Chapter 48
Vol. 4 Ch. 48
လုနန်နှင့် အစ်မချင်တို့သည် သဘောတူထားသည့်နေရာ၌ တွေ့ဆုံခဲ့ကြသည်။ မထွက်ခွာမီတွင် အစ်မချင်သည် ရုတ်တရက် စိတ်ထဲ၌ မလုံမလဲ ခံစားလိုက်ရသည်။ သူမက သူမ၏ ဂါဝန်စကို အသာဆွဲကာ ပြောလိုက်သည်။
"ငါ ဒီလိုမျိုးဝတ်ပြီး အပြင်ထွက်သွားရင် တခြားလူတွေက ငါ့ကို တစ်မျိုးပြောကြမလား မသိဘူး။"
လုနန်က လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "ဘယ်ဟုတ်မှာလဲ အစ်မရယ်။ အစ်မ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်လေ။ အစ်မ အခုအရမ်းလှနေတာ၊ လမ်းပေါ်က ဖက်ရှင်ကျတဲ့ မိန်းကလေးထက်တောင် မညံ့ဘူး။"
လုနန်၏ ချီးကျူးစကားကြောင့် အစ်မချင်သည် အလွန်ပျော်ရွှင်သွားသည်။ ကလေးမွေးပြီးသည့်နောက်ပိုင်း ထိုကဲ့သို့သော ချီးမွမ်းခြင်းမျိုးကို သူမ မခံစားခဲ့ရပေ။ သူမစိတ်ထဲတွင် သူမလည်းငယ်စဉ်က အတော်ပင်ချောမောလှပခဲ့သည်ဟု တွေးလိုက်မိသည်။ ရှောင်လု ကတော့ အမြင်ရှိသားဟု သူမ တွေးလိုက်သည်။
သူမသည်လည်း လုနန်၏ ဝတ်စုံနှင့် မိတ်ကပ်ကို သေချာဂရုတစိုက် ကြည့်ရှုလေ့လာကာ အစဉ်သဖြင့် နှိမ့်ချသောလေသံဖြင့် သူမက ပြောလိုက်သည်။
"မင်းက မြှောက်ပြောလွန်းတယ်။ အစိမ်းရောင်ကို ဒီလောက်တောက်ပအောင်ဝတ်နိုင်တာ မင်းတစ်ယောက်ပဲ ငါမြင်ဖူးသေးတယ်။ တခြားသူသာဝတ်ရင် ပုရစ်စိမ်းကြီးကျနေမှာပဲ။"
ကံကောင်းစွာဖြင့် သူမအပြင်ထွက်လာချိန်တွင် ပတ်ဝန်းကျင်၌ မည်သူမျှမရှိပေ။ သို့မဟုတ်ပါက အစ်မချင်သည် သူမအတွက် မုန်းတီးမှုအားလုံးကို ဆွဲဆောင်သွားမည်မှာ သေချာသည်။
သို့သော်လည်း ချီးမွမ်းခံရသည့်အတွက် သူမ အလွန်ပျော်ရွှင်နေမိသည်။ လုနန်က အပြန်အလှန်ပြောလိုက်သည်။
"မဟုတ်တာပဲ! ဒီနေ့မှာ အစ်မက အတောက်ပဆုံးပဲ။ ဒုတိယတပ်မှူး ရှန့် တို့ မိသားစုက အစ်မကိုမြင်ရင်တောင် စိတ်ထဲမှာ အားကျနေမှာ။"
ဤစကားများသည် အစ်မချင်၏ ရင်ကို ထိမှန်သွားလေသည်။ သူမသည် အပြုံးကိုမရပ်တန့်နိုင်တော့ဘဲ ချီးကျူးစကားများက အသစ်တစ်ဖန် ပြန်လည်စတင်ခဲ့သည်။
ထိုနှစ်ယောက်သည် အပြန်အလှန်ချီးကျူးစကားများပြောဆိုရင်း ပျော်ရွှင်နေကြစဉ် လုနန်သည် အစ်မချင်၏ နောက်ကျောဘက်ရှိ လူတစ်ယောက်ကို မတော်တဆ လှမ်းမြင်လိုက်သည်။ သူမသည် ဖေးကျန့် နှင့် ကျန့်ခိုင်ပင်းတို့က သူမနှင့် အစ်မချင်ကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရပြီး သူတို့ ဘာပြောရမှန်းမသိ ဖြစ်နေပုံရသည်။
လုနန် - “…”
အစ်မချင်သည် လုနန်က သူမ၏နောက်ကျောဘက်သို့ တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်ကို သတိပြုမိပြီး နားမလည်ဟန်ဖြင့် လှည့်ကြည့်လိုက်သည်။
အစ်မချင် - “…”
ပတ်ဝန်းကျင်လေထုသည် အနည်းငယ် အသက်ရှူကြပ်စရာဖြစ်သွားပြီး ဆယ်စက္ကန့်ခန့် မည်သူမျှစကားမပြောကြပေ။ သို့သော်လည်း ဖေးကျီအန်း၏ ရှေ့တွင် အမျိုးမျိုးသော အရှက်ရဖွယ် အဖြစ်အပျက်များကို ဖြတ်သန်းခဲ့ဖူးသော လုနန်သည် ထိုကဲ့သို့သော သေးငယ်သည့်အဖြစ်အပျက်များကြောင့် အလွယ်တကူ စိတ်ရှုပ်ထွေးခြင်းမရှိပေ။ သူမသည် လျင်မြန်စွာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး မည်သည့်အရာမျှမဖြစ်ခဲ့သလို ဆက်နေထိုင်ခဲ့သည်။
"နင်တို့က ဘာလို့ဒီကိုရောက်နေတာလဲ။ မလာဘူးလို့ ပြောတာမဟုတ်ဘူးလား။"
ဖေးကျန့်သည် လုနန်၏ ဘာမှမဖြစ်ခဲ့သလို ပြုမူနေပုံကို မြင်ပြီး အံ့အားသင့်သွားသည်။ သူသည် သူမအတွက် လေးစားစိတ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏အရှက်တရားသည် လုနန်၏ သတ္တိကို ဘယ်တော့မှ ကျော်လွန်နိုင်မည်မဟုတ်ဟု သူစိတ်ထဲ၌ တွေးလိုက်သည်။ ဘဝကို ပိုမိုလွယ်ကူစွာ ဖြတ်သန်းလိုပါက သူ့ကိုယ်သူ ပိုမိုမာကျောအောင် လေ့ကျင့်ရန် လိုအပ်ပုံရသည်။
ဖေးကျန့် သည် လျင်မြန်စွာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော် စိတ်ပြောင်းသွားလို့။ ကပွဲက ကိတ်မုန့်လေးတွေက စားကောင်းတယ်လို့ကြားလို့။"
"ဟုတ်လို့လား။" လုနန်က သံသယဖြင့် မေးလိုက်သည်။ ဖေးကျန့်က အလွယ်တကူ စိတ်ပြောင်းတတ်သူတစ်ယောက်မို့လို့လား။ သို့သော် သူမသည် ထိုကိစ္စကို ဆက်မမေးတော့ပေ။ သူလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူမအတွက် များစွာ အရေးမကြီးပေ။
ထိုနှစ်ယောက်သည် အစောပိုင်းက အနေရခက်ခဲ့သည့် အဖြစ်အပျက်များ မဖြစ်ခဲ့သလိုပင် ပေါ့ပေါ့ပါးပါး စကားစမြည်း ပြောဆိုနေကြသည်။ ဤအခြေအနေသည် အစ်မချင်နှင့် ကျန့်ခိုင်ပင်းတို့ သားအမိနှစ်ယောက်ကို ရှုပ်ထွေး နားမလည်မှုထဲ၌ ကျန်ရစ်စေခဲ့သည်။ သူတို့သည် အနေခက်ရမည်လား၊ မခက်ရမည်လား မသေချာဖြစ်နေကြသည်။
နှစ်ယောက်သား အပြန်အလှန်ကြည့်လိုက်ကြရာ တစ်ယောက်၏ မျက်လုံးထဲတွင် အခြားတစ်ယောက်၏ နားမလည်နိုင်မှု အနည်းငယ် ထင်ဟပ်နေသည်ကို မြင်လိုက်ရသည်။
အစ်မချင် - “…”
ကျန့်ခိုင်ပင်း - “…”
အသက်ပိုကြီးပြီး အတွေ့အကြုံပိုရှိသော အစ်မချင်သည် အသာချောင်းဟန့်လိုက်ပြီး ကျန့်ခိုင်ပင်းကို မေးလိုက်သည်။
"မင်းအဖေကို ဖုန်းဆက်ပြီးပြီလား။"
ကျန့်ခိုင်ပင်းသည် သူ၏မိခင်က အဘယ့်ကြောင့် ဤသို့ပြုမူနေသည်ကို နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။ "...ဆက်ပြီးပြီ။"
"မင်းညီနဲ့ ညီမရော။"
"အဘွားက သူတို့ကို အိမ်မှာ ဂရုစိုက်ပေးမယ်တဲ့။"
အစ်မချင်သည် သားဖြစ်သူ၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို မမြင်ချင်ယောင်ဆောင်ကာ ဆံပင်ကို သပ်ရပ်အောင်ပြုပြင်လိုက်ပြီး လုနန်၏ လက်ကို ချိတ်လိုက်သည်။
"ကောင်းပြီ၊ သွားကြစို့။"
သူတို့လမ်းလျှောက်သွားကြစဉ် လုနန်နှင့် အစ်မချင် တို့သည် သူမတို့၏ တက်ကြွသော စကားဝိုင်းကို ပြန်လည်စတင်ခဲ့ပြီး ပျော်ရွှင်ဖွယ်ကောင်းသော ပတ်ဝန်းကျင်ကို ပြန်လည်ဖန်တီးခဲ့သည်။ ကျန့်ခိုင်ပင်း သည် ဖေးကျန့် ကို ကြည့်လိုက်ရာ ဖေးကျန့်က သူ၏ပခုံးကို ပုတ်ကာ သက်ပြင်းချလိုက်သည်။
"အေးလေ၊ ငါတို့က သူ့ကိုမယှဉ်နိုင်တာ ငါတို့အမှားမဟုတ်ဘူး။ ငါတို့ပြိုင်ဘက်က အရမ်းဉာဏ်နီဉာဏ်နက်များလွန်းလို့ပဲ။"
ကျန့်ခိုင်ပင်း - “…” 'သူပြောနေတာတွေကို ငါဘာလို့ တစ်လုံးမှ နားမလည်ရတာလဲ။'
သူတို့လမ်းလျှောက်သွားကြစဉ် လမ်းသွားလမ်းလာများက အစ်မချင်ကို ဖော်ရွေပြီး အထင်ကြီးလေးစားသောအကြည့်များဖြင့် ကြည့်ရှုကြရာ သူမ၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးခဲ့သည်။ ကပွဲသို့ရောက်ချိန်၌ သူမ လုံးဝ စိတ်အေးလက်အေးဖြစ်နေပြီပင်။
ကပွဲကို စက်ရုံ၏ ဧည့်ခန်းမဆောင်တွင် ကျင်းပပြီး လူရာပေါင်းများစွာ ဆံ့သည့် ကျယ်ဝန်းသောနေရာတစ်ခုဖြစ်သည်။ အလယ်ဗဟိုကို ကခုန်ရန်နေရာအဖြစ် သတ်မှတ်ထားပြီး စုံတွဲများသည် တေးဂီတနှင့်အညီ ကခုန်နေကြသည်။ ခန်းမပတ်လည်တွင် အနားယူရန် ဆိုဖာများနှင့် ကုလားထိုင်များရှိပြီး အနီးအနားရှိ စားပွဲတန်းရှည်များတွင် အစားအသောက်နှင့် လက်ဖက်ရည် ဘူဖေးကို တည်ခင်းထားသည်။
ဝင်ရောက်ရန် လက်မှတ်လိုအပ်ပြီး လက်မှတ်မရှိသူများသည် သုံးယွမ်ပေး၍ ဝင်ရသည်။ ဖေးကျန့်သည် လက်ထဲတွင် ငွေသားပါလာသောကြောင့် လက်မှတ်စစ်သူထံသို့ ငါးယွမ်ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သည်။ ကျန့်ခိုင်ပင်းမှာမူ ပိုက်ဆံမပါသောကြောင့် အစ်မချင် ဘက်သို့ လှည့်လိုက်သည်။
အစ်မချင် - “…”
သူမသည် ထိုပိုက်ဆံဖြင့် ဆန်မည်မျှဝယ်နိုင်သည်ကို တွေးမိပြီး သုံးယွမ်သုံးရန် နှမြောနေမိသည်။ "....မင်း ဒီနားတစ်ဝိုက်မှာ လမ်းခဏလျှောက်နေပါလား။"
ထိုနေ့တွင် အဝတ်အစားနှင့် ဖိနပ်များအတွက် ယွမ်ခုနစ်ဆယ်၊ ရှစ်ဆယ်သုံးပြီးနောက် ပိုက်ဆံသည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်ဟု ထင်ရသည်။
ကျန့်ခိုင်ပင်း - “…” ဒါ ငါ့အမေအရင်းပဲ။
လုနန်သည် သူမ၏ အိတ်ထဲမှ သုံးယွမ်နှင့် သူမ၏ လက်မှတ်ကို ထုတ်ယူကာ လက်မှတ်စစ်သူထံသို့ ပေးလိုက်သည်။
"အစ်မ မသိသေးလို့၊ ကျန့်ခိုင်ပင်းက ဒီရက်ပိုင်း ကျွန်မကို အများကြီးကူညီပေးထားတယ်။ ကျွန်မက ကောင်လေး၄ယောက်ကို သူတို့ရဲ့အလုပ်ကောင်းအတွက် ပန်းနီလေးတွေနဲ့ ဆုချဖို့ လက်မှတ်တောင်လုပ်ထားတာ။ ကျန့်ခိုင်ပင်းဆို ပန်းနီလေးတွေ တော်တော်များများရထားတယ်။"
"ပန်းနီလေးတွေကို မုန့်ဖိုးနဲ့လဲလို့ရတယ်လို့ ကျွန်မတို့ ကြိုသဘောတူထားတယ်။ ပန်းတစ်ပွင့်ကို ပြားငါးဆယ်တန်တယ်။ ကျန့်ခိုင်ပင်းက ပန်းခုနစ်ပွင့်ရထားတော့ သုံးယွမ်နဲ့ ပြားငါးဆယ် လဲလို့ရတယ်။ သူက ပန်းခြောက်ပွင့်ကို ကြိုထုတ်သုံးပြီး တစ်ပွင့်ကို သူ့အတွက် သိမ်းထားတယ်လို့ပဲ သဘောထားလိုက်ကြရအောင်။"
ဖေးကျန့်နှင့် ကျန့်ခိုင်ပင်းတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ ဖေးကျန့်သည် သူ့မိထွေးက ထိုသို့သော ကြင်နာမှုကို ပြသလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကျန့်ခိုင်ပင်း မှာမူ အံ့အားသင့်မှုနှင့် အနည်းငယ်ရှက်ရွံ့မှုတို့ဖြင့် လွှမ်းခြုံသွားသည်။
အစ်မချင်က ပြောလိုက်သည်။ "ဟယ်၊ အလုပ်နည်းနည်းပါးပါးလုပ်တာက ဘာမှမဟုတ်ပါဘူး။ အဲဒါအတွက် ပိုက်ဆံဘယ်လိုယူလို့ရမှာလဲ။ ပိုက်ဆံကို သိမ်းထားလိုက်ပါ။"
သူမ၏ သားသည် ဖေး မိသားစုထံ မကြာခဏသွားလည်သည်ကို သူမသိသည်။ သူမသည် သူ့ကို အလုပ်လုပ်ခိုင်းသည်ကို စိတ်မဆိုးပေ၊ အကြောင်းမှာ လူငယ်လေးတစ်ယောက်က ထိုမျှလောက်ကို ကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် လုနန်က အလွန် ရက်ရောလွန်းသည်ဟု သူမ ထင်သည်။ အခြားကောင်လေးများက အကူအညီပေးခြင်းဖြင့် ပိုက်ဆံရနိုင်သည်ကို သိသွားပါက သူတို့သည် သူမ၏ အိတ်ကပ်ကို သေချာပေါက် အပြောင်ရှင်းကြလိမ့်မည်။
လုနန်က ရှင်းပြလိုက်သည်။ "အလုပ်အတွက် ပိုက်ဆံပေးတာမဟုတ်ဘဲ အလုပ်ကောင်းအတွက် ပန်းနီလေးတွေ ဆုချတာပါ၊ ပြီးတော့ ပန်းနီလေးတွေကို ပိုက်ဆံနဲ့ လဲလို့ရတာပါ။"
အစ်မချင်သည် ခြားနားချက်ကို မမြင်နိုင်ဘဲ ပြန်ပြောရန် ဟန်ပြင်နေစဉ် ဖေးကျန့်က ကြားဖြတ်ပြောလိုက်သည်။
"အန်တီ ချင်၊ ရှန့်ကျီမင်လည်း ဒီလိုပဲရတာ၊ အန်တီ ဝမ် တောင် ဘာမှမပြောဘူး။"
ထိုသို့ကြားသောအခါ အစ်မချင်သည် တိတ်ဆိတ်သွားသည်။
သူတို့ရောက်ရှိချိန်သည် ညနေစောင်းနီးပါး ဖြစ်နေပြီဖြစ်သည်။ ဤအချိန်တွင် နေ့လယ်ပိုင်းပွဲသို့ တက်ရောက်သူ အများစုမှာ ပြန်သွားကြပြီဖြစ်ပြီး ညပိုင်းကပွဲသို့ တက်ရောက်မည့်သူများမှာမူ မရောက်ရှိသေးပေ။ စက်ရုံ၏ စားဖိုမှူးသည် တွန်းလှည်းတစ်စီးကိုဆွဲကာ ပန်းကန်များတွင် အစားအသောက်နှင့် သရေစာများကို ပြန်လည်ဖြည့်တင်းနေသည်။
လေးယောက်သား ဘူဖေးစားပွဲဆီသို့ တန်းတန်းမတ်မတ်သွားလိုက်ကြသည်။ ညစာကို နောက်ကျမှ ကျွေးမည့်ပုံပေါ်သောကြောင့် သူတို့သည် ဗိုက်ပြည့်စေဖို့ မုန့်အချို့စားရန် ဆုံးဖြတ်လိုက်ကြသည်။
"ဝိုး၊ အထည်ချုပ်စက်ရုံက မုန့်ဖုတ်ဆရာက တော်တော်လေး လက်ရာကောင်းတာပဲ။ ဖေးကျန့်သည် ပဲစိမ်းကိတ်တစ်ကိုက်စားရင်း ပြောလိုက်သည်။ “အဘွားဝူရဲ့ လက်ရာနဲ့တောင် တန်းတူလောက်ရှိတယ်။"
အဘွားဝူ၏ အမာခံပရိသတ်တစ်ဦးဖြစ်သော ကျန့်ခိုင်ပင်းသည် လျင်မြန်စွာ ကာကွယ်ပြောဆိုလိုက်သည်။
"ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာ! အဘွားဝူရဲ့ မုန့်တွေကို ဘယ်သူမှမယှဉ်နိုင်ဘူး။"
သူ၏ပါးစပ်ထဲတွင် ကြက်ဥအနှစ်ကိတ်များ အပြည့်ရှိနေသော်လည်း...
အစ်မချင်၏ မျက်လုံးများသည် မုန့်အပြည့်ခင်းထားသော စားပွဲကိုမြင်သောအခါ အရောင်တောက်သွားသည်။ သူမသည် အခြားသူများကို လျစ်လျူရှုကာ သူမ၏ သုံးယွမ်တန်ဖိုးကို ပြန်လည်ရရှိရန် သန္နိဋ္ဌာန်ချထားသည့်အတိုင်း သူမ၏ပန်းကန်ထဲတွင် မုန့်များကို တောင်လိုပုံလိုက်သည်။
လုနန်သည် မြည်းလူးလိမ့်မုန့်* တစ်ခု နှင့် အနောက်တိုင်းစတိုင် ဗာဒံစေ့ကိတ်တစ်ခုကို ရွေးချယ်ပြီး လက်ဖက်ရည်တစ်ခွက်ထည့်လိုက်သည်။ မုန့်ဖုတ်ဆရာသည် ပေကျင်းစတိုင် အချိုပွဲများပြုလုပ်ရာတွင် ထူးချွန်သည်မှာ ထင်ရှားသည်။
(Lüdagun (驴打滚) - တရုတ်မှ တိုက်ရိုက်ပြန်ရင် မြည်းလူးလိမ့်မုန့်၊ လိပ်ထားတဲ့ ဆန်ကိတ်ကို အထဲမှာ ပဲနီအနှစ် အစာသွပ်ပြီးကြော်ထားတာပါ ၊ ပြီးတော့ အပေါ်က ပဲမှုန့် ထပ်ဖြူးထားတာပါ၊ ကြော်ပြီးရင် ထွက်လာတဲ့ ပုံစံကြောင့် မြည်းလူးလိမ့်မုန့် လို့ခေါ်တာပါ)
မြည်းလူးလိမ့်မုန့်သည် အဝါ၊ အနီ၊ အဖြူလွှာများဖြင့် ဆွဲဆောင်မှုရှိရုံသာမက နူးညံ့၊ ချိုမြိန်ပြီး စေးကပ်ကာ အလွန်အရသာရှိလှသည်။
သို့သော်လည်း ဗာဒံစေ့ကိတ်၏ အရသာမှာမူ သိပ်စားလို့မကောင်းလှချေ။ ထိုကိတ်သည် မုန့်ဖုတ်ဆရာ၏ ပြင်ဆင်မှုတွင် ဂရုမစိုက်မှုကို ပြသနေသည်။ အစားအသောက် မဖြုန်းတီးရေးမူကို လိုက်နာလျက် လုနန်သည် အချိုပွဲနှစ်ခုလုံးကို တိတ်တဆိတ်စားသုံးခဲ့သည်… ထို့နောက် မြည်းလူးလိမ့်မုန့် နောက်တစ်ပိုင်းကို လှမ်းယူလိုက်သည်။
လုနန်သည် ခေတ္တရပ်တန့်သွားသည်။ ဤသည်မှာ မုန့်ဖုတ်ဆရာ၏ အကြံအစည်ဖြစ်နိုင်လား။ သူမသည် စားပွဲကို ကြည့်လိုက်သောအခါ တရုတ်မုန့်များသည် အနောက်တိုင်းမုန့်များထက် နှစ်ဆပိုများနေသည်ကို သတိပြုမိလိုက်သည်။ အမျိုးအစားနှစ်မျိုးလုံးကို မြည်းစမ်းပြီးနောက် လူအများစုသည် တရုတ်မုန့်များကို ထပ်မံရွေးချယ်လေ့ရှိကြသည်။
“…”
အမှု၏အဖြေမှာ ရှင်းလင်းသွားလေပြီ၊ မုန့်ဖုတ်ဆရာက ကြိုးကိုင်ခြယ်လှယ်နေခြင်းပင်။
လေးယောက်သားသည် ဗိုက်ကိုအမြန်ဖြည့်လိုက်ကြပြီး စားသောက်ပြီးနောက် ကခုန်ရန် အလျင်မလိုကြပေ။ အဲဒီအစား သူတို့သည် ဆိုဖာပေါ်တွင်ထိုင်ကာ လက်ဖက်ရည်သောက်ရင်း အစာကြေအောင်စောင့်နေကြသည်။
လုနန် ထိုင်ချလိုက်သည်နှင့် အမျိုးသားအချို့ သူမထံသို့ ချဉ်းကပ်လာကြသည်။ သူတို့သည် စောင့်ကြည့်နေခဲ့ကြသည်မှာ ထင်ရှားပြီး သူမစားသောက်ပြီးစီးသည်ကို စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်သည်။
အမှန်တကယ်တွင် လေးယောက်သား ဝင်လာသည့်အချိန်ကတည်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ လုနန်သည် ကောင်းကင်ပြာရောင်၊ ခန္ဓာကိုယ်နှင့် တစ်ထပ်တည်းကျသော ဂါဝန်ဖြင့် အလွန်လှပနေပြီး တက်ရောက်လာသူအားလုံး၏ နှလုံးသားထဲသို့ မြူနှင်းမိုးများကဲ့သို့ တိုးဝင်ပျံ့လွင့်သွားခဲ့သည်။
သပ်ရပ်စွာ ဝတ်စားထားသော လူငယ်တစ်ဦးသည် လုနန် ထံသို့ ချဉ်းကပ်လာသည်။ သူသည် သေသပ်စွာမီးပူတိုက်ထားသော ကျုံးရှန့်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရည်မွန်ခန့်ညားသောအသွင်အပြင်ရှိကာ သူ့အိတ်ကပ်ထဲတွင် ဟီးရိုးတံဆိပ် ဖောင်တိန်တစ်ချောင်းရှိသည်။ သူ၏ဝတ်စားဆင်ယင်မှုနှင့် အမူအရာများအရ သူသည် ချမ်းသာသောမိသားစုမှ လာသည်မှာ ထင်ရှားသည်။
"ရဲဘော်၊ ကဖို့ခွင့်တောင်းလို့ရမလား။"
အနည်းငယ်နှေးကွေးစွာ လှုပ်ရှားခဲ့ကြသော အခြားအမျိုးသားများသည် နောင်တရနေကြသည်။ သူတို့တွင် အရည်အချင်းကောင်းများရှိသော်လည်း လုနန်ကို ကရန်ဖိတ်ခေါ်ခဲ့သော ပထမဆုံးလူငယ်နှင့် မယှဉ်နိုင်ကြပေ။ ထို့ကြောင့် မည်သူမျှ ရှေ့သို့ထွက်မလာဝံ့ကြပေ။ အမှန်တကယ်တွင် အချို့မှာ ချဉ်းကပ်ရန်ပင် မဝံ့ရဲကြပေ။ အကြောင်းမှာ လုနန်၏ အလှသည် အမျိုးသားများကို သူမရှေ့တွင်ရပ်ရန် မထိုက်တန်ဟု ခံစားရလောက်အောင်ပင် စူးရှတောက်ပနေသောကြောင့်ဖြစ်သည်။
လုနန် ငြင်းဆန်ခြင်းမပြုမီ ဖေးကျန့်သည် သူတို့နှစ်ဦးကြားသို့ ရုတ်တရက်ဝင်ရပ်လိုက်ပြီး လူငယ်အား လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"ရဲဘော်၊ ခင်ဗျားလူမှားနေပြီ။ သူမက ကျွန်တော့်အမေ၊ ပြီးတော့ သူမက အိမ်ထောင်ရှိပြီးသား။"
လုနန် - “…”
လူငယ်လေးသည် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားပြီးနောက် ရယ်လိုက်သည်။
"ညီလေး၊ ကိုယ်ကတော့ မျှမျှတတ ယှဉ်ပြိုင်ချင်တယ်။ ဒါပေမဲ့ ကိုယ့်ကို နောက်ဆုတ်သွားအောင်တော့ ဒီလို လျှောက်ပြောလို့မရဘူးလေ။ အခုသာ ကိုယ်က လက်လျှော့လိုက်ရင် ကိုယ့်ကိုကိုယ် အရူးဖြစ်သွားအောင် လုပ်လိုက်သလို ဖြစ်သွားမှာပေါ့။"
သူ၏စကားများသည် ဖေးကျန့်ကို ရည်ညွှန်းနေသော်လည်း သူ၏အကြည့်သည် လုနန် ဘက်သို့ ရောက်သွားသည်။
ထိုအချိန်တွင် လုနန်သည် ဖေးကျန့်၏အကြံအစည်ကို နောက်ဆုံးတွင် သဘောပေါက်သွားသည်။ သူသည် လူတိုင်း၏ ရှေ့တွင် သူမအိမ်ထောင်ရှိကြောင်း အော်ဟစ်ပြောဆိုနေခြင်းမှာ မည်သူမျှ သူမကို ကရန် မဖိတ်ခေါ်ဝံ့စေရန် ဖြစ်သည်။ ဖေးကျန်၏ ဆိုးသွမ်းသော သဘာဝကို သိသောကြောင့် ယနေ့ညတွင် တစ်စုံတစ်ယောက်က သူမနှင့်ကခုန်နိုင်ခဲ့လျှင်ပင် သူသည် အနှောင့်အယှက်ပေးရန် နည်းလမ်းတစ်ခုခု ရှာဖွေလိမ့်မည်မှာ သေချာသည်။
သူမသည် ဖေးကျန့်ကို ပြုံးပြလိုက်ပြီး သူ့ကို နောက်မှတွေ့မည်ဟု တိတ်တဆိတ် သတိပေးလိုက်သည်။ ဖေးကျန့် မှာမူ မတုန်မလှုပ်ပင် ရပ်တည်နေပြီး ဤသည်မှာ သူ့အဖေ၏ ငါးကီလိုမီတာပြေးရမည့်အပြစ်ဒဏ်မှ သေချာပေါက် လွတ်မြောက်စေလိမ့်မည်ဟု တွေးနေသည်။
လုနန်သည် လူငယ်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ရဲဘော်၊ ကျွန်မရဲ့ချစ်လှစွာသောသားလေးက လိမ်နေတာမဟုတ်ဘူး။ ကျွန်မ တကယ်အိမ်ထောင်ရှိပါတယ်။"
လူငယ်လေး၏ မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ လုနန် ပြောသည်မှာ အမှန်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမသည် သူ၏ဖိတ်ခေါ်မှုကို ငြင်းဆိုခဲ့ပြီးဖြစ်သောကြောင့် သူသည် အခြားမိန်းကလေးတစ်ဦးကို ကရန်ဖိတ်ခေါ်ရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
လုနန်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသူတိုင်းသည် သူမအိမ်ထောင်ရှိကြောင်း ပြောဆိုသည်ကို ကြားလိုက်ရပြီး သူတို့၏ ရည်ရွယ်ချက်များကို လျင်မြန်စွာ ဖိနှိပ်လိုက်ကြသည်။ ကပွဲသည် ဖူးစာရှာဖွေရေး ရည်ရွယ်ချက်အတွက် စီစဉ်ကျင်းပခြင်းဖြစ်ပြီး အိမ်ထောင်ရှိသူများသည် အလိုအလျောက်ပင် ပြိုင်ပွဲမှထွက်သွားရသည်။ ဤခေတ်မှလူများသည် ယေဘုယျအားဖြင့် အလွန်လက်တွေ့ကျကြသည်။
လုနန်ကို ရိုးရိုးရှင်းရှင်း ကခွင့်တောင်းချင်ကြသူများသည် သူမ၏ဘေးတွင်ရပ်နေသော 'အစောင့်' နှစ်ယောက်က ချဉ်းကပ်လာသူတိုင်းကို စူးစိုက်ကြည့်နေသည်ကို သတိပြုမိကြသည်။ ပြဿနာဖြစ်မည်ကိုစိုးရိမ်၍ သူတို့သည် မလိုလားသော်လည်း နောက်ဆုတ်သွားကြသည်။
ကပွဲသည် ပိုမိုစည်ကားလာသည်နှင့်အမျှ လီလင့်ယီ၊ ဝမ်ဟုန့်မျန်နှင့် ကျောက်ရှင်းတို့ကဲ့သို့သော ငယ်ရွယ်သည့် စစ်ဘက်ဇနီးမောင်နှံများ ရောက်ရှိလာကြသည်။ သူတို့ အစ်မချင်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားကြသည်။ ဝမ်ဟုန့်မျန်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးထွက်လုမတတ်ဖြစ်သွားသည်။
လုနန်သည် ဝမ်ဟုန့်မျန်၏ ထိုကဲ့သို့သော မတည်မငြိမ်ဖြစ်နေသည့် အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
အစ်မချင်သည် ထိုတုံ့ပြန်မှုကို လျှို့ဝှက်စွာ ပျော်ရွှင်နေပြီး ဝမ်ဟုန့်မျန်က သူမကို မကြာခဏ လုပ်နေကျပုံကဲ့သို့ပင် ခေါင်းကိုမော့ကာ မာနဖြင့် လှည့်ထွက်သွားသည်။
ညနေပိုင်း၏ အထူးခြားဆုံးအချိန်မှာ ယူနီဖောင်းဝတ် စစ်ဘက်အရာရှိအုပ်စုတစ်စုသည် သူတို့၏ဇနီးများနှင့်အတူ ရောက်ရှိလာပြီး ကပွဲတွင်ပါဝင်လာကြသည့်အချိန်ဖြစ်သည်။ ထိုအချိန်မှသာ လူတိုင်းသည် စစ်သားများလည်း ကခုန်ရန် လာရောက်ကြသည်ကို သဘောပေါက်သွားကြသည်။