← Chapters

ပျက်စီးခြင်းနိမိတ်ပုံ ... ။

Vol. 1 Ch. 6

ပျက်စီးခြင်းနိမိတ်ပုံ ... ။

Vol. 1 Ch. 6

ထိုမေးခွန်းကြောင့် အမျိုးသမီးသည် ခဏမျှတုံ့ဆိုင်းသွားပြီး ခေါင်းခါကာ ‘မသိဘူး’ဟု ပြန်ဖြေသည်။

“ မြို့တံခါး မရောက်ခင်မှာ ... လင်းရင်ဘုံကျောင်းက အသီးအနှံနဲ့ ယာဂုတွေ ဝေနေတယ်လို့ ပြောသံကြားတာပဲ။ ”

“ ဟုတ်​တယ် ... ငါတို့လည်းဒီလိုကြားတယ်။ ”

“ လင်းရင်ဘုံကျောင်းရဲ့ ... တာအိုဘုန်းကြီးတွေက လူအများကို ကူညီရတာ နှစ်သက်ပြီး ကြင်နာတတ်တယ်လို့ ပြောနေကြတယ်။ ”

“ ငါတို့ ဒီမှာတလမ်းလုံး မေးလာခဲ့ရတာ ကျေးဇူးပြုပြီး ... နည်းနည်းကျွေးပါ။ ”

“ ..... ။ ”

အမျိုးသမီး ပြန်ဖြေသံနှင့်အတူ ကျန်ဒုက္ခသည်များသည်လည်း စကားများ ဆိုလျက် အကြိမ်ကြိမ် ဦးညွှတ် တောင်းပန်တော့၏။

တာအိုဘုန်းကြီးချင်းရှ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားချေပြီ။ သူသည် ကြင်နာတတ်သူ ဖြစ်ချေ၏။ ယခုမူ ​အလွန် ဒေါသထွက်နေသည်။

အဘယ့်ကြောင့်ဆိုသော် နောက်ကွယ်၌ လင်းရင်ဘုံကျောင်းကို ပြုတ်ကျစေလိုနေသော တစ်စုံတစ်ယောက်ရှိနေသည်။

သူလိုချင်သော အဖြေကို ရရှိပြီးနောက် ကူချန်မှ လက်ထဲရှိပန်ကိတ်ကို အမျိုးသမီးထံ ကမ်းပေးလိုက်သည်။

အမျိုးသမီးက ဝမ်းသာအားရဖြင့် အစိတ်စိတ်အမြွှာမြွှာဖဲ့ကာ ပွေ့ချီထားသော ကလေးငယ်ထံ ကျွေးမွေးတော့၏။

သူ့လက်ထဲရှိ ကလေးငယ်သည် အရမ်းပိန်လွန်းပြီး ယောက်ျားလေးသည်လော၊ မိန်းကလေးသည်လော မခွဲခြားနိုင်တော့ချေ။

“ အမေ၊ မင်းလည်းစားပါ။ ”

ကလေးငယ်က ခက်ခက်ခဲခဲ နှစ်ကြိမ်မျိုချပြီးနောက် လက်ထဲမှပန်ကိတ်ကို အမျိုးသမီးဆီ တွန်းပို့လိုက်သည်။

အမျိုးသမီးက ပန်ကိတ်ကိုကြည့်ကာ တံတွေးများ တိတ်တဆိတ် မျိုချလိုက်ပြီးနောက် အံကြိတ်လျက် အားတင်းပြုံးပြကာ၊

“ မဟုတ်ဘူး၊ ကလေးစားပါ ... အမေဗိုက်မဆာဘူး ... မြန်မြန်စား။ ”

-ဟု ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောကြားလိုက်သည်။

ဝံပုလွေကဲ့သို့ လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသော အခြားဒုက္ခသည်များကို သတိထားမိသဖြင့် ကျောက်တုံးတစ်တုံး ကောက်ကိုင်လိုက်ရသည်။

ဆာလောင် မွတ်သိပ်နေသူများသည် မည်သည့်အရာကိုမဆို လုပ်ဝံ့သည်ကို သူမ ကောင်းကောင်းသိ၏။

ကံကောင်းစွာဖြင့် ကူချန်သည် လူတိုင်း၏စိတ်ဝိညာဉ်ကို ခြိမ်းခြောက်ရန် ဤနေရာတွင် ရှိနေခဲ့သည်။

ဆာလောင်မွတ်သိပ်သူများသည် ကြောက်စိတ်ဖြင့် ဆန္ဒများကို ဖိနှိပ်ထားရသည်။ ငတ်သေခြင်းနှင့် အသတ်ခံရခြင်းသည် မတူညီတဲ့ လမ်းနှစ်သွယ်ပေပင်။

ကူချန်က ထိုအချင်းအရာကို လျစ်လျူရှုလျက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။ တာအိုချင်းရှက သူ့အနား လျှောက်လှမ်းသွား၏။

ထို့‌နောက် ဒုက္ခသည်များကို ဝေ့ကြည့်လိုက်ပြီး ခေါင်းကိုက်သည့်အသွင်ဖြင့်၊

“ ဒီဒုက္ခသည်တွေကို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ၊ ငါတို့ ယာဂုပေးသင့်သလား။ ”

-ဟု အကြံဉာဏ်တောင်းခံ၏။

သူနှင့်နှိုင်းယှဉ်သော် ကူချန်သည် ဉာဏ်ရည်ထက်မြက်သူဖြစ်သည်။ ဤကျောင်း၌ ဘိုးဘေးရာထူးကို တိတ်တဆိတ် သူ ပေးထားသည်။

လင်းရင်ဘုံကျောင်းသည် မကြာသေးမီနှစ်များအတွင်း လူကြိုက်များလာ သဖြင့် စုဆောင်းငွေအချို့ သိမ်းဆည်းထား နိုင်သည်။

ယမန်နှစ်က အခြားသော ဒေသများ၏ ကပ်ဘေးများအကြောင်း ကြားသိလာပြီးနောက် ဤဘိုးဘေးငယ်မှ အစားအသောက်များစွာကို စုဆောင်းထားစေခဲ့သည်။

ရောက်ရှိနေသော သည်လူများကို အစာကျွေးရန် ပြဿနာ မဟုတ်ချေ။ သို့သော် တစ်နပ်စာသာ ဖြစ်သည်။

ထိုတစ်နပ်သည် လက်ရှိပြဿနာများကို ပြီးဆုံးစေမည် မဟုတ်သောကြောင့် ကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်ခြင်းလည်းဖြစ်၏။

တာအိုချင်ရှသည် အားနည်းချက်များစွာ ရှိသော်လည်း ကြင်နာတတ်သူ ဖြစ်ကြောင်းကို ကူချန်သိသည်။

ထို့ကြောင့် ခဏမျှ စဉ်းစားပြီး၊

“ ငါတို့ လူတိုင်းကို ယာဂုဝေလို့မရဘူး ငါတို့ဝေရင် ဒုက္ခသည်တွေ ဒီသတင်းကြားပြီး ဒီမှာစုဝေးလာလိမ့်မယ်။ ”

မြစ်အနောက်ဘက် လွင်ပြင်သည် လူနေထူထပ်သော ဒေသကြီးတစ်ခု ဖြစ်သည်။ လူအချို့သည် ထိုအကြောင်းကို သိသွားသော် သိန်းနှင့်ချီကာ ရောက်ရှိလာနိုင်မည်။

လင်းရင်ဘုံကျောင်းသည် နာမည်ကြီးသော ဘုံကျောင်းတစ်ခု မဟုတ်ချေ။ ထမင်းတစ်နပ်မျှ ကျွေးရုံသာ ချမ်းသာသည်။

တောင်တန်းကြီးပေါ်ရှိ သစ်ပင်များကို ချက်ပြုတ်ကျွေးလျှင်ပင် တောင်ကြီးကတုံး ဖြစ်ရုံသာရှိပေမည်။ လူတစ်သိန်းအတွက် လုံလောက်မည်မဟုတ်ချေ။

တာအိုချင်းရှမှ ဤသဘောတရားကို နားလည်သည်။ ရုတ်​တရက်​ သူ့လက်​​များကို ဝှေ့ယမ်းပြီး ​ရှေ့သို့​လှမ်းသွားသည်​။

ဒုက္ခသည်များ အားလုံးက မျှော်လင့်ချက် ကြီးစွာ မော့ကြည့်၏။ တာအိုချင်းရှတစ်ယောက် ပြတ်သားသည့် အသွင်ဖြင့်၊

“ ငါတို့ကျောင်းမှာ ပိုက်ဆံ နည်းနည်းပဲရှိတယ် ယာဂုဝေပေးလို့မရဘူး တခြားတစ်နေရာကို သွားကြပါ။ ”

-ဟု မိန့်ကြားလိုက်သည်။

ထိုစကားကြောင့် လှေကားထစ်ပေါ်ရှိ ဆာလောင်မွတ်သိပ်နေသူများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

“ တာအိုဘုန်းကြီး ... ကျေးဇူးပြုပြီး သနားပေးပါ ငါတို့အဝေးကြီးကနေ လာရတာပါ ယာဂုတစ်ပန်းကန်ပဲ တောင်းတာပါ။ ”

“ ဟုတ်ပါတယ် ... တာအိုဘုန်းကြီး ကရုဏာပြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ”

“ ကျေးဇူးပြုပြီး ငါ့က​လေး​လေး တကယ်ငတ်ပြီး ​​သေရ​ပါတော့မယ် ငါတို့ကို ကယ်ပါ။”

“ ..... ။ ”

ထို့နောက် ငိုကြွေးမြည်တမ်းလျက် လှေကားထစ်များပေါ်သို့ ရှိခိုးဦးညွှတ်လျက် အချိန်အတော်ကြာအောင် ဆူညံနေ၏။

တာအိုချင်းရှက မည်သည့်အရာများ ဆက်လုပ်ရမည်ကို မသိတော့သဖြင့်၊

“ လူတိုင်း ခဏလောက်ကြည့်ပေးပါ ... ငါ့လင်ရင်ဘုံကျောင်းထဲက လူတွေအကုန်လုံး ဒီကိုရောက်နေကြပါပြီ။ ”

-ဟု ကူကယ်ရာမဲ့စွာ လက်ညိုးထိုးပြလိုက်သည်။

တံခါးဝတွင် တာအိုဘုန်းကြီး နှစ်ဆယ်ခန့် ရပ်နေကြ၏။ ဘုံကျောင်းသည် သေးငယ်သော ကျောင်းတစ်ခုသာဖြစ်ပြီး တာအိုဘာသာဝင် မောင်နှမ နှစ်ဆယ်ခန့်သာရှိသည်။

“ ငါတို့မှာ ရက်အနည်းငယ်လောက် စားစရာတွေ ကျန်သေးပေမယ့် ငါတို့လူတွေနဲ့ မင်းတို့ကို ဘယ်လိုလုပ် ဝေငှနိုင်မလဲ ... မြင်ပြီမဟုတ်လား။ ”

ထိုစကားကြောင့် ဒုက္ခသည်များမှာ ခဏမျှငြိမ်သက်သွားသည်။ လူများလွန်းသဖြင့် ယာဂုနည်းနည်းတိုက်ပါက သွေးထွက်သံယို တိုက်ပွဲကြီး ဖြစ်လာနိုင်ပေမည်။

တာအိုချင်းရှက အခြေအနေ တည်ငြိမ်သွားသည်ကိုမြင်သောအခါ သက်ပြင်း တစ်ချက်ချလိုက်သည်။

“ ဒီလိုဆို ဘယ်လိုလဲ၊ ကလေးငယ်နဲ့ အရွယ်ရောက်ပြီး သူတစ်ယောက် ကလေးကို စောင့်ရှောက်ဖို့ နေခဲ့ပါ ... ဒါငါတို့ တတ်နိုင်တာအကုန်ပါပဲ။ ”

“ ကျေးဇူးတင်ပါတယ် တာအိုဘုန်းကြီး မင်းရဲ့ကရုဏာကို ... ငါတို့ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ”

“ မင်းရဲ့ကြင်နာမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ် တာအိုဘုန်းကြီး။ ”

လူအများအပြားက အော်ဟစ်ပြီး ကျေးဇူးတင်ကြောင်း ဖော်ပြလာခဲ့ကြသည်။ ဒုက္ခသည်များတွင် အများစုသည် ကလေးငယ်များရှိ၏။

ထို့ကြောင့် သူတို့၏ သားသမီးများ ထမင်းတစ်နပ်စားနိုင်ပြီ ဖြစ်သောကြောင့် မျက်ရည်များ စီးကျလာတော့သည်။

ကလေးငယ်မရှိသော လူအချို့သည် ထွက်ခွာရန် တွန့်ဆုတ်နေကြစဉ် မိခင်များ၏ အကြည့်ကြောင့် ဆက်မနေရဲဝံ့တော့ချေ။

မဟုတ်သော် ထိုကလေးများ၏ မိဘများသည် သူတို့ကို အပိုင်းပိုင်း ကိုက်ဖြတ် ကြပေလိမ့်မည်။

ကူချန်က တာအိုချင်းရှအပေါ် မချီးကျူးဘဲ မနေနိုင်တော့ချေ။ ချစ်စဖွယ် ကစားကွက်လေး ပေပင်။

ဤနေရာ၌ စားစရာ မရရှိနိုင်ဟု သိရှိကုန်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည် ဆုတ်ခွာသွားကြသည်။

တာအိုချင်းရှက အခြားသော တာအိုဘုန်းကြီးများထံလှည့်ပြီး ယာဂုဝေငှရန် စီစဉ်ပေးခဲ့သည်။ ထို့နောက် မှိုင်းညို့နေသော မျက်နှာဖြင့် သူ့အနားရောက်လာသည်။

“ ကူချန် ... ၊ ငါတို့ကို ချောက်ချဖို့ ကြိုးစားနေတဲ့သူက ဘယ်သူလို့ ထင်လဲ။ ”

“ ဆရာ၊ မင်း ဘယ်သူ့ကို စော်ကားဖူးလဲ။ ”

ကူချန်က ပြန်မေးသည်။

“ အဓိပ္ပါယ်မဲ့တာတွေ မပြောနဲ့ ... ငါ လူတွေအပေါ် အမြဲတမ်းကြင်နာတတ်ပြီး ဘယ်သူ့ကိုမှ မစော်ကားဖူးဘူး။ ”

“ ဒါဆို လင်းရင်ဘုံကျောင်းက ဘယ်သူ့အပေါ် စော်ကားခဲ့တယ်လို့ မင်းထင်လဲ။ ”

ဤတစ်ကြိမ်၌ တာအိုချင်းရှက အံ့အားသင့်သွားပြီး၊

“ မင်းဆိုလိုတာက ... ။ ”

“ ဟုတ်တယ် ... ။ ”

မကြာသေးမီနှစ်များအတွင်း လင်းရင်ဘုံကျောင်းတွင် အမွှေးတိုင်ထွန်းညှိ ကိုးကွယ်သူ များပြားလာသဖြင့် အခြားသော ဘုံကျောင်းများကို ထိခိုက်စေပေမည်။

ကူချန်က အဝေးရှိ ထွက်ခွာသွားနေသော ဒုက္ခသည်များ၏ နောက်ကျောကို ကြည့်ကာ၊

“ ဒါပေမယ့် အဲဒါက ကိစ္စမရှိပါဘူး၊ အရေးကြီးတာက ဒီကပ်ဘေးပြဿနာပဲ။ ”

-ဟု ပြောကြားလိုက်သည်။

တာအိုချင်းရှက ကူချန်စကားကြောင့် ဒုက္ခသည်များထံကြည့်ကာ နှလုံးသားတစ်ခုလုံး လေးလံလာတော့သည်။

“ မင်းပြောတာ မှန်ပါတယ် ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြို့တော်ကိုရောက်တုန်းက သတင်းတစ်ခုကြားတယ် ... မြစ်အနောက်ပိုင်းနဲ့ အ‌ရှေ့ပိုင်းအပြင် မြောက်ပိုင်းမှာလဲ ...

... နှင်းမုန်တိုင်းတွေ ကျဆင်းနေတယ်ကြားတယ် ဒုက္ခသည်တွေ ဒီနေရာအထိ ရောက်လာပုံထောက်ရင် မြစ်အနောက်ဘက်ဒေသရဲ့ ရုံးတော်က ...

... ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ထိရောက်ပုံမရဘူး ကြီးမားတဲ့အငတ်ဘေးကို ကြုံရတော့မှာပဲ။ ”

တာအိုချင်းရှမှ သက်ပြင်းချသည်။ ကူချန်သည်လည်း ခေါင်းညိတ်သဘောတူ၏။ သို့သော် ရုတ်တရက် သူ့အဖေကူဖုန်း၏ ကံကြမ္မာကို ပြန်သတိရလာပြီး၊

“ ဒီကမ္ဘာကြီးမှာ ကပ်ဘေးတွေသာ တကယ်ကျရောက်လာခဲ့ရင် သူရဲကောင်းတွေ အလိုလို ထွက်ပေါ်လာတတ်ပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

All Chapters