ဓားတေးသံ ... ။
Vol. 1 Ch. 11
( ဖူစုပြက္ခဒိန် (၄၄၇)ခုနှစ်မှာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုဖြစ်စဉ်က ပိုပိုဆိုးရွားလာခဲ့ပြီး အကျင့်ပျက်အရာရှိ အများအပြား ထွက်ပေါ်လာနေပြီ ...
... ဒုက္ခသည်တွေလဲ လမ်းမတွေပေါ်မှာ အစုလိုက်အပြုံလိုက် အေးခဲသေကုန်ကြတယ်၊ အထက်တန်းစားတွေအတွက်တော့ ပုံမှန်ပါပဲ ...
... ဒါက ... ကမ္ဘာကြီးတစ်ခုလုံး ပရမ်းပတာဖြစ်ခြင်းမို့ သက်ပြင်းချရုံမှတစ်ပါး ဘယ်သူမှ မကူညီနိုင်ပါဘူး။ )
ချင်းဖန်နှင့်မင်ယွဲ့ကို မြို့ပြင်သို့ ခေါ်ဆောင်လာစဉ် အထက်ပါအသံကြောင့် ကူချန်တစ်ယောက် အေးခဲသွား၏။
ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်တော့မည်လော။ ကပ်ဘေးကြီးတစ်ခု ဆင်းသက်တော့မည်အချိန်၌ အမြဲတမ်း ကမောက်ကမဖြစ်စဉ်များ ဦးစွာ ဖြစ်ပေါ်လာပေလိမ့်မည်။
မျက်လုံးဝေ့ကြည့်လိုက်ရာ ဒုက္ခသည်များစွာကို မြို့ပြင်တစ်လျှောက် မျက်စိတဆုံး မြင်လာရ၏။
အချို့သည် ထုံကျဉ်သော အမူအရာဖြင့် မြေပြင်ပေါ်တွင် ထိုင်နေကြပြီး အချို့လူများမှာ လမ်းသွားလမ်းလာများကို တောင်းပန်နေသည်။ အချို့တွင် မျှော်လင့်ချက်ကင်းမဲ့လျက် တိတ်ဆိတ်နေ၏။
“ စီနီယာအစ်ကို ... ။ ”
ထိုစဉ် ချင်းဖန်မှ သူ့လက်ကိုဆွဲရမ်း လှုပ်ခါနေသဖြင့် ကူချန်က ငုံ့ကြည့်လိုက်သည်။ ချင်းဖန်ခမျာ တုန့်ဆိုင်းနေသော အသွင်ဖြင့်၊
“ အဲဒီလူကို လွှတ်လိုက်တာ လွယ်ကူလွန်းနေတယ် မဟုတ်ဘူးလား။ ”
-ဟု စိတ်ရှုပ်ထွေးစွာပြောလာ၏။
ကူချန်က ပြန်မဖြေသေးဘဲ လက်နှစ်ဖက်နောက်ပို့လျက် ရပ်တန့်ကာ ချင်းဖန်ထံပြုံးပြလိုက်သည်။
“ ငါမေးပါရစေ ... ဒီကမ္ဘာကြီးမှာ သူ့လိုလူတွေ အများကြီးရှိလား။ ”
“ သေချာပေါက် ရှိတယ်။ ”
ချန်းဖန်မှ တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေသည်။
“ မှန်တယ်၊ ဒီကမ္ဘာပေါ်မှာ သူ့လိုလူတွေ အများကြီးရှိတယ် ... ငါသူ့ကို သတ်လိုက်လို့ ရပါတယ် ဒါပေမယ့် သူ့လိုလူတိုင်းကိုတော့ ငါမသတ်နိုင်ဘူး၊ ဒါကြောင့် သတ်ခြင်းက အဖြေမဟုတ်ဘူး ...
... ဆန့်ကျင်ဘက်အနေနဲ့ ပြစ်ဒဏ်ပေးလိုက်တာက လူတော်တော်များများ အတွက် ကယ်တင်ရာရောက်တယ် ဒါဆို ဘယ်နည်းလမ်းက ပိုအဓိပ္ပာယ်ရှိမယ်ထင်လဲ။ ”
ချင်းဖန်မှ တိတ်ဆိတ်သွားသည်။ စီနီယာအစ်ကို၏ စကားများသည် အဓိပ္ပာယ် ရှိချေ၏။ ကျိုးကျိအသက်သည် လူရာဂဏန်း၏ အသက်နှင့်ယှဉ်သော် အရေးမပါချေ။
အတွေးများဖြင့် မော့ကြည့်လိုက်ချိန်၌ စီနီယာအစ်ကိုသည် ထွက်ခွာသွားပြီး မြစ်ဆိပ်ရှိ ကူတို့လှေတစ်စင်းထံ လက်ပြနေ၏။
ထို့နောက်သုံးယောက်သား လှမ်းတက်ကာ တစ်ဖက်ကမ်းသို့ ဖြည်းညှင်းစွာ လှော်ခတ်ပေးလေသည်။
“ ဝှစ် ... ။ ”
ကမ်းစပ်ရောက်သော် ကြေးဒင်္ဂါးအချို့ ပေးအပ်ပြီး ခုန်ဆင်းလိုက်၏။ ဤနေရာမှနေ၌လင်းရင်တောင်ရောက်ရန် မိုင်အနည်းငယ် လမ်းလျှောက်ရပေဦးမည်။
တောင်တက်လမ်းသည် ကြမ်းတမ်းပြီး ခြောက်ကပ်နေ၏။ ဟိုစဉ်အချိန်များ၌ မည်သူမျှ မသွားလာကြချေ။
“ ငါတို့ပြန်ရောက်ရင် ... မင်ယွဲ့ကို ရေချိုးခိုင်းပြီး သင့်တော်တဲ့ တာအိုအင်္ကျီပေးဖို့ တာအိုချင်းရှဆီကနေ တောင်းပေးလိုက် နားလည်လား။ ”
“ နားလည်ပါတယ် စီနီယာအစ်ကို ... ။ ”
ထို့နောက် ချင်းဖန်က သူ့ရင်ဘတ်ကို ပုတ်ပြကာ ‘ငါစီစဉ်ပေးမယ်၊’ဟု မင်ယွဲ့ထံ လှည့်ကာပြောကြားလိုက်၏။
မင်ယွဲ့က ထိတ်လန့်စွာဖြင့် ကူချန်ထံ မော့ကြည့်လိုက်သည်။ သူမ အနာဂတ်အတွက် စိတ်ရှုပ်ထွေးခြင်းအပြင် စိုးရိမ်ပူပန်မှုများလည်း ရှိနေခဲ့သည်။
ဤတာအိုဘုန်းကြီးငယ်သည် အဘယ့်ကြောင့် လက်ခံခဲ့သည်ကို နားမလည် နိုင်သေးချေ။ အဆုံးတွင် သူမသည် အသုံး မဝင်သူမျှသာဖြစ်၏။ ကူချန်က ပြန်ငုံ့ကြည့်ကာ ပြုံးပြသည်။ သူမအတွေးများကို မြင်ဟန်ဖြင့်၊
“ အခုချိန်ကစပြီး ... မင်းငါ့အနားမှာ ရေနွေးကြမ်းနဲ့ ရေကို တာဝန်ယူပေးရလိမ့်မယ် ဒီကောင်လေးကို ချင်းဖန်လို့ခေါ်တယ် မင်း နားမလည်တာတွေ ... မေးစရာတွေရှိရင် သူ့ကို အချိန်မရွေးသွားရှာပါ ... ဟုတ်ပြီလား။ ”
-ဟု မိန့်ကြားလိုက်သည်။
“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”
မင်ယွဲ့က ချက်ချင်းခေါင်းညိတ်ပြ၏။ တာအိုဘုန်းကြီးငယ်သည် သူမအတွေးကို ကြားနိုင်နေသည်လော။ ထို့ကြောင့် ဆက်မတွေး ဝံ့တော့ချေ။
“ ဟဲဟဲ ကောင်းတယ် ... မင်းက အခု ငါ့နောက်လိုက်ခဲ့ပါ ... လင်းရင်ဘုံကျောင်းမှာ ငါ့ရဲ့စီနီယာအစ်ကိုက ဘိုးဘေးငယ်ပဲ ...
... ငါ့ဆရာက ဒုတိယပဲရှိတယ် ငါကတော့ တတိယ၊ မင်းငါ့နောက်လိုက်မယ်ဆိုရင် မင်းကို ဘယ်သူမှ အနိုင်ကျင့်ဝံ့မှာမဟုတ်ဘူး။ ”
ချင်းဖန်က အားတတ်သရော ပြောကြားလိုက်သည်။ ယင်းကြောင့် ကူချန်မှ ပြန်လှည့်မကြည့်ဘဲ မနေနိုင်တော့ချေ။ လင်းရင် ဘုံကျောင်းတွင် လူနှစ်ဆယ်သာရှိသည်။
လူတိုင်းသည် တာအိုအတွက် အာရုံစိုက်ကြကာ သီးသန့်နေထိုင်တတ်ကြ၏။ တိတ်ဆိတ်ပြီး အချင်းချင်း ဆက်ဆံရေးများ မရှိသလောက်ပေပင်။
ဆိုလိုသည်မှာ ဘုံကျောင်းတွင် ကြီးနိုင်ငယ်ညှင်း မရှိချေ။ တစ်ယောက်နှင့် တစ်ယောက်ကူညီကာ ယဉ်ကျေးသိမ်မွေ့စွာ ပြုမူတတ်ကြသည်။
ဤကလေးသည်သာ ညစ်ပတ်ပြီး ဘုံကျောင်းအတွင်း မကြာခဏ ကမောက်ကမ ဖြစ်အောင် လုပ်တတ်သူ ဖြစ်သည်။
ချင်းဖန်အတွက်မူ သူ့အကြည့်ကို သတိမထားမိဘဲ မင်ယွဲ့နှင့် စိတ်လှုပ်ရှားစွာ စကားစမြည် ပြောဆိုနေခဲ့သည်။
ထိုမြင်ကွင်းကြောင့် ဤကောင်လေးတွင် အသက်တူရွယ် သူငယ်ချင်းများ မရှိခဲ့ဟု သတိရ လိုက်၏။
“ ချင်းဖန် ... ငါ့ကိုဒီရက်အတွင်း ဘယ်သူမှ မနှောက်ယှက်စေနဲ့ ... ။ ”
အဆုံးတွင် ခေါင်းယမ်းလျက် ညွှန်ကြားလိုက်ကာ အိပ်ခန်းထဲ လှမ်းဝင်လိုက် တော့သည်။ ထို့နောက် သတ္တုရိုင်းများ ထုတ်ယူကာသန့်စင်ရန် ပြင်သည်။
ကောင်းကင်နှင့်မြေမီးဖို သုတ္တန်သည် လက်နက်သန့်စင်ခြင်း ကျမ်းဖြစ်သည်။ လက်ရှိ နတ်နဂါးမြို့တွင် အသုံးပြုနေကြသော လက်နက်များသည် သာမန်ဖြစ်၏။
ကျင့်ကြံသူများ အသုံးပြုသော လက်နက်များတွင်သာ ဝိညာဉ်ရေးရာအစွမ်းများ ပါရှိပြီး ‘ဝိညာလက်နက်များ’ဟု ခေါ်ဆိုသည်။
ဝိညာဉ်ရေးလက်နက်များတွင် အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ထိပ်တန်းဟူ၍ အဆင့်လေးဆင့်ရှိသည်။
အဆင့်နိမ့်ဝိညာဉ်လက်နက်များပင် သာမန်လက်နက်များထက် သာလွန်သော စွမ်းအားများ ပြသနိုင်၏။
ဝိညာဉ်လက်နက်တစ်ခု၏ အရေးကြီးဆုံးအစိတ်အပိုင်းသည် ဝိညာဉ်အသွင် ပုံသဏ္ဍာန် ဖြစ်သည်။ ဤအရာသည် ဝိညာဉ်ရေး လက်နက်တစ်ခုအတွက် အုတ်မြစ်ဖြစ်၏။
ကောင်းကင်နှင့်မြေမီးဖို သုတ္တန်သည် ဝိညာဉ်စွမ်းအင်များကို ဝိညာဉ်လက်နက်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးနည်းဖြစ်သည်။
သို့သော် ဤသည်မှာ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ကို သွန်းလုပ်ရန်သာ ဖြစ်၏။ သူ့အတွက် ထိုအဆင့် မလိုအပ်သေးချေ။
သူ့ဘေး၌ တောက်ပနေသော ကျောက်စိမ်းတုံးတစ်တုံး၊ မြကျောက်စိမ်းဝါးနှင့် ဧရာမလိပ်ခွံကြီးတစ်ခု ရှိနေသည်။
ဤအရာများ အားလုံးသည် သူရှာဖွေထားသော ဝိညာဉ်ရေးပစ္စည်းများ ဖြစ်ချေ၏။
“ ဝှစ် ... ။ ”
လက်ဖဝါးဖြန့်ပြီး ချီအနှစ်သာရများ လောင်ကျွမ်းလျက် မီးတောက်အဖြစ် ထွက်ပေါ် လာစေ၏။
အလွန်ကြောက်စရာကောင်းသော အပူချိန်ရှိပြီး လူတစ်ဦးကို တစ်ခဏချင်း ပြာကျသွားစေနိုင်သည်။
“ စမ်းကြည့်ရအောင် ... ။ ”
သူ့အတွက် ပထမဆုံးအကြိမ် လက်နက်သန့်စင်ခြင်းဖြစ်သောကြောင့် များစွာ မျှော်လင့်ချက်မထားချေ။ သို့သော် မထင်မှတ်ဘဲ အရာအားလုံး ချောမွေ့စွာ ပြီးဆုံးခဲ့သည်။
တစ်စုံတစ်ယောက်သည်သာ မြင်သော် လက်နက်သင်တစ်ပါးအဖြစ် ထင်မှားမိပေမည်။ ဤနည်းဖြင့် တဖြည်းဖြည်း လက်နက် သန့်စင်ရာ၌ နှစ်မြှုပ်သွားတော့သည်။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ချင်စုန့်ခြံဝင်းထဲတွင် တာအိုချင်းရှတစ်ယောက် လူးလားခေါက်တုံ့ လျှောက်လှမ်းနေသည်။
လျှောက်နေလျက်မှပင် ပိတ်ထားသော အခန်းတစ်ခန်းထံ လေးနက်သည့်အမူအရာဖြင့် လှည့်လှည့်ကြည့်၏။
အဆုံးတွင် သည်းမခံနိုင်တော့ဘဲ သူ့အနားတွင် သကြားလုံးစားနေသော ချင်းဖန်ထံ လှည့်ကြည့်ကာ၊
“ ကူချန်က သူ့ကို မနှောက်ယှက်ရဖူးလို့ မင်းကိုတကယ်ပြောခဲ့လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဆရာ၊ ဒါကို ငါလိမ်ပြောနေတယ်လို့ မင်းထင်နေတာလား ... ။ ”
“ ဒါပေမယ့် ခုနစ်ရက်ရှိနေပြီ ထွက်လာသင့်တယ် မဟုတ်လား။”
တာအိုချင်းရှက ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်သည်။ ရှန်ရှင်းနယ်ပယ်သို့ သူဖြတ်ကျော်စဉ်ကပင် ထိုမျှ မကြာခဲ့ချေ။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်၊
“ ငါဝင်ကြည့်လိုက်တာ ပိုကောင်းမယ်။ ”
-ဟု တစ်ကိုယ်တည်း ပြောကြားလိုက်သည်။
သို့သော် ချင်းဖန်မှ ချက်ချင်း အသက်ဝင်လာပြီး သူ့လက်ကို အလျင်အမြန် ဖမ်းဆွဲတော့၏။
“ ဆရာ ... မင်းစီနီယာအစ်ကို မကြောက်ဘူးလား။ ”
“ ဟမ့် ... ကြောက်ရအောင် ... ဒီဘုံကျောင်းမှာ ... သူက ဆရာတော်လား ငါလား။ ”
“ သူ ... ။ ”
“ ဒေါက် ... ။ ”
ချင်းဖန်က တုန့်ဆိုင်းခြင်းမရှိ အခန်းကို လက်ညိုးထိုးပြလာသည်။ တာအိုချင်းရှခမျာ ဒေါက်ခနဲ ချင်းဖန်ခေါင်းကို ခေါက်ချလိုက်၏။
“ အား ... နာတယ်၊ ဟမ့် ... ဆရာ ထူးဆန်းတယ် ဘာလို့အရမ်းပူလာရတာလဲ ဝိုး တံခါးကနေ အပူလှိုင်းတွေ ထွက်နေတယ်။ ”
ချင်းဖန်က သူ့ခေါင်းကို ပွတ်ကာ အခန်းတံခါးထံ ရုတ်တရက် လက်ညိုးထိုးပြ လာခဲ့သည်။
“ အပူလှိုင်းလား ။ ”
ဤဘိုးဘေးသည် ပြဿနာအချို့ ကြုံနေရသည်လော။ တာအိုချင်းရှတစ်ယောက် ပို၍စိုးရိမ်သွားတော့သည်။ ကူချန်သည်သာ လင်းရင်ဘုံကျောင်းတွင် သေသွားခဲ့သော် အမျိုးသမီးထုကြီးမှ မုန်တီးကြပေမည်။
“ ကျွီ ... ။ ”
“ ဟမ့် ... ။ ”
စိုးရိမ်စိတ်ဖြင့် တံခါးဖွင့်လိုက်ရာ အပူလှိုင်းများ တိုးထွက်လာသောကြောင့် ထိတ်လန့်တကြား ခုန်ဆုတ်လိုက်ရ၏။
ထို့နောက် သတိထားပြီး ပြန်လည် ချဉ်းကပ်ကာ အခန်းအတွင်းသို့ တံခါးကြားမှ ချောင်းကြည့်လိုက်တော့သည်။
“ ဝှစ် ... ။ ”
ရုတ်တရက် သူ့ရင်ထဲချမ်းတုန်လျက် ကြောက်မက်ဖွယ်ရာဖိအားကို ခံစားလိုက်ရပြီး ခြေတစ်လှမ်း အမြန် ပြန်ဆုတ်လိုက်ရ၏။
“ ဝူး ... ။ ”
လေပူများက တံခါးအပြင်ဘက်သို့ ရုတ်တရက် ဆောင့်တိုက်လာကာ သူ့အနားမှ ဖြတ်ပြေးသွားလေသည်။
တစ်ဖက်တွင် မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွဖြစ်နေသော သူ့ဆရာကို ကြည့်ကာ ချင်းဖန်မှ မျက်မှောင်ကြုတ်လိုက်၏။
“ ချွင် ... ချွင် ... ချွင်။ ”
ထိုစဉ်ဓားမြည်သံများ ထွက်ပေါ်လာပြီး ဆရာတပည့်နှစ်ယောက်ကို တုန်ယင်စေလျက် မျက်လုံးများ ပြူးသွားတော့၏။
မမြင်နိုင်ရသော ဓားတစ်လက်ဖြင့် သူတို့၏အရေပြားများကို လှီးဖြတ်နေသကဲ့သို့ ခန္ဓာကိုယ်အနှံ့ ပြတ်ရှရာများ ပေါ်လာသည်။
“ ဟမ့် ... ဒီကောင်လေး သေပြီလား။ ”
ဤသည်မှာ ဓားရောင်ဝါ ဖြစ်ချေပြီ။ တာအိုချင်းရှခမျာ ထိတ်လန့်လာပြီး အခန်းထဲ ပြေးဝင်လိုက်လေသည်။
***