← Chapters

မိုးခေါင်မှု ရေရှားခြင်း ... ။

Vol. 1 Ch. 5

မိုးခေါင်မှု ရေရှားခြင်း ... ။

Vol. 1 Ch. 5

ကူဖုန်း၏ကံကြမ္မာသည် ချမ်းသာသော စီးပွားရေးသမားတစ်ဦး ဖြစ်သင့်သည်။ ယင်းက ပို၍ယုတ္တိဆန်၏။ အဘယ့်ကြောင့်ဆိုသော် သူ့အဖေသည် ​စီးပွားရေးအမြင်ရှိသည်။

“ စီနီယာအစ်ကို... စီနီယာအစ်ကို... ။ ”

ထိုအချိန်တွင် သတင်းစုံစမ်းရန် စေလွှတ်လိုက်သော ချင်းဖန်တစ်ယောက် အပြေးအလွှား ပြန်ရောက်လာ၏။

သူ့မျက်နှာတွင် သိသာထင်ရှားသော စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး၊

“ စီနီယာ အစ်ကို ... အပြင်မှာ တစ်ခုခုဖြစ်နေပြီ၊ အခုတောင်တံခါးမှာ လူတွေ အများကြီး ရောက်နေပြီ။ ”

-ဟု အော်ဟစ်တော့သည်။

“ လူတွေလား ... ။ ”

ကူချန်မှ သံသယများဖြင့် တာအိုကလေးငယ်ထံ မျက်မှောင်ကြုတ်ကာ ​​ပြန်ကြည့်လိုက်သည်။

“ ဘာအတွက်လဲ ... ။ ”

“ ဘာအတွက်ရမှာလဲ အငတ်ဘေးသင့် ဒုက္ခသည်တစ်စုပဲ အခု တောင်တံခါးမှာ စုနေပြီး အစာတောင်းနေတယ် ဆရာကြီးလည်း ခေါင်းကိုက်နေ​ပြီ။ ”

ဟန်မြစ်အနောက်ဘက်လွင်ပြင်တွင် ယမန်နှစ်က မိုးခေါင်ရေရှားမှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ရေတွင်းရေကန်များ ခမ်းခြောက်ကာ အခြေခံ အသီးအနှံများ ဆုံးရှုံးခဲ့ရ၏။

နတ်နဂါး​မြို့တွင် မိုးအနည်းငယ်သာ ရွာသော်လည်း မြစ်ကြီးသုံးစင်းရစ်ခွေနေသဖြင့် ရေပြတ်လပ်မှုမရှိရာ ထင်ရှားသော ထိခိုက်မှု မရှိသလောက်​ပေပင်။

“ စီနီယာအစ်ကို၊ အဲဒီကအသံတွေကို မင်းဘယ်လို ကြားလိုက်တာလဲ။ ”

ချင်းဖန်က ထိုဒုက္ခသည်များထက် ကူချန်ကိုပို၍ စိတ်ဝင်စားနေသည်။ ဤအရပ်နှင့် တောင်တံခါးသည် များစွာဝေးကွာလှ၏။

စီနီယာအစ်ကို နေထိုင်ရာ ခြံဝင်းသည် အနောက်ဘက်တွင်တည်ကာ ထိုတံခါးသည် အရှေ့ဘက်တွင်တည်ရှိပြီး ဤနှစ်ခုကြား အကွာအဝေးသည် လင်းရင်ဘုံကျောင်းကြီး တစ်ခုလုံး ခြားနေသည်။

(တောင်တံခါးဟူသည် တောင်ဘက်ကို ဆိုလိုခြင်း မဟုတ်ချေ။ တောင်တန်းကြီးပေါ် တက်လှမ်းရာတံခါး၊ ဘုံကျောင်းသို့ အဝင်တံခါးကို ဆိုလိုသည်။)

“ သိချင်လား ... ။ ”

ကူချန်က အပြုံးဖြင့် မေးမြန်းလိုက်ရာ ချင်းဖန်တစ်ယောက် အားတက်သရော ခေါင်းညိတ်ပြလေသည်။

“ ဒါပေမယ့် ငါမင်းကို မပြောပြဘူး။ ”

“ ဟမ့် ... ။ ”

ထို့နောက် အပျော်သဘောဖြင့် ချင်းဖန်၏ ခေါင်းကိုပွတ်သပ်ပြီး မတ်တပ်ထရပ်ကာ အပြင် ထွက်လာခဲ့သည်။

ချင်းဖန်၏ မျက်နှာအမူအရာမှာ အေးခဲသွား၏။ အချိန်အတော်ကြာသည်အထိ လှုပ်ရှားခြင်း မရှိခဲ့ချေ။ အရှက်တရားနှင့် ဒေါသများကြောင့် နီမြန်းနေပြီး လှမ်းအော်သည်။

“ စီနီယာအစ်ကို၊ မင်းက အရူးကြီး။ ”

“ ဒါဆို ... မင်းက အရူးလေး။ ”

ကူချန်၏ အဝေးမှတုန့်ပြန်သံကြောင့် ချင်းဖန်သည် ဒေါသပိုထွက်လာပြီး အံကြိတ်ကာ ချက်ချင်းပြေးလိုက်လာသည်။ ထိုမှတပါး သူ တတ်နိုင်သည်များ မရှိချေ။

လင်းရင်တောင်တန်းသည် ကြီးမားလှ၏။ တောင်၏အရှေ့ဘက်တွင် လှေကားထစ် (၆၀၀) ပါရှိသော ကျောက်လှေကားများနှင့် ဂိတ်တံခါးကြီးရှိသည်။

“ ကျေးဇူးပြုပြီး ... တာအိုဘုန်းကြီး ... ငါတို့ကို စားစရာတစ်ခုခု ပေးပါ။ ”

“ ကျေးဇူးပြုပြီး ... ငါ့ကိုကျွေးပါ။ ”

“ ကျေးဇူးပြုပြီး ငါ့ကလေးကိုကယ်ပါ သူအစာမစားရတာ သုံးရက်ရှိပါပြီ ... ကူညီပါ။ ”

စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဒုက္ခသည်များစွာတို့သည် လှေကားထစ်များပေါ်တွင် လှဲလျောင်းလျက် အော်ဟစ်နေကြ၏။

တောင်ပေါ်တက်လှမ်းသော ကျောက်လှေကား တစ်ခုလုံး ထိုသို့သော လူအများဖြင့်သာ ပြည့်နေသည်။

လင်းရင်ဘုံကျောင်းမှ တာအိုဘုန်းကြီးများစွာသည် ဤမြင်ကွင်းကို တံခါးဝမှ စီးမိုးကြည့်ပြီး ခေါင်းကိုက် နေတော့၏။

ဒုက္ခသည်များသည် အာဟာရ ချို့တဲ့လွန်းသောကြောင့် အလွန်ပိန်လှီနေကာ လေပြင်းတစ်ချက်တိုက်လျှင်ပင် လဲကျသွားနိုင်ပေမည်။

အချို့ကလေးများသည် အသားများ မရှိတော့ဘဲ အရိုးစုများအပေါ်တွင် အရေပြား အလွှာတစ်ခုသာ ကျန်ရှိတော့၏။

သူတို့မျက်လုံးထဲတွင် သနားခံခြင်း အရိပ်အယောင်များ ရှိနေပြီး အားလုံးသည် ခေါင်းကိုက်နေသောတာအိုချင်းရှထံ မော့ကြည့်နေကြသည်။

တာအိုချင်းရှအတွက် ယခုအချိန်သည် စိတ်အရှုပ်ထွေးဆုံးဖြစ်၏။ လင်းရင်ဘုံကျောင်း၌ ရိက္ခာအနည်းငယ် သိုလှောင်ထားသည်။

သို့သော် ဤမျှသော လူပေါင်းများစွာကို ကျွေးမွေးရန် မလုံလောက်သေးချေ။ သည့်ပြင် ထပ်မံရရှိသော သတင်းမှာ ပို၍ စိတ်ရှုပ်ဖွယ် ကောင်းသည်။

ဟန်မြစ်အနောက်ဘက်ဒေသမှ ဒုက္ခသည် အများအပြားသည် နတ်နဂါးမြို့တော်သို့ တဖွဲဖွဲ ထပ်မံ ဝင်ရောက်လာနေခြင်းဖြစ်သည်။

ဤလူတစ်စုကို ကယ်တင်ပြီးနောက် ထိုသူများ ထပ်မံရောက်ရှိလာပါက ဘုံကျောင်း ရောင်းကျွေးလျှင်ပင် မလောက်ငှနိုင်ချေ။

ထိုအချိန်တွင် ကူချန်လျှောက်လှမ်း လာနေသည်ကို သတိထားမိပြီး သက်ပြင်းချကာ အမြန် လျှောက်လှမ်းသွားခဲ့သည်။

“ ဒီကို မြန်မြန်လာကြည့်ပါဦး ... ။ ”

တာအိုချင်းရှက တောင်တံခါးရှေ့ရှိ ဒုက္ခသည်များထံ ညွှန်ပြလိုက်သည်။ နတ်နဂါး မြို့ကြီးတစ်မြို့လုံးတွင် ဤဒုက္ခသည်များကို ကယ်ဆယ်နိုင်သည်မှာ ကူမိသားစုကဲ့သို့ ကုန်သည်အုပ်စုသာ ရှိသည်။

ကူချန်က ကျောက်လှေကားထစ်များတွင် ပြည့်နှက်နေသော ဒုက္ခသည်များထံကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

“ ဘာလို့ ဒီလောက်များနေရတာလဲ။ ”

လင်းရင်ဘုံကျောင်းသည် မြို့နှင့် အလွန်ဝေးပြီး ဆိတ်ငြိမ်သော အရပ်ဒေသတွင် တည်ရှိ၏။

ထို့ကြောင့် တောင်ပေါ်ရောက်လာသော် ဒုက္ခများသည် တစ်ယောက်စ နှစ်ယောက်စ မျှသာ ရှိသင့်သည်။

“ လတ်ဆတ်သော လေပြေလေး ... ။ ”

ကူချန်မှ ခေါ်လိုက်သည်။ အနောက်ကနေ ပြေးလိုက်လာသော ချင်းဖန်က နာမည်ခေါ်သံ ကြားပြီး အမြန်ပြန်ထူးသည်။

“ စီနီယာ အစ်ကို ... ။ ”

“ မင်းမနေ့က ပစ္စည်းတွေဝယ်ဖို့ မြို့ကိုသွားတုန်းက ဒုက္ခသည်တွေ အများကြီး တွေ့ခဲ့သေးလား။ ”

ထိုမေးခွန်းကို ကြားသောအခါ ကူဖန်က အနည်းငယ် ခေါင်းကုတ်ပြီး၊

“ မတွေ့ဘူး။ ”

-ဟု ပြန်ဖြေသည်။

သို့သော် ကူချန်သည် လေးနက်နေသည်ကို သတိပြုမိသ​ဖြင့်၊

“ မဟုတ်ဘူး၊ အများကြီးမတွေ့ဘူး ရုံးတော်ရဲ့အစောင့်တွေက ... သူတို့ကို မြို့ထဲ ပေးမဝင်ကြဘူး။ ”

“ ဟမ့် ... မြို့​တော်ထဲကို ဒုက္ခသည်တွေ ပေးမဝင်တာလား။ ”

ချင်းဖန်၏ အဖြေကြောင့် ပို၍ပင် မျက်မှောင်ကြုတ်သွားလေသည်။ တာအိုချင်းရှမှ တောင်ခြေရှိ ဒုက္ခသည်များအပေါ် တစ်ချက် ကြည့်လိုက်ပြီး၊

“ ကူချန် ... ၊ ဒီဒုက္ခသည်တွေမှာ တစ်ခုခုမှားနေပြီလို့ မင်းပြောချင်နေတာလား။ ”

-ဟု မေးမြန်းလာသည်။

“ မှန်တယ် ... သူတို့ ဒီကိုဆိုက်ရောက်လာတာနဲ့ ပတ်သတ်ပြီး ပြဿနာတချို့ ရှိနေတယ် ... သေချာတာက နတ်နဂါး​မြို့မှာ ဒီ​လောက်များတဲ့ ...

... ဒုက္ခသည်တွေ မနေ့က မရှိသေးဘူး ... ဒါဆိုနတ်နဂါးမြို့နဲ့ မိုင်ပေါင်းများအလှမ်းဝေးတဲ့ လင်းရင်ဘုံကျောင်းကို တစ်ရက်အတွင်း ဘယ်လိုများ ရောက်လာရတာလဲ၊ ...

... အနည်းဆုံးတော့ ဒီကို ရောက်လာဖို့ သူတို့အတွက် တစ်ရက်နှစ်ရက်လောက် အချိန် ယူရလိမ့်မယ်။ ”

လင်းရင်ဘုံကျောင်းသည် နတ်နဂါးမြို့၏ အနောက်ဘက်ထောင့်တွင် တည်ရှိလေသည်။ ဒုက္ခသည်များအနေဖြင့် မြို့တံခါးတွင်စုစည်းပြီး စားနပ်ရိက္ခာဝေမျှပေးရန် ရုံတော်ထံ တောင်းဆိုသင့်၏။

ထိုနည်းဖြင့် အလုပ်မဖြစ်မှသာလျှင် နေရာအနှံ့သို့ပြန့်ကျဲပြီး စားစရာများ ရှာကြပေ လိမ့်မည်။ ဤနည်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် နည်းလမ်းဖြစ်၏။ တာအိုချင်းရှမှ ထိတ်လန့်သွားပြီး၊

“ မင်းဆိုလိုတာ တစ်စုံတစ်ယောက်က ဒီဒုက္ခသည်တွေကို ငါတို့ဆီကို တမင်တကာ ပို့ဆောင်နေတာလို့ ပြောချင်တာလား။ ”

“ ဒါမျိုး ဖြစ်သင့်တယ် ... ဒါပေမယ့် အဖြေသိချင်ရင် မေးဖို့တော့ လိုပါသေးတယ်။ ”

ကူချန်က လှေကားထစ်များထံသို့ ငုံ့ကြည့်လိုက်ပြီးနောက် ကျောက်လှေကားပေါ်၌ ထိုင်နေသော အမျိုးသမီးတစ်ဦးနှင့် ကလေးကို သတိထားမိလိုက်သည်။

ထိုအမျိုးသမီးသည် သာမန် လူတစ်ယောက်ဖြစ်သည်။ သူ့ကလေးငယ်သည် လွန်စွာပိန်ပြီး အားနည်းနေ၏။ မစားရသည်မှာ ကြာနေပုံရသည်။

အမျိုးသမီးရင်ခွင်ထဲ လဲလျောင်းလျက် မျက်လုံးများကို အနည်းငယ်သာ ဖွင့်နိုင်ခဲ့သည်။ ကူချန်မှ သူမအနားသွားကာ ထိုင်လိုက်သဖြင့် အမျိုးသမီးခမျာ ထိတ်လန့်တကြား ခေါင်းငုံ့သွားလေသည်။

သိမ်ငယ်စိတ်၊ ရှက်စိတ်နှင့် ကြောက်ရွံ့မှုများစွာ မျက်နှာအနှံ့ ဖြတ်ပြေးကာ ကူကယ်ရာမဲ့ နေခဲ့သည်။

သို့သော် ရင်ခွင်ထဲရှိ ကလေးငယ်ထံ အကြည့်ရောက်သွားချိန်၌ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး၊

“ ကျေးဇူးပြုပြီး စားစရာတစ်ခုခု ပေးပါ ... ငါ့ကလေးလေး မစားရတာ ရက်တော်တော် ကြာနေလို့ပါ။ ”

-ဟု တိုးညှင်းစွာ တောင်းပန်သည်။

“ ချင်းဖန်၊ မင်းရဲ့ ညာဘက်ရင်ခွင်ထဲမှာ ဝှက်ထားတဲ့ ကိတ်မုန့်ကို ငါ့ပေးပါ။ ”

ကူချန်က ခေါင်းမလှည့်ဘဲ လက်နောက်ပြန် တောင်းယူသည်။ အမောတကောဖြင့် ရောက်ရှိ လာသည့် ချင်းဖန်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွား၏။

မယုံနိုင်လောက်သော အမူအရာမျိုးနှင့် ကူချန်၏ကျောပြင်ကို ကြည့်သည်။ ဤသည်ကို စီနီယာအစ်ကို မည်သို့သိနေသနည်း။

ထုတ်ပေးရန် နှမျောသော်လည်း ရှေ့မှ မြင်ကွင်းကြောင့် ဝှက်ထားသော ပန်ကိတ်ကို ကမ်းပေးလိုက်သည်။

ပန်ကိတ်သည် ဆီစိမ်စက္ကူဖြင့် သိမ်းထုပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် အေးစက်နေ၏။

“ ဂလု ... ။ ”

ထိုအချင်းအရာသည်ပင် လူအများကို တံတွေးများမျိုချမိစေလျက် ဆာလောင်နေသော မျက်လုံးများမှာ တောက်ပလာစေသည်။

ထို့ကြောင့် ချင်းဖန်ခမျာ ထိတ်လန့်စွာ ကူချန်ကျောပြင်နောက်သို့ ဝင်ပုန်းလိုက်ရသည်။ ကူချန်က ပတ်ဝန်းကျင်ကို လူအုပ်ကြီးထံ တစ်ချက်ဝေ့ကြည့်လိုက်ပြီး၊

“ အားလုံး ငြိမ်ငြိမ်နေပါ။ ”

-ဟု အမိန့်ပေး၏။

ထရပ်ပြီး လုယူရန် အသင့်ပြင်ပြီး ဖြစ်နေကြသော ဒုက္ခသည်များမှာ ချက်ချင်း နာခံမှုရှိစွာ ထိုင်ချကုန်ကြသည်။

သူတို့နှလုံးသားထဲတွင် အမည်မသိ ကြောက်ရွံ့မှုတစ်ခု ပေါ်လာပြီး ရုတ်တရက် အသက်ရှူရ ခက်ခဲလာသောကြောင့်ဖြစ်၏။

သို့မှသာ ကူချန်က ၎င်းတို့အပေါ် လျစ်လျူရှုလျက် အမျိုးသမီးထံကြည့်လိုက်ပြီး ကိတ်မုန့်ကို ကမ်းပေးလျက်၊

“ ငါ့မေးခွန်းတစ်ခုကို ဖြေပေးပါ၊ ဒါ မင်းအပိုင် ဖြစ်လိမ့်မယ်။ ”

-ဟု ပြောလိုက်သည်။

“ မေးပါ ... ။ ”

အမျိုးသမီးက မျက်လုံးများ တောက်ပလာပြီးနောက် ဝမ်းသာအားရ ကတိ ပေးလာ၏။ ကူချန်မှ ခေါင်းညိတ်ကာ မေးမြန်းလိုက်တော့သည်။

“ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ။ ”

***

All Chapters