← Chapters

လင်းရင်ဘုံကျောင်း ... ။

Vol. 1 Ch. 2

လင်းရင်ဘုံကျောင်း ... ။

Vol. 1 Ch. 2

လင်းရင်ဘုံကျောင်းတွင် အလွန် ရှေးကျသော မက်မွန်ပင်ကြီး တစ်ပင်ရှိသည်။ နှစ်ပေါင်းရာနှင့်ချီသော သမိုင်းကြောင်းရှိကာ ပင်စည်သည် ကျွဲပေါက်တစ်ကောင် ခန္ဓာကိုယ်နီးပါးရှိ၏။

နွေဦးပေါက်ရာသီရောက်သည်နှင့် မက်မွန်ပင်ပေါ်တွင် ပန်းရောင်အဖူးအပွင့်အချို့ တွဲလောင်းရှိနေပြီဖြစ်သည်။

တာအိုဝတ်စုံဖြင့် လူငယ်လေး တစ်ယောက်သည် ထိုသစ်ပင်အောက်တွင် ရပ်ကာ ရှုခင်းကို မော့ကြည့်ပြီး၊

“ မက်မွန်ပန်းတွေ ပွင့်လာတဲ့အခါ ဘယ်လောက်တောင် ... လှလိုက်မလဲလို့ တွေးမိပါတယ်။ ”

-ဟု ရေရွတ်လိုက်သည်။

ထိုစဉ် ရုတ်တရက် နားရွက်များကို အနည်းငယ်လှုပ်ခတ်လျက် အသံလှိုင်းများ ဖမ်းယူပြီး ခြံတံခါးဆီသို့ လှမ်းကြည့် လိုက်သည်။

ဝမ်းနည်းနေသော အသွင်အပြင်ဖြင့် တာအိုဘုန်းကြီးတစ်ပါး ဝင်ရောက်လာသည်။ ၎င်းအမည်မှာ ချင်းရှဖြစ်ပြီး သူ့အနား ချဉ်းကပ်လာကာ၊

“ မင်းနာမည် လီကောလား။ ”

-ဟု မေးမြန်း၏။

ထိုမေးခွန်းကြောင့် တာအိုလူငယ်က အပြုံးတစ်ပွင့်ဖြင့် ပြန်ကြည့်ကာ ခေါင်းယမ်း ပြလိုက်သည်။

“ ဒါဆို ​ကျိုးချန် ... ။ ”

“ ..... ။ ”

“ စန်းချန် ... ၊ ကျောက်ချန် ... ၊ ဟူချန် ... ။ ”

“ ..... ။ ”

တာအိုချင်းရှမှ အရှုံးမပေးသေးဘဲ နာမည်များ ဆက်တိုက်ရွတ်နေခဲ့သည်။ တာအို လူငယ်မှ ပြုံးရယ်လျက်၊

“ ကူချန် ... ။ ”

-ဟု ပြန်ဖြေလိုက်၏။

လွန်ခဲ့သည့် ရက်အနည်းငယ်က လင်းရင်ဘုံကျောင်းသို့ ဝင်ခဲ့စဉ် သူ သုံးခဲ့သော အမည်မှာ လီချန် ဖြစ်သည်။

ကူချန် အမည်သည် ရှန့်လုံမြို့တွင် ကျော်ကြားလှပြီး တာအိုချင်းရှမှ လက်ခံဝံ့မည် မဟုတ်ကြောင်း သူ သိ၏။

“ သေစမ်း ... ။ ”

သူ့ ဝန်ခံချက်ကို ကြားသောအခါ တာအိုချင်းရှတစ်ယောက် လုံးဝမျှော်လင့်ချက် ကင်းမဲ့သွားပြီး နဖူးပြင်ပေါ်လက်ဖြင့် ပြန်ရိုက်လိုက်တော့၏။

လွန်ခဲ့သော ရက်အနည်းငယ်က ငွေစအနည်းငယ်ကြောင့် ဤလူငယ်အပေါ် လက်ခံမိခဲ့သည်။

ငွေရသည်နှင့် အချစ်ဟောင်းထံ မနက်စောစောသွားတွေ့စဉ် ချီလင်သားတော် သတင်းကို သူကြား၏။

သူသည်လည်း စိတ်ဝင်စားသဖြင့် အနည်းငယ် စုံစမ်းလိုက်ချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး ချက်ချင်း ပြန်လာကာ မေးမြန်းနေမိခြင်း ဖြစ်သည်။

“ သခင်လေး ... ၊ ကျေးဇူးပြုပြီး ငါ့ကို ဒုက္ခမပေးပါနဲ့။ ”

လောဘသည် သူ့ကို ‌ဒုက္ခဖြစ်စေ၏။ တာအိုလူငယ်ကို မျက်ရည်များဖြင့် ကြည့်ကာ တောင်းပန်လိုက်မိသည်။ တာအိုလူငယ်မှ သူ့ပခုံးကိုပုတ်လျက်၊

“ တာအိုချင်း ... စိတ်မပူနဲ့ ... မင်းဘာမှမဖြစ်ပါဘူး။ ”

-ဟု နှစ်သိမ့်ပေးလာ၏။

တာအိုချင်းရှခမျာ ချက်ချင်းပင် စိုးရိမ်သောကကြောင့် အသက်ဆယ်နှစ်ကျော် အိုးစာသွားချေပြီ။

ဤသခင်ငယ်ဟူသည် မည်သူနည်း။ ကူမိသားစု၏ အမွေဆက်ခံသူ ချီလင်သားတော် ဖြစ်သည်။

၎င်းကို လင်းရင်ဘုံကျောင်းတွင် လက်ခံထားခြင်းဖြင့် ကူမိသားစုမျိုးဆက်ကို ဖြတ်တောက်ခြင်းမည်၏။

ကူမိသားစု၏ အဆင့်အတန်းအရ အသံတစ်ချက် မထွက်စေဘဲ သူ့ကို ကမ္ဘာကြီးမှ လုံးဝပျောက်ကွယ်သွားအောင် လုပ်နိုင်၏။

“ ဟား ဟား ဟား ... ။ ”

ကူချန်က တာအိုချင်းရှ၏ ရှုံ့တွနေသော မျက်နှာအမူအရာကို မြင်ချိန်၌ အနည်းငယ် ရယ်မောလျက်၊

“ မင်းမှာ ပြဿနာတစ်ခုခုရှိရင် ငါ့ဆီ တိုက်ရိုက်လာပါ ... ငါမင်းကို ဒုက္ခမပေးပါဘူး တာအိုချင်း ... ။ ”

-ဟု ကတိပေးလိုက်သည်။

“ တကယ်လား ... ။ ”

ကူချန်မှ ခေါင်းညိတ်ပြလိုက်တော့၏။ သို့မှသာ ချင်းရှတစ်ယောက် သက်ပြင်းချလျက် မျက်ဝန်းထောင့်ကနေ ခိုးကြည့်လေသည်။

ဤသခင်ငယ်သည် တာအိုဘာသာကို ကျင့်ကြံရန် အဘယ့်ကြောင့်လင်းရင်ဘုံ‌ကျောင်း ဝင်ရသည်ကို နားမလည်နိုင်ချေ။

“ ဘာမှ ပြောစရာ မရှိတော့ပါဘူး ... ငါအရင်ထွက်သွားတော့မယ် တစ်ခုခုလိုရင် ငါ့ဆီ အချိန်မရွေး လာနိုင်ပါတယ်။ ”

အဆုံးတွင် စိတ်လျော့လျက် တာအိုချင်းရှတစ်ယောက် ထွက်ခွာရန် ကြံရွယ် လိုက်တော့သည်။ ကူချန်မှ ခေါင်းညိတ်ပြီး၊

“ ကျေးဇူးပြုပြီး ... ဆရာ ဆန္ဒရှိသလိုလုပ်ပါ။ ”

-ဟု တုန့်ပြန်လိုက်၏။

လင်းရင်တောင်၏ အမြင့်ဆုံး တောင်ထွတ်ပေါ်တွင် လေနတ်ဘုရားဇရပ် ရှိသည်။ ကူချန်သည် ထိုဇရပ်အတွင်း၌ လက်နှစ်ဖက်နောက်‌ပို့ကာ ကျယ်ပြောလှသော ရှုခင်းများထံ ငေးကြည့်နေခဲ့၏။

ဤနေရာမှနေ၍ လင်းရင်တောင်ခြေ၌ စီးဆင်းနေသော ဟန်မြစ်နှင့် တစ်ဖက်ကမ်းရှိ ရှန့်လုံမြို့ကြီးကို မြင်နိုင်မည်။

ရှန့်လုံမြို့သည် ဖူစုနိုင်ငံ၏ ကျော်ကြားလှသော မြို့ကြီးတစ်မြို့ဖြစ်သည်။ နတ်နဂါးမြို့အဖြစ် အရှေ့တောင်ဘက်တွင် အကြွယ်ဆုံးပေပင်။

လူဦးရေ နှစ်သန်းကျော်ပြီး မြို့တော်ကို ဟန်မြစ်၊ ယန်စီမြစ်နှင့် မဟာတူးမြောင်းဟူသည့် ရေလမ်းသုံးခုဖြင့် ဝန်းရံထားသည်။

မြစ်ကြောင်းများအတွင်း၌ အလွန် ဖွံ့ဖြိုးတိုးတက်သော ကုန်သွယ်သင်္ဘောများဖြင့် စည်ကားလှ၏။

ကူမိသားစုသည် နတ်နဂါးမြို့နှင့် ဖူစုနိုင်ငံတစ်ဝှမ်း ကျော်ကြားသော ကုန်သည် မိသားစုဖြစ်သည်။

ထို့ကြောင့် သဘာဝအတိုင်း သူ့ကို ကူမိသားစု၏ သခင်ငယ်အဖြစ် သတ်မှတ်ကာ မိသားစု၏ ခေါင်းဆောင်အဖြစ် လူတိုင်းမှ လေးစားကြသည်။

ဤအချင်းအရာသည် သူ့ကို တာအိုဘုံကျောင်းသို့ ထွက်ပြေးလာမိစေသည့် အကြောင်းရင်းလည်းဖြစ်သည်။

ယခင်ဘဝတွင် သူသည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်၏။ သို့သော် အဆုံးတွင် အလုပ်ကြိုးစားလွန်ပြီး သေဆုံးခဲ့ရသည်။

ထို့ကြောင့် ဤဒုတိယဘဝတွင် သက်သာပျော်ရွှင်စွာနေရန် ဆုံးဖြတ်ထားသည်။ လူအများထက် သာလွန်သော သက်တမ်းလည်း ပိုင်ဆိုင်ထား၏။

တစ်ဆက်တည်းမှာပင် လက်ရှိဘဝ၏ ဆယ်နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့ရသမျှကို ပြန်ပြောင်းသုံးသပ်နေမိ၏။

ဤကာလအတွင်း သူ့စိတ်ထဲ၌ တစ်ခါတစ်ရံတွင် အသံတစ်သံ ထွက်ပေါ်လာ တတ်သည်။ ၎င်းကို စူးစမ်းသော်လည်း မအောင်မြင်ချေ။

အဆုံးတွင် တစ်ဖက်မှ အသံရှင်သည် ယခုအချိန်အထိ သူ့အပေါ် အန္တရာယ်ပေးခြင်း မရှိသောကြောင့် လျစ်လျူရှုလိုက်သည်။

ဤကမ္ဘာကြီးသည် စိတ်ဝင်စားစရာ ကောင်း၏။ သူ့ကို အသက် (၁၅၀)ကံကြမ္မာဖြင့် ရှန်ရှင်းနယ်ပယ်တွင် မွေးဖွားသည်။

သည့်ပြင် အသက်ရှည်ခြင်း ကံကြမ္မာသည်လည်း တွဲစပ်နေသောကြောင့် အသက်တစ်ထောင် ရှင်သန်ရန် အတွက်ပင် ပြဿနာရှိမည် မဟုတ်ချေ။

သို့သော် လက်ရှိခွန်အားသည် ထိုသို့မြင့်မားသောအဆင့်သို့ ရောက်ရှိခြင်း မရှိသေးချေ။ ၎င်းနှင့်ပတ်သတ်၍မူ သူ့တွင် သံသယများစွာ ရှိနေသည်။

ပထမအချက်မှာ ဖူစုနိုင်ငံသည် ဒေသကြီး(၁၈)ခုဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၌ ခရိုင်များစွာရှိ၏။ နတ်နဂါးမြို့သည် ရှန်နန် ပြည်နယ်တွင်တည်ရှိသည်။

ဖူစုနိုင်ငံတစ်ခုလုံးတွင် လူဦးရေ သန်း(၃၀၀)ကျော် ရှိကာ ဖူစုနိုင်ငံ​ပြင်ပတွင် ၎င်းကဲ့သို့နိုင်ငံ​ပေါင်း ဒါဇင်နှင့်ချီ ရှိ၏။

ထိုနိုင်ငံများ၏ အမည်ကို မည်သူမျှ အကုန်အစင် မသိနိုင်​ချေ။ သာမန်လူများသည် ၎င်းတို့သက်တမ်းအတွင်း ကိုယ့်စီရင်စုအတွင်းမှ ထွက်ခွာရန်ပင် ခက်ခဲချေ၏။

ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင် သူ့သက်တမ်းအပြည့် ခရီးနှင်သော် နိုင်ငံပေါင်း (၁၀)နိုင်ငံကိုသာ သွားရောက်လည်ပတ်ရန် လုံလောက်ပေမည်။

ထို့ကြောင့် ဤကမ္ဘာကြီး၏ ပထဝီဝင် ဒေသများအရ ရှန်ရှင်းအဆင့်သည် ကျင့်ကြံမှု၏ အဆုံးမဟုတ်ဘဲ ယင်းအထက်၌ မြင့်မားသော အဆင့်များ ရှိရပေမည်။

အထက်ပါ အချက်အလက်များသည် ရှန်ရှင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွား ပြီးနောက် သူ ခံစားတွေးတောလာနိုင်သည့် ပထမအကြောင်းအရာဖြစ်သည်။

ဤကမ္ဘာကြီးသည် ထင်သလောက် မရိုးရှင်းချေ။ ဖူစုအင်ပါယာ၏ ပထမတန်းစား မိသားစုအဖြစ် ယူဆရသော ကူမိသားစုသည် ကောင်းကင်အောက်၌ မြူမှုန်တစ်မှုန်သာ ဖြစ်သည်။ ရယ်စရာပေပင်။

တစ်စုံတစ်ဦးသည် အသက်ရှည်ရှည် ရှင်သန်နိုင်ရန် လုံလောက်သော ခွန်အားမျိုး မရှိသော် ကမ္ဘာကြီးကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်မည်မဟုတ်ကြောင်း ပြောနိုင်သည်။

တစ်ယောက်တည်း အတွေးများနေစဉ် အလျင်လိုနေသော ခြေသံတစ်စုံကို သတိထား မိလိုက်သည်။

အဝေးတွင် တောင်တက်လမ်းအတိုင်း တာအိုဝတ်စုံနှင့် ကောင်လေးတစ်ယောက် လှမ်းတက်လာနေ၏။

၎င်းက ဇရပ်ထံမော့ကြည့်ကာ သူ့ကို မြင်ပြီးနောက် ကျေနပ်သွားဟန်ဖြင့် အပြေး ချည်းကပ်လာတော့သည်။

“ စီနီယာ အစ်ကို၊ တောင်ပေါ်ကို လူတစ်ယောက် ရောက်လာနေတယ် ... သူက မင်းအဖေ ဖြစ်ပုံရတယ် ... ဆရာက မင်းကို ဆင်းလာဖို့ ခေါ်ခိုင်းလိုက်တယ်။ ”

***

All Chapters