နတ်နဂါးမြို့မှ ချီလင်သားတော် ... ။
Vol. 1 Ch. 1
“ ဖူစုပြက္ခဒိန် သက္ကရာဇ် (၄၃၀)၊ ရှန့်လုံမြို့၊ ရှန်နန်လမ်း၊ ကူမိသားစု စံအိမ်တော်မှာ မင်းကို မွေးဖွားခဲ့တယ် ... မင်းအမည် ချန် ... ။
မင်းမှာ အသက်ရှည်လျားတဲ့ ကံကြမ္မာ ရရှိထားပြီး သက်တမ်းက အခြားသူတွေထက် သာလွန်တယ်။
ထူးခြားတဲ့နက္ခတ်နဲ့ မွေးဖွားတာကြောင့် မင်းမျက်လုံးတွေက အမှောင်ကို ဖြတ်မြင်နိုင်ပြီး ကံကြမ္မာစွမ်းရည်မျိုး ပိုင်ဆိုင်ထားတယ်။
ကိုယ်လုံးကိုယ်ပေါက်ကလည်း အံ့ဖွယ်အစွမ်းနဲ့ မွေးဖွားလာပြီး အရိုးတွေက ရှန်ရှင်းနယ်ပယ်ကို ရောက်ရှိနေပြီ ... ။ ”
***
ရှန့်လုံမြို့ (နတ်နဂါးမြို့) အပြင်ဘက်၊ ရေခဲမြစ်ကမ်းနဘေး။
မြစ်ကြောင်းတစ်လျှောက် အေးခဲနေသော ရေခဲလွှာများလွင့်မျောနေ၏။ မိုးမခပင်များသည် ကမ်းစပ်၌ ယိမ်းနွဲ့နေကြလေသည်။
ထိုအချိန်တွင် သခင်တစ်ပါးနှင့် ကျွန်အဖွဲ့တစ်ဖွဲ့သည် ရေခဲမြစ်ကမ်းနဘေး၌ ရပ်လျက် တစ်ဖက်ကမ်းရှိ လင်းရင်တောင်ကို ကြည့်နေခဲ့ကြ၏။
တောင်ပေါ်တွင် အိုမင်းနေသော တာအိုကျောင်း တစ်ကျောင်းရှိသည်။ ၎င်းသည် တောင်တန်းအမည်ကို အစွဲပြုကာ လင်းရင် ဘုံကျောင်းဟု အမည်ပေးထား၏။
ဗေဒင်ဟောရာတွင် ထိရောက်မှု မရှိသောကြောင့် ဘုံကျောင်းများအနက် လူသူ အရောက်အပေါက် အနည်းဆုံးဖြစ်သည်။
နွေဦးရာသီဖြစ်သောကြောင့် တောင်တန်းကြီးတစ်ခုလုံး မက်မွန်ပွင့်များစွာ ပွင့်ဝေနေသည်။
သခင်သည် အသက် (၁၄)နှစ်ခန့်ရှိပြီး အလွန်ချောမောတင့်တယ်၏။ မျက်ဝန်းများတွင် ငယ်ရွယ်နုပျိုသော အားမာန်နှင့် တက်ကြွမှုများ ပြည့်လျှံကာ အထူးတည်ငြိမ်သည်။
မြင်သူတိုင်းကို စိတ်ချမ်းသာစေ၏။ သူ့ဘေးနားတွင် စာအုပ်တစ်အုပ် ကိုင်ထားသော ကျွန်သည်လည်း အလွန်ချောမောလှပပြီး နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူများရှိသည်။
၎င်းသည်အမျိုးသားတစ်ယောက် ဖြစ်သော်လည်း အမျိုးသမီးများထက် ပို၍ ကြည့်ကောင်းနေသည်။
သခင်ငယ်က အကြည့်ကို ဖြည်းညင်းစွာ ပြန်ရုတ်လိုက်ပြီး ထိုကျွန်ထံ လှည့်ကြည့်ကာ၊
“ ပန်းချီဆရာ၊ ငါဆုံးဖြတ်လိုက်ပြီ။ ”
-ဟု တည်ငြိမ်စွာ ပြောကြား၏။
“ ဟမ့် ... ။ ”
ပန်းချီဆရာက နားရှုပ်သွားသည်။
“ သခင်ငယ်၊ မင်းဘာကို ဆုံးဖြတ်ပြီးတာလဲ။ ”
သခင်ငယ်က လင်းရင်ဘုံကျောင်းထံ မျှော်ကြည့်လျက်၊
“ ငါ တာအိုဘာသာကို ကျင့်ကြံဖို့ ဆုံးဖြတ်ပြီးပြီ ... မပြန်တော့ဘူး။ ”
“ သခင်ငယ် ... ။ ”
ပန်းချီဆရာခမျာ တုန်ယင်သွား၏။ သူသည်ငယ်ကျွန်တစ်ယောက် ဖြစ်သောကြောင့် သခင်ငယ်တွင် မည်သည့်ပြဿနာမျှ မရှိကြောင်း အသိဆုံးဖြစ်သည်။
ပြဿနာတစ်စုံတစ်ရာ ရှိနေလျှင်ပင် သခင်ငယ် အရည်အချင်းဖြင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မည်။ ရှန့်လုံမြို့၏ ချီလင်သားတော် ဟူသော ဘွဲ့သည် အပရိက မဟုတ်ချေ။
အထူးသဖြင့် ထိုချမ်းသာလွန်းသည့် မိသားစုများကြားတွင် အသီးသီးသော မိသားစု ခေါင်းဆောင်များသည် စိတ်ပျက်လက်ပျက်ဖြင့် ၎င်းတို့၏သားသမီးများကို ဤသခင်ငယ်နှင့် နှိုင်းယှဉ်လေ့ရှိကြသည်။
အဆုံးတွင် သူတို့၏သားသမီးများသည် ချီလင်သားတော်နှင့် ကြီးမားသော ကွာဟချက် ရှိနေကြောင်း ဝန်ခံလိုက်ရပေသည်။
“ သခင်ငယ် ... ဒါဘာပြောလိုက်တာလဲ။ ”
“ ငါ ... တာအိုဘာသာကို လိုက်စားတော့မယ်လို့ပြောနေတာ မင်းပြန်ပြီး အဘိုးကြီးဆီ သတင်းပို့လိုက်ပါ။ ”
“ အမ် ... ။ ”
သခင်ငယ်က ပန်းချီဆရာပခုံးကို ပုတ်ကာပြုံးလျက် ရေခဲမြစ်တစ်ဖက်ကမ်းဆီသို့ မျှော်ကြည့်ကာ မြစ်ပြင်ပေါ် လှမ်းတက်သွား တော့သည်။
“ အား ... သခင်ငယ် ... မင်း။”
ပန်းချီဆရာမှ ရုတ်တရက် ထိတ်လန့်စွာအော်ဟစ်ပြီး ကျန်ရစ်ခဲ့လေသည်။
“ ဟားဟားဟား ... စိတ်မပူနဲ့ ငါအဆင်ပြေတယ်။ ”
“ ခရစ် ... ။ ”
ရယ်သံများ ပဲ့တင်နေသောကြောင့် ရေခဲမြစ်ပြင်ပေါ်ရှိ အေးခဲနေသောရေလွှာများ အက်ကွဲသွားတော့သည်။
“ မဟုတ်ဘူး၊ ငါ သခင်ကြီးကို ဘယ်လို သတင်းပို့ရမလဲ ... သူငါ့ကို အသေရိုက်လိမ့်မယ် ပြန်လာပါ သခင်ငယ် ... တောင်းပန်ပါတယ်။ ”
“ မင်းသေရင် ... လင်းရင်တောင်ခြေမှာ အုတ်ဂူကောင်းကောင်းလုပ်ပြီး ထင်းရူးပင်တွေ စိုက်ပေးမယ်၊ အိုး ... နေဦး စိတ်မပူနဲ့ ... မင်းရဲ့ အမေနဲ့ညီမလေးကိုလည်း တောင်ခြေမှာ နေခွင့်ပေးမယ်။ ”
အသံက ဝေးသထက် ဝေးသွားသည်။ အဆုံးတွင် မြစ်တစ်ဘက်ကမ်းသို့ ဆင်းသက်ပြီး သခင်ငယ်ပုံရိပ် ပျောက်ကွယ်သွားတော့၏။
“ ဟမ့် ... ဒါက ။ ”
ပန်းချီဆရာက ချက်ချင်း လန့်နိုးလာပြီး နှလုံးသားသည် အေးစက်နေသော ရေပြင်ကဲ့သို့ အသက်ရှူရပ်သွားခဲ့ချေပြီ။
***
ကူမိသားစု၏ သခင်ငယ်သည် တာအိုကျင့်ကြံရန် လင်းရင်ဘုံကျောင်းသို့ ဝင်ရောက်သွားသည့်သတင်းမှာ ချက်ချင်း ပျံ့နှံသွားလေသည်။
ချီလင်သားတော်သည် ကူမိသားစုအတွက် အမွေဆက်ခံသူ ဖြစ်သည်။ မရေမတွက်နိုင်သော လူများစွာမှ အံ့သြသွားကုန်ကြ၏။
ကူမိသားစုသည် မျိုးဆက်ပေါင်းများစွာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြပြီး နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်နိုင်လောက်အောင် ချမ်းသာကြွယ်ဝသူများဖြစ်၏။
လူများစွာသည် ထိုမိသားစု၏ စီးပွားရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် စိတ်အား ထက်သန်ကြသည်။
ထို့ကြောင့် ချီလင်သားတော်သည် မိသားစုအမွေဆက်ခံခြင်းမရှိဘဲ တာအိုဘုန်းကြီး ဘဝကိုခံယူသွားသည့်အပေါ် နားမလည်နိုင် ဖြစ်လာကုန်တော့သည်။
“ ဟမ့် ... ချီလင်သားတော်က အိပ်ရာထချိန်မှာ သူ့ခေါင်းကို မတော်တဆ တစ်စုံတစ်ရာ ထိမှန်သွားတာများလား။ ”
“ မဖြစ်နိုင်ဘူး၊ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ လှည့်စားခြင်းကို ခံရတာ နေလိမ့်မယ် ဒါကြောင့် ချီလင်သားတော်က ကမ္ဘာကြီးကို စိတ်ပျက်သွားတာ။ ”
“ ငါကြားတာတော့ ချီလင်သားတော်က သာအရင်း မဟုတ်လို့ ကူမိသားစု စီးပွားရေးကို အမွေဆက်ခံခွင့် မပြုနိုင်ဘူးလို့ ကြားတယ်။ ”
လူအချို့က ကောလဟလများ ပြောကြလာသည်။
“ ဒါကြောင့် နောင်မှာ လုပ်ကြံ သတ်ဖြတ်ခြင်းမခံရအောင် စောစီးစီး ဒုက္ခနဲ့ ဝေးရာကို ထွက်ပြေးသွားခဲ့တာပဲ။ ”
ထောင်နှင့်ချီသော လူအများတွင် ကွဲပြားသော အမြင်များ ရှိ၏။ ကျော်ကြားမှုကို ရယူလိုသော လူအချို့သည် ချက်ချင်းပင် ချီလင် သားတော် လျှို့ဝှက်ချက်ဟူသော စာအုပ်များ ညတွင်းချင်း ရေးသားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ကူမိသားစု ခေါင်းဆောင်ကူဖုန်းသည် ပင်မထိုင်ခုံတွင် ထိုင်လျက် ပန်းချီဆရာထံ ကြည့်နေ၏။
“ ဒီကိစ္စ မင်းဆီကနေ သတင်း ပေါက်ကြားခဲ့တာလား။ ”
ပန်းချီဆရာခမျာ ငိုတော့၏။
“ သခင်ကြီး ... ဘယ်လိုလုပ်ပြီး ငါဖြစ်နိုင်မှာလဲ ငါတို့သွားတုန်းက အစေခံတွေ အများကြီး ပါပါတယ်။ ”
ထိုအဖြေကြောင့် ကူဖုန်းရှေ့ရှိ အစေခံများအားလုံး ထိတ်လန့်တကြား ခေါင်းငုံ့ ကုန်ကြသည်။
“ ဟမ့် ... ။ ”
ကူဖုန်းမှ နှာခေါင်းရှုံ့ကာ၊
“ ငါနဲ့စကားပြောရတာ လွယ်လွန်းနေပုံရတယ် မိသားစုစည်းကမ်းကို တချို့က လျစ်လျူရှုချင်နေတာပဲ ...
... စည်းမျဥ်း မလိုက်နာတဲ့လူတွေ ရှိ-မရှိ မသိရသေးပေမယ့် ... မရှိမိဖို့ မျှော်လင့်မိပါတယ် ပန်းချီဆရာကလွဲရင် အားလုံးထွက်သွားကြ။ ”
သို့မှသာ အစေခံများသည် အနည်းငယ် သက်သာရာရကုန်ပြီး လျင်မြန်စွာ ဆုတ်ခွာသွား ကြတော့သည်။
ပန်းချီဆရာသာလျှင် ကူဖုန်းထံ တိတ်တဆိတ်ခိုးကြည့်ပြီး စိတ်မသက်မသာ ဖြစ်ကျန်ရစ်ခဲ့လေသည်။
“ ဒေါက် ... ။ ”
“ ဒေါက် ... ။ ”
“ ဒေါက် ... ။ ”
ကူဖုန်းက စားပွဲခုံကို လက်ချောင်းဖြင့် ပုတ်နေသည်။ ပန်းချီဆရာခမျာ ထိုစည်းချက် အတိုင်း ဝင်သက်ထွက်သက်ကို ရှူထုတ်နေခဲ့မိ၏။
“ ဘုတ် ... ။ ”
“ အောင်မြတ်လေး ... ။ ”
ရုတ်တရက် ကူဖန်းက ရပ်လိုက်ရာ ပန်ချီးဆရာတစ်ယောက် ထိတ်လန့်တကြား အော်ဟစ်ပြီး ပြန်မော့ကြည့်တော့၏။
“ သခင်ကြီး ငါတကယ် မလုပ်ပါဘူး ... ငါလိုက်သွားချင်ပေမယ့် အနားမှာ လှေ မရှိတာ အမှန်ပါ ... ဒါကြောင့် ငါပြန်လာရတာပါ။ ”
ငိုသံကြီးက အခန်းအတွင်း ပဲ့တင်ထပ်နေ၏။
“ မင်းသခင်ငယ်က ... တကယ်ပဲ ရေခဲမြစ်ပြင်ကို ဖြတ်ပျံသွားတာလား။ ”
“ ဟမ် ... ဟုတ် ဟုတ်ကဲ့၊ သခင်ငယ် မြစ်ကိုဖြတ်ပြီးပျံသွားတာ ငါတွေ့လိုက်ပါတယ် ခြေတစ်လှမ်းကို ပေတစ်ရာလောက် ကျယ်ပါတယ်။ ”
ပန်းချီဆရာက ချက်ချင်း ပြန်ဖြေသည်။ ကူဖန်းတစ်ယောက် မျက်ဝန်းများမှေးစင်းလျက် ချက်ချင်းထရပ်လိုက်၏။
“ သွားရအောင် ... မင်းရဲ့သခင်ငယ်ကိုရှာပြီး ငါတို့အိမ်ပြန်ခေါ်ရမယ်။ ”
***