နတ်ဘုရားသွေးစက် ( ၁ )
Vol. 6 Ch. 78
ညတစ်ည ကုန်လွန်သွားသည်။
နံနက်ခင်းနေက မွန်းတည့်ချိန်ကဲ့သို့ မပူပြင်းပါသော်ငြား ပြတင်းပေါက်ကို ဖြတ်၍ အခန်းထဲသို့ စူးရှတောက်ပစွာ ဖြာကျလာသည်။
သင် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တံစက်မြိတ်အောက်တွင် မပုန်းကွယ်နေသမျှ နေရောင်ခြည်က မြေပြင်ပေါ် ဖြာကျကာ သင့်အပေါ်လည်း ကျရောက်လာပေမည်။
၎င်းသည် အနွေးဓာတ်ဖြင့် အိပ်မောကျနေသည့်သတ္တဝါအားလုံးကို လှုပ်နိုးချင်ဟန်ရှိသည်။
ရွှီချင်း၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။
ပြတင်းပေါက်အပြင်ဘက်ကို သူ လှမ်းကြည့်လိုက်သည့်အခါ နေရောင်ခြည်တန်းလေးက သူ၏ခန္ဓာကိုယ်ကို ဆင့်ခေါ်နေဟန်တူသည်။ သူ၏သွေးနှင့်ချီများ စီးဆင်းလာပြီး သူ မတ်တတ်ရပ်လိုက်တော့သည်။
သူက အကြောအချင်များ ဖြေလျော့ပြီးနောက် တံခါးကို တွန်းဖွင့်ကာ ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီးထား၍ လေ့လာပြီးနောက် အဝေးသို့ တိုးဝှေ့ပျောက်ကွယ်သွားသည်။
မိုးသောက်ယံကို ကျော်လွန်လာပြီးနောက် မြို့ကြီးသည် ညအခါနှင့်မတူဘဲ ကွဲပြားခြားနားနေတော့သည်။
မနက်စာဆိုင်လေးများ တစ်ဆိုင်ပြီးတစ်ဆိုင် ဖွင့်လာပြီး စျေးဆိုင်များသည်လည်း ဖွင့်လာကြသည်။ လူများသည်လည်း တဖြည်းဖြည်း များပြားလာသည့်တိုင်အောင် အေးစက်စက်အသွင်ဖြင့် ခပ်သုတ်သုတ် သွားလာလှုပ်ရှားနေကြဆဲပင်။ သူတို့ကိုကြည့်ရသည်မှာ ပြင်းထန်သော ဖိအားအောက်တွင် အသက်ရှင်သန်ရန် ရုန်းကန်နေကြရသည့်အလားပင်။
သို့သော်လည်း မြင့်မားသောနံရံများထက်မှနေ၍ ကလေးများ စာအံနေသံများကို ရံဖန်ရံခါ ကြားရသည်။ ယင်းသည် ဤမြို့ကြီး၌လည်း အတိုင်းအတာတစ်ခုအထိ အချုပ်အခြာအာဏာတည်မြဲနေကြောင်း ဖော်ပြနေသည်။
လမ်းများထက်တွင် လျှောက်သွားနေသော ရွှီချင်းသည် သမားတော်ကြီးပိုင် ပြောသည့် အမြွာပန်းပွင့်အကြောင်းကို ရုတ်ခြည်း တွေးမိသွားသည်။ ထိုပန်းပွင့်သည် အလင်းနှင့်အမှောင်အတူယှဉ်တွဲ၍ တည်ရှိနေသည့် ထူးဆန်းသော မြက်ပင်တစ်မျိုးဖြစ်သည်။
“ ဒါက မြို့ကြီးတွေရဲ့ သဘာဝပဲလား ”
လူငယ်များသည် အရွယ်ရောက်ပြီးသားလူများထက် အသစ်အဆန်းများကို လက်ခံချင်တတ်ကြသည်။
ရွှီချင်းသည်လည်း ထိုနည်းတူပင်။ အရာအားလုံးကို လက်ခံရန် သူ့အတွက် အချိန်အကြာကြီး မယူလိုက်ရပေ။ မနက်စာစားပြီးနောက် သူက ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲကျင်းပမည့်အချိန်ကို စုံးစမ်းလိုက်သည်။
ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲအကြောင်းက မြို့ထဲမှလူများအားလုံး သိနေသည့်အရာဖြစ်ပေသည်။ ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲကို နေ့စဉ် မွန်းတည့်ချိန်တွင် ကျင်းပကြောင်း သူ သိလိုက်ရပြီးနောက် တစ်မနက်တစ်ခင်းလုံး ချီရွှဲ့ထုံဂိုဏ်း၏ မြို့ကြီးကို လှည့်ပတ်ကြည့်ရှုရင်း ကုန်ဆုံးလိုက်သည်။ ယင်းသည် သူ၏အလေ့အကျင့်ဖြစ်သည်။
အတန်ငယ် ကြည့်ရှုပြီးနောက် မြို့၏တည်ဆောက်ပုံနှင့် ပတ်သက်၍ သူ အနည်းငယ် နားလည်လာခဲ့သည်။ သူ့အတွက် အချိန်က တိုတောင်းလွန်းပြီး မြို့ကြီးက ကြီးမားလွန်းနေသည်။ မြို့ကြီး၌ ရတနာမုဆိုးစခန်းပေါင်းတစ်သောင်းစာမျှ ရှိသည်။ ထို့ပြင် ချီရွှဲ့ထုံဂိုဏ်းသားများသာ ဝင်ရောက်ခွင့်ရှိသည့် နေရာများစွာ ရှိသည်။
ယင်းအတွက်ကြောင့် အရာအားလုံးကို တစ်ကြိမ်တည်း လေ့လာရန် သူ့အတွက် ခက်ခဲသည်။
မြို့တံခါးကိုသွားသည့်လမ်းကိုတော့ သူ ရှာတွေ့ခဲ့သည်။ သူက လမ်းတစ်လျှောက်ရှိ အဆောက်အအုံများကို မှတ်သားပြီးနောက် ကောင်းကင်ကြီးကို ကြည့်၍ သူ စုံစမ်းထားသည့် စစ်ဆေးပွဲကျင်းပရာနေရာကို လျှောက်လာသည်။
ချီရွှဲ့ထုံဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲတည်နေရာသည် မြို့တောင်ဘက်အစွန်းရှိ အမှန်တရားတောင်တန်းကြီး၏အခြေတွင် ဖြစ်သည်။
တောင်စူးစူး၌ ချီရွှဲ့ထုံဂိုဏ်း၏ တောင်ကြီးခုနစ်လုံး ရှိသည်။ အဝေးမှကြည့်လျှင် စိမ်းစိုစိုသစ်ပင်များကြားတွင် တောင်ထိပ်အသီးသီးကို သွားရာလမ်းခုနစ်သွယ်ရှိနေသည်ကို မြင်နိုင်သည်။
ထိုနေရာ၌ ကျယ်ပြန့်သော ပြည်သူ့ရင်ပြင်တစ်ခုရှိသည်။ လက်ရှိအချိန်တွင် ပြည်သူ့ရင်ပြင်ပတ်လည်ကို အလင်းကန့်လန့်ကာတစ်ခုဖြင့် ဖုံးအုပ်ထားပြီး အပြင်လူများကို တားဆီးထားကာ ဂိုဏ်းဝင်ခွင့်တံဆိပ်ပြားရှိသူများသာ ၎င်းကိုဖြတ်၍ ဝင်လာနိုင်ကြသည်။
ရွှီချင်းရောက်သောအခါ ရင်ပြင်၏ပတ်လည်တွင် လူဒါဇင်ကျော်က စောင့်နေကြပြီဖြစ်သည်။ ထိုလူများအားလုံး အသက်တစ်ဆယ့်ခုနစ်နှစ် သို့မဟုတ် တစ်ဆယ့်ရှစ်နှစ် ပတ်ချာလည်ဖြစ်ကြသည်။ တချို့လူငယ်များ၏အဝတ်အစားများက ဖျင်ကြမ်းထည်များ ဖြစ်ကြပြီး တချို့ကတော့ အဖိုးတန်အဝတ်အထည်များကို ဝတ်ဆင်ထားကြသည်။ ရွှီချင်းကဲ့သို့ ညစ်ပတ်ပေရေနေသော အဝတ်အစားများကို ဝတ်ဆင်ထားသူအနည်းငယ်လည်း ရှိသည်။
သူတို့အားလုံးက စစ်ဆေးပွဲကို ဖြေဆိုရန် နေရာအသီးသီးမှနေ၍ ရောက်လာကြခြင်းဖြစ်သည်။
ရင်ပြင်၏အလယ်ဗဟို၌ သက်လတ်ပိုင်းအရွယ်လူသုံးယောက်က မတ်တတ်ရပ်နေကြသည်။ သူတို့တစ်ယောက်ချင်းစီထံမှ ဝိညာဉ်စွမ်းအားအငွေ့အသက်များက ကြောက်ခမန်းလိလိအဆင့်ကို ရောက်နေပြီး ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးထက် အနည်းငယ် ပို၍ အစွမ်းထက်ဟန်တူသည်။
သူတို့သည် တဟားဟားရယ်မောကာ စကားစမြည်ပြောဆိုနေကြရင်း စစ်ဆေးပွဲစတင်မည့်အချိန်ကို စောင့်နေကြသည်။ သို့သော်လည်း သူတို့အကြည့်များက ဘေးပတ်လည်ရှိ စစ်ဆေးပွဲဖြေမည့်လူငယ်များအပေါ် ရံဖန်ရံခါကျရောက်နေတတ်ပြီး အကောင်းအဆိုးကို ချင့်ချိန်သုံးသပ်နေကြသည့်အလားပင်။
ယင်းမြင်ကွင်းသည် ရွှီချင်းကို ပို၍ သတိကြီးသွားစေသည်။
သူသည် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ မဟုတ်၍ နေရာတစ်နေရာတွင် တိတ်ဆိတ်စွာ နေလိုက်သည်။ ထိုနေရာသည် လူအုပ်နှင့် အဝေးတွင် ရှိနေသည်မဟုတ်သလို အနီးကပ်လည်း မရှိချေ။ သူက မတ်တတ်ရပ်၍ စောင့်နေစဉ် သူ့ပတ်လည်ရှိ စစ်ဆေးပွဲအကြောင်း ပြောဆိုနေကြသော လူငယ်များ၌ ကျင့်ကြံခြင်းအဆင့်တစ်ခုအထိ ရှိကြသည်ကိုလည်း သူ သတိထားမိလိုက်သည်။
အထူးသဖြင့် အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်ပင်။ ထိုလူငယ်လေးသည် ခေါက်ယပ်တောင်တစ်လက်ကို လက်ထဲတွင် ကိုင်ထားပြီး သူ၏အဝတ်အစားများသည်လည်း အဖိုးတန်ကာ လွန်စွာ ချောမောသူလည်း ဖြစ်သည်။ သူသည် ပြုံးရွှင်စွာဖြင့် စကားများ ပြောဆိုနေပေရာ ဘေးပတ်ဝန်းကျင်ရှိ စစ်ဆေးပွဲဝင်မည့်လူများ၏အာရုံစိုက်ခြင်း ခံနေရပေသည်။
“ အားလုံးကို ကျနော် မျှဝေချင်တာလေး ရှိပါတယ် ”
“ ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီးရဲ့ နယ်မြေခုနစ်ခုကို တောင်ထိပ်ခုနစ်လုံးနဲ့ ပိုင်းခြားထားတယ်။ အဲဒီတောင်ထိပ်ခုနစ်လုံးမှာ ကျွမ်းကျင်ပိုင်နိုင်ရာပညာအသီးသီးရှိကြတယ်။ ဒီတော့ တောင်ထိပ်တစ်ခုချင်းစီတိုင်းက ထူးခြားတဲ့ဝိသေသလက္ခဏာအသီးသီးကို ပိုင်ဆိုင်ထားတယ် ”
“ ဥပမာအနေနဲ့ ပြောရရင် သတ္တမမြောက်တောင်ထိပ်က ဆိပ်ကမ်းကို ထိန်းချုပ်တာ။ သူတို့က လုပ်ပိုင်ခွင့်ပိုရပြီးတော့ သူတို့ကျင့်ကြံခြင်းပညာရပ်တွေကလည်း သိပ်ထူးခြားတယ်။ ဒီတော့ အဲဒီတောင်ထိပ်က တပည့်တွေရဲ့ အတိုက်အခိုက်စွမ်းရည်က ကြောက်ခမန်းလိလိပဲ။ သူတို့က တစ်နှစ်ပတ်လုံး တားမြစ်ပင်လယ်ကြီးထဲ လှည့်ပတ်သွားလာနေကြတာ ”
“ နောက်ထပ်ဥပမာတစ်ခုကတော့ ပထမမြောက်တောင်ထိပ်ပဲ။ အဲဒီတောင်ထိပ်က ထူးချွန်တဲ့ ဓားသမားတွေက ဖီးနစ်တားမြစ်နယ်မြေထဲကို ဝင်ပြီး လေ့ကျင့်ကြတယ်။ အဲဒါကြောင့်လဲ သူတို့တစ်ယောက်ချင်းစီတိုင်းက ကြောက်စရာကောင်းလောက်အောင် သွေးအေးတဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်နေကြတယ်။ သူတို့က ပင်လယ်ဘက်ကို သွားလေ့မရှိကြဘူး။ အများစုက တားမြစ်နယ်မြေကိုပဲ သူတို့အုတ်ဂူအဖြစ် သဘောထားကြတာ။ အဲဒီတားမြစ်နယ်မြေထဲမှာ သူတို့က သတ်ဖြတ်ကြပြီးတော့ အဲဒီနေရာမှာပဲ သေကြတယ်လေ ”
“ အဲဒီတောင်ထိပ်နှစ်လုံးကတော့ ချီရွှဲ့ထုံဂိုဏ်းရဲ့ ပင်မကျောရိုးတွေပဲ။ နှစ်စဉ်နှစ်တိုင်း အဲဒီတောင်တွေကို သွားချင်တဲ့လူ သိပ်များတယ်။ ဒါပေမဲ့ တပည့်လက်ခံတဲ့နေရာမှာ အဲဒီတောင်နှစ်လုံးက အင်မတန် စည်းကမ်းတင်းကြပ်တာ။ ကိုယ်က သူတို့ကို ရွေးချယ်ရတာ မဟုတ်ဘူး။ သူတို့က ကိုယ့်ကို ရွေးချယ်တာ။ အထူးဝင်ခွင့်တံဆိပ်ပြားမရှိဘဲနဲ့ အဲဒီတောင်တွေကို မဝင်နိုင်ဘူး ”
“ တခြားတောင်ထိပ်တွေကလည်း ဝင်ခွင့်တံဆိပ်ပြား လိုအပ်တယ်ဆိုပေမဲ့ နည်းလမ်းနှစ်မျိုးနဲ့ ရွေးချယ်တယ်။ လူတစ်ယောက်က စစ်ဆေးပွဲအောင်တာနဲ့ နာမည်စာရင်းတင်သွင်းနိုင်တယ်။ ဆဋ္ဌမမြောက်တောင်ထိပ်ကတော့ လက်နက်တွေလုပ်တယ်။ ပဉ္စမမြောက်တောင်ထိပ်ကတော့ ဝင်္ကပါတွေ၊ အစီအရင်တွေကို ကျွမ်းကျင်တယ်။ စတုတ္ထမြောက်တောင်ထိပ်ကတော့ သားရဲတွေကို ယဉ်ပါးအောင်လုပ်နိုင်ကြတယ်။ ဒုတိယမြောက်တောင်ထိပ်ကတော့ မှော်ဆေးပညာရပ်ကို တတ်ကျွမ်းကြတယ် ”
“ ဒါပေမဲ့ ဘယ်တောင်ထိပ်ကိုပဲ ဝင်နေပါစေ အထူးဝင်ခွင့်တံဆိပ်ပြားမရှိရင်တော့ အခြေတည်အဆင့်ရောက်ပြီး ချီရွှဲ့ထုံဂိုဏ်းရဲ့အကျိုးအမြတ်ခံစားခွင့်ကို မရခင် ကြိုးစားရုန်းကန်ကြရမယ်။ ဘယ်လောက်တောင်ခက်ခဲလဲဆိုရင် ဒီဝင်ခွင့်စစ်ဆေးပွဲကို အောင်ပြီးတဲ့အခါ ကိုယ်တိုင် ကြုံတွေ့ရလိမ့်မယ် ”
လူငယ်လေးသည် ပြုံး၍ သူ့ပတ်လည်ရှိ လူများကို မိတ်ဆက်စကားပြောပြနေသည်။ တချိန်တည်းမှာပင် သူတို့ကိုလည်း သူ လေ့လာအကဲခတ်နေသည်။ မလှမ်းမကမ်းတွင် ရှိနေသော ရွှီချင်းသည် တစ်ဖက်လူ၏စကားများထဲမှ " ကြိုးစားရုန်းြကရမည် " ဆိုသောစကားနှင့် " ချီရွှဲ့ထုံဂိုဏ်း၏ အကျိုးအမြတ်ခံစားခွင့် " ဆိုသောစကားကို သတိပြုမိသည်။ ရှေ့စကားကို သူ အကြမ်းဖျင်း နားလည်ပါသော်လည်း နောက်ပိုင်းစကားကို သူ နားမလည်ပေ။ သူ၏စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေပါသော်လည်း ယခုတွင် ထိုအကြောင်းများ တွေးတောနေရမည့်အချိန် မဟုတ်ပေ။
သူ့အတွက် မည်သည့်တောင်ထိပ်က သင့်တော်မည်ဆိုသည်ကိုသာ အဓိကထား၍ စဉ်းစားရမည်ဖြစ်သည်။
“ ငါက တားမြစ်နယ်မြေနဲ့ ရင်းနှီးတယ် ”
ပထမတောင်ထိပ်က သူနှင့် သင့်တော်သည်ဟု ခံစားနေရပါသော်လည်း သူ၏ဝင်ခွင့်တံဆိပ်ပြားက သတ်မှတ်ချက်ပြည့်မီလားဆိုသည်ကို သူ မသိပေ။