Chapter 39
Vol. 4 Ch. 39
အားလုံးကို ဆန်းစစ်ကြည့်ပြီးနောက် လုနန်သည် ရှန့်ယီမေ့နှင့် သူမအကြား အကျိုးစီးပွားပဋိပက္ခ တစ်စုံတစ်ရာ မရှိကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမ ရှေ့တွင် လုံးဝ တည်ငြိမ်နေခဲ့သည်။
သို့သော် ရှန့်ယီမေ့ ကတော့ ဖေးကျန့် အတွက် ရောက်လာတာ သေချာတာကြောင့် သူမ ဘေးဖယ်နေတာ အကောင်းဆုံး ဖြစ်နိုင်သည်။
လုနန်က နှုတ်ဆက်ဖို့ စဉ်းစားနေတုန်း ဖေးကျန့်ရဲ့ အသံက အေးစက်စက်ပဲ ရှိနေတုန်းပင်။
"အခု ကျွန်တော့်ကို တွေ့ပြီးပြီဆိုတော့ ဘာဆက်လုပ်မှာလဲ"
ရှန့်ယီမေ့က လုနန်ကို လှမ်းကြည့်ရင်း မျက်နှာပျက်သွားပြီး ဆူလိုက်သည်။
"ရှောင်ကျန့်! မင်း အမေကို ဒီလို ပြောတာလား။ မင်းရဲ့ ယဉ်ကျေးမှုတွေ ဘယ်ရောက်သွားပြီလဲ"
ဖေးကျန့် သက်ပြင်းရှိုက်လိုက်သည်။
"အမေ၊ လာပေးတာ ကျေးဇူးတင်ပါတယ်။ အခု ကျောင်းဖွင့်ပွဲတက်ရမယ်။ ရက်အနည်းငယ်ကြာရင် လာလည်မယ်နော်၊ ရလား"
"ကောင်းပြီ။" ရှန့်ယီမေ့ ခဏတာ တွေဝေသွားပြီး ဆံပင်တစ်ချောင်းကို နားနောက်သို့ ပေါ့ပေါ့ပါးပါး သပ်လိုက်သည်။ ထို့နောက် သူမက မေးလိုက်သည်။
"မင်းအဖေ ဒဏ်ရာရတယ်လို့ ကြားတယ်။ ပြင်းပြင်းထန်ထန် ထိခိုက်မိတာလား။ အိမ်မှာ ဘယ်လို ပြုစုစောင့်ရှောက်လဲ။ သူ့မိန်းမအသစ်က..."
ဖေးကျန့် ၏ မျက်နှာသည် အမူအရာမဲ့သွားပြီး သူ့အသံမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။
"အဖေ ကောင်းပါတယ်။ သူ လက်ထပ်လိုက်ပြီး မိထွေးက ပြုစုစောင့်ရှောက်ပေးတော့ အဆင်ပြေပါတယ်။ အမေ စိတ်ပူစရာ မလိုပါဘူး။"
ရှန့်ယီမေ့၏ မျက်နှာသည် ခဏတာ ရှုံ့မဲ့သွားသော်လည်း ဖေးကျန့် ဘေးမှ ရင်သပ်ရှုမောဖွယ် အမျိုးသမီးကို မြင်လိုက်ရသည့်အခါ သူမ အလျင်အမြန် ပြန်လည်တည်ငြိမ်သွားသည်။ ယခင်ခေါင်းစဉ်သည် ဆွေးနွေးရန် မသင့်တော်တော့ကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။
ရှန့်ယီမေ့က ဖော်ရွေဟန်ဆောင်သော်လည်း မောက်မာသည့် ပုံစံဖြင့် ပြောလိုက်သည်။
"ရှောင်ကျန့်၊ ဒါ မင်းရဲ့ အတန်းဖော်လား။ သူ့ကို မင်းအမေနဲ့ မိတ်ဆက်ပေးပါဦးလား။"
ဖေးကျန့်က မျက်နှာဖုံးအုပ်ထားချင်စိတ် ပေါက်သွားသည်။ "..." ပြောလိုက်ရင် ထိတ်လန့်သွားမှာ စိုးရတယ်။ ခုနက အမေ အချက်အလက်ယူဖို့ ကြိုးစားနေတဲ့သူပဲ။
လုနန် စဉ်းစားလိုက်သည်။ သူမ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ပြသင့်လား ဒါမှမဟုတ် ဖုံးကွယ်ထားသင့်လား။
အားလုံးကို စဉ်းစားပြီးနောက် ဖုံးကွယ်ထားဖို့ မလိုအပ်ဘူးလို့ သူမ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမက ဖုံးကွယ်ထားရမယ့်သူ မဟုတ်။ သူမ ပြုံးလိုက်ပြီး ရှန့်ယီမေ့ ကို ကြည့်ကာ ပြောလိုက်သည်။
"ကောင်းသောနေ့ပါ၊ မစ္စ ရှန့်။ ကျွန်မ နာမည် လုနန် ပါ။ ဖေးကျီအန်း ရဲ့ ဇနီးပါ။"
ရှန့်ယီမေ့ - "..."
ဖေးကျန့် - "..." အိုး၊ ဒီလိုတည်ငြိမ်မှု... မိထွေးတွေက တကယ်ကို ထူးဆန်းတာပဲ။
ထူးဆန်းသော တိတ်ဆိတ်မှုက သူတို့အပေါ် လွှမ်းခြုံသွားသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ရှန့်ယီမေ့သည် သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးလုနီးပါး ဖြစ်သွားပြီး ဝိညာဉ်တစ်ပါးကို မြင်လိုက်ရသလို လုနန် ကို စိုက်ကြည့်ရင်း မေးလိုက်သည်။
"နင် .. နင်"
လုနန်က စိတ်ရှည်လက်ရှည်ဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်မ လုနန်ပါ၊ ဖေးကျီအန်းရဲ့ လက်ရှိဇနီးပါ။"
ရှန့်ယီမေ့က တုန်တုန်ယင်ယင်နဲ့ ခဏလောက် စကားတွေထစ်အပြီး စကားလုံးတစ်လုံးမှ ထွက်မလာတော့။ ခုနက သူမ လုပ်ခဲ့တဲ့အရာတွေကို ပြန်တွေးကြည့်ရင်း ခေါင်းထဲမှာ မူးနောက်သွားသည်။ သူမက အမြဲတမ်း လှပ ကျက်သရေရှိခဲ့ပေမဲ့ ခုလို ရှက်ရွံ့ဖူးတာ တစ်ခါမှ မရှိခဲ့ပေ။ သူမ ကိုယ့်ကိုယ်ကိုရော၊ ဖေးကျန့် နဲ့ လုနန် ကိုရော ဒေါသထွက်နေခဲ့သည်။
လုနန်က တမင်တကာ တိတ်ဆိတ်နေပြီး သူမ ကိုယ့်ကိုယ်ကို အရှက်ခွဲခြင်းအား စောင့်ကြည့်နေတာလို့ သူမ သံသယရှိခဲ့သည်။ ရှန့်ယီမေ့က သူမရဲ့ စိတ်ပျက်အားငယ်မှုကို မျိုချလိုက်ပြီး သူမရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းလိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မ လုပ်စရာရှိသေးတယ်။ နောက်တစ်ခါမှ စကားပြောကြတာပေါ့။"
"ဖေးကျန့်၊ အမေ အရင်သွားပြီနော်။ သား စာကြိုးစားရမယ်နော်၊ ဟုတ်ပြီလား" ပြောပြီးတာနဲ့ ဖေးကျန့် ပြန်မဖြေခင်မှာပဲ သူမ အလျင်အမြန် ထွက်သွားတော့သည်။
လုနန်က ဖေးကျန့် ကို ကြည့်လိုက်တော့ ဖေးကျန့် က သူပခုံးတွန့်ပြလိုက်သည်။ သူ့အမေက အဲလိုလူမျိုးပင်။ သူမက အရမ်းကို အစွမ်းထက်တယ်လို့ အမြဲထင်နေပေမယ့် တကယ်တော့ တစ်ချက်တည်းနဲ့ အလွယ်တကူ အနိုင်ယူလို့ရ၏။ ဒါပေမဲ့ သူမရဲ့ မျက်နှာအမူအရာကို ကြည့်ရင်တော့ ပြန်ရောက်တဲ့အခါ ပြဿနာတချို့ ရှိလာလိမ့်မည်။
ဘယ်သူက ပြဿနာရှာမလဲဆိုတော့ သူမကို ချစ်ခင်စုံမက်သူတွေကပဲ ဖြစ်မှာပေါ့။
လုနန်သည် ဖေးကျန့်၏ မိခင် ရှန့်ယီမေ့နှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် သူမအပေါ် အထွေထွေအမြင်တစ်ရပ်ကို လျင်မြန်စွာ ရရှိလိုက်သည်။ ဖေး မိသားစုနှင့် ရှန့်ယီမေ့ ကိုယ်တိုင် နှစ်ဦးစလုံးက ဖေးကျီအန်းနှင့် ပြန်လည်သင့်မြတ်ရန် မျှော်လင့်ခဲ့ကြပုံရသည်။ ကံမကောင်းစွာဖြင့် ဖေးကျီအန်းက ထိုစိတ်ခံစားချက်များကို ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ပေ။
သူမရောက်လာခြင်းက သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ဖျက်ဆီးခဲ့သည်။ ဒါကြောင့်လည်း ဖေးမင်ရှက အမြဲတမ်း အပြစ်ရှာပြီး သူမကို ဒုက္ခပေးနေတာပင်။
အခြေအနေတစ်ခုလုံးကို နားလည်ပြီးနောက် လုနန် သည် ဖေး မိသားစုကိစ္စများတွင် လုံးဝဝင်မစွက်ဖက်ရန် ပိုမိုဆုံးဖြတ်ခိုင်မာသွားသည်။ ဖေးကျီအန်း၏ မိဘများနှင့် ညီမဖြစ်သူက သူမကို ဝင်မစွက်ဖက်သရွေ့ သူတို့ဘာလုပ်ချင်ချင် လုပ်နိုင်ကြသည်။ သူမကို ရင်ဆိုင်ရန် ရဲရဲတင်းတင်း လုပ်လာပါက သူမလည်း ခံနိုင်ရည်ရှိရှိ ရင်ဆိုင်မည်ဖြစ်သည်။
ရှန့်ယီမေ့ အတွက်ကတော့ ဖေးကျန့်ရဲ့ အမေဖြစ်နေတာကြောင့် လုနန်က အများကြီး မှတ်ချက်မပေးဖို့ ဆုံးဖြတ်လိုက်သည်။
လုနန်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကျောင်းဘက်ဆီကို အေးအေးလူလူ လျှောက်သွားရင်း ပြောလိုက်သည်။
"သွားကြစို့။ ဖွင့်ပွဲတက်ရမယ်လို့ မင်းပြောခဲ့တာ မဟုတ်လား"
ဖေးကျန့် စိတ်ရှုပ်ထွေးသွားပြီး သူမနောက်ကို အမြန်လိုက်ကာ မေးလိုက်သည်။
"စိုးရိမ်မနေဘူးလား"
လုနန်က သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ဘာကို စိုးရိမ်ရမှာလဲ"
ဖေးကျန့်က ရှားရှားပါးပါး တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်အမေနဲ့ အဘိုးအဘွားတွေ၊ အဒေါ်တို့က ဆက်ဆံရေးကောင်းတယ်။ သူတို့က အမေနဲ့ အဖေကို ပြန်ပေါင်းစေချင်တာ။ အဲဒါကြောင့်လည်း ခင်ဗျားကို ရန်လိုနေကြတာ။ ကျွန်တော့်ကို ဖယ်လိုက်ရင် မိသားစုဝင်အားလုံးက ခင်ဗျားကို လက်မခံကြဘူး။ ခင်ဗျား ဘာမှ မပူပန်ဘူးလား"
လုနန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။ "မင်း အဘိုးအဘွားတွေနဲ့ အဒေါ်က မင်းမိဘတွေကို ပြန်ပေါင်းစေချင်တယ်လို့ ပြောခဲ့တာ။ အောင်မြင်ခဲ့လား"
ဖေးကျန့် စကားတွေ ပျောက်သွားသည်။ "အင်း၊ မဟုတ်ဘူး။"
တကယ်တော့၊ နှစ်တွေကြာလာတာနဲ့အမျှ ဖေးကျန့်က ဒါဟာ သူ့အမေရဲ့ တစ်ဖက်သတ် ဆန္ဒသက်သက်ပဲဆိုတာ သဘောပေါက်ခဲ့သည်။ သူ့အဘိုးအဘွားတွေက သူမကို အလိုလိုက်နေတာကြောင့် အခြေအနေက တော်တော်လေး ဆိုးနေခဲ့တာပင်။ သူ လုနန်ကို သတိထားဖို့ သတိပေးချင်လို့ ပြောလိုက်တာဖြစ်သည်။
"ဒါက မင်းရဲ့ ပထမဆုံး မေးခွန်းပဲ။ ငါမရှိတုန်းကတောင် မအောင်မြင်ခဲ့တာဆိုတော့ ငါရှိနေတဲ့ အခုအချိန်မှာတော့ ပိုလို့တောင် အောင်မြင်မှာ မဟုတ်ဘူး။ စစ်မှုထမ်းအိမ်ထောင်ကို ဖျက်ဆီးတယ်ဆိုတာ သာမန်ကိစ္စ မဟုတ်ဘူး။"
လုနန်က "စစ်မှုထမ်းအိမ်ထောင်ကို ဖျက်ဆီးတာ" လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သလိုပဲ ပြောခဲ့ပေမဲ့ ဖေးကျန့် ရဲ့ ကျောရိုးတလျှောက် အေးစက်သွားခဲ့သည်။ သူ့ရဲ့ မိထွေးဟာ ပေါ့ပေါ့တန်တန် သဘောထားလို့ မရတဲ့သူဆိုတာ သူ သဘောပေါက်သွားသည်။ ကိစ္စတွေ ရှုပ်ထွေးလာမယ်ဆိုရင် အကျိုးဆက်တွေက သူတို့ဘက်က အဆင်ပြေမှာ မဟုတ်ဘူးလို့ သူ ခံစားလိုက်ရသည်။
"မင်းရဲ့ ဒုတိယမေးခွန်းကတော့.. မင်းအဖေက မင်းရဲ့ အဘိုးအဘွားတွေနဲ့ ဝေးဝေးနေသင့်တယ်လို့ ငါ့ကို ပြောပြီးသားပဲ။ ဒီလိုဆို ငါ အနည်းဆုံးတော့ ပြဿနာရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ရှောင်နိုင်တယ်။ သူတို့ကို ငါ မတွေ့ရင် သူတို့ရဲ့ ငါ့အပေါ် သဘောထားက ဘယ်လိုလုပ် ရန်လိုနိုင်မလဲ"
လုနန်က သူ့လက်ချောင်း ငါးချောင်းကို မြှောက်ပြပြီး ပြောလိုက်သည်။
"နောက်ထပ် ငါးဆယ်ရာခိုင်နှုန်းကတော့ မင်းအဒေါ်ဒါမှမဟုတ် အဘွားက ငါ့ကို ဒုက္ခပေးမလားဆိုတာပေါ် မူတည်တယ်။ သူတို့ ငါ့နောက်လိုက်လာရင်တော့ ငါက သူများကို အနိုင်ကျင့်တာကို ခံမယ့်သူလို့ ထင်နေလား"
လုနန်က လက်ချောင်းများကို လက်သီးဆုပ်လိုက်ပြီး၊ ကျန်လက်ဖြင့် သူမ၏ လက်ဆစ်များကို ချိုးလိုက်သည်။ ထို့နောက် သူမက တောက်ပသော အပြုံးတစ်ခုဖြင့် သူမ၏ သွားဖြူဖြူများဖြင့် ပြုံးပြလိုက်ရာ သူမက ရယ်စရာပြောနေသည့် ပုံပေါ်နေသည်။
ဖေးကျန့် - "..." ခွင့်လွှတ်ပါ၊ ကျွန်တော် ခင်ဗျားကို စိတ်မပူသင့်ပါဘူး၊ ကျွန်တော့်ရဲ့ ရူးကြောင်ကြောင် ဒေါ်လေးနဲ့ ဘက်လိုက်တဲ့ အဘွားကို စိတ်ပူသင့်တာပါ။
သူ လုနန်ကို ပုံမှန်စိတ်နဲ့ မဆုံးဖြတ်သင့်ဘူးဆိုတာ သူသိသည်။ လုနန်ကို သတိထားဖို့ သူ သတိပေးဖို့ ကြိုးစားနေတာကို သူမက စိန်ခေါ်လာရင် ပြန်တိုက်ခိုက်မယ်လို့ ပြောနေတာလားဆိုတာ သူ သဘောပေါက်သွားတဲ့အခါ သူ့မျက်နှာ ဖြူဖျော့သွားသည်။
သူ လုနန် အကြောင်း သိသလောက်ဆိုရင် သူမက တကယ်ပဲ အဲလိုလုပ်နိုင်စွမ်းရှိသည်။
လုနန်လို မိန်းကလေးမျိုး ဘယ်လိုလုပ် ရှိနေနိုင်တာလဲ။
ဖေးကျန့်သည် အလွန်ရှုပ်ထွေးနေသည်ဟု ခံစားရသည်။ ဒါသည် မကောင်းသောအရာ မဟုတ်။ အမှန်အားဖြင့် လုနန် သည် တက်ကြွသော ရောင်ဝါကို ထုတ်လွှင့်နေသည်။
သူမ သူတို့အိမ်ထဲသို့ ရောက်လာချိန်မှစ၍ ယခင်က တင်းကျပ်နေသော ပတ်ဝန်းကျင်သည် လင်းလက်လာခဲ့သည်။ ယခင်က သူနှင့် သူ့ဖခင်သည် အန်တီစွင်းကို အပြီးသတ် သန့်ရှင်းရေးလုပ်ရန်ပင် စိတ်မဝင်စားခဲ့ကြပေ။
ဒါပေမဲ့ လုနန်က သူသိတဲ့ မိန်းကလေးအများစုနဲ့ မတူချေ။ ဖေးကျန့် ရဲ့ အမြင်မှာ ယောက်ျားကောင်းတွေဟာ မိသားစုကို ထောက်ပံ့ဖို့ ကြိုးစားလုပ်ဆောင်သင့်ပြီး မိန်းမကောင်းတွေကတော့ ကြိုးစား၊ ကြင်နာ၊ နာခံပြီး ယောက္ခမတွေကို လေးစားရမည်။ ဘယ်လောက်ပဲ ခေါင်းမာတဲ့ မိန်းမတွေတောင် လုနန် လို မခံစားရပေ။
ဖေးကျန့် က သူ့ရဲ့ အနာဂတ်ဇနီး ဘယ်လိုဖြစ်မလဲဆိုတာကို တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးဘူး၊ ဒါပေမဲ့ အိပ်မက်မက်ခဲ့ရင်တော့ သူမက ကြင်နာပြီး နူးညံ့မယ်လို့ သူ ထင်ခဲ့သည်။ လူအများစုကလည်း ဒီလိုပဲ ထင်ကြတာပင်။
ဆေးရုံမှာ လွန်ခဲ့တဲ့ တစ်ခါက လုနန်က "နာခံတတ်" တဲ့ အမျိုးအစား မဟုတ်ဘူးလို့ သူ ခံစားခဲ့ရရင် ဒီတစ်ခါမှာတော့ သူမရဲ့ ရှင်းရှင်းလင်းလင်း တုံ့ပြန်မှုက သူ့ရဲ့ ကြိုတင်တွေးခေါ်မှုတွေကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။ ဖေးကျန့်က သူ့ရဲ့ တန်ဖိုးထားမှုတွေ စိန်ခေါ်ခံနေရသလို ခံစားခဲ့ရ၏။
သို့သော် လုနန်သည် ထုံးစံနှင့်မတူဘဲ ပြုမူနေသည်ဆိုလျှင်ပင် လူများနှင့်ဆက်ဆံရာတွင် သူမ နည်း သူမဟန်များရှိသည်။ ထိုနည်းများသည် မသင့်တော်ဟု ထင်ရသော်လည်း သူမနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသူ မည်သူ့ကိုမျှ မသက်မသာဖြစ်အောင် မလုပ်ခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူသည် သူမထံမှ လေးစားမှုနှင့် တန်းတူညီမျှမှုကို ခံစားရသည်။
ဖေးကျန့်က သက်ပြင်းချလိုက်ပြီး သူ့ဖခင်ရဲ့ အနာဂတ်အတွက် စိုးရိမ်နေခဲ့သည်။ သူက လူဆိုးမလေးတစ်ယောက်ကို လက်ထပ်လိုက်မိပြီနဲ့ တူသည်။
လုနန်က ဖေးကျန့် ရဲ့ သက်ပြင်းချသံတွေကို မကြားချင်ယောင်ဆောင်လိုက်သည်။ လမ်းခွဲကို ရောက်တဲ့အခါ သူမ သူ့ကို နှုတ်ဆက်ပြီး သမိုင်းဌာနရဲ့ သင်ကြားရေးအဆောက်အအုံဘက်ကို ဦးတည်သွား၏။
ဒီနှစ်မှာ သမိုင်းဌာနက နှစ်ပတ်လည်ကျောင်းသားသစ်တွေကို အတန်းသုံးမျိုး ခွဲထားသည်။ ရှေးဟောင်းသုတေသန၊ ကမ္ဘာ့သမိုင်း၊ တရုတ်သမိုင်း။ အတန်းတိုင်းက ဘာသာရပ်ရဲ့ မတူညီတဲ့ အချက်အလက်တွေကို အာရုံစိုက်ပြီး လုနန်ကို စိတ်ဝင်စားစေခဲ့သည်။ ဒါက ကျောင်းသားတွေကို သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို လိုက်စားခွင့်ပေးပေမဲ့ ဒီနှစ်မှာ သူမက တတိယနှစ်ကျောင်းသားတွေနဲ့ အတူတူ အတန်းတက်ရတာကြောင့် အဲဒီလို အခွင့်အရေးမျိုး မရနိုင်ခဲ့ချေ။
ပထမဆုံးပို့ချမှုကတော့ ပါမောက္ခ ကျိုးချင်းဟွမ်ရဲ့ ကမ္ဘာ့သမိုင်းအတန်းပဲ ဖြစ်ပါတယ်။ အတန်းငယ်လေးက ပြည့်ကျပ်နေပြီး ပါမောက္ခ ကျိုး ဘယ်လောက် ရေပန်းစားလဲဆိုတာကို ပြသနေသည်။
ပါမောက္ခ ကျိုးသည် သူ၏လူကြိုက်များမှုကို ထောက်ခံနိုင်သော အရည်အချင်းများ အမှန်ပင် ရှိသည်။ သူသည် ချမ်းသာသော နောက်ခံမှ ဆင်းသက်လာပြီး ထူးချွန်သော အရည်အချင်းရှိသူဖြစ်သည်။ နိုင်ငံခြားတွင် အကြိမ်များစွာ ပညာသင်ယူခဲ့ဖူးသည်။ နိုင်ငံခြားဘာသာစကား တစ်ဒါဇင်ကျော်ကို ကျွမ်းကျင်ပြီး သမိုင်းဆိုင်ရာ စာရွက်စာတမ်း အမျိုးမျိုးကို ပြန်လည်ပြင်ဆင်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် နိုင်ငံတွင်းရှိ ထိပ်တန်းတက္ကသိုလ်များစွာတွင် သင်ကြားရန် ဖိတ်ကြားခံခဲ့ရပြီး အတန်းများတွင် စိတ်အားထက်သန်သော ကျောင်းသားများဖြင့် ပြည့်နှက်နေခဲ့သည်။
လုနန်က အစောကြီးရောက်လာပြီး အတန်းဖော်တွေရဲ့ အံ့သြတကြီး ကြည့်နေတဲ့ အကြည့်တွေကြားထဲမှာ ပြတင်းပေါက်နားက နေရာတစ်နေရာကို ရှာတွေ့လိုက်သညါ။ ရုတ်တရက် သူမပခုံးကို နောက်ကနေ လာပုတ်လိုက်သူ တစ်ယောက်ရှိသည်။
"အတန်းဖော်၊ မင်း လုနန်လား"
လုနန် အံ့အားသင့်သွားပြီး သူမကို တစ်ယောက်ယောက်က မှတ်မိနေတာကြောင့် နောက်လှည့်ကြည့်လိုက်သည်။
သူမ မေးခွန်းထုတ်တဲ့ အကြည့်ကို မြင်တော့ ချန်းထိုထို က အမြန် လက်ဆန့်ပြီး ပြောလိုက်သည်။
"မင်္ဂလာပါ၊ မင်္ဂလာပါ၊ ငါက ချန်းထိုထိုပါ၊ ရဲ့ အခန်းဖော် ၂၀၃ အခန်းကပါ။ ငါ မနေ့က နင့်ထက် နောက်ကျမှ အဆောင်ကို ရောက်တာပါ။ သူတို့က ငါတို့ကို တတိယနှစ်မှာ လုနန် ဆိုတဲ့ ကျောင်းသူတစ်ယောက် ရှိတယ်လို့ ပြောတယ်။ ပြီးတော့ လူအုပ်ထဲမှာ အလှဆုံးတစ်ယောက်ကို ရှာခိုင်းတယ်။ အဲဒါ နင်ပဲ ဖြစ်ရမယ်။"
"ပထမတော့ မယုံခဲ့ဘူး၊ ဒါပေမဲ့ ကျန်းရှုယင်း ပြောတာ မှန်တယ်။ နင် တကယ်လှတာပဲ။ ငါတို့ အတန်းထဲက ယောက်ျားလေးတွေတင်မကဘူး၊ မိန်းကလေးတွေပါ စွဲဆောင်ခံရတယ်။"
လုနန်က သူမ အခန်းဖော်အသစ် ရရှိတာကို အံ့အားသင့်သွားသည်။ ချန်းထိုထိုက စကားများတဲ့သူတစ်ယောက်ပင်။ လုနန်က လှပေမယ့် မာနမကြီးတာကို မြင်တော့ သူ့ဘေးမှာ ဝင်ထိုင်ပြီး စကားပြောစပြုသည်။
လုနန်က မမေးရဘဲ ချန်းထိုထိုက သူမရဲ့ နောက်ခံအချက်အလက်တွေကို စိတ်အားထက်သန်စွာ ပြောပြခဲ့သည်။ သူမက ဒေသခံတစ်ဦးဖြစ်ပြီး အိမ်ထောင်မရှိသေးပေ။ မိသားစုမှာ တတိယမြောက်သမီး ဖြစ်သည်။ သူမရဲ့ မိဘတွေက မိန်းကလေး ပိုမမွေးချင်တာကြောင့် သူမကို ထိုထို (သမီး မိန်းကလေး ထပ်မလိုချင်လို့ လုံလောက်ပြီ - ထိုထို လို့ပေးတာပါ) လို့ နာမည်ပေးခဲ့တာပါ။ တစ်နေ့ကျရင် သူ့နာမည်ကို ပြောင်းမယ်လို့ အံကြိတ်ပြီး ပြောခဲ့သည်။
သူမရဲ့ မူရင်းအခန်းဖော်တွေနဲ့ အငြင်းပွားပြီးနောက် ဒေါသတကြီးနဲ့ ရောနှောအိပ်ဆောင်ကို ပြောင်းသွားခဲ့သည်။
ချန်းထိုထိုက လုနန်ကို တိတ်တိတ်လေးပြောပြတာက အဆောင်ထဲကတစ်ယောက်က မနေ့ညက သူမ အိမ်ထောင်ကျပြီး ကလေးရှိနေတာကို ပြောနေကြသည်တဲ့။ သို့ပေမဲ့ သူမ ဒါကို အပြစ်လို့ မယူဆဘဲ လုနန်ကို ရိုးသားစွာ ပြောလိုက်သည်။
"စိတ်အားမငယ်ပါနဲ့။ အိမ်ထောင်ကျတာ ဘာမှ မှားတာ မဟုတ်ဘူး။ ကောလိပ်ကျောင်းသားတွေ အိမ်ထောင်မပြုနိုင်ဘူးလား။ ငါတို့ကျောင်းမှာ အိမ်ထောင်ကျတဲ့သူတွေ အများကြီးပဲ၊ ဒါဆို ဘာလို့ သူတို့အကြောင်း မပြောကြတာလဲ။ ငါထင်တာက သူတို့က နင့်ရဲ့ အလှကို မနာလိုပြီး နင့်ရဲ့ ယုံကြည်မှုကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာပဲ။"
သူမ စကားပြောနေသမျှကာလပတ်လုံး ချန်းထိုထိုက လုနန် ကို စကားဝင်ပြောခွင့် မပေးခဲ့ပေ။
လုနန် - "..."
"ငါ ဘာမှ အားမငယ်တာရော မဖြစ်နိုင်ဘူးလား"
ချန်းထိုထို - "..."
လုနန်က ဆက်ပြောလိုက်သည်။ "မင်းပြောသလိုပေါ့၊ ငါက ဒီလောက်ချောတာဆိုရင် ဘာလို့ စိတ်ငယ်နေရမှာလဲ။ ငါ့ကို ချီးကျူးတဲ့သူတွေတောင် စိတ်အားမငယ်ဘူးဆိုမှတော့ ငါက ဘာလို့ စိတ်အားငယ်ရမှာလဲ။"
ချန်းထိုထိုရဲ့ မျက်လုံးတွေ အံ့သြတကြီး ပြူးကျယ်သွားသည်။
"ဘယ်လိုလုပ်ပြီး..."
လုနန်က အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ငါ ဘာဖြစ်လို့လဲ"
ချန်းထိုထိုက စကားလုံးရှာရ ခက်ခဲစွာ ပြောလိုက်သည်။
"ပုံမှန်ဆိုရင် လူတစ်ယောက် ချီးမွမ်းခံရရင် သူတို့က နှိမ့်ချပြီး ရှောင်ဖယ်တတ်ကြတယ်။ နင်ကတော့... လုံးဝ မနှိမ့်ချတတ်ဘူးနဲ့ တူတယ်။ နင် တော်တော်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာပဲနော်။"
လုနန်က ပြုံးပြီး ပြောလိုက်သည်။"အခုဆို မင်း ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအတွက် စိတ်ပူစရာ မလိုတော့ဘူး မဟုတ်လား"
ချန်းထိုထိုက ဒီအကြောင်းကို စဉ်းစားပြီး သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ အခန်းဖော်အသစ်ကို မတူညီတဲ့ အမြင်နဲ့ စတင်ကြည့်မိတော့သည်။
နေ့လယ်ဘက်တွင် ဖေးကျန့်သည် ကန်တင်းဝင်ပေါက်တွင် လုနန်ကို နာခံစွာ စောင့်နေခဲ့သည်။ လုနန် ရောက်လာသောအခါ သူက သူမ၏ ထမင်းစားလက်မှတ်ကို ယူပြီး အစားအစာများ သွားယူခဲ့သည်။
ချန်းထိုထိုက လုနန်နဲ့ တစ်မနက်လုံး ဆက်ဆံရေးကောင်းလာပြီလို့ ခံစားရတာကြောင့် ကန်တင်းကို သူမနောက်ကနေ လိုက်လာခဲ့သည်။ သူမ လုနန်နဲ့ ချောမောတဲ့ လူငယ်လေးတစ်ယောက် တွေ့တာကို မြင်တော့ ဖေးကျန့်ကို လုနန်ရဲ့ ခင်ပွန်းလို့ ယူဆလိုက်သည်။ သူမ မနာလိုစိတ်နဲ့ ပြောလိုက်မိ၏။
"ညီအစ်မ လုနန်၊ ဒါ နင့်ရဲ့ ခင်ပွန်းလား။ အရမ်းကြည့်ကောင်းတာပဲ! နင်တို့နှစ်ယောက်စလုံး ကောလိပ်ကို အတူတူ တက်ကြတာပေါ့။ ဒါကြောင့်လည်း စောစောလက်ထပ်တာ မထူးဆန်းတော့ပါဘူး။"
လုနန် ခဏရပ်လိုက်ပြီး ပြောလိုက်သည်။ "သူက ငါ့ခင်ပွန်း မဟုတ်ဘူး။ သူ့ကို မင်း... ငါ့မောင်လေးလို့ပဲ သဘောထားလိုက်ပါ"
သူမသည် ဖေးကျန့် နဲ့ သူမရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ဖို့ ကြိုးစားတာ မဟုတ်ဘဲ မလိုအပ်လို့ဖြစ်သည်။ မိထွေးနဲ့ မွေးစားသားက ကောလိပ်ကို အတူတူတက်တယ်ဆိုတာ ခေတ်ဘယ်ခေတ်ပဲဖြစ်ဖြစ် အတင်းအဖျင်းပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်နေမှာပင်။ လုနန် က တခြားသူတွေကို သူမမိသားစုကိစ္စတွေ ပြောဆိုဖို့ အခွင့်အရေး မပေးချင်၊ အထူးသဖြင့် သူမနဲ့ ချန်းထိုထိုတို့က ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မျှဝေဖို့လောက် နီးစပ်တာ မဟုတ်ပေ။
ချန်းထိုထိုက ဒါကို ကြားတော့ ရှက်သွားပြီး အလျင်အမြန် တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်မ နားလည်မှုလွဲသွားတယ်။ သူ အရမ်းချစ်စရာကောင်းတယ်လို့ပဲ ထင်ခဲ့တာ..."
"ကိစ္စမရှိပါဘူး။" လုနန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူမနဲ့ ဖေးကျန့်တို့ ဇနီးမောင်နှံဖြစ်တယ်လို့ နားလည်မှုလွဲခဲ့တာ ချန်းထိုထို တစ်ယောက်တည်း မဟုတ်ချေ။