ပြန်ယူသွားချင်လို့လား။
Vol. 1 Ch. 9
ချင်းဖန်ဟူသည် ကူချန်အတွက် ဂျူနီယာတစ်ယောက်ဖြစ်သော်လည်း သူ့နောက် အမြဲလိုက်နေသူဖြစ်သဖြင့် သူ့ကာကွယ်မှု အောက်တွင် ရှိနေသည်။
“ စီနီယာအစ်ကို ... ။ ”
ချင်းဖန်မှ လှည့်ကြည့်သည်။ ကူးချန်က သူ့ထံတစ်ချက် ကြည့်ပြီး ခေါင်းကို အသာအယာ ပုတ်ကာ၊
“ အခု ... အပြင်လောကကြီးမှာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ မင်းသိပြီမဟုတ်လား။ ”
-ဟု ဆုံးမလိုက်သည်။
သူ့အသံသည် ညင်သာနေပြီး အပြစ်တင်လိုသော အရိပ်အမြွက်မျှ မပါရှိချေ။ အခင်းအကျင်းကို မြင်ရုံဖြင့် ဤကောင်လေး အမှား မလုပ်ထားကြောင်း သိသည်။ ထို့ကြောင့် အနည်းငယ်မျှပင် သဘောကျမိသွား၏။
ဤကလေးသည် သာမန်အချိန်များတွင် မိုက်မဲနေတတ်သော်လည်း အရေးကြီးလှသော အခိုက်အတန့်တွင် မည်သို့တာဝန်ယူရမည်ကို နားလည်နေချေပြီ။
“ မင်းဘယ်သူလဲ။ ”
သခင်ငယ်ဆိုသူက ခေါက်ယပ်တောင် ပြန်သိမ်းလျက် ကူချန်ထံ စိုက်ကြည့်လာသည်။ ဤဘုန်းကြီး၏ လှုပ်ရှားမှုသည် တကယ်ပင် ထိတ်လန့်ဖွယ်ဖြစ်၏။
၎င်းနှင့်အတူ မည်သို့ လေပြင်းများ ခေါ်ဆောင်လာနိုင်သည်ကို တွေးမရသေးချေ။ သူ့မျက်ဝန်းထောင့်မှ အသင့်ပြင်ထားသော ကိုယ်ရံတော်ဓားသမားကို မြင်မှသာလျှင် သက်ပြင်းချနိုင်သည်။
ထိုဓားသမားသည် အဠမမြောက် အခြေခံတည်ဆောက်ခြင်းအဆင့် သခင်တစ်ပါး ဖြစ်သည်။ ၎င်းအတွက် ငွေအမြောက်အမြားကို သုံးစွဲခဲ့ရ၏။
၎င်းဓားသမားသည်သာ အရေးပေါ် ငွေလိုသောအခြေအနေ၌ မရှိသော် ခေါ်ယူရန် မဖြစ်နိုင်သလောက်ပေပင်။
“ ငါဘယ်သူလဲ အရေးမကြီးပါဘူး။ ”
ကူချန်က ပြန်ဖြေသည်။ သူ့နာမည်သည် နတ်နဂါးမြို့တွင်သာမက ဖူစုနိုင်ငံတစ်ခုလုံး၌ ကျော်ကြားလှ၏။ ထို့ကြောင့် မပြောလိုသည်မှာ သဘာဝပေပင်။
နိမ့်ကျသောပုံရိပ်ကို ဆက်၍ ထိန်းသိမ်းခြင်းဖြင့် ဘဝအပေါ် ရိုးသားစွာ ဖြတ်သန်းနေလိုသည်။
သူ့အသွင်အပြင်ကို အပြင်လူ အနည်းငယ်သာ မြင်ဖူးကြပြီး ဤကမ္ဘာပေါ်တွင် အင်တာနက်ကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်း မရှိသဖြင့် မည်သူမျှ သိကြချေ။
သခင်လေးဆိုသူ၏ မျက်နှာသည် ရုတ်တရက် ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။ သူ့ဒေါသကို မျိုသိပ်လျက်၊
“ ငါမင်းကို ယဉ်ကျေးနေတုန်း ... မင်း ကောင်းကောင်းဖြေသင့်တယ် ရိုင်းပျမနေနဲ့။ ”
ကူချန်က ချင်းဖန်ခေါင်းကို ပွတ်သပ်ကာ၊
“ လူရိုင်းတစ်ယောက်ဆိုရင်တောင် အကြင်နာတရားကင်းမဲ့တဲ့ လူတွေထက်တော့ ပိုကောင်းပါသေးတယ် ...
... လူတစ်ယောက်မှာ စာနာစိတ်မရှိရင် အဲဒီလူက တိရစ္ဆာန်တစ်ကောင်ပဲ သူတို့ကသာ အသိဉာဏ် မရှိတဲ့အတွက် ... လူ့ကျင့်ဝတ်ကို နားမလည်ကြဘူး။ ”
အသံသည် ကြည်လင်ပြတ်သားပြီး သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း၏ နှလုံးသားများကို ထိမိသွားစေခဲ့သည်။ တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားတော့၏။
“ ဒါ ... ဒါမြို့ပြင်လင်းရင်ဘုံကျောင်းက တာအိုဘုန်းကြီး မဟုတ်လား။ ”
လင်းရင်ဘုံကျောင်းဟူသော အမည်ကြောင့် သခင်ငယ်ဆိုသူသည် လျင်မြန်စွာ တွေးတောပြီး အဆုံးတွင် သတိရသွားကာ၊
“ ဟားဟားဟား ... ။ ”
-ဟု ရုတ်တရက် ရယ်မောလေသည်။ တစ်ဖက်လူကို အိမ်တော်တစ်ခု၏ သခင်ငယ် အဖြစ် မူလက သူထင်မြင်ခဲ့သည်။
ယခုမူ ရုပ်ရည်ချောမောမှုဖြင့် ကျော်ကြားမှုကိုရရှိထားသော ရွံစရာ တာအို ဘုန်းကြီးမျှသာ ဖြစ်နေခဲ့သည်။
“ ဟမ့် ... ဒီသူခိုးမက ငါ့အိမ်တော်ရဲ့ ပစ္စည်းတွေကို ခိုခဲ့တယ် ... ဒါဆိုအပြစ်ပေးတာ ဘာများဆန်းလို့လဲ။ ”
လေသံနှင့် အမူအရာသည် ချက်ချင်း ဂုဏ်ယူဝံ့ကြွားလာတော့၏။ ကူချန်မှ မျက်ခုံးပင့် လိုက်သည်။
“ မင်းအိမ်ကပစ္စည်းတွေ ယူလာတယ် ပြောရအောင် မင်းအိမ်ကို သူဘယ်လိုဝင်ခဲ့လဲ မင်းတို့မှာ မျက်စိမပါကြလို့လား။ ”
“ ဟမ့် ... အိမ်ထဲကနေ မဟုတ်ဘူး ... ငါ့အိမ်နောက်ဖေး လမ်းကြားကနေ ခိုးသွားတာ။ ”
“ အိုး ... ဒါဆို မင်းအိမ်ရဲ့ နောက်ဖေးလမ်းကြားက မင်းအိမ်မှမဟုတ်တာ ဘာလို့မင်းအိမ်လို့ ပြောနေရတာလဲ ... ။ ”
“ မင်း ... ။ ”
သခင်ငယ်တစ်ယောက် အေးစက်စွာ ဟစ်အော်လျက်၊
“ ဒါက ငါ့မိသားစုရဲ့ ခွေးတွေကို အစာကျွေးနေကြနေရာပဲ သူ ခွေးတွေဆီကနေ ဒီမုန့်ကိုယူသွားခဲ့တယ် ... ဒါဆို ခိုးတာမဟုတ်လို့ ဘာလဲ။ ”
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင် နားထောင်နေသော လူအုပ်ကြီးက အံ့အားသင့် လာတော့သည်။ ဤလူငယ်သည် သူ့လုပ်ရပ် မှားသော်လည်း အတော်ပင် ပါးနပ်ချေ၏။
“ ကောင်းပြီ၊ မင်းပြောတဲ့အတိုင်း မင်းရဲ့အိမ်နောက်ဖေးက ... မင်းအိမ်အဖြစ် ငါတို့ ထားလိုက်ရအောင် ... ဒါပေမယ့် ...
... ပေါင်မုန့်က တစ်ဝက်ပဲဆိုတော့ ငါမင်းကိုအဆတစ်ရာ လျော်ကြေးပေးရမလား ဒါမှမဟုတ် ... ”
ကူချန်က စကားခဏရပ်ကာ မြေပြင်ပေါ်ကျနေသော ဖုန်မှုန့်များပေနေသည့် ပေါင်မုန့်ကိုကောက်ယူလျက်၊
“ ဒီပေါင်မုန့်ကိုပဲ မင်းစားဖို့ ပြန်ယူသွားချင်လား။ ”
-ဟု မေးမြန်းလိုက်တော့သည်။
သူ့မေးခွန်းကြောင့် သခင်ငယ်ဆိုသူသည် ချက်ချင်း မျက်လုံးပြူးလာသည်။ လူအုပ်ကြီးမှာ ပြုံးစိစိ ဖြစ်ကုန်ပြီး၊
“ ဟားဟားဟား ... တာအိုဘုန်းကြီး ဒီပေါင်မုန့်ကို သူစားချင်နေလို့ဖြစ်မယ် ပြန်ပေး လိုက်ပါ ... သူ့မှာ ဒီလိုစိတ်ကူးရှိနေတာ ငါတို့မသိလိုက်ဘူး။ ”
“ မှန်တယ် ... ဒါကြောင့် အစေခံတွေအများကြီးနဲ့ လိုက်လာတာကို ဟား ဟား ဟား ... ယူသွားသခင်လေး ပြန်ယူသွား။ ”
အဆုံးတွင် လူအုပ်ကြီးသည် သည်းမခံနိုင်တော့ဘဲ ရယ်မောလျက် သခင်ငယ် ဆိုသူကို အော်ဟစ်အားပေးလိုက်ကြသည်။
“ မင်း ... ။ ”
ချက်ချင်း လှောင်ပြောင်ခံလိုက်ရသဖြင့် သခင်ငယ်မှ အံကြိတ်လျက် မျက်နှာတစ်ပြင်လုံး နီရဲလာတော့၏။
လျှာစောင်းထက်သော တာအိုဘုန်းကြီး။ ၎င်း၏အသားကို ကိုက်စားပြီး လည်ပင်းသွေးထံ ဖောက်သောက်ချင်ချေ၏။
“ ဖူစုရဲ့ ဥပဒေအရ ... အပြစ် ကျူးလွန်သူတွေကို ရုံးတော်ကပဲ အရေးယူတယ် ဒါဆို မင်းမှာ ဘယ်လိုများ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းရှိနေတာလဲ။ ”
ကူချန်က စကားမပြောနိုင် ဖြစ်နေသော သခင်ငယ်ဆိုသူကို ထပ်မံပြောကြားလိုက်သည်။ သို့သော် ဖူစုဥပဒေသည် အထက်တန်းစာများမှ ပြဌန်းထားကြောင်း လူတိုင်းသိ၏။
သူတောင်းစားတစ်ယောက် မဆိုနှင့် မျိုးနွယ်စုတစ်ခုလုံး အသတ်ခံလိုက်ရလျှင်ပင် အပြစ်ပြုသူသည် သန်မာနေသရွေ့ သူရဲကောင်း ဖြစ်ပေမည်။
ထို့အပြင် တစ်စုံတစ်ဦးကို ပေါင်မုန့်တစ်ဖဲ့အတွက် တရားရုံးတွင် မည်သူမှ တိုင်ကြားဝံ့မည်နည်း။
ဤသို့တိုင်ကြားသော် ထိုသူသည် နတ်နဂါးမြို့တော်တွင် ရယ်မောစရာ သတ္တဝါ တစ်ကောင် ဖြစ်လာပေလိမ့်မည်။
“ ငါ့အတွက် ဒီဘုန်းကြီးကို သတ်လိုက်။ ”
အဆုံးတွင် သခင်ငယ်ဆိုသူသည် သည်းမခံနိုင်တော့ဘဲ ကူချန်ထံ ဒေါသတကြီး လက်ညှိုးထိုးပြကာ အမိန့်ပေးလိုက်တော့၏။
သူ့အနားရှိ ဓားသမားက ကူချန်ကို လှမ်းကြည့်လိုက်ပြီး တုံ့ဆိုင်းသောအမူအရာဖြင့် သက်ပြင်းချလေသည်။
“ မိတ်ဆွေ စိတ်မကောင်းပါဘူး သူတပါးဆီကနေ ပိုက်ဆံယူပြီးပြီမို့ ငါ့အပေါ် နားလည်ပေးပါ။ ”
“ စိတ်မပူနဲ့ မိတ်ဆွေကြီး၊ ငါက တစ်ဖက်သားအပေါ် အမြဲတမ်းကြင်နာတတ်ပြီး ရိုက်နှက်တတ်သူ မဟုတ်ပါဘူး။ ”
ကူချန်က ပြုံးလျက်တုန့်ပြန်၏။ ဓားသမားက ရှေ့လှမ်းတက်လာကာ၊
“ ဒါပေမယ့် ကမ္ဘာကြီးက ဒီလိုပါပဲ ... မင်းဒုက္ခ မရှာခဲ့ရင်တောင် ဒုက္ခတွေက မင်းဆီ အမြဲရောက်လာလိမ့်မယ်။ ”
ထိုစကားကို ကူချန်က အလေးအနက် စဉ်းစားပြီးနောက် ပြန်လည်ခေါင်းညိတ်ကာ၊
“ မင်းပြောတာမှန်တယ် ... ဒါကြောင့် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ငါတို့တွေ သန်မာ နေရမယ်။ ”
-ဟု သဘောတူလိုက်သည်။
“ ချွင် ... ။ ”
“ မှန်တယ် ... မင်းသန်မာရမယ် လာပါ။ ”
ဓားသမားက လက်နက်ကိုဆွဲထုတ်ပြီး ကူချန်ထံ စိုက်ကြည့်ကာ ပြောကြားလိုက်သည်။ ကူချန် ရောက်ရှိလာခဲ့သည့် မြင်ကွင်းကို သူ မမေ့သေးချေ။
ယဉ်ကျေးပြီး ရိုးသားနေသော ဤဘုန်းကြီးသည် သေချာပေါက် သခင်တစ်ပါး ဖြစ်ပေမည်။ ထိုစဉ်က လေပြင်းများသည် သက်သေဖြစ်၏။
ကူချန်က ဓားသမားထံ လှမ်းကြည့်လိုက်ပြီး၊
“ မင်းငါ့ကို ပထမဆုံး လှုပ်ရှားစေချင်တာ သေချာလား။ ”
-ဟု မေးမြန်းသည်။
ထိုမေးခွန်းကြောင့် ဓားသမားခမျာ နှလုံးသားတစ်ခုလုံး တင်းကြပ်လာခဲ့လေသည်။ ဤခံစားချက်ကို သူ ယုံကြည်၏။
အဘယ်ကြောင့်ဆိုသော် မရေမတွက်နိုင်သော တိုက်ပွဲများမှတစ်ဆင့် ရရှိထားခဲ့သော ဗီဇအသိဖြစ်သည်။
ထိုအသိသည် ဘဝနှင့်သေခြင်း အကျပ်အတည်းများစွာမှ လွတ်မြောက်အောင် ကူညီပေး၏။ ဤဘုန်းကြီး အန္တရာယ်ရှိချေပြီ။
“ မဟုတ်ဘူး ငါအရင် ... ။ ”
ထို့ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ လက်ထဲမှဓားဖြင့် ချက်ချင်း ဆွဲခုတ်လိုက်သည်။ အရှိန်၊ တိကျမှုနှင့် ခွန်အားသည် တစ်သားတည်း ဖြစ်၏။
“ အား ... ။ ”
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူအချို့မှာ သာမန်လူများ ဖြစ်သောကြောင့် ထိတ်လန့်စွာ အော်ဟစ်ကုန်တော့သည်။ အချို့သည် အလွန် ကြောက်လန့်ပြီး မျက်လုံးများ မှိတ်ထား၏။
အထူးသဖြင့် ကူချန်၏ ရုပ်ရည်ချောမောမှုကြောင့် ဆွဲဆောင်ခံရသော အမျိုးသမီး ပရိတ်သတ်များပေပင်။
ဓားအလင်းသည် နဂါးငွေ့တန်းကဲ့သို့ ကျဆင်းလာ၏။ သို့သော် ကူချန်နှင့် တစ်လက်မ အကွာ၌ ရပ်တန့်သွားချေပြီ။ ဆက်၍ ကျဆင်းနိုင်ခြင်း မရှိတော့ချေ။
“ ဘာဖြစ်တာလဲ ... ။ ”
ဓားသမားသည် ဓားကိုင်လျက် လေထဲရပ်တန့်သွားသည်။ သူ့အကြည့်များ၌ ကြောက်ရွံ့မှုများ ထင်ဟပ်လာ၏။
“ မင်း ဘာလုပ်နေတာလဲ၊ ငါ့အတွက် သူ့ကိုခုတ်ချလိုက်လေ။ ”
သူ့နောက်မှ သခင်ငယ်ဆိုသူသည် ထိုအမူအရာကို မမြင်နိုင်သဖြင့် ဓားသမားသည် ရုတ်တရက် ကြင်နာစိတ်ဝင်လာသည်ဟု ထင်မှတ်သွားခဲ့သည်။
“ ခုတ်လို့ မရဘူး ... ။ ”
ဓားသမားက အံကြိတ်ပြီး ခက်ခက်ခဲခဲ တုန့်ပြန်လာသဖြင့် သခင်ငယ်ဆိုသူသည် မျက်မှောင်ကြုတ်သွား၏။
ထိုစဉ် ကူချန်က သူ့လက်ကို ဖြည်းညှင်းစွာဆန့်ပြီး၊
“ ငါ့ကို ဓားနဲ့ခုတ်လာတဲ့အတွက် မင်းလက်တစ်ဖက်ကို ... ငါချိုးပစ်လိုက်မယ် ဟုတ်ပြီလား။ ”
“ မလုပ်နဲ့ ... ။ ”
ဓားသမားတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်အော်ဟစ်လိုက်စဉ် ကူချန်၏ညာလက်ချောင်းများသည် သူ့ဓားကို ပုတ်ခတ်လာတော့၏။
“ ခရစ် ... ။ ”
သတ္တုအက်ကွဲသံများနှင့်အတူ ထက်ရှလွန်းသော သူ့ဓားသည် အပိုင်းပိုင်း ကြွေကျသွားချေပြီ။
ထိုစဉ် အချိန်များ နှေးကွေးသွား၏။ လူများစွာက မြင်ကွင်း၌ အနှေးပြကွက်တစ်ခုလို ဓားကျိုးအပိုင်းအစများ လွင့်မျောနေသည်ကို စိုက်ကြည့်နေမိသည်။
“ ဝှစ် ... ။ ”
သူတို့ကြည့်နေစဉ် ကူချန်မှ လက်လှိုင်းဖြင့် ထိုအပိုင်းအစများကို ဓားသမားလက်မောင်းထံ ပျံသန်း သွားစေလိုက်သည်။ လေထုအလယ် သွေးပန်းများ ပွင့်ကုန်၏။
ဓားသမားက မျက်နှာဖြူဖျော့လာပြီး မျက်နှာနီရဲနေသောအသွင်အပြင်ဖြင့် ဝေဒနာကို ခံယူသွားသည်။ ညည်းညူရန် ရှက်ရွံ့နေ၏။
ကူချန်က ၎င်းကို လျစ်လျူရှုပြီး သခင်ငယ်ဆိုသူထံ ကျော်ကြည့်လိုက်သည်။ သူ့အကြည့်ကို သတိပြုမိသော သခင်ငယ်သည် ကြောက်ရွံ့စွာဖြင့်၊
“ မင်း ... မင်း ဘာလုပ်ချင်နေတာလဲ။ ”
-ဟု မေးမြန်းလာ၏။
“ ဟမ့် ... မင့်တို့ ဒီမှာဘာလို့ လမ်းပိတ်နေရတာလဲ။ ”
ကူချန်မှ ပြန်မဖြေခင် မြင်းခွာသံများ ထွက်ပေါ်လာပြီး အော်ငေါက်မေးမြန်းသံကို ကြားလိုက်ရသည်။
လူအုပ်ကြီးက ဘေးသို့ရွေ့ကာ ချက်ချင်းဖယ်ပေးလိုက်တော့၏။ ထိုလမ်းမှ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသော စစ်မြင်းများ ချဉ်းကပ်လာသည်။
“ အစ်ကိုချန်ယွင် ... ။ ”
ကြောက်ရွံ့ထိတ်လန့်နေသော သခင်ငယ်သည် စစ်မြင်းပေါ်ရှိ ခေါင်းဆောင်ကို မြင်ချိန်၌ ရုတ်တရက် ပြုံးရွှင်သွားကာ နှုတ်ဆက်လိုက်၏။
ချန်ယွင်ဟူသော ထိုအမည်ကြောင့် ကူချန်အမူအရာ အနည်းငယ်ပြောင်းသွားကာ လှည့်ကြည့်လိုက်လေသည်။
***