← Chapters

Chapter 31

Vol. 3 Ch. 31

Chapter 31

Vol. 3 Ch. 31

ချင်ချင်းက နွေးထွေးစွာ ပြောလိုက်သည်။

"အခု ကျွန်မတို့ အိမ်နီးနားချင်းတွေ ဖြစ်ပြီဆိုတော့ တစ်ခုခု လိုအပ်ရင် ကျွန်မဆီ လွတ်လွတ်လပ်လပ်လာပါ။ အိမ်နီးနားချင်းတွေက တစ်ယောက်ကိုတစ်ယောက် ကူညီသင့်တယ်”

အမျိုးသမီးနှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကောင်းမွန်သော အထင်အမြင်များ ကျန်ရှိခဲ့ကြသည်။ ချင်ချင်းအား နှုတ်ဆက်ပြီးနောက် လုနန်သည် ကျန်းယွီ၏ အိမ်သို့ သွားခဲ့သည်။ သို့သော် အိမ်တွင် မည်သူမှ မရှိခဲ့ဘဲ အချိန်အတော်ကြာအောင် ခေါက်သော်လည်း အဖြေမရသဖြင့် သူမသည် ကိတ်မုန့်၏ နောက်ဆုံးတစ်ပိုင်းကို ကိုင်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့ရသည်။

ထိုညနေခင်းတွင် မမျှော်လင့်ဘဲ ဖေးကျီအန်းက အိမ်ပြန်မလာခဲ့ပေ။ သူ့အစား ရှောင်ကျိုးက မက်ဆေ့ခ်ျတစ်ခု ပေးပို့ခဲ့သည်။ ဖေးကျီအန်းက ဖေးကျန့်အား နေ့စဉ် ဝိတ်များဖြင့် ငါးကီလိုမီတာ ပြေးခြင်းဖြင့် ပြစ်ဒဏ်ပေးမည်ဖြစ်သည်။ ကျန်သူများအတွက်မူ ထပ်မံညွှန်ကြားချက်များ မရှိပေ။

ပထမတော့ လုနန် သိပ်မတွေးခဲ့ပေ။ သို့သော် တစ်ပတ်လုံး ဖေးကျီအန်း အိမ်ပြန်မလာဘဲ နေပြီးနောက် လုနန်နှင့် ပိုမိုရင်းနှီးလာသော ချင်ချင်းက သူမနှင့် ဖေးကျီအန်း ရန်ဖြစ်နေခြင်းဟုတ်မဟုတ် မေးမြန်းရန် တကူးတကလာခဲ့သည်။

လုနန် အံ့ဩနေခဲ့ပြီး သူမ နားမလည်နိုင်ခင်မှာပင် ကျောင်းပိတ်ရက် ပြီးဆုံးကာ ကျောင်းဖွင့်ချိန် ရောက်လာခဲ့သည်။

ကျောင်းမတက်ခင်တစ်ရက်အလိုမှာ ဖေးကျန့်က စာအုပ်တွေနှင့် အဆောင်က ကုတင်နေရာကိုယူဖို့ ကျောင်းကို သွားကာ အကြောင်းကြားရမည်။ သူ အိပ်ယာလိပ်ကိုလိပ်ပြီး အပြင်ထွက်ဖို့လုပ်တော့ လုနန်က သူ့ကိုလေးလေးနက်နက် ကြည့်ရင်း လှမ်းခေါ်လိုက်သည်။

“တခြားကလေးတွေဆိုရင် ကျောင်းကို စာရင်းသွားသွင်းတဲ့အခါ သူတို့မိဘတွေက လိုက်ပို့ကြတာပဲ။ နင့်အဖေလည်း ဒီနေ့အိမ်မှာမရှိတော့ စိတ်မပူနဲ့။ မလွှဲသာလို့ ရှောင်ဟွိုက်ကိုပါခေါ်ပြီး နင်နဲ့လိုက်သွားပေးမယ်။ ဘယ်သူမှ နင့်ကိုအထင်သေးအောင် ငါမလုပ်ဘူး။”

အစကတော့ ဖေးကျန့်က ငြင်းချင်ခဲ့ပေမယ့် လုနန်က ဟွိုက်ဟွိုက်ကိုပါ ခေါ်မယ်ဆိုတာ ကြားလိုက်တော့ စိတ်ပြောင်းသွားသည်။ သူ့ရဲ့ညီလေးက အရမ်းချစ်စရာကောင်းတာဆိုတော့ သူ့ရဲ့အနာဂတ် အတန်းဖော်တွေက သူ့ကိုမြင်ရင် သေချာပေါက် အားကျကြလိမ့်မယ်လို့ သူတွေးလိုက်သည်။

သူက တိတ်တိတ်လေး ဝမ်းသာနေပေမယ့် ဖေးကျန့်က မလိုမလားဟန်ဆောင်ပြီး မာနကြီးစွာ ပြောလိုက်သည်။

“အင်း၊ အဲ့လိုလုပ်ပေါ့။”

လုနန်က သူ၏ အတွေးတွေကို တကယ် ဖော်ထုတ်မပစ်ခဲ့ပေ။ ထိုအချိန်မှာ အန်တီဝူက နိုင်လွန်အိတ်ကြီးတစ်လုံးကို ကိုင်ပြီး ရောက်လာသည်။ လုနန်က ဖေးကျန့် ကို ပေးဖို့ လက်ဟန်ပြလိုက်သည်။

“ငါကျောင်းကို ပစ္စည်းတချို့ယူသွားရဦးမယ်။ နင်ပဲ ဒါတွေ သယ်သွားပေးလိုက်တော့။”

အန်တီဝူက မဝံ့မရဲဖြစ်ပြီး လုနန်ကို တစ်ချက်ကြည့်လိုက်ရာ လုနန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အန်တီဝူက ပြုံးပြုံးလေးဖြင့် နိုင်လွန်အိတ်ကို ဖေးကျန့်အား ကမ်းပေးလိုက်သည်။

“ဒါလေးအတွက် မင်းကို ဒုက္ခပေးလိုက်မယ်နော် ရှောင်ကျန့်။ အဘွားက မင်းနဲ့လိုက်ဖို့ အရမ်းအိုနေပြီ။”

လုနန်ရဲ့ ပြင်ဆင်ပေးမှုအပြီးမှာ မိသားစုထဲက ကလေးငယ်တွေအားလုံးက အန်တီဝူကို “အဘွားဝူ” လို့ ခေါ်ဆိုကြပြီဖြစ်သည်။

ဖေးကျန့်က တင်းတင်းကျစ်ကျစ် ချည်ထားသည့် နိုင်လွန်အိတ်ကို လှုပ်ကြည့်လိုက်သည်။ လေးလံခြင်းမရှိဘဲ သူ၏ အိပ်ယာလိပ်နှင့် အလေးချိန်တူခန့်ရှိသည်။ တစ်နေကုန် အလေးများနှင့်ပြေးလွှားနေသော ဖေးကျန့် အတွက်တော့ ဘာမှမဟုတ်ပေမယ့် နိုင်လွန်အိတ်ထဲရှိ ပစ္စည်းတွေရဲ့ အထိအတွေ့က စောင်တစ်ထည်လို ခံစားရသည်ဟု သူတွေးလိုက်သည်။

“ဒါ အိပ်ယာသုံးပစ္စည်းလား။ ကျွန်တော့်အတွက်လား။” ဖေးကျန့်က အံ့ဩသွားသည်။

လုနန်က သူ့အတွက် အဆောင်မှာသုံးဖို့ စောင်အသစ်တစ်ထည်ကို အထူးတလည် ပြင်ဆင်ပေးထားသည်ဟု တွေးကာ ဖေးကျန့်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ကြီးပြင်းလာသောအခါ မိခင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အတွက် ခြားနားမှုသိပ်မရှိခဲ့ပေ။

မိသားစုထဲက သက်ကြီးအမျိုးသမီးများက သူ့ကို အဒေါ် စွင်းက ဂရုစိုက်ပေးသည်ဟု ယူဆကာ ဤကိစ္စသေးသေးလေးများတွင် ဘယ်တော့မှ စိတ်မပူခဲ့ကြပေ။

ဒါကြောင့် ဂရုစိုက်ခံရခြင်းဆိုသည်မှာ ဒီလိုမျိုး ခံစားချက်ပင်။ နွေးထွေးပြီး သူ့နှလုံးသားထဲက ရေခဲတွေကို အရည်ပျော်စေသော ရေနွေးပူပူတစ်စက်လိုမျိုးပင်။

လုနန်က မချိုမချဉ်ရယ်လိုက်ပြီး စဉ်းစားလိုက်သည်။ 'ငါတကယ်ပဲ အဲဒီလိုလူမျိုးလား။' သူမက ဖေးကျန့်ကို အလုပ်ကြမ်းလုပ်ခိုင်းဖို့ပဲ လိုချင်ခဲ့တာ၊ တခြားဘာမှ မဟုတ်ဘူး။

ဒါပေမဲ့ ဒီအချိန်မှာတော့ သူမ ဖေးကျန့်အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည်။ သူမက သူ့ကို ကလေးလို့ ခဏခဏ ခေါ်ဆိုပေမဲ့ သူမရဲ့စိတ်ထဲမှာတော့ သူ့ကို သူ့အရွယ်တူတစ်ယောက်လို သဘောထားပြီး သူ့ကိစ္စတွေကို ဘယ်တော့မှ ဝင်မစွက်ဖက်ခဲ့ပေ။ သို့သော် ဝင်မစွက်ဖက်ခြင်းက ဂရုမစိုက်ခြင်းကိုလည်း ဆိုလိုသည်။

ဘာပဲဖြစ်ဖြစ် ဖေးကျန့်က အသက်ဆယ့်ခြောက်နှစ်ပဲရှိသေးတာပင်။ သူက မရင့်ကျက်သေးဘူး၊ ကြွားဝါချင်တယ်၊ အချိုကြိုက်တယ်၊ ချစ်စရာကောင်းတဲ့ အမွေးပွတိရစ္ဆာန်လေးတွေကို ချစ်တယ်၊ ကလေးတွေနဲ့နေရတာကို သဘောကျသည်။ ဝတ္ထုထဲက ကမ္ဘာကို လှုပ်ခတ်နိုင်တဲ့ လွှမ်းမိုးနိုင်လွန်းသူ အမျိုးသားဇာတ်လိုက် ဖြစ်မလာသေးပေ။

လုနန်က တိတ်တိတ်လေး စဉ်းစားလိုက်သည်။ 'ငါတို့က မိသားစုဝင်တွေဖြစ်နေပြီဆိုတော့ သင့်တော်တဲ့ ဂရုစိုက်မှုမျိုးဆိုလည်း ဘာမှ မမှားနိုင်ပါဘူး။'

“ဟုတ်တယ်၊ ငါ နင့်အတွက် စောင်အသစ်တစ်ထည် ပြင်ပေးထားတာ” လုနန်က ညင်သာစွာ ပြောလိုက်သည်။

အမှန်တကယ်တော့ သူမ၏ မွေးစားအမေက ကျောင်းမှပေးသော အိပ်ယာပစ္စည်းများက သက်တောင့်သက်သာမဖြစ်မည်ကို စိုးရိမ်သောကြောင့် လုနန် အတွက် စောင်နှစ်ထည်—တစ်ထည်က ကိုယ်ကိုခြုံရန်၊ တစ်ထည်က ခင်းရန်ပြင်ဆင်ပေးထားခဲ့သည်။ စောင်နှစ်ထည်စလုံးက အသစ်ချုပ်ထားပြီး နူးညံ့သက်တောင့်သက်သာရှိသည်။ မည်သည့်စောင်မဆို ဖေးကျန့် အတွက် အဆင်ပြေလိမ့်မည်။

ဖေးကျန့်၏ မျက်နှာတွင် ပျော်ရွှင်သောအမူအရာပေါ်လာပြီး ကုရှောင်ဟွိုက်၏ လက်ကို မြှောက်ကာ ကြေညာလိုက်သည်။

“ရဲဘော်တို့၊ အမြင့်ဆုံးပညာရေးအဖွဲ့အစည်းဆီ ချီတက်ကြစို့!”

သူတို့ တံခါးအပြင်ရောက်သည်နှင့် ဖေးကျန့်၏ ငယ်သူငယ်ချင်းများက ဂိတ်ဝတွင် စောင့်နေကြပြီးဖြစ်သည်။

ဖေးကျန့် အပြင် ရှန့်ကျီမင်နှင့် ကျန်းယွီတို့လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည်။ တစ်ယောက်က နိုင်ငံခြားဘာသာစကားကျောင်းသို့ ဝင်ခွင့်ရခဲ့ပြီး နောက်တစ်ယောက်က စိုက်ပျိုးရေးကောလိပ်သို့ ဝင်ခွင့်ရခဲ့သည်။ သို့သော် ကျန့်ခိုင်ပင်းက စာမေးပွဲကျခဲ့သည်။ သူသည် စစ်တပ်ထဲသို့ ဝင်လိုခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ၏ ကိုယ်ခန္ဓာအခြေအနေက စံနှုန်းများနှင့် မကိုက်ညီခဲ့ပေ။ မကြာသေးမီက သူသည် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းတို့ကို ကြိုးစားလုပ်ဆောင်နေခဲ့သည်။

ဖေးကျန့်က သူတို့ကို ကြည့်လိုက်သည်။ “သူမကို မနှုတ်ဆက်ကြဘူးလား။”

ကျန့်ခိုင်ပင်းနဲ့ ကျန်းယွီတို့က လုနန် ရှေ့မှာ အနည်းငယ် အနေရခက်နေတုန်းပင်။ အရင်တစ်ခေါက်တုန်းက သူတို့က သူမ ဖေးကျန့်ကို အနိုင်ကျင့်တယ်လို့ မှားယွင်းစွာထင်ခဲ့ကြတာ၊ ပြီးတော့ ယဲ့ဟွေဟွေ့က နားစွန်နားဖျားကြားပြီး အဒေါ် ဖေးကို သွားတိုင်ပြီး အဒေါ် ဖေးက လုနန်ကို သွယ်ဝိုက်စွာ သွားရန်ရှာစေခဲ့သည်။

နောက်ပိုင်းမှာတော့ ဖေးကျန့်က သူတို့ကို နောက်ထပ် ပေါ့ပေါ့ဆဆ စကားမပြောဖို့ တင်းတင်းကျပ်ကျပ် သတိပေးခဲ့သည်။ ဖေးကျန့်က သူ့မိထွေးကို ဘယ်လောက် အလေးအနက် ကာကွယ်ပေးနေလဲဆိုတာ မြင်တော့ ကျန့်ခိုင်ပင်းနှင့် ကျန်းယွီတို့လည်း လုနန်ကို ပိုပြီး လေးလေးစားစား ဆက်ဆံလာကြသည်။ သို့သော် သူ့ကို ဘယ်လို ခေါ်ရမယ်ဆိုတာကိုတော့ သူတို့ ဆက်ပြီး ရုန်းကန်နေရဆဲပင်။

သူမကို “အဒေါ်” လို့ ခေါ်ဖို့ဆိုတာက လုနန်က သူတို့အတန်းဖော်တွေနဲ့ အသက်တူနီးပါးလောက်ပဲ ရှိတာဆိုတော့ အရမ်းကျဥ်းထဲကျပ်ထဲ ရောက်နေသည်။ နာမည်နှင့်ခေါ်ဖို့ဆိုရင်လည်း သူမက တိတိကျကျ ဆိုရရင် အကြီးဖြစ်နေတော့ သိပ်ပြီး မသင့်တော်ဘူးလို့ ထင်ရသည်။

အထူးသဖြင့် ကျန့်ခိုင်ပင်း၏ အမေက မကြာသေးခင်က လုနန် နဲ့ ပိုပြီးရင်းနှီးလာတော့ သူက သူ့အမေက သူ့ကို လုနန်အား “အဒေါ်” လို့ ခေါ်ခိုင်းမှာကို ကြောက်တာကြောင့် သူတို့ကို ရှောင်နေခဲ့သည်။

ရှန့်ကျီမင် တစ်ယောက်တည်းသာ စိတ်မပူဟန်ရှိသော်လည်း သူက အရင်ဆုံး စကားပြောသူမဟုတ်ဘဲ လုနန်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

လုနန်က သူတို့ရဲ့ မသက်မသာဖြစ်မှုကို သတိထားမိသည်။ သူမလည်း ဆယ်ကျော်သက်ကောင်လေးအုပ်စုက “အဒေါ်” လို့ခေါ်တာကို မလိုချင်တာကြောင့် ပြောလိုက်သည်။

“ကျွန်မနာမည်က လုနန်ပါ။ နာမည်ခေါ်လို့ ရပါတယ်။”

ကျန့်ခိုင်ပင်းနှင့် ကျန်းယွီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပါးစပ်ကိုဖွင့်လိုက်ပေမဲ့ အပြည့်အစုံတော့ မပြောနိုင်ခဲ့ပေ။

“သူ့ကို အစ်မ လုနန်လို့ ခေါ်ကြတာ ပိုကောင်းမယ်” တိတ်ဆိတ်နေခဲ့သော ရှန့်ကျီမင်က နောက်ဆုံး ပြောလိုက်ရာ သူ့လေသံက ယဉ်ကျေးပြီး ရက်အနည်းငယ်အကြာက သူ့ရဲ့ ပြောင်ချော်ချော် အမူအရာထက် များစွာ သာသည်။ “အစ်မက ကျွန်တော်တို့ထက် အသက်နည်းနည်းပဲ ကြီးတာဆိုတော့ အစ်မလို့ ခေါ်တာက ပိုပြီး သင့်တော်မယ် ထင်တယ်။”

လုနန်က ရှန့်ကျီမင်ကို သေသေချာချာ နားမလည်နိုင်ခဲ့ပေ။ သူက သူမကို မလိုမုန်းထားမှုတချို့ ရှိဟန်တူသော်လည်း ဘယ်တော့မှ အကောင်အထည်မဖော်ခဲ့ပေ။ သို့သော် သူ၏ အကြံပြုချက်က လက်ခံနိုင်ဖွယ်ရာရှိသည်။ သူမကို “အစ်မ” ဟု ခေါ်ဆိုခြင်းက “အဒေါ်” ဟု ခေါ်ဆိုခြင်းထက် သေချာပေါက် ပို၍ကောင်းသောကြောင့် သူမက ခေါင်းညိတ်သဘောတူလိုက်သည်။

“မင်္ဂလာပါ အစ်မ လုနန်”

“အစ်မ လုနန်”

“…မင်္ဂလာပါ အစ်မ။”

ကျန့်ခိုင်ပင်းနှင့် ကျန်းယွီတို့က ကောင်းကောင်းမွန်မွန် နှုတ်ဆက်ကြပေမဲ့ ရှန့်ကျီမင်ရဲ့ နှုတ်ဆက်သံက ထူးခြားနေခဲ့သည်။ လုနန်က သူ့ကို စပ်စုတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တော့ သူက အပြစ်ကင်းတဲ့ ပုံစံနဲ့ ပြန်ကြည့်၏။

လုနန် - “…”

နှုတ်ဆက်ခြင်း ကိစ္စပြီးသွားတော့ ကျန့်ခိုင်ပင်းက သူ့ခေါင်းကုတ်ပြီး ဖေးကျန့်ကို ပြုံးလိုက်သည်။

“ကျန့်ဇီ၊ ငါတို့ မင်းကို ကျောင်းကို လိုက်ပို့ပေးဖို့ လာတာ။”

ဖေးကျန့်က မတွန့်ဆုတ်ဘဲ နိုင်လွန်အိတ်ကို ကျန့်ခိုင်ပင်း ထံပေးလိုက်ပြီး သူ့အိပ်ယာလိပ်ကို ရှန့်ကျီမင်ဆီ ပစ်ပေးလိုက်သည်။ ထို့နောက် ချောမွေ့သော လှုပ်ရှားမှုများဖြင့် ရှောင်ကုဟွိုက်ကို လုနန်၏ လက်ထဲမှ ရှက်ရွံ့ခြင်းမရှိဘဲ ယူလိုက်သည်။

ရှန့်ကျီမင်က သူ့လက်ထဲရှိ အိပ်ယာလိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမကိုင်ထားသော ဖေးကျန့်ကိာ ကြည့်လိုက်သည်။ သူ စကားမပြောနိုင်ဖြစ်သွားပေမယ့် ဒီနေ့တော့ ဒါကို လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူက လုနန်နဲ့ ကုဟွိုက်က ဖေးကျန့်ကို တံခါးဝအထိပဲ လိုက်ပို့မယ်လို့ ထင်ခဲ့ပေမယ့် လုနန်က သူတို့နဲ့အတူ ဘတ်စ်ကားမှတ်တိုင်အထိ လိုက်လာပြီး ဘတ်စ်ကားပေါ်ပါ သူတို့နဲ့အတူ တက်လိုက်ခဲ့သည်။

“ကျန့်ဇီ၊ မင်းမိထွေးက မင်း အပေါ် တကယ်ကောင်းတယ်။ မင်းအဖေတောင် မင်းကို ကျောင်းလိုက်မပို့ပေးဖူးဘူး” ရှန့်ကျီမင်က ဖေးကျန့် နောက်မှာ ရပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။

ဖေးကျန့်က ဂရုမစိုက်ဟန်ဖြင့် ညည်းလိုက်ပြီး ခေါင်းပေါ်က လက်ကိုင်ဘားကို ကိုင်ကာ လုနန်ကို ကာပေးလိုက်သည်။ လုနန်က ကုဟွိုက်ကို ပေါင်ပေါ်တင်ပြီး ထိုင်နေသည်။

သူ့မိထွေးကို ဘယ်သူမှ လာမချဉ်းကပ်ရဲတော့ဘူးလို့ သူယုံကြည်နေခဲ့သည်။

တကယ်လည်း ဘယ်သူမှ မချဉ်းကပ်ခဲ့ပေ။ ခန့်ချောလူငယ်လေးယောက် ဝန်းရံထားပြီး အလယ်မှာ လှပတဲ့ အမျိုးသမီးတစ်ဦး ရှိနေတော့ လမ်းသွားလမ်းလာတွေက မနာလိုမဖြစ်ဘဲ မနေနိုင်ခဲ့ကြချေ။

ကျောင်းရောက်တော့ ဖေးကျန့် က လုံခြုံရေးတွေကို သေသေချာချာ နှုတ်ဆက်သည်။ လုံခြုံရေးတွေက အရင်က ဖေးကျန့် နှင့် လုနန်ကို မှတ်မိနေပြီး ပစ္စည်းတွေ သယ်လာတဲ့ သူတို့ကို မြင်တော့ မနေနိုင်ဘဲ မေးလိုက်၏။

“မင်းရဲ့ သူငယ်ချင်း ပေကျင်း တက္ကသိုလ်ဝင်ခွင့်ရခဲ့တာလား။”

ဖေးကျန့်က ပြုံးစိစိလုပ်ပြီး ရင်ဘတ်က ကျောင်းတံဆိပ်ကို လက်ညှိုးထိုးပြလိုက်သည်။ “ကျွန်တော့်သူငယ်ချင်းမဟုတ်ဘူး – ကျွန်တော်ကိုယ်တိုင်ပါ။ ဖေးကျန့်၊ ပေကျင်းတက္ကသိုလ်၊ ဥပဒေဌာနက။”

လုံခြုံရေးက အံ့အားသင့်သွားကြသည်။ 'သူ့လို ပြဿနာရှာတဲ့ ကောင်က ပေကျင်းတက္ကသိုလ်ဝင်ခွင့်ရတယ်ဟုတ်လား။'

ပတ်ဝန်းကျင်က လူတွေ စတင်ကြည့်ရှုလာတာကို မြင်တော့ လုနန်က ဖေးကျန့်ကို ပုတ်လိုက်သည်။

“ဆက်ပြီး ကြွားမနေနဲ့တော့၊ သွား စာရင်းသွင်းတော့။” အရမ်းထင်ပေါ်နေတာ မကောင်းလှချေ။ တိတ်တိတ်ဆိတ်ဆိတ် ပညာသင်ပြီး ဒီနေရာကနေ မြန်မြန်ထွက်သွားတာ ပိုကောင်းပေသည်။

နောက်ဆုံးတစ်ခေါက် လုနန် ကျောင်းပြန်တက်ဖို့လာတော့ သူမ၏ ခွင့်ယူခြင်းအခြေအနေက ထင်ထားတာထက် မရိုးရှင်းဘူးဆိုတာ သိလိုက်ရသည်။ စဉ်းစားပြီးနောက် သူမက အရေးကြီးတဲ့ အချက်အလက်အချို့ကို သတိရလာခဲ့၏။

သူမမိခင်၏ ဖိအားနှင့် နှောင့်ယှက်မှုများက အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း ပို၍အရေးကြီးသည်မှာ ထိုနှစ်သည် ကျောင်းအတွက် ဆူပူအုံကြွမှုများရှိခဲ့သောနှစ်ဖြစ်သည်။ ကျောင်းသားများနှင့် ပါမောက္ခများစွာကို အလုပ်ကြမ်းလုပ်ရန် စေလွှတ်ခဲ့ပြီး အထူးသဖြင့် သမိုင်းဌာနမှ သူများဖြစ်သည်။ လုနန် သည် ထိုနှစ်တွင် အတော်လေး ထင်ရှားခဲ့ပြီး လူများစွာက သူမကို မလိုမုန်းထားခဲ့ကြသည်။ သူမ ဆက်နေပါက ပြဿနာပေါ်လာမည်ကို စိုးရိမ်သောကြောင့် မိခင်၏ ဆန္ဒအတိုင်း လိုက်လျောကာ ကျောင်းနားခွင့်တင်ခဲ့သည်။

ဒီအချက်တွေအားလုံးကို ပြန်သတိရပြီးနောက် လုနန်က တစ်နှစ်ပဲ ကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီတစ်နှစ်အတွင်းမှာ ကျန်ရှိသော နှစ်နှစ်စာ သင်ရိုးတွေကို အပြီးသတ်ပြီး စောစီးစွာ ဘွဲ့ယူဖို့ စီစဉ်ထားသည်။ သူမက ဖေးကျန့်ကိုလည်း သူမနှင့်အတူ ကြိုးစားပညာသင်ဖို့ တွန်းအားပေးမည်။ အလွန်ပင်ပန်းစရာကောင်းသော စာများ၏ ဝန်ကို သူတို့ နှစ်ယောက်လုံး ခံနိုင်ရည်ရှိရင် ရှင်သန်နိုင်မည်။ စောစောဘွဲ့ရလေလေ၊ ကျောင်းမှာ ဖြစ်ပေါ်လာမယ့် ရှုပ်ထွေးမှုတွေကို စောစောရှောင်ရှားနိုင်လေလေပင်။

သူမက ဖေးကျန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ဘာတွေဖြစ်လာမယ်ဆိုတာကို လုံးဝမသိဟန်တူသည်။ ဝတ္ထုထဲမှာတော့ ဖေးကျန့်က သူ့ပညာရေးကို စောစီးစွာ အဆုံးသတ်ဖို့ အတင်းအကျပ် ခိုင်းခံရပေမဲ့ သူ့ရဲ့ အင်အားကြီးတဲ့ မိသားစုနောက်ခံကြောင့် သူ့ကို တကယ်တမ်း ဘာအန္တရာယ်မှ မထိခိုက်ခဲ့ဘူး။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကတော့ နက်ရှိုင်းခဲ့သည််။

တစ်ညတာအတွင်း သူ့ပတ်ဝန်းကျင်ကလူတွေ ပြောင်းလဲသွားခဲ့သည်။ သူတို့ တစ်ချိန်က လေးစားခဲ့တဲ့ ပါမောက္ခတွေကို ထိုးကြိတ်စော်ကားကြသည်။ တိရစ္ဆာန်တောင် မလုပ်တဲ့ အပြုအမူတွေကို လုပ်ခဲ့ကြသည်။

လူတွေ သေဆုံးခဲ့ကြသည်။ ကျောင်းသားတွေ၊ ပါမောက္ခတွေ၊ တချို့က မရှင်းမလင်း အခြေအနေတွေနဲ့၊ တချို့ကတော့ အရှက်နဲ့ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြသည်။ ဒီဘေးအန္တရာယ်က ကျောင်းကနေ စတင်ခဲ့ကာ ဖေးကျန့်၏ မျက်စိရှေ့မှာ နေ့တိုင်း ဖြစ်ပျက်နေခဲ့ပြီး သူက ဘာမှ လုပ်နိုင်စွမ်းမရှိခဲ့ချေ။

ဖေးကျန့်လို တရားမျှတမှုကို အလေးထားသူတစ်ယောက်အတွက်တော့ ဒီဝေဒနာက မခံမရပ်နိုင်အောင် ခံစားရမှာ သေချာ၏။

လုနန် ကိုယ်တိုင်တောင် ဂရုမစိုက်ဘဲ မနေနိုင်ခဲ့ပေ။ သို့သော် သူမက ဘယ်သူ့ကိုမှ မကယ်တင်နိုင်ခဲ့၊ ထို့ကြောင့် အကောင်းဆုံးရွေးချယ်မှုက အားလုံးမဖြစ်ခင် ထွက်သွားဖို့ပင်။ မမြင်ရဘူးဆိုရင် နာကျင်မှု သက်သာသွားနိုင်သည်။

အကြောင်းအရာတစ်ခုခုကြောင့် ဖေးကျန့်က ဒီနေ့ အထူးသဖြင့် စိတ်ကြည်လင်နေသည်။ လုနန်က သူ့ကို ပါးပါးလေး ပုတ်လိုက်တာတောင် စိတ်မဆိုးပေ။ သူက ကုရှောင်ဟွိုက်၏ ခေါင်းကို ပုတ်ပြီး တက်ကြွစွာ သူ့မိထွေးနဲ့ သူငယ်ချင်းတွေကို စာရင်းသွင်းမည့် ရုံးခန်းဆီ ဦးဆောင်သွားသည်။

လမ်းတစ်လျှောက်လုံး သူတို့သည် အများအာရုံကို ဖမ်းစားခဲ့သည်။ အုပ်စုထဲရှိ လူတိုင်းက ရုပ်ရည်ကောင်းမွန်ကြသော်လည်း အများဆုံးအာရုံစိုက်ခံရသည့် မြင်ကွင်းမှာ အမိုက်စား ဖေးကျန့်က ချစ်စရာကောင်းသော ကုရှောင်ဟွိုက်လေးကို ပွေ့ချီထားသည့် မြင်ကွင်းဖြစ်ပြီး ခုခံနိုင်စွမ်းမရှိအောင် ချစ်စရာကောင်းသော ဆန့်ကျင်ဘက်ပုံစံပင်။

စာရင်းသွင်းတဲ့နေရာမှာ ဖေးကျန့်က သူ့ရဲ့ စာရင်းသွင်းလက်မှတ်ကို တင်ပြပြီး ထမင်းစားလက်မှတ်နဲ့ ထောက်ပံ့ကြေးကို ယူလိုက်ကာ သူတို့အားလုံးက အမျိုးသားအဆောင်ဘက်သို့ ဦးတည်သွားကြသည်။

ယေဘူယျအားဖြင့် အမျိုးသမီးများကို အမျိုးသားအဆောင်များတွင် ဝင်ခွင့်မပြုသော်လည်း စာရင်းသွင်းသည့် နောက်ဆုံးနေ့ဖြစ်ပြီး မိခင်များစွာလည်း ရှိနေသောကြောင့် အမျိုးသမီးများ အဆောင်ဝင်ထွက်ခြင်းက ထူးဆန်းသည်ဟု မဆိုနိုင်ပေ – သို့သော် လုနန်ကတော့ သူတို့အများစုထက် များစွာ ငယ်ရွယ်ပုံရသည်။

All Chapters