တန်ဖိုးမရှိသော ဘဝတစ်ခု ... ။
Vol. 1 Ch. 8
ပန်းပဲဆိုင်မှ ထွက်လာပြီးနောက် ချင်းဖန်၏တည်နေရာကို သတိထားရှာဖွေကာ ဦးတည်လာခဲ့သည်။
ယွမ်ဖူနယ်မြေသို့ ရောက်ရှိချိန်မှစကာ အတွင်းပိုင်းချီသည် အဆမတန်တိုးပွားလျက် အလွန်ထက်ရှသော အာရုံခံနိုင်စွမ်းများ ရရှိလာခဲ့သည်။
ယင်းသည် ဒဏ္ဍာရီလာ ဝိညာဥ်အသိ ဖြစ်နိုင်၏။ မြင့်မားသော ကျင့်ကြံသူများကို မထိတွေ့ဖူးသဖြင့် ယွမ်ဖူနယ်ပယ်မှ လူတိုင်း ဤသို့ခံစားနိုင်ခြင်း ရှိ၊မရှိ မသိနိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ ချင်းဖန်ကို ထိုဝိညာဉ်အသိဖြင့် အလွယ်တကူ ရှာဖွေနိုင်၏။ လမ်းတလျှောက်မှ လူအများက သတ္ထုရိုင်းများ ကိုင်လျက် ဖြည်းညှင်းစွာလှမ်းနေသော သူ့ထံ အနည်းငယ် သတိထားကြည့်ကြသည်။
“ တာအိုဘုန်းကြီးလေးက ချောလိုက်တာ။ ”
အမျိုးသားများနှင့် ယှဉ်သော် အမျိုးသမီးများမှာ သူ့ကို ပို၍ စိတ်ဝင်စားနေ၏။ တာအိုဘုန်းကြီးငယ်သည် အမှန်ပင် ချောမောချေပြီ။
ယွမ်ဖူနယ်ပယ်တွင် အာရုံငါးပါးသည် အလွန်ထက်မြက်ပြီး မီတာများစွာ အကွာရှိ တီးတိုးသံများကိုပင် ပြတ်ပြတ်သားသား ကြားနိုင်သည်။
“ ဟဲ့ နင်စိတ်ကူးယဉ်နေတာလား ... ဒါဆိုဒီဘုန်းကြီးလေး ဘယ်ကျောင်းကလဲ လိုက်ကြည့်ရအောင်။ ”
“ မိန်းမတွေ ... မိန်းမတွေ ... ပါးစပ်ပိတ်ထားစမ်း ... ဒါက ငါတို့လို အထက်တန်းစားတွေ အကြိုက်ဟဲ့။ ”
ကူချန်က တည်ငြိမ်သော အသွင်ဖြင့် အရာအားလုံးကို မကြားဟန် လျစ်လျူရှုထား၏။ သူ့အတွက် ဤအတင်းအဖျင်းမျိုးကို နှစ်များစွာ တိုင်အောင် ကျင့်သားရထားသည်။
ချောမောလှပသော သူ့ရုပ်သွင်သည်သာ အပြစ်ပေပင်။ သွားလေရာ ရုန်းရင်းဆန်ခတ် ဖြစ်နေတတ်ချေပြီ။
လမ်းဘေးတွင် အလွန်ဆူညံသော လူအုပ်ကြီးတစ်စုသည် အပျော်သဘောဖြင့် ဝိုင်းအုံကြည့်နေကြ၏။
လူအုပ်အလယ်တွင် ချင်းဖန်သည် ကလေးမလေး တစ်ယောက်ကို ကာကွယ်ရန် ကြိုးစားနေခဲ့သည်။ ၎င်းက သူ့ရှေ့ရှိ လူထံမော့ကြည့်ပြီး၊
“ မင်းတို့ သူ့ကို ... ဒီလိုရိုက်နေတာ ဘာအမှားလုပ်ထားလို့လဲ။ ”
-ဟု မေးမြန်းလိုက်သည်။
သူ့နောက်တွင် ဖုန်များဖုံးလွှမ်းနေသည့် ကောင်မလေးသည် အသားများ တဆက်ဆက် တုန်ယင်နေပြီး လက်နှစ်ဖက်ကို တင်းတင်း ပိုက်ထားကာ ခွေခွေလေးလဲနေ၏။
မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် နာကျင်မှုများ ထင်ဟပ်လျက် စုတ်ပြဲနေသည့် အဝတ်အစားများအောက်မှ သွေးစအချို့ စီးကျနေသည်။
ကြာပွတ်နှင့် အရိုက်ခံထားရပုံ ပေပင်။ သူမနှင့် မဝေးလှသောအရပ်တွင် ဖုန်မှုန့်များနှင့် ဆီကြေးများစွန်းထင်းနေသော ပေါင်မုန့်တစ်တုံး ပြုတ်ကျနေသည်။
ချင်းဖန်ရှေ့မှ လူတစ်စုသည် အမည်မသိ မိသားစုကြီးတစ်ခုမှ ကျွန်များဖြစ်ပြီး တူညီသော အင်္ကျီများ ၀တ်ဆင်ထား၏။
၎င်းတို့၏ အမွေးအမှင်များနှင့် တုတ်ခိုင်သောလက်မောင်းသားများ ပေါ်လွင်ရန် အင်္ကျီလက်များကို လိပ်တင်ထားသည်။
သူတို့ထဲမှ တစ်ယောက်၏ လက်ထဲတွင် သွေးစွန်းနေသော ကြာပွတ်ကို ခွေကိုင်ထား၏။ ထိုလူကပင် ချင်းဖန်ကို ငုံ့ကြည့်ကာ၊
“ တာအိုကောင်လေး ... ၊ ငါ မင်းကို တခြားသူတွေရဲ့ အရေးကိစ္စတွေမှာ ဝင်မပါဖို့ အကြံပေးချင်တယ် ... မဟုတ်ရင် မင်းကိုလည်း ငါရိုက်မိလိမ့်မယ်။ ”
-ဟု ခြိမ်းခြောက်လိုက်သည်။
နတ်နဂါးမြို့တော်တွင် ထင်ရှားသော ဘုံကျောင်းများရှိပြီး အများစုမှာ သြဇာအာဏာ ကြီးမားသော နောက်ခံများ ပိုင်ဆိုင်၏။
ထို့ကြောင့် သူ့မိသားစုသခင်သည်ပင် ဘုံကျောင်းများအပေါ် မစော်ကားဝံ့ခြင်းမရှိချေ။ ဤတာအို ကလေးငယ်သည် ထိုသို့သော ကျောင်းများမှဖြစ်သော် ခက်ချေမည်။
ချင်းဖန်က အံကြိတ်ပြီး မတုန်မလှုပ် ကလေးမလေးရှေ့တွင် ခေါင်းမာစွာရပ်နေပြီး စိုက်ကြည့်လိုက်၏။
ထိုတုန့်ပြန်မှုမြင်ကွင်းကြောင့် ကြာပွတ်ရှည်ကိုကိုင်ထားသည့် အစေခံမှာ ဒေါသထွက်လာသည်။
“ တာအိုကလေးလေး ... မင်းဖယ်ပါ ဒီသူတောင်းစားက ငါ့သခင်အိမ်က ပစ္စည်းတွေ ခိုးခဲ့တာ ရိုက်နှက်ရမယ် မဟုတ်လား။ ”
“ မင်းလိမ်နေတာ ... ။ ”
ချင်းဖန်က သူ့နောက်မှ ကလေးမလေးထံ လက်ညှိုးထိုးပြပြီး၊
“ ဒီလိုကောင်မလေးက ... မင်းသခင်ရဲ့အိမ်ထဲကို ဘယ်လိုလုပ်ဝင်ပြီး ပစ္စည်းတွေ ခိုးယူနိုင်မှာလဲ မင်းတို့အားလုံး မျက်စိမကောင်းဘူးလား။ ”
“ ဟား ဟား ဟား ... ။ ”
“ မှန်တယ် ... သူတို့မှာ မျက်စိမပါကြဘူး။ ”
“ ဟား ဟား ဟား ... ။ ”
ချင်းဖန်စကားကြောင့် ဝိုင်းကြည့်နေသော လူအများသည် ရယ်မောလျက် ခေါင်းညိတ်ကုန် ကြလေသည်။
ဤသူတောင်းစားလေးသည် အလွန်အားနည်းနေခဲ့သဖြင့် ဤအစေခံများ စောင့်ကြပ်နေသော မည်သည့်အရပ်ကိုမဆို ဝင်ရောက်နိုင်မည် မဟုတ်ချေ။
အစေခံက ထိုမြင်ကွင်းကိုကြည့်ပြီး ကြာပွတ်ကို တင်းတင်းဆုပ်လျက် အသားများ တဆတ်ဆတ် တုန်လာတော့သည်။ သူ ရိုက်သတ်ချင်နေပြီဖြစ်၏။
သို့သော် အံကြိတ်လျက် မြေပြင်ပြုတ်ကျနေသော မုန့်ထံညွှန်ပြပြီး၊
“ ဒါက ခွေးတွေကျွေးဖို့ ငါ့သခင်က ပစ်ချခဲ့တာ ... သူ ယူလာခဲ့တယ် ဒါဆိုရင် ခိုးတယ်လို့ မယူဆဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
၎င်းမေးခွန်းကြောင့် ချင်းဖန်က ပို၍ ဒေါသထွက်လာသည်။
“ မင်းမျက်လုံးထဲမှာ လူတွေက ခွေးလောက်တောင် တန်ဖိုးမရှိဘူးလား။ ”
“ မင်းမသိဘူးလား၊ လူ့အသက်က တန်ဖိုးမရှိတော့ဘူး ... မြက်တစ်ပင်က ခွေးနဲ့ ဘယ်လိုလုပ် တန်ဖိုးချင်း ယှဉ်နိုင်မှာလဲ။ ”
“ အားစန်၊ ဘာဖြစ်နေတာလဲ။ ”
ထိုအချိန်တွင် တောက်ပြောင်နေသော ပိုးဖဲအင်္ကျီဝတ်ဆင်ထားသည့် လူငယ်တစ်ဦး အစေခံများစွာနှင့် ထပ်မံရောက်ရှိလာ၏။
အစေခံများထဲတွင် သန်မာပြီး တည်ငြိမ်သောအမူအရာဖြင့် ဓားကြီးတစ်လက် လွယ်ထားသော လူတစ်ဦးမှာ အထင်ရှားဆုံး ဖြစ်သည်။
“ သခင်ငယ် ... ။ ”
ချင်းဖန်နှင့် ရန်ဖြစ်နေသော အစေခံခမျာ ချက်ချင်းသတိဝင်လာပြီး ခွေးတစ်ကောင်ကဲ့သို့ အမူအရာပြောင်းသွားသည်။
“ သခင်ငယ် ... ဒီမှာ မတော်တဆမှုတစ်ခု ဖြစ်နေတာပါ တာအိုကလေးငယ်တစ်ယောက် လမ်းကို ပိတ်ဆို့နေပါတယ်။ ”
သခင်ငယ်ဆိုသူသည် ချင်းဖန်ထံ တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းအနောက်မှ သူတောင်းစားထံ ရွံရှာဖွယ် အရိပ်အမြွက်ဖြင့် ကျော်ကြည့်၏။
“ ဒီတာအိုကောင်လေးရဲ့ ညံ့ဖျင်းတဲ့ဝတ်ရုံအပြင်အဆင်ကို ကြည့်စမ်းပါ ဘယ်လိုလုပ် နာမည်ကြီးဘုံကျောင်းက ဖြစ်မှာလဲ ...
... မြန်မြန် သူတောင်းစားကို မြို့ပြင်ဆွဲထုတ်သွား ... မြို့ရဲ့အစောင့်တွေက ဘာလုပ်နေတာလဲဆိုတာ ငါတကယ်မသိဘူး ဒီလိုသူတောင်းစားတွေကို တကယ်ပဲ လွှတ်ထားတယ် ...
... နတ်နဂါးမြို့ရဲ့ လေထုကိုညစ်ညမ်းမှာ မကြောက်ကြဘူးလား မသိဘူး အမှန်ဆို ဟဲရှမှာ သူတို့တွေ သေသင့်တယ် ဘာလို့ ဒီအထိ ရောက်လာရတာလဲ မသိဘူး။ ”
“ နားလည်ပါပြီ သခင်ငယ်။ ”
အမိန့်ရပြီ ဖြစ်သဖြင့် အစေခံမှ ခေါင်းညိတ်ပြကာ သူ့အနားရှိ လူအချို့ထံ လှည့်ကြည့်လျက်၊
“ ဒီတာအိုကောင်လေးကို ဆွဲဖယ်ပြီး ဆက်လုပ်ပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက်တွင် သန်မာသော အစေခံအများအပြားသည် ချင်ဖန်းဆီသို့ လှောင်ပြုံးဖြင့် လျှောက်လှမ်းလာ၏။
ထိုမြင်ကွင်းကြောင့် ကလေးအရွယ်မျှသာ ရှိသေးသော ချင်းဖန်တစ်ယောက် မသိစိတ်ဖြင့် နောက်ပြန်ဆုတ်သွားမိပြီး ကြောက်ရွံ့မှုများ ခံစားလာရသည်။
“ စီနီယာအစ်ကို ... မင်းဘယ်မှာလဲ။ ”
အဆုံးတွင် မျက်စိစုံမှိတ်လျက် ကူချန်တစ်ယောက် ကြားနိုင်သည်-မကြားသည် မစဉ်းစားနိုင်တော့ဘဲ အော်ခေါ်လိုက်တော့၏။
သူ့အော်သံနှင့်အတူ ရုတ်တရက် လေပြင်းများတိုက်လာသဖြင့် အစေခံများက မျက်နှာကို လက်ဖြင့်ကွယ်ကာ ချောင်းကြည့် လိုက်ကြသည်။
“ ဝူး ... ။ ”
သို့သော် မည်သည့်အရာကိုမျှ မမြင်နိုင်ခင် ဆက်၍မတ်တပ်ရပ်ပြီး မနေနိုင်လောက်အောင် ပြင်းထန်လာသောကြောင့် မြေပြင်ပေါ် လွင့်စင်လဲကျကုန်တော့သည်။
“ ဟမ့် ... ။ ”
လှည့်ထွက်တော့မည့် သခင်ငယ်က ထိုမြင်ကွင်းကို ပြန်လှည့်ကြည်ပြီး အမူအရာ လေးနက်လာခဲ့၏။
သူ့နောက်ရှိ ဓားသမားသည်လည်း မျက်ဝန်းများမှေးစင်းလျက် ဖယ်ခွာပေးနေသော လူအုပ်အတွင်း လှမ်းကြည့်လေသည်။
လေပြင်းများတိုက်ခတ်ရာ အရပ်တွင် ငယ်ရွယ်ချောမောလွန်းသော တာအိုဘုန်းကြီး တစ်ပါး ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်း လာနေသည်။
သူ့မျက်နှာသည် ရေကန်ကြီးကဲ့သို့ နက်ရှိုင်းငြိမ်သက်လွန်းကာ ခြေတစ်လှမ်းသည် ဆယ်ပေခန့် ရောက်ရှိနေပေသည်။
သူ့လမ်းရှိလူအုပ်ကြီးသည် မမြင်နိုင်သော လက်တစ်စုံဖြင့် တွန်းဖယ်ခြင်း ခံလိုက်ရသကဲ့သို့ ချက်ချင်း ယိမ်းယိုင်ဆုတ်ခွာပေးကုန်ကြ၏။
“ ငါ့တာအိုကလေးငယ်ကို ရိုက်နှက်ဖို့ ... မင်းငါ့ကို မေးခဲ့လား။”
ကူချန်က စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ သခင်ငယ်ဆိုသူသည် ထိုအကြည့်ကြောင့် ချက်ချင်း အေးခဲသွား၏။ ခြေတစ်လှမ်းပင် မလှမ်းနိုင်တော့ချေ။
***