စေချင်တာ သဘာဝပဲ။ ဒါကြောင့် ခင်ဗျားကို သူတို့အိမ် မသွားဖို့ အကြံပေးတာ၊ ခင်ဗျား အနိုင်ကျင့်ခံရနိုင်တယ်”

ဖေးကျန့်က စကားလုံလုံလောက်လောက် ပြောပြီးပြီဖြစ်သဖြင့် သူသည် လုနန်ကို အပြည့်အဝ လက်ခံလိုက်ပြီဆိုတာ ပြသနေသည်ကို သူမ သိလိုက်သည်။ သူမ မုန့်လုပ်ရာတွင် ကြိုးစားခဲ့ရသည်မှာ အချည်းနှီး မဖြစ်ခဲ့ဟု စိတ်ထဲက တွေးလိုက်မိသည်။

ဖေးကျန့်၏ စကားများကို တွေးတောနေစဉ် လုနန် စတင်နားလည်လာခဲ့သည်။

မနေ့က ဖေးကျန့်၏မိခင်အကြောင်း ကြားပြီးနောက် သူမသည် ဖေး မိသားစု၏ ရှန့်ယီမေ့ အပေါ်ထားသော သဘောထားသည် ထူးဆန်းစွာ နွေးထွေးနေသည်။ မယုံကြည်နိုင်လောက်အောင် နွေးထွေးလွန်းသည်ဟု ခံစားခဲ့ရသည်။ မှားယွင်းမှုပြုခဲ့သော ချွေးမနှင့် ပိုမိုရင်းနှီးပြီး သူတို့ သားအရင်းနှင့် ခပ်ခွာခွာနေခြင်းသည် မိဘများအတွက် မဖြစ်နိုင်ပေ။

ယခုတွင် သူမသည် ပြဿနာ၏ ဇစ်မြစ်ကို သဘောပေါက်သွားလေပြီ။ ဖေးကျီအန်းနှင့် ရှန့်ယီမေ့ တို့ ကွာရှင်းမှု၏ အမှန်တကယ်အကြောင်းရင်းကို မည်သူမှ မသိရှိကြခြင်းပင်။

သို့သော် လုနန်က ထူးဆန်းဆဲဖြစ်သည်။ လူတိုင်းက ကွာရှင်းမှု၏ အမှန်တကယ်အကြောင်းရင်းကို မသိရှိကြသော်လည်း ဒါသည် လူနှစ်ဦးကြားက ကိစ္စဖြစ်သည်။ အဘယ်ကြောင့် လူတိုင်းက ဖေးကျီအန်းကို အပြစ်ပုံချပြီး သူ ရှန့်ယီမေ့ကို စွန့်ပစ်ခဲ့သည်ဟု ယူဆနေကြတာလဲ။ ဘာလို့ ရှန့်ယီမေ့က ပြစ်ချက်ကင်းစွာ ပေါ်ထွက်လာရတာလဲ။

လုနန်က ဖကျီအန်းသည် ပြင်ပလူများအား ရှန့်ယီမေ့နှင့် သူ၏ကွာရှင်းမှု၏ အမှန်တကယ်အကြောင်းရင်းကို သိစေလိုခြင်းမရှိကြောင်း၊ ဒါသည် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည်ဟု ထည့်သွင်းစဉ်းစားသောကြောင့် ဖြစ်သည်ဟု နားလည်ခဲ့သည်။ ထို့အပြင် ရှန့်ယီမေ့သည် ဖေးကျန့် ၏ သွေးရင်းသားရင်းမိခင်ဖြစ်သည်။ အမှန်တရား ပေါ်ထွက်လာပါက ရှန့်ယီမေ့၏ ဘဝကိုသာမက ဖေးကျန့်ကိုပါ အရှက်ရစေမည်ဖြစ်သည်။

ထို့အပြင် ဖေးကျီအန်းသည် သူ့ဇနီးက သူ့ကို လိမ်လည်ခဲ့ကြောင်း အခြားသူများ သိစေလိုမည်မဟုတ်သည်မှာ ရှင်းနေသည်။

သို့သော် သူ့မိဘများ သို့မဟုတ် ညီမကို ဘာကြောင့် မပြောပြခဲ့တာလဲ။ ဖေးကျီအန်းက သူ့မိသားစုအား သူ့ကို နားလည်မှုလွဲစေရန် အဘယ်ကြောင့် ခွင့်ပြုခဲ့သလဲ။

လုနန်က တွန့်ဆုတ်နေသည်။ သူမ မေးခွန်းများကို မေးမြန်းလိုသော်လည်း ဖေးကျန့်အား သူ့မိခင်အကြောင်း ပြောခိုင်းခြင်းသည် ရက်စက်ရာရောက်မည်ဟု ခံစားခဲ့ရသည်။

ဖေးကျန့်က သူ့မိခင်၏ ဖောက်ပြန်မှုအကြောင်းကို မနေ့က အရိပ်အမြွက် ပြောနိုင်ခဲ့ခြင်းကြောင့်ပင် သူမ အံ့အားသင့်နေခဲ့သည်။

ထားလိုက်တော့။ လုနန်က ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ဖေးကျီအန်း၏ အတွေးများမှာ သူ၏ကိစ္စဖြစ်ပြီး သူမ၏ ကိစ္စများနှင့်ပတ်သက်၍ ဖေးကျန့်က သူပြောနိုင်သမျှ အားလုံးကို ပြောပြပြီးပြီ ဖြစ်သည်။

ဖေးကျန့်က သူမ၏ မပြောဖြစ်သော အတွေးများကို အလွယ်တကူ ကောက်ချက်ချနိုင်ခဲ့သည်။ တစ်ခါတစ်ရံတွင် သူ၏ စွဲမက်ဖွယ်ကောင်းသော ထက်မြက်မှုမှာ အထူးသဖြင့် သူ့ဖခင်နှင့်တူသည်။

“အဘိုးနဲ့အဘွား ဒါမှမဟုတ် ရှန့် မိသားစုကို ဘာလို့ အမှန်အတိုင်း မပြောပြလဲဆိုတာ ခင်ဗျာ သိချင်နေလား” ဖေးကျန့် က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ခင်ဗျားကို ပြောပြလည်း အဆင်ပြေပါတယ်၊ ခင်ဗျား သိသင့်တာတွေ အားလုံး သိပြီးသားပဲ”

“ကျွန်တော် အရင်က ပြောဖူးတယ်၊ ဒါပေမဲ့ ဘယ်သူမှ မယုံဘူး။ ကျွန်တော့်အဖေ ဘာပြောခဲ့လဲဆိုတာတော့ ကျွန်တော် မသိဘူး။ သူ ဘာမှ မပြောခဲ့ဘူးထင်တယ်”

လုနန်၏ ခန္ဓာကိုယ်ထဲတွင် အအေးလိုင်းတစ်ခု ဖြတ်ပြေးသွားသည်။ ရုတ်တရက်ဆိုသလို သူမက ဖေးကျီအန်းနှင့် ဖေးကျန့် မှလွဲ၍ ဖေး မိသားစုမှာ ထူးဆန်းနေသည်ဟု သဘောပေါက်လိုက်သည်။ ဒါသည် သူမ ဖေးမင်ရှထံမှ ရရှိခဲ့သော ခံစားချက်နှင့် ဆင်တူသည်။ အလွန်အမင်း တစ်ဖက်စောင်းနင်း ဘက်လိုက်မှုများနှင့် ကြားချင်သည်ကိုသာ ရွေးချယ်၍ နားထောင်ခြင်းများ။

ဖေးကျီအန်းက ဘာမှမပြောခဲ့သည်မှာ ဘာမှ ထူးခြားမှု မရှိနိုင်ကြောင်း သူ သိသောကြောင့် ဖြစ်နိုင်သည်ဟု လုနန် တွေးလိုက်မိသည်။ သူ အစကတည်းက လက်လျှော့ခဲ့တာလား။

ထို့အပြင် ဖေးကျန့်သည် တစ်ချိန်က ရှန့်ယီမေ့ အကြောင်းကို သူ၏အဘိုးအဘွားများအား အသိပေးခဲ့သော်လည်း သူတို့က မယုံကြည်ခဲ့ကြပေ။ သူတို့ သားကို နည်းနည်းလေး ဂရုစိုက်ကြမယ်ဆိုရင် ကောက်ချက်မချခင် အချက်အလက်များကို စစ်ဆေးကြမှာ မဟုတ်လား။

လုနန် ခေါင်းခါလိုက်ပြီး ဖေး မိသားစုကိစ္စများတွင် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် ခပ်ခွာခွာနေရန် သူမကိုယ်သူမ သတိပေးလိုက်သည်။ ကိတ်မုန့်နှင့် သကြားလုံးဘူးကို ကောက်ကိုင်လိုက်ပြီး သူမ ပြောလိုက်သည်။

"ငါ အိမ်နီးနားချင်းတွေဆီ သွားလည်လိုက်ဦးမယ်။ မင်းနဲ့ ဟွိုက်ဟွိုက် အိမ်မှာ ကောင်းကောင်း နေကြနော်”

ဖေးကျန့်က ဆန္ဒပြလိုက်သည်။

"ကလေးလို မဆက်ဆံနဲ့လို့ ပြောထားတယ်လေ!”

အပြင်ရောက်သောအခါ လုနန်က ဦးစွာ အိမ်နီးနားချင်း၏ တံခါးကို ခေါက်လိုက်သည်။ အေပရွန်ဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက တံခါးဖွင့်ပေးလာသည်။ ထိုအမျိုးသမီးသည် လုနန်၏ ပုံပန်းသဏ္ဍာန်ကြောင့် ခဏတာ အံ့အားသင့်သွားပြီးနောက် တုံ့ဆိုင်းစွာ မေးလိုက်သည်။

"ရှင်က...?”

"နိဟောင်၊ ကျွန်မက လုနန်၊ ဘေးအိမ်က ဖေးကျီအန်းရဲ့ ဇနီးပါ။ အိမ်တက် သကြားလုံးနဲ့ မုန့်တွေ လာပေးတာပါ” လုနန်က စီစဉ်ထားသော သကြားလုံးများကို သက်လတ်ပိုင်းအရွယ် အမျိုးသမီးအား ပေးလိုက်သည်။

"ဪ၊ ဝင်ခဲ့ပါ!" အမျိုးသမီးက ဆန်လုံးကိတ်မုန့်များနှင့် သကြားလုံးများကို လက်ခံယူရင်း အော်ပြောလိုက်သည်။ သူမ နောက်က တစ်စုံတစ်ဦးကို ခေါ်လိုက်သည်။ "အန်တီ ချွေ့၊ ဘေးအိမ်က အကြီးအကဲ ဖေး ရဲ့ ဇနီးလာတယ်။ မင်္ဂလာသကြားလုံးတွေ လာပေးတာ”

လုနန်က သက်လတ်ပိုင်းအရွယ် အမျိုးသမီးနောက်ကနေ လိုက်ဝင်သွားသည်။ ချွေ့ မိသားစုအိမ်၏ အပြင်အဆင်က ဖေး မိသားစုအိမ်နှင့် ဆင်တူသော်လည်း လူပိုများစွာ နေထိုင်သောကြောင့် အနည်းငယ် ကျဉ်းကျဉ်းကျပ်ကျပ် ဖြစ်နေပုံရသည်။ ပထမထပ်ကိုပင် အခန်းငယ်များစွာအဖြစ် ပိုင်းခြားထားသည်။ ဧည့်ခန်းနှင့် ထမင်းစားခန်းကို ဆိုဖာမပါဘဲ ပေါင်းထားပြီး ထမင်းစားပွဲနှင့် ကုလားထိုင်များသာ ရှိသည်။

လွန်ခဲ့သည့်ရက်က လုနန်အား အချက်ပြခဲ့ဖူးသော အဖွားအိုသည် သူမ၏ကုလားထိုင်မှ ထရပ်ကာ လုနန်အား နွေးထွေးစွာ ပြောလိုက်သည်။

"ထိုင်ပါဦး။ သမီးလေးကို ဘယ်လို ခေါ်ရမလဲ”

"မထိုင်တော့ပါဘူး အန်တီ။ ရှောင်လုလို့ပဲ ခေါ်ပါ။ မင်္ဂလာသကြားလုံးတွေ ပေးရင်း အိမ်နီးနားချင်းတွေဆီ လာလည်တာပါ။ နောက်အိမ်လည်း သွားရဦးမယ်” လုနန်က ပြုံးလျက် ရှင်းပြလိုက်သည်။

"ဪ၊ ဒါဆိုလည်း မတားတော့ပါဘူး! အချိန်ရရင် လာလည်ပါဦး ရှောင်လု။ ရှောင်ဝမ်၊ ရှောင်လုကို လိုက်ပို့ပေးပါဦး” အဖွားအိုက ပြန်ဖြေလိုက်သည်။

အန်တီဝမ်က လုနန်ကို တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။ တံခါးပိတ်ပြီးနောက် အဖွားအိုက လုနန်လုပ်ထားသော ဆန်လုံးကိတ်မုန့်ကို တစ်ကိုက်စားပြီး ပြောလိုက်သည်။

"ဒါက ကောင်းတယ်။ အကြီးဆုံးသား ပြန်လာရင် စားဖို့ နည်းနည်း ချန်ထားလိုက်မယ်”

သူမက လုနန်အကြောင်းကို ဆက်ပြောလိုက်သည်။

"ယဉ်ကျေးလိုက်တဲ့ ကောင်မလေး! ထက်မြက်ပြီး အရမ်းငယ်သေးတယ်။ ဒါပေမဲ့ မိထွေး ဖြစ်ဖို့ ရွေးချယ်လိုက်တယ်။ သူမ ဘာတွေတွေးနေတာလဲ”

အန်တီဝမ်က အဖွားအို၏ စကားများမှ သွယ်ဝိုက်သောအဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ သူမသည် လုနန်သည် ဖေးကျီအန်း၏ အာဏာနှင့် ဂုဏ်သိက္ခာကြောင့် လက်ထပ်ခဲ့သည်ဟု သံသယရှိခဲ့သည်။

အန်တီဝမ်က လုနန်ကို ကောင်းမွန်သော အထင်အမြင်ရှိသည်။ အဖွားအို ပြောခဲ့သကဲ့သို့ သူမသည် ယဉ်ကျေးပြီး ရိုသေမှုရှိကာ စကားပြောနေစဉ် တစ်လျှောက်လုံး ယဥ်ကျေးသော အသုံးအနှုန်း (တရုတ်မှာ ယဥ်ယဥ်ကျေးကျေး ပြောရင်းသုံးတဲ့ 您 (nín) ပါ။ ပုံမှန်ပြောနေကျ你 (nǐ) ကို မသုံးပဲ လူကြီးတွေနဲ့ စကားပြောတာမို့ 您 (nín) ကို သုံးတာပါ) ကို အသုံးပြုခဲ့သည်။ သူမ ပြန်သွားသည့်တိုင် အန်တီဝမ်သည် အိမ်အကူဖြစ်သည်ကို သိသော်လည်း လုနန်က သူမ၏ သဘောထားကို မပြောင်းဘဲ ကိတ်မုန့်နှင့် သကြားလုံးအချို့ကိုပင် စားကြည့်ရန် ပေးခဲ့သည်။

ဒါကြောင့် အန်တီဝမ်က လုနန်ကို ကာကွယ်ပြောဆိုလိုက်သည်။

"သူက ဒုတိယအိမ်ထောင်ပြုတာ၊ နှစ်နှစ်၊ သုံးနှစ်အရွယ် ကလေးတစ်ယောက်လည်း ရှိတယ်။ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် လက်ထပ်ခြင်းကနေ အကျိုးရှိတာပဲ”

အဖွားချွေ့က အန်တီဝမ်ကို တစ်ချက်ကြည့်လိုက်သည်။

"ဟုတ်တယ်၊ ဒီနှစ်ယောက်က ရုပ်ရည်ချင်းတော့ လိုက်ဖက်ပုံရတယ်။ ဒါပေမဲ့ သူ ရှောင်ကျန့်ကို ကောင်းကောင်း ဆက်ဆံပါ့မလား ဘယ်သူသိမှာလဲ။ နောက်ဆုံးတော့ သူက မိထွေးပဲ…”

အဖွား ချွေ့ က ကျန်စကားများကို ဆက်မပြောဘဲ ချန်ထားခဲ့ပြီး အိမ်ဖော်က ဆက်မပြောရဲတော့ပေ။ အဖွားအို ထုတ်ဖော်ပြောလိုက်သော စကားလုံးတိုင်းက "မိထွေး" ဟု ဖော်ပြနေသည်။ ထင်ရှားသည်မှာ သူမသည် လုနန်ကို တွေးမိသောအခါ သူမချွေးမကို သတိရနေခြင်းပင်။

ထိုအတောအတွင်း လုနန်သည် နောက်အိမ်သို့ လမ်းလျှောက်သွားခဲ့သည်။ သူမသည် ဖေးကျန့် ညွှန်ထားသော လမ်းအတိုင်း လိုက်သွားပြီး ကျန့်ခိုင်ပင်းနှင့် ကျန်းယွီတို့၏ အိမ်များကို သွားရောက်လည်ပတ်ခဲ့သည်။ ရှန့်ကျီမင်တို့အိမ်ကို ဖြတ်သွားသောအခါ သူမက မကြည့်ဘဲ တည့်တည့်လျှောက်သွားခဲ့ပြီး ပြဿနာကို မဖိတ်ခေါ်ရန် ဆုံးဖြတ်ထားခဲ့သည်။

ကျန့်ခိုင်ပင်း အိမ်သို့ ဝင်သွားသည်နှင့် လုနန်ကို ကလေးငယ်အုပ်စုတစ်စုက ဝိုင်းရံလိုက်သည်။ သူတို့ အစ်ကိုကြီးထံမှ ဦးလေးဖေးရဲ့ ဇနီးအသစ်က အရသာရှိတဲ့ ရေခဲမုန့် လုပ်တတ်တယ်လို့ ကြားခဲ့ကြတာ ဖြစ်သည်။ ကျန့်ခိုင်ပင်း ဘယ်လိုသိလဲဆိုတော့ သဘာဝအတိုင်း ဖေးကျန့် က ပြောပြခဲ့တာပင်။

ကျန့်ခိုင်ပင်း၏မိခင်က ကလေးများကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"သွား၊ သွား၊ ကိုယ့်အခန်းကိုယ် ပြန်ပြီး အိမ်စာလုပ်။ တာ့ပင်း မင်းညီလေး ညီမလေးတွေကို သတိထားကြည့်။ သူတို့ ထပ်ထွက်ပြေးရင် မင်းကို ရိုက်မယ်”

ကျန့်ခိုင်ပင်းက နာကျင်နေသည့် အမူအရာဖြင့် ကလေးငယ်များကို ပြန်ခေါ်သွားခဲ့သည်။

"ညီမလေး၊ တကယ်တောင်းပန်ပါတယ်။ ကလေးတွေက ရိုင်းသွားတယ်။ သူတို့ ညီမလေးကို ခြောက်ချင်လို့ မဟုတ်ပါဘူးနော်” ချင်ချင်းက ရှက်ရွံ့စွာ တောင်းပန်လိုက်သည်။

သူမသည် ကလေးလေးငါးယောက်ကို မွေးထားသဖြင့် သူမ၏ ကိုယ်လုံးကိုယ်ထည်မှာ ယခုအခါ အနည်းငယ် ပုံပျက်သွားပြီး အနည်းငယ် ဝနေပုံရသည်။

"လုံးဝ ကိစ္စမရှိပါဘူး။ ကလေးတွေက ချစ်စရာကောင်းပါတယ်။ ဪ၊ ဒါနဲ့ ယောင်းမ၊ ညီမ ကလေးတွေအတွက် မုန့်လေးတွေ လုပ်လာခဲ့တယ်” လုနန်က ဆန်ကိတ်တစ်ပန်းကန်ကို ကမ်းပေးရင်း ပြောလိုက်သည်။

“ဟယ်၊ ဒါတွေ ကိုယ်တိုင်လုပ်တာလား? မင်းက တော်လိုက်တာ!”

ချင်ချင်းက လုနန် စိတ်ရင်းမှန်ကြောင်း မြင်နိုင်ပြီး သူမ၏ အပြုံးက ပိုမို စိတ်ရင်းနှင့် ပြုံးထားပုံ ပေါ်လာသည်။ သူမသည် ကလေးများကို ချစ်မြတ်နိုးပြီး ရိုက်မည်ဟု ခြိမ်းခြောက်ခြင်းသည် ခြိမ်းခြောက်ရုံသာဖြစ်ပြီး တကယ်တမ်း မရိုက်ခဲ့ပေ။ သူမ တကယ်မကြိုက်တာက ကလေးတွေကို ပါးစပ်က ချီးကျူးပြီး စိတ်ထဲက အထင်သေးတဲ့သူတွေပင်။ ကလေးတွေ နည်းနည်းဝတာ ဘာဖြစ်လဲ? နည်းနည်းလေး ဝတာက ကံကောင်းခြင်းပဲ။

ဒါက တစ်စုံတစ်ဦးကို ရည်ရွယ်ပြောခြင်းဖြစ်သည်။ ရှန့် မိသားစု၏ ချွေးမကို တွေးမိသောအခါ ချင်ချင်း၏ လုနန်အပေါ်ထားရှိသော သဘောထားသည် ပို၍ပင် နွေးထွေးလာခဲ့သည်။

"အစ်မ ယောက်ျားဆီက ကျီအန်း ပြန်လက်ထပ်တယ်လို့ ကြားတယ်။ ဒါပေမဲ့ မင်းနဲ့ တွေ့ခွင့်မရခဲ့ဘူး။ နောက်ဆုံးတော့ တွေ့ကြရပြီ” သူမ ပြောနေရင်း ချင်ချင်းက လုနန်ကို သေချာ ကြည့်လိုက်သည်။ “ဪ မိုက်လိုက်တာ! မင်း အရမ်းလှတာပဲ။ မင်း ဝင်လာတုန်းက ကျွန်မရဲ့ အငယ်ဆုံးလေးက မင်းကို နတ်သမီးလို့ ခေါ်လိုက်တာ။ ကျွန်မသာ မထိန်းထားရင် သူ မင်းဆီ တန်းပြေးဝင်တော့မှာ”

လုနန်သည် ကျန့်မိသားစု၏ အငယ်ဆုံးကလေးကို မြင်လိုက်ရသည်။ သန်မာသော ကလေးမလေးတစ်ဦးဖြစ်သည်။ ချင်ချင်းက လျင်မြန်စွာ ဖမ်းထိန်းထားနိုင်ခဲ့သည်မှာ ကံကောင်းသည်။ မဟုတ်ပါက ထိုကလေးမလေးက သူမကို လဲသွားစေနိုင်သည်။ ချင်ချင်း နောက်မှ စနောက်သည်ကို ကြားသောအခါ လုနန်က ရယ်မောခြင်းကို မထိန်းနိုင်ခဲ့ပေ။

All Chapters