← Chapters

ငါနင့်ကို ကိုက်စားပြမယ်။

Vol. 2 Ch. 13

ငါနင့်ကို ကိုက်စားပြမယ်။

Vol. 2 Ch. 13

လင်းဟွာရှင်းက ကျောက်စားပွဲတွင် ထိုင်နေသော ကူချန်ကိုတွေ့ချိန်၌ ပြေးလာပြီး၊

“ သခင်ငယ် ... မြောက်ဘက်မှာ တစ်ခုခုဖြစ်သွားပြီ။ ”

-ဟု အော်ဟစ်လိုက်သည်။

မင်ယွဲ့က နောက်ပြန်ဆုတ်လျက် ကူချန်ဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေလိုက်၏။ ကူချန်မှ အံ့အားသင့်စွာဖြင့်၊

“ တစ်ခုခု ဖြစ်သွားပြီလား ... ဘာဖြစ်တာမို့လဲ တစ်ယောက်ယောက် ပုန်ကန်မှု စတင်နေတာလား။ ”

-ဟု ပြန်လည်မေးမြန်းသည်။

ထိုစကားကြောင့် လင်းဟွာရှင်းတစ်ယောက် စိတ်လှုပ်ရှားလာပြီး၊

“ သခင်ငယ်၊ မင်းက အံ့သြစရာ ကောင်းတယ် ... ဒါကို ဘယ်လိုသိနေတာလဲ။ ”

-ဟု ပြန်၍မေးမြန်းလာ၏။

ကူချန်က မင်ယွဲ့ယူလာပေးသော လက်ဖက်ရည်ကို ငုံ့နမ်းလျက်၊

“ ဒီလိုဖြစ်သွားတာ အံ့သြစရာတော့ မဟုတ်ပါဘူး ... ဒုက္ခသည်တွေက ဆက်တိုက် တိုပွားနေပြီး အကျင့်ပျက်အရာရှိတွေ ပိုပိုများ လာနေတယ် ... ဒါကြောင့် ပုန်ကန်မှု မဖြစ်ရင်သာ ထူးဆန်းနေလိမ့်မယ်။”

-ဟု ပြန်ဖြေသည်။

“ ဒီမှာ သခင်ကြီး ပေးလိုက်တဲ့ စာပါ။ ”

လင်းဟွာရှင်းက ရှေ့လှမ်းတက်ကာ စာတစ်စောင် ကမ်းပေးလိုက်သည်။ ကူချန်မှ ဖွင့်ဖတ်ကြည့်၏။

မြစ်အနောက်ဘက်ဒေသတွင် တစ်စုံတစ်ယောက်သည် လူထုအုံကြွမှုတစ်ခု ဖြစ်ပေါ်အောင် အစပြုနေသည်။ လူထုကြီးက အရန်ဆန်များ ထုတ်ပေးရန် ဒေသန္တရ ရုံးတော်များထံသို့ ကျူးကျော်လာ၏။

ထိုအုံကြွမှုကို ဖြိုခွင်းနိုင်ခဲ့သော်လည်း သတင်းများ ပျံ့နှံ့ခဲ့သဖြင့် နေရာအများအပြား၌ အစိုးရရုံးများ တိုက်ခိုက်ခံလာရသည်။

ငတ်ပြီးသေတော့မည့် လူအများအတွက် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်တော့ချေ။ ထို့ပြင် အဆိုပါ မီးတောက်များကို တိတ်တဆိတ် လောင်စာထည့်နေသူများလည်း ရှိနေ၏။

ဟဲရှလမ်း၊ ဟဲတောင်လမ်း၊ မိုပိုင်လမ်း၊ သွမ့်ရှန်လမ်းစသည့် ဖူစုနိုင်ငံ မြောက်ဘက်နှင့် အရှေ့ဘက်ဒေသကြီးတို့တွင် အုံကြွမှုများ ဆက်တိုက် ဖြစ်ပွားလာသည်။

ရုံးတော်မှ ခန့်အပ်ထားသော တာဝန်ခံအချို့သည် တရားရုံး၌တရားမျှတမှု မရှိဟုပင် ပွင့်ပွင့်လင်းလင်း ကြေငြာခဲ့ကြပြီး ပုန်ကန်လာ၏။

အထက်ပါ အကြောင်းအရာများအပေါ် ဖတ်ရှုပြီးနောက် ကူချန်တစ်ယောက် စာရွက်ကို ကျောက်စားပွဲပေါ်တင်လိုက်ပြီး၊

“ ဒီတစ်ခါတော့ တကယ် မတားနိုင်တော့ဘူး ထင်တယ်။ ”

-ဟု မှတ်ချက်ပေးသည်။

“ သခင်လေး အရင်ကလည်း ဖူစုမှာ ... ဒီလိုပုန်ကန်မှုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ် ဒါဆို ဘာလို့တားမရဘူးဆိုတာ သခင်လေးက သေချာနေရတာလဲ။ ”

လင်းဟွာရှင်းက ထိုမှတ်ချက်အပေါ် နားမလည်စွာဖြင့် မေးမြန်းသည်။

“ ဒီကမ္ဘာကြီးမှာ ... နှစ်ပေါင်း တစ်ထောင်ကြာအောင် အုပ်စိုးနိုင်တဲ့မင်းဆက် မင်းမြင်ဖူးလား။ ”

လင်းဟွာရှင်းမှ ပြန်မဖြေနိုင်ချေ။ ကူချန်က ရေနွေးကြမ်းကို တစ်ငုံသောက်ကာ ပြန်ချလျက်၊

“ နှစ်ပေါင်း ရာနဲ့ချီကြာအောင် ... အင်အားဖြည့်တင်းပြီးတဲ့နောက် ဖူစုနိုင်ငံမှာရှိတဲ့ အဓိကအင်အားစုတွေဟာ ကန့်သတ်ချက်ကို ရောက်လုနီးပါးဖြစ်နေပြီ ...

... ဒါကို ပိတ်ဆို့သွားတယ်လို့ခေါ်တယ် ... ဒါကြောင့် သူတို့တွေ ဆက်ပြီးတိုးတက်ချင်တယ် ဆိုရင် ... ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ ”

-ဟု မေးမြန်းရန် လင်းဟွာရှင်းထံ ပြန်ကြည့်သည်။

ဤတစ်ကြိမ်တွင်လည်း ထိုနည်းလည်း ကောင်းပေပင်။ လင်းဟွာရှင်းမှ မဖြေနိုင်ချေ။

“ ပြီးတော့ ... လက်ရှိဧကရာဇ်က ကလေးတစ်ယောက်ပဲ တကယ့်အုပ်စိုးရှင်က သူ့နောက်ကွယ်ကနေ ချုပ်ကိုင်နေတဲ့ နန်းတွင်းဝန်သုံးပါးပါ ...

... သူတို့က ပလ္လင်အတွက် တိုက်ပွဲဝင်နေကြတယ် ဒါကြောင့် ဖူစုနိုင်ငံက နေရာတိုင်းမှာ ဆိုးဆိုးရွားရွား အကျင့်ပျက် ခြစားနေကြပြီး ...

... အတွင်းနဲ့အပြင် ... ရန်သူတွေနဲ့ ပြည့်နှက်နေတဲ့အပြင် ရာစုနှစ်တစ်ရာအတွင်း ရှားပါးလှတဲ့ သဘာဝကပ်ဘေးကြီးလည်း ကျရောက်နေတယ်။ ”

ဤနေရာအရောက်တွင် ကူချန်သည် ခေါင်းခါလျက် သက်ပြင်းချလိုက်တော့သည်။ ဤသို့သော အခြေအနေတွင် ဖရိုဖရဲမဖြစ်ပါက ထူးဆန်းနေပေလိမ့်မည်။

( သူ့နားထဲတွင် တစ်ခါတစ်ရံ ကြားနေရတတ်သော လျှို့ဝှက်ဆန်းကြယ်သည့် အသံသည်လည်း ထိုသို့သုံးသပ်ထား၏။ )

တစ်ဖက်တွင် သူ့အဖေကူဖုန်း၏ ကံကြမ္မာသည် ဧကရာဇ်ဖြစ်၏။ ထို့ကြောင့် လက်ရှိဖြစ်ရပ်များသည် သူ့အတွက် အခွင့်အရေး ဖြစ်လာနိုင်ပေမည်။

အတွေးများစွာ ပျံ့ကားနေစဉ် ပန်းချီဆရာမှ သူ့မျက်နှာရှေ့ လက်ယမ်းပြနေသည်ကို မြင်ကာ အာရုံများ ပြန်ရောက်လာခဲ့သည်။

“ ကောင်းပြီ ... ငါသိပြီးပြီ၊ မင်းပြန်လို့ရပြီ။ ”

ကူချန်က မောင်းထုတ်လိုက်၏။ လင်းဟွာရှင်းတစ်ယောက် မျက်နှာပျက်ယွင်းပြီး ဝမ်းနည်းစွာ ညည်းတွားတော့သည်။

“ သခင်ငယ် ... မင်းအရမ်းရက်စက်တယ် ငါ့ကိုအသုံးချပြီး အခုစွန့်ပစ်နေတာလား မင်းဟာ ပုံပြင်ထဲက လူယုတ်မာတစ်ယောက်လိုပါပဲ။ ”

၎င်းအမူအရာသည် အလွန်သနားစရာ ကောင်းနေကာ အထူးသဖြင့် ဆောင်းဦးရေအိုင် ကဲ့သို့ ဝင်းလက်စိုအိ တောက်ပနေသော မျက်ဝန်းအိမ်သည် လူအများကို နှလုံးခုန်မြန်စေ၏။

ဤကောင်လေးသည် အမျိုးသားအင်္ဂါနှင့် အမျိုးသမီးတစ်​ယောက်ကဲ့သို့ လှပလွန်းချေပြီ။ ထို့ကြောင့် ပန်းချီဆရာဟူသော ဘွဲ့ထူးကို ရရှိထားခြင်းဖြစ်၏။

“ သွားတော့ ... ။ ”

ကူချန်က စိတ်ပြောင်းခြင်း မရှိချေ။ လင်းဟွာရှင်းမှ ကူချန်ဘေးတွင် ရပ်နေသော မင်ယွဲ့ထံ အကြည့်ရောက်သွားပြီး၊

“ သခင်ငယ်၊ ... မင်းအရင်က ဒီလိုမဟုတ်ပါဘူး ... မင်းအသစ်ရလာတဲ့အခါ ငါ့ကိုမေ့သွားပုံရတယ်။ ”

-ဟု ငိုကြွေးပြပြန်၏။

“ မင်ယွဲ့ ... ဒီကောင်လေးက မိန်းကလေးတစ်ယောက်လို အရမ်းလှတယ်လို့ မင်းထင်နေတယ် မဟုတ်လား ... မင်းသူ့ကို မိန်းကလေးဖြစ်စေချင်လား။ ”

ကူချန်က မင်ယွဲ့ထံ လှည့်ကြည့်ကာ မေးသည်။ မင်ယွဲ့တစ်ယောက် ချီတုံချတုံနှင့်၊

“ စီနီယာအစ်ကို ... ယောက်ျားတွေက မိန်းမ ဖြစ်လာနိုင်လို့လား။ ”

-ဟု ပြန်၍ မေးမြန်းလာ၏။

“ ကမ္ဘာပေါ်မှာ ကျားနဲ့မ နှစ်မျိုးပဲရှိတယ် ... ငါတို့က သူ့ကိုယောင်္ကျား မဖြစ်စေချင်ရင် သူက မိန်းမလည်း ဖြစ်မှာမဟုတ်ဘူး။ ”

“ ဒါဆို သူ ဘာဖြစ်လာမလဲ စီနီယာအစ်ကို။”

“ အား ... ။ ”

လင်းဟွာရှင်းက ရုတ်တရက် အော်ဟစ်လျက် ချက်ချင်းဦးညွှတ်ကာ၊

“ သခင်ငယ် ...ငါမှားသွားပါပြီ ... ငါမှားသွားပါပြီ ငါအခုပဲ ထွက်သွားပါတော့မယ် အခုပဲထွက်ပါတော့မယ်။ ”

-ဟု ဆိုလျက် လှည့်ပြေးတော့၏။

“ ခစ် ခစ် ခစ် ... ။ ”

​မင်ယွဲ့က သူ့နောက်ကျောကို ကြည့်ကာ ရယ်မောလိုက်လေသည်။ နေ့ရက်များစွာ ထပ်မံ ကုန်လွန်သွားလေသည်။ နတ်နဂါးမြို့အပြင်တွင် ဒုက္ခသည်ဦးရေမှာ များစွာတိုးပွားနေ၏။

ငတ်မွတ်ခေါင်းပါးခြင်းမှ ထွက်ပြေး သူများအပြင် စစ်ဘေး‌ရှောင်ရှားလိုသူများလည်း ရှိလာသည်။

ကူချန်က လေနတ်ဘုရားဇရပ်မှနေပြီး မြင်ကွင်းတဆုံး ဒုက္ခသည်များကို မျှော်ကြည့် နေမိ၏။

ဒုက္ခသည် အရေအတွက်သည် တဖြည်းဖြည်းတိုးလာနေကာ နတ်နဂါးမြို့တော် တဝိုက်တွင် အခက်အခဲများစွာကို ဖြစ်ပေါ်လာစေသည်။

လူတိုင်း ဒုက္ခသည်များ မဟုတ်ချေ။ သေဆုံးသူတိုင်းသာလျှင် စစ်မှန်သောဒုက္ခသည် ဧကန်ဖြစ်၏။

ကျန်ရစ်ခဲ့သည် ဒုက္ခသည်များသည် စုဖွဲ့လျက် နတ်နဂါးမြို့တဝိုက်ရှိ ရွာများတွင် ရာဇ၀တ်မှုများ ကျူးလွန်ကြပေမည်။

ကူချန်က သက်ပြင်းချလျက် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ ဘုံကျောင်းသို့ ဘုရားဖူးလာသူ များသည် ယခင်ထက် နည်းပါးလာပြီဖြစ်၏။

ဘုံကျောင်းသည် ဝေးလံခေါင်သီကာ လမ်းတစ်လျှောက် ဒုက္ခသည်များစွာ ရှိနေသဖြင့် မလုံခြုံတော့ချေ။

ထို့ကြောင့် ဘုရားဖူးများစွာသည် ဘေးကင်းလုံခြုံရေးဟူသော အကြောင်းပြချက် များစွာနှင့် ဤလမ်းကို မလာကြတော့ဘဲ ဘုံကျောင်းကို တိတ်ဆိတ်သွားစေသည်။

“ ဒီလူတွေကိုသနားပြီး အဝတ်အစားနဲ့ စားစရာလေး နည်းနည်းပေးမိပါတယ် ... အရမ်း စိတ်ညစ်စရာကောင်းတာပဲ ... ။ ”

တောင်ခြေရင်းတွင် အစိမ်းရောင် ၀တ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က ဒေါသတကြီးဖြင့် အစေခံမိန်းကလေးကို ပြောကြားနေခဲ့သည်။

“ တာအိုဘုန်းကြီး၊ မတွေ့တာကြာပြီနော်။ ”

သို့သော် မိန်းကလေးသည် ကူချန်ကို မြင်ချိန်၌ ဒေါသများပျက်ပြယ်ကာ မျက်လုံးများ တောက်ပလာပြီး လက်ဝှေ့ယမ်းပြ၏။

“ မိန်းကလေးမု၊ လူတွေကို ကွယ်ရာမှာ အတင်းအဖျင်း ပြောနေတာလား ... အပြစ်ရမှာ မကြောက်ဘူးလား။ ”

ကူချန်က ပြုံးလျက် မေးမြန်းလိုက်သည်။ အစိမ်း​ရောင်ဝတ် မိန်းကလေးက ရှက်ရွံ့သွားပြီး၊

“ ဒီလိုဖြစ်သွားတာလား ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ တာအိုဘုန်းကြီး ငါဆိုလိုတာ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ”

-ဟု ဖြေရှင်းလာသည်။

သူမသည် လင်းရင်ဘုံကျောင်းကို နာမည်ကြီးစေခဲ့သော အထည်ဆိုင်ရှင်၏သမီး မုဝေဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လင်းရင်ဘုံကျောင်း၌ တစ်ညတာ တည်းခိုခဲ့ ဖူးသည်။ ညဘက် အိပ်ရာဝင်ချိန်၌ သူမအခန်း ရှာမတွေ့တော့သဖြင့် ကူချန်အခန်းထဲ မတော်တဆ ရောက်ရှိလာခဲ့သည်။

ကံမကောင်းစွာဖြင့် သူမကို တခြားဘုရားဖူးများ မြင်သွားကာ အထည်ဆိုင် သမီးသည် ရမ္မက်များ လောင်မြိုက်လျက် တာအိုဘုန်းကြီးကို ကြံစည်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့သွားဖူးသည်။

“ ဒါက နားလည်မှုလွဲတာလား ဒါမှမဟုတ် မင်းဒီလိုပဲ ... ပြောဆိုနေတတ်တာလားဆိုတာ ဘယ်သူသိမှာလဲ။ ”

ကူချန်စကားကြောင့် မုဝေက မျက်လုံးပြူးသွားပြီး၊

“ ကောင်းပြီ ... လူတွေကို ကွယ်ရာမှာ အတင်းအဖျင်းတွေ ... ငါအမြဲပြောဆိုနေတယ် ဟုတ်ပြီလား၊ ဟမ့် ... ငါနင့်ကို ကိုက်စားချင် နေပြီနော် တာအိုဘုန်းကြီး။ ”

-ဟု ခြိမ်းခြောက်လိုက်၏။

သို့သော် ကူချန်က နည်းနည်းမျှပင် မကြောက်ဘဲ သံသယနှင့် ပြန်ကြည့်ကာ၊

“ မင်းနောက်နေတာလား ဒါမှမဟုတ် အလေးအနက် ပြောနေတာလား၊ ငါစိတ်ထဲ မင်း တကယ် အလေးအနက်ပြောနေတယ်လို့ ... ဘာလို့ခံစားနေရတာလဲ။ ”

-ဟု ထပ်မံ အရွှန်းဖောက်လိုက်၏။

“ ဟုတ်တယ် ... ဟုတ်တယ်၊ ငါအလေးအနက်ပြောနေတာ နင့်ကို တကယ် ကိုက်စားချင်နေတယ် ဟုတ်ပြီလား။ ”

“ ဟားဟားဟား ငါနားလည်ပြီ ... နားလည်ပြီ၊ ဒါနဲ့ မင်းဘာတွေ ဆူပူကြိမ်းမောင်း နေတာလဲ ... မင်းကိုဒေါသထွက်အောင် ဘယ်သူလုပ်လိုက်လို့လဲ။ ”

ဤတစ်ကြိမ်၌ မုဝေသည် သိသိသာသာ ဒေါသထွက်လာပြီး ချက်ချင်း နောက်ကြောင်း ပြန်လှည့်ကြည့်ကာ၊

“ ဘယ်သူရှိမလဲ၊ အဲဒီဒုက္ခသည်တွေပေါ့။ ”

-ဟု ဖြေကြားလိုက်တော့၏။

***

All Chapters