Chapter 32
Vol. 3 Ch. 32
ဖေးကျန့်၏ အဆောင်က တတိယထပ်မှာရှိပြီး ရှစ်ယောက်ခန်းဖြစ်သည်။ သူတို့ရောက်သောအချိန်မှာတော့ တံခါးနဲ့ အမှိုက်ပုံးနားက အောက်ထပ်ကုတင်တစ်လုံးပဲကျန်တော့ပြီး၊ အပေါ်မှာ ပစ္စည်းအမျိုးမျိုးနဲ့ ခရီးဆောင်အိတ်တွေ ပုံနေသည်။
“ဖေးကျန့်” လို့ ရေးထားတဲ့ နာမည်ကတ်ပြား ကောက်ကောက်ကွေးကွေးလေးတစ်ခုက ကုတင်ခေါင်းရင်းမှာ ကပ်ထားသည်။ အနားစွန်းတွေက စုတ်ပြဲနေတာကြောင့် တစ်ယောက်ယောက်က ဆွဲဖြဲပြီး ပြန်ကပ်ထားပုံပင်။
သူတို့ရောက်သောအခါ အဆောင်ထဲမှာ သုံးယောက်ပဲရှိသေးပြီး သူတို့က ဖေးကျန့်တို့ အုပ်စုကို တိတ်တိတ်ဆိတ်ဆိတ် စူးစမ်းကြည့်ရှုနေကြသည်။ သူတို့အားလုံးက အရပ်ရှည်ပြီး ခန့်ညားတာကို မြင်တော့ အဆောင်နေဖက်တွေက နည်းနည်းတော့ ကြောက်ရွံ့သွားကြ၏။
ဖေးကျန့်က ချက်ချင်းမရွှေ့သေးပေ။ ကျန့်ခိုင်ပင်းက ကုတင်ပေါ်က ပစ္စည်းတွေကို ကူရှင်းပေးချင်ပေမဲ့ လုနန် က သူမလက်ကာပြပြီး တားလိုက်သည်။
“အလျင်မလိုနဲ့”
တကယ်လည်း ဖေးကျန့်က အဆောင်ပတ်လည်ကို အေးအေးဆေးဆေး လျှောက်သွားပြီး ကျန်တဲ့ကုတင်တွေပေါ်က နာမည်ကတ်ပြားတွေကို စစ်ဆေးကြည့်သည်။ သူ အဆောင်နေဖက် သုံးယောက်နားက ဖြတ်သွားတဲ့အခါ သူတို့အားလုံးက မျက်လုံးချင်းဆုံအောင် မကြည့်ဘဲ နည်းနည်းတော့ အပြစ်ရှိသလို ဖြစ်နေကြသည်။
အခန်းကို စစ်ဆေးပြီးနောက် ဖေးကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
“သွားရှင်းလိုက်တော့။”
အဲ့ဒီတော့မှ လုနန်က ကျန့်ခိုင်ပင်းကို ကုတင်ပေါ်က ပစ္စည်းတွေကို စရှင်းဖို့ အချက်ပြလိုက်သည်။ သူမက ဖေးကျန့် က သူ၏ မူလကုတင်နှင့် ပြောင်းထားသောကုတင်ကို နှိုင်းယှဉ်ပြီး ဒီကုတင်အတွက် ပြဿနာလုပ်ဖို့ မတန်ဘူးလို့ ကောက်ချက်ချလိုက်တယ်ဆိုတာ နားလည်လိုက်သည်။
သို့ပေမဲ့ သူမ ဖေးကျန့်ကို နားလည်ထားသည့်အတိုင်းဆိုရင် သူက သူ့ကုတင်ကို ဘယ်သူပြောင်းလိုက်လဲဆိုတာ သေချာပေါက် မှတ်ထားလိုက်ချေပြီ။
အဆောင်နေဖက် သုံးယောက်က ဖေးကျန့် ပြဿနာမရှာလို့ သိသိသာသာ စိတ်သက်သာရာ ရသွားကြသည်။
လုနန်က သူတို့ကို ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။ သူမက သူတို့ သုံးယောက်က တောင့်တောင့်ကြီးတွေ ဖြစ်နေသော်လည်း အပြစ်ရှိပုံတော့ မပေါ်ဘူးဆိုတာ သတိထားမိသည်။ သူတို့က ဖေးကျန့်ရဲ့ ကုတင်ကို ပြောင်းလိုက်သော သူတွေတော့ မဟုတ်လောက်ပေ၊ သို့ပေမဲ့ ဘယ်သူလဲဆိုတာတော့ သူတို့ သေချာပေါက် သိသည်။
“ဒီနေ့ကစပြီး မင်းတို့အားလုံး ဖေးကျန့် နဲ့ အခန်းဖော်တွေ ဖြစ်လာကြပြီ။ သူက ငယ်သေးတယ်၊ ဒါကြောင့် သူ့ကို ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လုနန်က ဖေးကျန့် ၏ မိထွေးအနေဖြင့် ဝင်ရောက်ပြောခဲ့ပြီး ယဉ်ကျေးသော စကားအချို့ကို ပြောဆိုလိုက်သည်။
သူမ၏ နူးညံ့သိမ်မွေ့သော လေသံကိုကြားရသောအခါ အဆောင်နေဖက် သုံးယောက်က ခရမ်းချဉ်သီးမှည့်များကဲ့သို့ မျက်နှာနီရဲသွားကြပြီး ဖေးကျန့်နှင့် ကောင်းမွန်စွာ ဆက်ဆံကြမည်ဟု အလျင်အမြန် ကတိပေးကြသည်။
ဖေးကျန့်က သူ့နှုတ်ခမ်းတွေကို ဖိကပ်ပြီး လုနန်ကို ရှုပ်ထွေးတဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။
လုနန်က သူ့မျက်နှာအမူအရာကို သတိမထားမိဘဲ ကျန့်ခိုင်ပင်း ကို ပစ္စည်းအမျိုးမျိုးတွေကို ကုတင်ပေါ်က ရှင်းခိုင်းပြီး ရှန့်ကျီမင်နှင့် ကျန်းယွီတို့ကို ကုတင်ခင်းဖို့ ကူညီခိုင်းလိုက်၏။
ရှောင်ဟွိုက်ဟွိုက် လေးကို ရင်ခွင်ပိုက်ထားရတာကြောင့် လုနန်က ဘာမှဝင်မကူနိုင်ခဲ့ပေ။ ဖေးကျန့် မှာ စောင်ပါးလေးတစ်ထည်ပဲရှိတာကို သတိထားမိတော့ သူမက သူ့ကို ပြောလိုက်သည်။
“နိုင်လွန်အိတ်ကိုဖွင့်ပြီး အထူဆုံးစောင်တစ်ထည်ကို ယူလိုက်။ အခုက ဆောင်းဦးရာသီဆိုတော့ ပိုနွေးတဲ့စောင်လိုလိမ့်မယ်။”
ဖေးကျန့် အံ့အားသင့်သွားသည်။ “စောင်တွေအားလုံး ကျွန်တော့်အတွက် မဟုတ်ဘူးလား။”
လုနန်က တခစ်ခစ်ရယ်လိုက်သည်။ “မဟုတ်လို့ပေါ့။”
“ကဲ၊ ဒီမှာ အကုန်အဆင်ပြေပြီ။ အခု ငါလည်း စာရင်းသွားသွင်းရဦးမယ်။”
ဖေးကျန့် - “…” ဘာအတွက် စာရင်းသွင်းရမှာလဲ။
ရှန့်ကျီမင် - “…”!?
ကျန်းယွီ & ကျန့်ခိုင်ပင်း - “…”!!??
အဆောင်နေဖက် သုံးယောက် - “…” သူမက သူ့အစ်မ မဟုတ်ဘူးလား။ သူမကရော ဒီကျောင်းက ကျောင်းသူပဲလား!?
“... အစ်မ က စနေတာလား” ရှန့်ကျီမင်က အရင်ဆုံး တိုးတိုးလေး မေးလိုက်သည်။
လုနန်ကလည်း အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။“ငါ စနေတဲ့ပုံ ပေါက်နေလို့လား။”
ဖေးကျန့် - “…” ဒါက စနေတဲ့ပုံ ပေါက်နေတာပဲ မဟုတ်ဘူးလား?
ပြီးတော့ ငါက စနေတာ ဟုတ်လား မဟုတ်ဘူးလားဆိုတာ မင်း နည်းနည်းပါးပါးတော့ သိသင့်တာပေါ့။
“ဒါ၊ ဒါက ပေကျင်းတက္ကသိုလ်... အစ်မလုနန်၊ အဲ့လို မစပါနဲ့။ အလွယ်တကူ ပေါ်နိုင်တဲ့ အလိမ်အညာတွေ ပြောတာက ရယ်စရာ မကောင်းဘူး။”
ကျန်းယွီက လုနန် ကြွားနေတာလို့ ခံစားရသည်။ သူက စိုက်ပျိုးရေးကောလိပ်ကို ဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့တာ၊ ဒါပေမဲ့ ကလေးတွေရှိတဲ့ အိမ်ရှင်မ လုနန် က ပေကျင်းတက္ကသိုလ်ဝင်ခွင့်ရတယ်လို့ ပြောနေတာလား။
အဲဒါ တကယ်ဆိုရင် တရားမျှတမှုဆိုတာ ဘာမှ ကျန်တော့မှာ မဟုတ်ပေ။ လုံးဝ မဖြစ်နိုင်ဘူး။
ဖေးကျန့် ရဲ့ အခန်းဖော် သုံးယောက်က နားထောင်နေကြပြီး လုနန်၏ မောင်တွေကလည်း သူမကို မယုံဘူးဆိုတာ မြင်တော့ သူမက လိမ်နေတယ်လို့ သူတို့လည်း ထင်ခဲ့ကြသည်။ သူတို့က လုနန်ကို အနည်းငယ် မထီမဲ့မြင် အကြည့်နဲ့ ကြည့်လိုက်ကြသည်။ သူမက နတ်သမီးလို ချောပေမဲ့ လိမ်ညာတဲ့ အကျင့်ဆိုးကို ကောက်ယူထားသည်ပင်။
'အင်း၊ ဒီဘက်ခေတ်မှာ ဘယ်သူမှ အမှန်တရားကို မယုံတော့ဘူး'။ ဘယ်သူမှ မယုံကြည်တာကို မြင်တော့ လုနန် ရဲ့ စိတ်ထဲမှာ လှည့်ပတ်ပြီး ဆိုးသွမ်းတဲ့ အကြံဉာဏ်တစ်ခု ရလာခဲ့သည်။ သူမရဲ့ လေသံက စနောက်နေသလိုမျိုး ရွှတ်နောက်နောက် ဖြစ်သွားပြီး ပြောလိုက်သည်။
“ငါ တကယ်ပြောတာ၊ မင်းတို့ မယုံဘူးလား။”
လုနန်ဆီက ဒီလေသံကို ကြားတာနှင့် ကျန်းယွီက ချက်ချင်း စိတ်အေးသွားသည်။ ပေကျင်းတက္ကသိုလ်ကို ဝင်ခွင့်ရဖို့ မလွယ်ဘူးဆိုတာ သူသိသည်။
“ဒါဆို လောင်းကြေးထပ်ကြစို့” ကျန်းယွီက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “အစ်မလုနန်၊ ကျွန်တော်နဲ့ လောင်းဖို့ သတ္တိရှိလား။ လောင်းကြေးအနေနဲ့၊ အစ်မ တကယ် ပေကျင်း တက္ကသိုလ်ကျောင်းသားဆိုရင် ကျွန်တော်တို့ လေးယောက်က အစ်မ ရဲ့ ကိုယ်ရံတော်အဖြစ် တစ်လကြာ အလုပ်လုပ်ပေးမယ်၊ အစ်မ ခေါ်တာနဲ့ လာမယ်။ ဒါပေမဲ့ အစ်မ က ပေကျင်းတက္ကသိုလ်ကျောင်းသား မဟုတ်ရင်တော့… အစ်မ က ကျွန်တော်တို့ကို တစ်လလုံ အချိုပွဲလုပ်ကျွေးရမယ်။ ဘယ်လိုလဲ။”
“အချိုပွဲတွေ!” ဟွိုက်ဟွိုက် စိတ်လှုပ်ရှားသွားပြီး အော်လိုက်သည်။
လုနန် - “…” ဝိုး၊ ဒါ ငါးစာနဲ့ ငါးဖမ်းတာလိုပဲ။ ငါ ငါးမျှားတံတောင် မချရသေးဘူး၊ ငါးက အရင် ကိုက်နေပြီ။ ဒီငါးအုပ်က နည်းနည်း ရိုးသားပုံရတယ်။
သို့သော် ငါးက ငါးစာကို ကိုက်ထားပြီးပြီဖြစ်သောကြောင့် လုနန်က လိုက်လျောကစားဖို့ ဆုံးဖြတ်လိုက်သည်။ “အစ်မ က အဆင်ပြေပါတယ်… ဒါပေမဲ့ မင်းက ဒီလေးယောက်လုံးကို တကယ်ကိုယ်စားပြုပြီး ပြောနိုင်တာလား။”
ကျန်းယွီနှင့် လုနန်တို့က ကျန်သုံးယောက်ကို လှည့်ကြည့်လိုက်သည်။
ကျန့်ခိုင်ပင်း က အရင်ဆုံး လက်လျှော့လိုက်ပြီး ပြောလိုက်သည်။ “ဟုတ်ပြီ၊ ငါ သဘောတူတယ်။ အစ်မ လုနန်နဲ့ လောင်းမယ်။”
လုနန်နဲ့ ကျန်းယွီတို့က နောက်ဆုံး နှစ်ယောက်ကို ကြည့်လိုက်သည်။
ဖေးကျန့် ရဲ့ အကြည့်က ကျန်းယွီနဲ့ လုနန် ကြားမှာ ရွေ့လျားနေပြီး ရှန့်ကျီမင်ကတော့ လုနန်ကို စိုက်ကြည့်နေခဲ့သည်။ ခဏအကြာမှာ သူက ဖေးကျန့်ကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ “ဟုတ်ပြီ၊ ကျန့်ဇီ၊ အစ်မနဲ့ လောင်းကြစို့။”
ဖေးကျန့်က တိတ်ဆိတ်နေပြီး ဘာမှ ကန့်ကွက်စကား မပြောခဲ့ပေ၊ ဒါကြောင့် လောင်းကြေးက အတည်ဖြစ်သွားခဲ့သည်။
လုနန် - “လာ၊ ငါ့နိုင်လွန်အိတ်ကို သယ်ပေးဦး။”
“အစ်မ တကယ်ပြောတာလား” ဖေးကျန့် က နိုင်လွန်အိတ်ကို ကျန့်ခိုင်ပင်း ထံ ပေးလိုက်ပြီး လုနန် လက်ထဲမှ ဟွိုက်ဟွိုက်ကို လက်ပြောင်း မချီမီ နောက်ဆုံးအကြိမ် ထပ်မေးလိုက်သည်။
လုနန်က သူ့ကို မျက်စိတစ်ဖက်မှိတ်ပြပြီး ပြုံးလိုက်သည်။ ဟွိုက်ဟွိုက် မရှိတော့သည့် သူမက ပေါ့ပါးစွာဖြင့် အဆောင်မှ အလွယ်တကူ ထွက်ခွာသွားသည်။
ဖေးကျန့်နဲ့ သူ့သူငယ်ချင်း သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဖေးကျန့်ရဲ့ အခန်းဖော်အသစ်တွေကို ထားခဲ့ကာ လုနန် နောက်က လိုက်သွားကြသည်။ သူတို့ထဲက တစ်ယောက်က ချီတုံချီတုံဖြစ်ပြီး အကြံပြုလိုက်သည်။
“ငါတို့ သူတို့နောက်က လိုက်ကြည့်သင့်လား။”
“… မဆိုးဘူး။”
ဒါကြောင့် နောက်ထပ် သုံးယောက်က အုပ်စုထဲကို ပူးပေါင်းပါဝင်လာခဲ့သည်။
လမ်းတစ်လျှောက်လုံးမှာ လုနန်က ပညာရေးဌာနရုံးဆီကို ယုံကြည်မှုရှိစွာ ဦးဆောင်သွားခဲ့သည်။
လမ်းလျှောက်ရင်း ကျန်းယွီက တစ်ခုခု မှားနေပြီလို့ စတင်ခံစားလာရသည်။ သူက ဖေးကျန့်ကို တံတောင်နှင့်တွတ်ပြီး မေးလိုက်သည်။ “ငါတို့ ခုနက ဒီလမ်းကနေ လာခဲ့တာလား။ လုနန်အစ်မ က ငါတို့ကို ရည်ရွယ်ချက်မဲ့ လမ်းလျှောက်ခိုင်းနေတာ မဟုတ်ဘူးလား။”
ဖေးကျန့်က သူ့နှုတ်ခမ်းတွေကို ဖိကပ်ပြီး ပြောလိုက်သည်။ “မင်း ငါ့ကို မေးရင် ငါ ဘယ်သူ့ကို မေးရမှာလဲ။”
'ဒါက သူ ကျောင်းကို ဒုတိယအကြိမ် ရောက်ဖူးတာပင်။ ပထမဆုံးအကြိမ်တုန်းက လုံခြုံရေးက သူ့ကို ဖမ်းပြီး အရှက်ရစေခဲ့လို့ အထဲတောင် မဝင်ခဲ့ရချေ။ သူတို့ လမ်းမှန်နေတာလားဆိုတာ သူ ဘယ်လို သိနိုင်မှာလဲ။
လုနန်က တကယ်တမ်း လမ်းမှားမသွားခဲ့ဘူးဆိုတာ ပေါ်လာခဲ့သည်။ သူမက တစ်အုပ်စုလုံးကို ပညာရေးဌာနရုံးဆီသို့ အောင်မြင်စွာ ခေါ်သွားနိုင်ခဲ့သည်။
သူတို့ရောက်တာနဲ့ လုနန်က ရပ်ပြီး ဖေးကျန့် နဲ့ တခြားသူတွေကို ပြောလိုက်သည်။ “ငါနဲ့အတူ ဝင်ခဲ့ကြ”
အခုတော့ ဖေးကျန့်နှင့် တခြားသူတွေ တိတ်ဆိတ်သွားကြပြီ။ လုနန်က သူတို့ကို ပညာရေးဌာနရုံးကို ခေါ်လာတာဆိုတော့ သူမ အမှန်ပြောနေဖို့ အခွင့်အလမ်းက အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းရှိသည်။ သို့သော် သူတို့မှာ သံသယတွေ ရှိနေတုန်းပင်။
အထူးသဖြင့် ကျန်းယွီက တခြားသူတွေ သံသယဖြစ်နေချိန်မှာ သူကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြတ်ပြတ်သားသား ယုံကြည်နေခဲ့သည်။ လုံးဝ မဖြစ်နိုင်ပေ။
ပညာရေးဌာနရုံးမှ တာဝန်ကျ ဝန်ထမ်းသည် လုနန်ကို ရက်အနည်းငယ်အကြာက လက်ခံခဲ့သော တစ်ဦးတည်းသော ဝန်ထမ်းပင်။ ဒီတစ်ခါတော့ ဒါရိုက်တာလည်း ရှိနေသည်။ ဒါရိုက်တာက ကြင်နာတတ်သော လူအိုကြီးဖြစ်ပြီး လုနန်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူမဝင်လာသည်ကို မြင်သောအခါ သူသည် သူ့မျက်မှန်ကို ပင့်တင်ကာ သူမကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“လုနန်၊ မင်း တကယ်ပဲ ပြန်လာတာကိုး။ ရှောင်ကျောက် ငါ့လက်မှတ်လာယူတော့ ငါအံ့ဩသွားတာ။ မင်း နောက်ဆုံးတော့ ပြန်လာပြီလို့ ငါ့ဘာသာငါ တွေးမိလိုက်သေးတယ်။”
ဝန်ထမ်း ရှောင်ကျောက်က ရှက်ပြုံးပြုံးပြီး သူ့အံဆွဲထဲက စာအိတ်တစ်အိတ်ကို ထုတ်ယူကာ လုနန်ကို ကမ်းပေးလိုက်သည်။ “ဒီထဲမှာ ဒါရိုက်တာရဲ့ လက်မှတ်၊ ညီမရဲ့ ပြန်လည်ပေးချေငွေနဲ့ အဆောင်သော့ ပါတယ်။ သေချာ သိမ်းထားနော်။”
“ဒါရိုက်တာကတော့ နောက်နေပါပြီ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပြီးရင်တော့ ကျွန်မက ပညာဆက်သင်ဖို့ ပြန်လာရမှာပေါ့” လုနန်က ဒါရိုက်တာကို ရှက်ပြုံးပြုံးရင်း ပြောလိုက်ပြီးမှ ရှောင်ကျောက်ဆီက စာအိတ်ကို လက်ခံယူလိုက်သည်။ “ကျေးဇူးတင်ပါတယ် ရှောင်ကျောက်။”
ရှောင်ကျောက်က လက်ဝှေ့ယမ်းလိုက်သည်။ “ရပါတယ်ဗျာ။ ဒါ ကျွန်တော့် တာဝန်ပါပဲ။”
လုနန်ရဲ့ ကိစ္စတွေ ပြီးစီးသွားတော့ ရှောင်ကျောက်က ခေါင်းစောင်းပြီး သူမရဲ့ နောက်က လူငယ်အုပ်စုကို ကြည့်လိုက်သည်။ ဖေးကျန့် က အရမ်းချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ကို ချီထားတာ မြင်တော့ သူခဏတာ အံ့အားသင့်သွားပြီး ကလေးကို ဘာလို့ ကျောင်းကို ခေါ်လာတာလဲလို့ တွေးမိလိုက်၏။ သူက မေးလိုက်သည်။ “မင်းတို့ အားလုံးမှာ လုပ်စရာ ကိစ္စတစ်ခုခု ရှိလား။”
ဖေးကျန့် - “…”
ရှန့်ကျီမင် - “…”
ကျန်းယွီ & ကျန့်ခိုင်ပင်း - “…”
အခန်းဖော် သုံးယောက် -“…”
လေထုက အနေရခက်စရာ ဖြစ်သွားသည်။ ရှောင်ကျောက်က သူ့ခေါင်းကို ကုတ်ပြီး ဘာလို့ အားလုံးက မျက်နှာသေတွေဖြစ်နေတာလဲလို့ တွေးမိသည်။ သူ့ကို စနောက်နေတာလား။
အချိန်အတော်လေးအကြာမှာ ကျန်းယွီက နောက်ဆုံးမျှော်လင့်ချက်လေးကို ဆုပ်ကိုင်ပြီး မဝံ့မရဲမေးလိုက်သည်။ “ရဲဘော်၊ ရဲဘော်လုနန်က ဒီကျောင်းက ကျောင်းသားလားလို့ မေးလို့ ရမလားဟင်။”
သူက ရှောင်ကျောက်ကို မေးရင်း လုနန်ကို လက်ညှိုးထိုးပြလိုက်သည်။
ရှောင်ကျောက်က ရှုပ်ထွေးသွားဟန်နဲ့ ကြည့်လိုက်သည်။ “ဟုတ်တယ်။ ခုနက မင်းတို့ မမြင်လိုက်ဘူးလား။”
ကျန်းယွီက သူ့မျက်နှာကို လက်နဲ့အုပ်ပြီး နောက်ကို ဆုတ်လိုက်၏။
“သူမက ဒီနှစ် ပထမနှစ် မဟုတ်ဘူးလား” ဖေးကျန့်က မေးလိုက်သည်။
“ဟုတ်တယ်၊ သူက အရင်နှစ်တွေက ကျောင်းသူ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိသားစုကိစ္စတွေကြောင့် ခွင့်ယူခဲ့ရတယ်။ ဒီနှစ်တော့ ပညာဆက်သင်ဖို့ ပြန်လာတာ” ရှောင်ကျောက်က ဖေးကျန့် ရဲ့ မေးခွန်းကို ဖြေလိုက်သည်။
ရှောင်ကျောက်က လုနန်ကို ကြည့်လိုက်သည်။ “မင်း သူတို့တွေကို သိလား။”
လုနန် က အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။ “သူတို့က ကျွန်မရဲ့ မောင်လေးတွေပါ” ဟူ၍ အဓိပ္ပာယ်နှစ်မျိုးဖြင့် ပြောလိုက်သည်။
'သူတို့အားလုံးက ငါ့မောင်လေးတွေ၊ ဟားဟား!'
ရှောင်ကျောက်က မျက်ခုံးပင့်လိုက်ပြီး သူမ မောင်တွေက သူတို့အစ်မ ဘယ်ကျောင်းတက်လဲဆိုတာတောင် မသိတာကို သဘောပေါက်သွားသည်။ သူတို့က သူမ ပေကျင်းတက္ကသိုလ်တက်နေတာကို သံသယရှိပုံရပြီး ဒါက သူ့ စိတ်ထဲမှာ မကောင်းလှဟု ခံစားရသည်။ လုနန်က သူတို့ရဲ့ ကျောင်းတစ်ခုလုံးရဲ့ နတ်ဘုရားမပဲ၊ ဘယ်သူကများ သူမကို သံသယရှိရဲမှာလဲ။
သူက ဖြေးဖြေးချင်း ဒါရိုက်တာဆီ လှည့်ပြီး ပေါ့ပေါ့ပါးပါး စကားပြောလိုက်သည်။ “ဒါရိုက်တာ၊ ကျွန်တော် မှတ်မိတာ လုနန်က ဒီကျောင်းကို ဝင်ခွင့်ရတုန်းက ဆယ့်လေးနှစ်ပဲ ရှိသေးတယ်၊ ဟုတ်တယ်မလား။”
ဒါရိုက်တာက သူ့ဘောပင်ကို ချလိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ရဲဘော်လုက ကလေးဘဝကတည်းက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ၊အဲဒီတုန်းက စာပေရေးရာ ဌာနမှာ ကျောင်းတက်ခဲ့တာ။”
ဖေးကျန့်နဲ့ သူ့သူငယ်ချင်းသုံးယောက်၊ အခန်းဖော်သုံးယောက်ပါ ရုတ်တရက် လုနန်ကို လှည့်ကြည့်ပြီး မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကြသည်။ ဖေးကျန့်က ဆယ့်ခြောက်နှစ်အရွယ်မှာမှ ပေကျင်းတက္ကသိုလ်ဝင်ခွင့်ရခဲ့တာ၊ လုနန်ကတော့ ဆယ့်လေးနှစ်နဲ့ လုပ်နိုင်ခဲ့သည်။ ဒါရိုက်တာရဲ့ သူမက ကလေးဘဝကတည်းက ဉာဏ်ကြီးရှင်လို့ ပြောတဲ့ စကားက ချဲ့ကားပြောတာ မဟုတ်ပေ၊ သူမက တကယ်ပဲ ဒီဘွဲ့နာမနဲ့ ထိုက်တန်သည်။
ဒါကြောင့် လုနန်က လိမ်တာလည်းမဟုတ်ဘူး၊ ကြွားတာလည်းမဟုတ်ဘူး။ တကယ်တမ်းကျတော့ သူမက တော်တော်လေး နှိမ့်ချတတ်သေးတာ၊ ဖေးကျန့် စာရင်းသွင်းပြီးတဲ့အထိ သူမ အောင်မြင်မှုတွေကို ဘာမှမပြောခဲ့ပေ။
ဖေးကျန့်နဲ့ တခြားသူတွေက စိတ်လှုပ်ရှားစရာသတင်းကို နားလည်အောင် ကြိုးစားနေတုန်း ရှောင်ကျောက်က ထပ်ဖြည့်လိုက်သည်။ “စာပေရေးရာ ဌာနက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လုနန်က သမိုင်းကို ပိုစိတ်ဝင်စားပုံရတယ်။ သူ့ရဲ့ ဒုတိယနှစ်မှာ ပထမအဆင့်ရပြီး သမိုင်း ဌာန ကို ပြောင်းခဲ့တယ်။”
ဒါကလည်း ကြွားဝါမှု တစ်မျိုးပင်၊ တခြားသူက သူမအတွက် ကြွားပေးခြင်းဖြစ်သည်။
ဖေးကျန့်နဲ့ တခြားသူများ - “…” သမိုင်းဌာနကို ဝင်တာ အဲ့လောက် လွယ်လား။ သူတို့ ဘာလို့ မသိကြတာလဲ။
အခန်းဖော်သုံးယောက်က လုနန်ကို ရှုပ်ထွေးတဲ့ မျက်နှာအမူအရာတွေနဲ့ ကြည့်လိုက်ကြသည်။ သူတို့အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ကျောင်းကို ဝင်ခဲ့ကြကာ၊ တစ်ဦးချင်းစီက သူတို့ရဲ့ ပြည်နယ်နဲ့ မြို့အသီးသီးက ထိပ်တန်းကျောင်းသားတွေ ဖြစ်ကြသည်။
တိုတိုပြောရရင် သူတို့အားလုံးမှာ ကိုယ်ပိုင်မာနတွေရှိပြီး ဘယ်သူ့ကိုမှ အလွယ်တကူ အထင်ကြီးတတ်သူတွေ မဟုတ်ကြပေ။ သို့သော် သူတို့ ဘယ်လောက်ပဲ ပါရမီရှိရှိ ဆယ့်လေးနှစ်အရွယ်မှာတော့ ကျောင်းဝင်ခွင့်ရနိုင်ခဲ့ခြင်း မရှိခဲ့ချေ။
လုနန်က ရှောင်ကျောက်၏ ချီးကျူးစကားတွေကြောင့် အနည်းငယ် ရှက်ရွံ့နေခဲ့ပြီး ချီးကျူးမှုတွေက သူမကို လွှမ်းမိုးလုနီးပါး ဖြစ်နေခဲ့သည်။