စိန်အဆင့် ကံကြမ္မာ ... ။
Vol. 1 Ch. 4
လင်းရင်ဘုံကျောင်းရှိ အမွှေးတိုင်များ၏ ရေပန်းစားမှုသည် မကြာသေးမီရက်များအတွင်း ရုတ်တရက် တိုးတက်လာခဲ့သည်။
သာမာန်အချိန်များ၌ပင် တောင်ပေါ်သို့ ဘုရားဖူးများ အများအပြား လာရောက်ကြပြီး နတ်နဂါးမြို့တွင် အကျော်ကြားဆုံး ဘုံကျောင်း စာရင်းဝင်လာချေပြီ။
အကြောင်းပြချက်သည် တန်ခိုးကြီးသော တာအိုဘုန်းကြီးအချို့ ကြွလာခြင်းမျိုး မဟုတ်ဘဲ အနည်းငယ် ရယ်စရာ ကောင်းနေသည်။
အထူးသဖြင့် မြို့တောင်ပိုင်းရှိ အထည်ဆိုင်သမီးသည် နေပူမရှောင်၊ မိုးရွာ မရှောင် တာအိုဘုံကျောင်းသို့ လာရောက် လည်ပတ်ခြင်းမှ စတင်ခဲ့သည်။
သူမ၏ ရည်ရွယ်ချက်သည် ချောမောလှသော တာအိုဘုန်းကြီးငယ် တစ်ပါးကို ကြိတ်ပိုးရန်ဖြစ်၏။
အဆုံးတွင် သည်းမခံနိုင်တော့ဘဲ တာအိုဘုန်းကြီး အိပ်ဆောင်အတွင်း ခိုးဝင်ရန် ကြိုးစားနေသည်ကို ဘုရားဖူးတစ်ဦးမှ မြင်ကာ ဟန့်တားခဲ့ရကြောင်း ကောလဟာလများ ပျံ့နှံ့သွားရသည်။
အဆိုပါသတင်းသည် နတ်နဂါးမြို့တော်အတွင်းရှိ မိန်းမပျိုများစွာကို ချက်ချင်းပင် စိတ်ဝင်စားလာစေ၏။
ထို့ကြောင့် စပ်စုလိုသော မိန်းမပျို တစ်ယောက်သည် သည်းမခံနိုင်ဘဲ လင်းရင် ဘုံကျောင်းသို့ ရောက်ရှိလာကာ၊
“ အိုး ... တကယ်ချစ်စရာကောင်းတယ်။ ”
-ဟု ဆိုလျက် မူးမေ့လဲကျသွားသည်။
ထိုသတင်းသည် လျင်မြန်စွာဖြင့် ထပ်မံပျံ့နှံ့သွားပြီး လင်းရင်ဘုံကျောင်းတွင် အလွန်ချောမောသော တာအိုဘုန်းကြီးတစ်ပါး ရှိနေကြောင်း မိန်းမပျိုများအားလုံး သိရှိကုန်ကြတော့သည်။
မိုးပြာခြံဝင်း။ ကူချန်သည် အခန်း၌ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို ရှူရှိုက်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည်သာ ထိုဝိညာဉ်စွမ်းအင်ကို မြင်နိုင်သော် အရူးအမူး စီးဝင်နေသော အမျှင်များကို မြင်ရပေမည်။
ရှန်ရှင်းနယ်ပယ်သို့ မရောက်မီ ချီကို အာရုံခံခြင်းဖြစ်သည်။ ဤနည်းဖြင့် အတွင်းပိုင်း သန်စွမ်းမှုနှင့် အတွင်းစွမ်းအင်ကို ရရှိနိုင်၏။
ရှန်ရှင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ဤဝိညာဉ်စွမ်းအင်များကို ပမာဏတစ်ခုအထိ သန့်စင်သိမ်းဆည်းထားနိုင်ပေမည်။
“ ဒါက နယ်ပယ်အသစ်လား။ ”
ရုတ်တရက် မျက်လုံးများဖွင့်ပြီး ရေရွတ်လိုက်သည်။ စွမ်းအင်လမ်းကြောင်းများ အတိုင်း စီးဆင်းနေခဲ့သော ဝိညာဉ်စွမ်းအင်သည် မူလနန်းတော်၌ စုရုံးလာနေခဲ့၏။
ယွမ်ဖူခေါ် မူလနန်းတော် တည်ရှိရာနေရာသည် ခန္ဓာကိုယ်၏ လက်လှမ်း မမှီသော ထောင့်တစ်နေရာတွင်ရှိကာ ဖော်ပြရန်ခက်ခဲသည်။
သို့သော် ၎င်းတည်ရှိမှုကို ရှင်းလင်းစွာ ခံစားနိုင်ပြီး စစ်မှန်သောစွမ်းအင်များ ဝင်ရောက် နေမှုအပေါ် ခံစားနိုင်သည်။
“ ဖူစုပြက္ခဒိန် (၄၄၇)နှစ်မြောက်တွင် ယွမ်ဖူနယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ပါပြီ။”
ကျင့်ကြံသူများအတွက် ယွမ်ဖူနယ်ပယ်အတွင်းသို့ ဝင်ရောက်ခြင်းသည် စစ်မှန်သောခြေလှမ်းဖြစ်၏။
“ လေဟာနယ်ဓားသုတ္တန်၊ လျှို့ဝှက်နည်းစနစ်ကို နားလည်သွားပါပြီ။ ”
“ ကောင်းကင်နဲ့ မြေကြီး သန့်စင်ခြင်း သုတ္တန်၊ လျှို့ဝှက်လက်နက် သန့်စင်ခြင်း နည်းစနစ်ကို နားလည်သွားပါပြီ။ ”
“ ချင်းမူ ဖန်ဆင်းခြင်း သုတ္တန်၊ အဂ္ဂိရတ်ပညာ လျှို့ဝှက်နည်းစနစ်များကို နားလည်သွားပါပြီ။ ”
“ ကောင်းကင်သံသရာ မုန်ညင်းစေ့သုတ္တန်၊ လျှို့ဝှက်အစီရင်ဖန်တီးခြင်း နည်းစနစ်ကို နားလည်သွားပါပြီ။ ”
“ ကောင်းကင်သံသရာ မုန်ညင်းစေ့သုတ္တန်၊ လျှို့ဝှက်အစီရင်ဖန်တီးခြင်း နည်းစနစ်ကို နားလည်သွားပါပြီ။ ”
ရုတ်ခြည်းအသံများ ဆက်တိုက် ကြားလိုက်ရပြီး အချက်အလက်များစွာ ဝင်ရောက်လာသည်။
ဤမျှသော အချက်အလက်များ တပြိုင်နက်တည်း ဝင်ရောက်လာခြင်းကြောင့် ဦးခေါင်းတစ်ခုလုံး ကိုက်ခဲနာကျင်လာ၏။
လေကို ဖြည်းညှင်းစွာ ရှူထုတ်လျက် မျက်နှာဖျော့တော့လာကာ ချွေးသီးများစီးကျ လာတော့သည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော အသံရှင်ထံမှ အသိပညာများ ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။
“ မရှိခြင်းဟူသည် ဗလာဖြစ်၏။ ခြေရာမရှိ၊ အရိပ်မရှိ၊လေမရှိ၊ လေဟာနယ်ဖြစ်၏။ သို့သော် လေဟာနယ်အတွင်း အရာရာတည်သည်။ ”
လေဟာနယ်တွင် အရာအားလုံးသည် တည်ရှိပြီး၊ တည်ရှိသမျှသည် မည်သည့်အရာမျှ မရှိချေ။ ဤသည်မှာ လေဟာနယ် ဓားသုတ္တန် ဖြစ်သည်။
“ ကောင်းကင်သည် အဖုံးဖြစ်ပြီး မြေကြီးသည် အိုးတစ်လုံးဖြစ်သည်။ တောင်များ၊ မြစ်များ၊ ရေကန်များနှင့် အရာခပ်သိမ်းသည် အာဟာရဖြစ်၏။ ”
ဤသည်မှာ ‘ကောင်းကင်နှင့်မြေကြီး သန့်စင်ခြင်းသုတ္တန်’ ဖြစ်သည်။
ကမ္ဘာပေါ်ရှိ အရာအားလုံးတွင် ဝိညာဉ်တစ်ခုရှိသည်။ ချင်းမူဆိုသည်မှာ အပင်ဖြစ်၏။
အပင်အားလုံး၏ ဝိညာဉ်များ စုဆောင်းပြီးနောက် သူတို့၏သဘာဝကို ပြန်ပို့ ပေးခြင်းဖြင့် ချင်းမူဖန်တီးခြင်းသုတ္တန် ဖြစ်သည်။
ကောင်းကင်ကြီးသည် စက်ဝိုင်းဖြစ်ပြီး ထိုစက်ဝိုင်းသည် အခြားသောစက်ဝိုင်းများနှင့် ချိတ်ဆက်နေသည်။
ထို့ကြောင့် မုန်ညင်းစေ့တစ်စေ့သည်ပင် စကြာဝဠာကြီး၏ ဝင်ရိုးဖြစ်နိုင်မည်။ ယင်းသည် ကောင်းကင်သံသရာသုတ္တန်ဖြစ်၏။
အထက်ပါအချက်အလက်များသည် ရှင်းထုတ်ထားသော အဓိကအကြောင်းအရာများ ဖြစ်သည်။ သို့သော် ထိုအရာများထက် အာရုံစိုက်စရာတစ်ခု ရှိနေသေးသည်။
မူလနန်းတော် နယ်ပယ်ဟူသည် ကျင့်ကြံခြင်း၏ အစဖြစ်သည်။ ထို့ကြောင့် လက်ရှိ သူရောက်ရှိနေသော နယ်ပယ်သည် ခရီးအစသာ ဖြစ်၏။
“ သေချာပါတယ်၊ ဒီကမ္ဘာကြီးမှာ ကျင့်ကြံမှုမှုလမ်းကြောင်းကို လျှောက်လှမ်းဖို့ ခက်ခဲလွန်းလှတယ်။ ”
ဤကမ္ဘာကြီးသည် အလွန် ကြီးမားသောကြောင့် ရှန်ရှင်းနယ်ပယ်သည် ကျင့်ကြံမှုလမ်းဆုံး မဖြစ်နိုင်ကြောင်း သူ တွေးဆထားပြီး ဖြစ်သည်။
“ ဒီဖူစုနိုင်ငံမှာ မူလနန်းတော်နယ်ပယ် ကျင့်ကြံသူတွေ ရှိနိုင်လား ။ ”
ထိုမေးခွန်းအတွက် အဖြေမရှိချေ။ အခြေခံတည်ဆောက်ခြင်း (၉)ဆင့် ပြီးနောက် ချီစုစည်းခြင်းနယ်ပယ်၊ ရှန်ရှင်းနယ်ပယ် စသည်တို့သည် သူ သိထားသော အဆင့်များဖြစ်သည်။
နှောင်းပိုင်း တည်ဆောက်ခြင်းအဆင့် (၃)ဆင့်ရှိ စစ်သည်တော်များကို ‘သခင်’ဟုပင် ခေါ်ကြသည်။
ချီစုစည်းခြင်း နယ်ပယ်သည် ပညာရှင်ဖြစ်သည်။ ရှန်ရှင်းနယ်ပယ်ကိုမူ ကျွမ်းကျင်သူ အဖြစ် ခေါ်တွင်သည်။
နတ်နဂါးမြို့တော်တွင် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးသာ ရှိသည်။ ၎င်းသည် ကြည်လင်သောနွေဦးဓားနန်းတော်၏ နန်းတော်သခင်ဖြစ်၏။
ကူမိသားစုသည် အထက်တန်းစား ဖြစ်သော်လည်း ဤကျင့်ကြံမှုလောကအတွင်း၌ နေရာမရှိချေ။
အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ကျင့်ကြံသူမိသားစုများသည်သာ စစ်မှန်သော ကျွမ်းကျင်သူများဖြစ်သည်။
အထက်ပါမှတ်ချက်များကို ပေါ့ပေါ့ဆဆ ချမှတ်ခြင်းမဟုတ်ချေ။ ကူမိသားစု မှတ်တမ်း၌ ရှန်ရှင်းနယ်ပယ်အထက်ကို ဖော်ပြချက် မရှိခြင်းမှ အခြေခံထားသည်။
ဆိုလိုသည်မှာ ကူမိသားစုသည် အဆင့်အတန်း မြင့်မားသော ကျင့်ကြံသူများနှင့် ထိတွေ့ဖူးခြင်း မရှိဟု အဓိပ္ပါယ်ရသည်။
ဖူစုမင်းဆက်တွင် သာမန်ပြည်သူပေါင်း သန်း(၃၀၀)ရှိသည်။ ရှန်ရှင်းနယ်ပယ်ဖြင့် ၎င်းတို့ အပေါ် အုပ်စိုးရန် မဖြစ်နိုင်ချေ။
ရှန်ရှင်းအဆင့် ကျွမ်းကျင်သူသည် လူတစ်ထောင်ကို တပြိုင်နက်တည်း အနိုင်ယူ နိုင်သော်လည်း လူတစ်သိန်းအပေါ် တားဆီး နိုင်စွမ်း မရှိသည်မှာ သဘာဝပေပင်။
ထိုသာမာန်လူ သန်း(၃၀၀)တွင် စစ်သည်တော်များ ရောနှောပါရှိ နေတတ်သည်။ လူတိုင်းစည်းကမ်းလိုက်နာသူများ မဟုတ်သဖြင့် ရှန်ရှင်းအဆင့်သည် အုပ်ချုပ်ရန် မလုံလောက်ချေ။
“ ဟမ့် ... ။ ”
ရုတ်တရက် နားရွက်များသည် အနည်းငယ်လှုပ်သွားပြီး မျက်ခုံးပင့်လိုက်မိ လေသည်။
“ လတ်ဆတ်သော လေပြေကလေး ... ။ ”
သူ့ခေါ်သံကြောင့် အသက်ကိုးနှစ်ခန့် ချစ်စရာကောင်းသော တာအိုကောင်လေး တစ်ယောက် ပြေးဝင်လာသည်။
ပါးစပ်ထောင့်တွင် စီးကျနေသော သကြားလုံး အချိုရည်များကို သုတ်လျက်၊
“ စီနီယာအစ်ကို၊ မင်း ဘာလိုချင်လို့လဲ။ ”
-ဟု မေးမြန်း၏။
“ တောင်တံခါးကိုသွားပြီး ... ဘာတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာလဲ ကြည့်လာခဲ့။ ”
“ တောင်တံခါးလား ... ။ ”
တာအိုကလေးငယ်မှ ခဏမျှ ထိတ်လန့်သွားပြီးနောက် သူ့ကိုထူးဆန်းသော အမူအရာနှင့်ပြန်ကြည့်ကာ၊
“ စီနီယာအစ်ကို၊ ဒီနေရာကနေ တောင်တံခါးက တစ်မိုင်လောက်ဝေးပါတယ် မင်းအသံတွေကို ဘယ်လိုလုပ်ကြားနိုင်မှာလဲ။ ”
-ဟု သံသယဖြင့် တုန့်ပြန်သည်။
“ ငါပြောတဲ့အတိုင်း သွားပါ။ ”
“ ဟမ့် ... အခု မြန်မြန်သွားစမ်း ... မင်းဘာလို့ ကျားတစ်ကောင်လို ဒီမှာ ကုပ်တွယ် နေရတာလဲ ... ဟုတ်ကဲ့ ... ။ ”
တာအိုကလေးငယ်မှ သူ့ကိုယ်သူ ငေါက်ငမ်းလျက် ကျောခိုင်းပြီးနောက် ချက်ချင်း လှည့်ထွက်ပြေးသွားလေသည်။
ကူချန်က ကလေးငယ်၏ ကျောပြင်ကို ကြည့်ကာ ကူကယ်ရာမဲ့သော မျက်လုံးများဖြင့် ခေါင်းယမ်းလိုက်တော့၏။
ဤကောင်လေးသည် လွန်ခဲ့သော နှစ်အနည်းငယ်က လင်းရင်ဘုံကျောင်းမှ မွေးစားခဲ့သော မိဘမဲ့တစ်ဦးဖြစ်သည်။
တာအိုချင်းရှသည် ကူချန်အတွက် အလုပ်ကိစ္စများဆောင်ရွက်ပေးရန် ဤနေရာသို့ စေလွှတ်ထားခြင်းဖြစ်၏။
မူလက ငြင်းဆန်လိုသော်လည်း ကံကြမ္မာမျက်လုံးဖြင့် ကလေးငယ်ထံ စစ်ဆေး ကြည့်ပြီးနောက် ခရမ်းရောင် စိန်အဆင့် ကံကြမ္မာ ရှိနေမှန်း သတိပြုမိသည်။
ထိုအဆင့်ကံကြမ္မာကို ပထမဆုံးအကြိမ် တွေ့ရှိခြင်းဖြစ်၏။ ကံကြမ္မာ မျက်လုံးဟူသည် ပုံရိပ်ယောင်များကို မြင်နိုင်ပြီး တစ်စုံတစ်ဦး၏ ကံကြမ္မာအပေါ်လည်း မြင်နိုင်သည်။
ထို့ကြောင့် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ကံကြမ္မာများစွာကို မြင်တွေ့ဖူးပြီး မတူညီသော အဆင့်များကိုပင် ပိုင်းခြားနိုင်ခဲ့သည်။
အနက်ရောင်၊ မီးခိုးရောင်၊ အဖြူရောင်၊ အစိမ်း၊ အပြာ၊ ခရမ်းရောင်၊ ရွှေရောင် စသည်တို့ ဖြစ်ချေ၏။ အကောင်းဆုံးသော ကံကြမ္မာမှာ ရွှေဖြစ်သည်။
သို့သော် ဤကောင်လေးချင်းဖန်၏ ကံကြမ္မာသည် အလွန်ရှားပါးပြီ ‘စိန်’ဟူသော စကားလုံးကြီးဖြင့် ဖော်ပြထား၏။ ထို ‘စိန်’၏ အဓိပ္ပါယ်ကို သူ နားမလည်သေးချေ။
လူအများစု၏ ကံကြမ္မာသည် အနက်နှင့် မီးခိုးရောင်ဖြစ်သည်။ သူ့ဖခင်သည် အစိမ်းရောင် ဖြစ်ပြီး [ဧကရာဇ်] ဖြစ်ချေ၏။
***