← Chapters

ဓားသုံးလက် ... ။

Vol. 1 Ch. 12

ဓားသုံးလက် ... ။

Vol. 1 Ch. 12

ကူချန်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့လက်ထဲမှ အစိမ်းရောင် ဓားကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

ဓားသည် သုံးပေနှင့် နှစ်လက်မ ရှည်လျားပြီးနောက် အစိမ်းပုပ်ရောင် မျဉ်းအချို့ ပါရှိနေသည်။ ဓားဖျားသည် အနည်းငယ်မျှသာ တုန်ခါနေပြီး တိုးညှင်းသောအော်သံကို ကြားနေရ၏။

“ ထန် ... ။ ”

လက်ညိုးက ဓားသွားကို ညင်သာစွာ တောက်ထုတ်လိုက်ရာ တုန်ခါမှုအကြိမ်ရေသည် ပို၍မြန်လာတော့သည်။

“ ရွှပ် ... ။ ”

ပျော်ရွှင်နေသော ဓားဝိညာဉ်ကို သူခံစားနိုင်သည်။ လက်ဆန့်ထုတ်လျက် ဓားကို ညင်သာစွာ လွှဲလိုက်ရာ စွမ်းအင်စီးကြောင်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပြတင်းပေါက်ထံ ပြေးသွား၏။

“ ဟမ့် ... ။ ”

ပြတင်းပေါက်ဘောင် ကျိုးသွားပြီး ဓားအလင်းမှာ ခြံဝင်းထဲဆက်၍ ရွေ့လျားကာ ကျယ်လောင်စွာ ပေါက်ကွဲလာသည်။

“ ဝုန်း ... ။ ”

တံခါးဝရှိ ဆရာတပည့်နှစ်ယောက်က ပြေးဝင်ရန်ပြင်နေစဉ် ထိုပေါက်ကွဲသံကြောင့် ရပ်ကာ ချာခနဲလှည့်ကြည့်မိ၏။

အုတ်တံတိုင်းသည် ရုတ်တရက် ပြိုကျသွားပြီးနောက် မီးခိုးမြူနှင့်ဖုန်မှုန့်များက သူတို့မြင်ကွင်းကို ဖုံးလွှမ်းသွားသည်။

“ ငါ ... ဘယ်သူလဲ။ ”

“ ငါ ... ဘယ်မှာလဲ။ ”

“ ငါ ... ဘာလုပ်နေတာလဲ။ ”

အထက်ပါ မေးခွန်းသုံးခုကို နှစ်ဦးသား တပြိုင်နက်တည်း ခံစားလိုက်ရ၏။ အဆုံးတွင် ကျိုးပဲ့နေသော ပြတင်းပေါက်ဆီသို့သာ မျှော်ကြည့်နိုင်ခဲ့သည်။

“ ဂျိန်း ... ။ ”

ကောင်းကင်တခွင် အနည်းငယ် အုံ့မှိုင်းလာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ ထိုအချိန်တွင် ကူချန်က ဓားကိုငုံ့ကြည့်နေရာမှ ခေါင်းမော့လျက် ကောင်းကင်ပေါ် ကြည့်လိုက်တော့သည်။

တစ်ဆက်တည်းမှာပင် သူ့လက်ထဲရှိ ဓားကိုပြန်ငုံ့ကြည့်ပြီး၊

“ နွေဦးပေါက်ရာသီရဲ့ ... မိုးခြိမ်း သံကြားလိုက်ရတဲ့အခါ သက်ရှိ​အရာအားလုံး အသက်ဝင်တယ် မင်းနာမည်ကို ဒီနေ့ကစပြီး ဆောင်းခိုနေသော အင်းဆက်လေးလို့ ... ခေါ်မယ်။ ”

“ ဘရူး ... ။ ”

ဓားရှည်က မြည်သံပြုလျက် ကျေနပ်ကြောင်း ပြသလာသည်။ ကူချန်မှပြုံးပြီး ဓားကိုကိုင်ကာ ထထွက်ခွာလာခဲ့၏။

အိမ်ထဲသို့ဝင်ရန် မဝံ့မရဲဖြစ်နေသော တာအိုချင်းရှနှင့်ချင်းဖန်သည် တာအိုဝတ်ရုံဖြင့် ဓားတစ်လက်ကိုင်ထားသည့် လူငယ်ထံ ကြည့်ကာ အနည်းငယ် ထိတ်လန့်လာသည်။

တစ်ဖက်လူ၏ အမူအရာသည် တည်ငြိမ်လွန်းကာ မျက်ဝန်းများတွင် နက်နဲပြီး စွဲမက်ဖွယ်ကောင်းနေ၏။

ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော တန်ခိုးရှင်တစ်ပါးကို မြင်ရသကဲ့သို့ တင့်တယ် လှချေပြီ။

ချင်းဖန်က မဝံ့မရဲဖြင့် ကူချန်လက်ထဲရှိ ဆောင်းခိုနေသော အင်းဆက်လေးကို ကြည့်ပြီး၊

“ စီနီယာအစ်ကို၊ မင်းဒီဓားကို မင်းဘယ်ကနေ ရလာတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

တာအိုချင်းရှက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်လျက်၊

“ ဒီဓားဟာ ရေခဲလိုအေးစက်ပြီး ... ချောမွေ့တယ် ... သူ့ရဲ့ရောင်ဝါက ထက်ရှမှုကို ဖုံးကွယ်ထားပြီး ... ဓားအိမ်ကနေ ဆွဲတဲ့အခါ အံ့မခန်း ဖြစ်လာလိမ့်မယ် တကယ်ကောင်းတဲ့ ဓားတစ်လက်ပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

စကားပြောနေစဉ် အကြည့်များသည် ပြိုကျနေသောနံရံထံ ကျရောက်သွားပြီးနောက် ထိတ်လန့်စွာ တံတွေးမျိုချလိုက်တော့သည်။

( ဒီကောင် လုပ်လိုက်တာ​ ဖြစ်နိုင်မလား။ )

ထက်ရှသော ဓားရောင်ဝါကို ပြန်သတိရလာပြီး ကူချန်လက်ထဲရှိဓားထံ သတိကြီးစွာ ကြည့်လိုက်၏။

အတွေးများစွာဖြင့် တာအိုချင်းရှခမျာ ထိတ်လန့်သွားပြီး ကူချန်၏ကျင့်ကြံမှုအဆင့် မည်မျှမြင့်မားသည်ကို ခန်းမှန်းနေမိတော့သည်။

( ဒါက ဓားအလင်းပဲ... စုစည်းခြင်း နယ်ပယ်လား၊ ရှန်ရှင်းနယ်ပယ်လား ဒါမှမဟုတ် သူ့အထက်က မူလနန်းတော်လား။)

***

အချိန်သည် မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကုန်လွန်နေသည်။ ​နွေဦးပေါက် ရာသီသည် ယခင်နှစ်ထက် ပိုမိုတောက်ပလျက် မိုးနည်းနေဆဲဖြစ်၏။

လင်းရင်ဘုံကျောင်းမှ မြင်နေရသော ဟန်မြစ်၏ ရေမျက်နှာပြင်အမှတ်သည် များစွာ ကျဆင်းသွားသည်။

ဤကာလအတွင်း ကူချန်သည် သီးနှံမိုးနှင့်တလင်းသိမ်းမိုးဟု အမည်ပေးသော ဓားနှစ်လက်ကို ထပ်မံသွန်းလုပ်နိုင်ခဲ့၏။

တစ်ရက်တွင် မိုးပြာရင်ပြင်အတွင်း ကူချန်သည် လေဟာနယ်ဓားသုတ္တန်ကို လေ့ကျင့်နေခဲ့သည်။

ဤနည်းစနစ်သည် အလွန်တရာ စိတ်ဝင်စားဖွယ် ကောင်း၏။ အစစ်အမှန်နှင့် ပုံရိပ်ယောင် ပေါင်းစပ်မှုကို အလေးပေးသည်။

ဓားဆွဲလိုက်သည်နှင့် ဓားအလင်းသည် လေဟာနယ်အတွင်း ပျောက်ကွယ်ပြီးနောက် ရန်သူအနား တိုက်ရိုက်ပေါ်လာမည်ဖြစ်၏။ ၎င်း၏ရွေ့လျားမှုကို ခြေရာခံ၍ မရချေ။

“ ရွှပ် ... ။ ”

ထို့ကြောင့် ပထမဆုံးလှုပ်ရှားမှုကို အရိပ်မဲ့ဓားဟု ခေါ်၏။ ဆောင်းခိုနေသော အင်းဆက်လေးကို လှုပ်ခတ်လိုက်ရာ ဓားစွမ်းအင် တိုးထွက်လာသည်။

“ ဒေါင် ... ။ ”

သို့သော် သဲလွန်စမရှိ ချက်ချင်း ပျောက်ကွယ်သွားပြီး ခြံဝင်းထောင့်တစ်နေရာရှိ သံပိုက်ခေါင်းထံမှ ရုတ်တရက် မြည်သံ ထွက်ပေါ်လာသည်။

ကိုယ်ထည်ပေါ်တွင် ပြတ်ရှရာတစ်ခု ထပ်တိုးသွားခဲ့သည်။ ကူချန်မှ ခေါင်းညိတ်ပြီး၊

“ ဒီအရိပ်မဲ့ဓားကို ပြီးပြည့်စုံအောင် ကျွမ်းကျင်သွားရင် ပြိုင်ဘက်က ဝိညာဉ်အသိနဲ့ ခြေရာခံရင်တောင် ရှာတွေ့ဖို့ခက်လိမ့်မယ်။ ”

ထို့နောက် ဒုတိယ ဓားပုံစံဖြစ်သော နောက်ဆက်တွဲ လှုပ်ရှားမှုအတွက် ဆက်၍ လေ့ကျင့်တော့သည်။

ဤပုံစံနှစ်ခုသည် အခြေခံအုတ်မြစ် ဖြစ်သည်။ ပထမအရွေ့သည် ပျောက်ကွယ်ခြင်း အပေါ် အာရုံစိုက်ပြီး ဒုတိယအရွေ့သည် ‘အမြန်နှုန်း’ကို အလေးပေး၏။

ဤပုံစံနှစ်ခုကို အောင်မြင်ပြီးမှသာလျှင် လေဟာနယ်ဓားသုတ္တန်အပေါ် အမှန်တကယ် လေ့ကျင့်ခြင်းမည်ပေမည်။

အစစ်အမှန်နှင့် ပုံရိပ်ယောင်ကို ပေါင်းစပ်ရန်အတွက် လိုအပ်ချက်သည် အလွန် မြင့်မားသော အမြန်နှုန်းဖြစ်၏။

၎င်းကို လေ့ကျင့်သောအခါ ကောင်းကင်နှင့်မြေကြီးကြား လေဟာနယ် တစ်ခုလုံးတွင် ဓားစွမ်းအင်များဖြင့် ဦးစွာ ပြည့်စေရပေမည်။

အမိန့်တစ်ခုတည်းဖြင့် ထိုဓားစွမ်းအင်များသည် ရန်သူကိုသတ်ရန် စုစည်းသွားမည်ဖြစ်၏။

ဤနည်းသည် ပြိုင်ဘက်အတွက် ရိုးရှင်းစွာပင် ခုခံနိုင်စွမ်းမဲ့စေမည်။ မည်သည့် အရပ်မှ လာသည်ကို မသိသဖြင့် မည်သို့ ခုခံရမည်မှန်း မသိသည်မှာ သဘာဝပေပင်။

“ စီနီယာအစ်ကို၊ မင်းအတွက် လက်ဖက်ရည်။ ”

ရုတ်တရက် လက်ဖက်ရည်ခွက် ကျောက်စားပွဲပေါ် တင်ပေးလိုက်သံ​နှင့်အတူ ကောင်မလေးတစ်ယောက် ရောက်ရှိလာသည်။

မျက်လုံးများသည် ကြယ်တာရာများကဲ့သို့ တောက်ပလျက် ဖြူစင်သော အသားအရည်ကို ဖုံးကွယ်ထား၍ မရချေ။

ကူချန်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ မင်ယွဲ့ဖြစ်သည်။ ထိုစဉ်အချိန်က ဖြူရော်သောမျက်နှာနှင့် ပိန်ပိန်ပါးပါး မိန်းကလေးပေပင်။

လအနည်းငယ်အကြာတွင် ဤသို့ အလွန်ချစ်စရာကောင်းသော ကောင်မလေး တစ်ယောက် ဖြစ်လာခဲ့သည်။

မင်ယွဲ့က ခြံထောင့်ရှိ သံပိုက်လုံးကို ကြည့်လိုက်ပြီး မျက်လုံးများတွင် ကြည်ညိုမှု အရိပ်အယောင် ပေါ်လာကာ၊

“ အစ်ကိုကြီး ... မင်း အရမ်းအံ့သြဖို့ ကောင်းတာပဲ။ ”

-ဟု ချီးကျူးလိုက်သည်။

“ ဟား ဟား ဟား ... ။ ”

ကူချန်မှ ခပ်တိုးတိုးရယ်လျက်၊

“ ငါက ... ဒီလောက်လည်း မဟုတ်သေးပါဘူး ... ဒီကမ္ဘာကြီးမှာ ငါ့ထက် အစွမ်းထက်တဲ့ လူတွေ အများကြီးရှိတယ်။ ”

“ ဒါပေမယ့် ငါတွေ့ဖူးသမျှထဲမှာ အစ်ကိုကြီးကသာ ကြီးစိုးမှုအရှိဆုံးပါ။ ”

“ ဒါဆို မင်းကြီးပြင်းလာတဲ့အခါ မကြာခဏအပြင်ထွက်ပြီး ကမ္ဘာကို ပိုမြင်အောင် ကြည့်ရမယ် ... ဒါမှ ဒီကမ္ဘာမှာ သြဇာကြီးမားတဲ့ သူတွေ ဘယ်လောက်ရှိလဲဆိုတာ မင်းသိရလိမ့်မယ်။ ”

ထိုစကားကြောင့် မင်ယွဲ့မှနှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီး ကူချန်အနား တိုးကပ်လာကာ ခေါင်းခါပြလေသည်။

“ ဘယ်မှ မသွားချင်ဘူး ... အစ်ကိုကြီးနောက်ကိုပဲ လိုက်မယ်။ ”

“ ဟမ့် ... ကမ္ဘာကြီးက အရမ်းကြီးတယ် မင်း မကြည့်ချင်ဘူးလား။ ”

ကူချန်မှ ပြုံးပြီး မေးသည်။

“ အစ်ကိုကြီး ... မင်း ဒီလောက် အစွမ်းထက်နေတာ ဘာလို့ အပြင်မထွက် ရတာလဲ။ ”

“ ငါလား ... ငါက လှုပ်ရှားရတာ မကြိုက်ဘူး၊ ဒါကြောင့် အပြင် မထွက်တာပေါ့။ ”

“ မင်ယွဲ့လည်း အတူတူပဲ ... လှုပ်ရှားရတာကို မကြိုက်ဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ကူချန်က မင်ယွဲ့၏ ကြွယ်ဝသော ပရိယာယ်စကားကြောင့် အံအားသင့်သွားပြီး ကူကယ်ရာမဲ့စွာ ရယ်မောလိုက်တော့၏။

ထိုအချိန်မှာပင် လူတစ်ယောက် ခြံထဲဝင်ရောက်လာသည်။ ကျောက်စိမ်းကဲ့သို့ ကြည်လင်သောအသားအရည်၊ လှပသော မျက်နှာ၊ နှုတ်ခမ်းနီနီနှင့် သွားဖြူဖြူများရှိသည့် လူငယ်တစ်ယောက်ပေပင်။

ထိုမြင်ကွင်းက ကူချန်ကို အနည်းငယ် လွဲမှားနေသလို ခံစားရစေ၏။ ဤကမ္ဘာကြီးတွင် မိန်းမတစ်ယောက် ရှုံးလောက်အောင် လှပသော အမျိုးသားတစ်ယောက် မည်သို့ ရှိနေရသနည်း။

အထူးသဖြင့် ယခင်က သူ့ကျွန်သည် ဤသို့သော လူမျိူးဖြစ်ချေပြီ။ ၎င်းကြောင့်ပင် သူ့အပေါ် မေးခွန်းများထုတ်လိုသော အကြည့်များစွာကို ခံခဲ့ရသည်။

ကူသခင်လေးသည် ဤမျှ ချစ်စရာ ကောင်းသော အမျိုးသားအစေခံကို ခေါ်ယူထား သည်မှာ အဘယ်ကြောင့်နည်း။ ၎င်းသည် လိင်တူချစ်သူပင်လော။

လင်းရင်ဘုံကျောင်းသို့ ဝင်ရောက် လာပြီးသည့်တိုင် ထိုကောလဟာလများသည် နတ်နဂါးမြို့၌ ထွက်ပေါ်နေဆဲဖြစ်သည်။

***

Book-1

All Chapters