ထာဝရလမ်းခရီး ... ။
Vol. 2 Ch. 14
“ ဒုက္ခသည်တွေလား။ ”
ကူချန်မှ အံ့ဩသွားသည်။
“ ဟုတ်တယ် တာအိုဘုန်းကြီး ... ဒီဒုက္ခသည်တွေက တကယ်ဆိုးမှန်း မင်း မသိဘူးလား ... ။ ”
မုဝေနောက်လိုက် အစေခံမိန်းကလေးက ဒေါသတကြီး ဝင်ပြောသည်။
“ လမ်းမှာလူတစ်စုက ငါတို့ရထားတွဲကို ဝိုင်းပြီးမိန်းကလေးနဲ့ငါ့ကို ဖမ်းဆီးပေါင်းသင်းချင် နေကြတယ် ... ။ ”
“ ဟမ့် ... ။ ”
ကူချန်က နားမလည်သော အမူအရာဖြင့် သူမကိုကြည့်သည်။ အစေခံကောင်မလေးက ခေါင်းညိတ်ပြီး၊
“ ဟုတ်တယ် ... ဒါက ရှက်စရာပဲ တာအိုဘုန်းကြီး၊ ဒါကို မင်းကောင်းကောင်း နားလည်မှာ မဟုတ်ဘူး ... အရမ်း ရှက်စရာ ကောင်းပါတယ်။ ”
-ဟု ဆိုလာတော့၏။
ကူချန်မှ သိမ်မွေ့သော အကြည့်ဖြင့်၊
“ ဖြစ်နိုင်တယ်၊ ဖြစ်နိုင်ပါတယ်၊ မင်းပြောတာကို ငါနားမလည်တာမျိုးပဲ။ ”
-ဟုဆိုလျက် မုဝေထံ လှည့်ကြည့် လိုက်သည်။
မုဝေက အနည်းငယ်နီမြန်းနေသော မျက်နှာဖြင့် ပြန်မော့ကြည့်ကာ နှုတ်ခမ်းကို ကိုက်လျက်၊
“ ဘာလို့ ငါ့ကို ကြည့်နေတာလဲ ... ကံကောင်းထောက်မစွာပဲ ဦးလေးဝူက အရမ်း အစွမ်းထက်တော့ သူတို့တွေ ချက်ခြင်း ထွက်ပြေးသွားကြတယ်။ ”
-ဟု ရှင်းပြလာ၏။
ကူချန်မှ ပြုံးလိုက်သည်။ ဤလမ်းသည် သူမပြောနေသကဲ့သို့ အန္တရာယ်များလိမ့်မည်ဟု သူ မယုံချေ။ သို့တိုင် မျက်မှောင်ကြုတ်ပြီး၊
“ ဒီဒုက္ခသည်တွေက ပိုပိုပြီး ... ရဲရင့်လာတယ် ရုံးတော်က သူတို့ကို ဖြေရှင်းဖို့ အစီအစဉ် မရှိတော့ဘူးထင်တယ်။ ”
-ဟု အလိုက်သင့် မှတ်ချက်ပေးလိုက်သည်။
“ ဒုက္ခသည်တွေက အရမ်းများ လွန်းနေတယ် လမ်းမှာ ကင်းလှည့်သူတွေကို မကြာခဏ တွေ့နေရပေမယ့် ... ဒီလမ်းက အရမ်းဝေးတယ် သူတို့မရောက်နိုင်ဘူး။ ”
အစေခံမိန်းကလေးမှ သက်ပြင်းချကာ ပြောကြားလာသဖြင့် ကူချန်က ခေါင်းညိတ် ပြလိုက်၏။
ထို့နောက် မုဝေနှင့် အစေခံသည် ကူချန်နှင့်အတူ လင်းရင်ဘုံကျောင်းသို့ လိုက်ပါ လာခဲ့သည်။
ဘုံကျောင်းတွင် ကိန်းဝပ်နေသော တာအိုဘုန်းတော်ကြီး ရုပ်တုအပေါ် ကန်တော့ ပြီးနောက် ပင်မခန်းမဆောင်သို့ သွားရောက် တည်းခိုတော့၏။
ထိုအရပ်သည် ကူချန် နေထိုင်သည့် မိုးပြာခြံဝင်းနှင့် မဝေးချေ။ ယင်းကြောင့်သာ မုဝေတစ်ယောက် လမ်းမှားပြီး ဝင်ရောက်ခဲ့ခြင်း ဖြစ်လေသည်။
နောက်တစ်နေ့တွင် နေ့လယ်စာ စားသုံးပြီးနောက် သခင်နှင့် အစေခံတို့သည် နတ်နဂါးမြို့သို့ ပြန်သွားကြ၏။
ဇူလိုင်လ ရောက်ရှိလာပြီ ဖြစ်သဖြင့် လင်းရင်တောင်ကြီး တစ်ခုလုံး စိမ်းလန်းစိုပြေ နေသည်။ တောင်တက် လမ်းဘေးတစ်လျှောက် အမည်မသိ ပန်းမန်များနှင့် မွှေးရနံ့များကြောင့် စိတ်ဝိညာဉ်ကို လန်းဆန်းစေ၏။
ကူချန်က တောင်တံခါးဆီသို့ မုဝေကို လိုက်ပို့ပေးနေခဲ့သည်။ တံခါးဝအရောက်တွင် မုဝေတစ်ယောက် ခဏတုံ့ဆိုင်းသွားပြီးနောက် ပြန်၍မော့ကြည့်ကာ၊
“ ငါ့အဖေက အခုမြို့ပြင်မှာ ပရမ်းပတာ ဖြစ်နေတယ်လို့ ပြောတယ်၊ နောက်လကစပြီး ဒီကိုလာနိုင်တော့မယ် မထင်ဘူး။ ”
-ဟု ပြောကြားလာ၏။
သူမသည် လစဉ်လတိုင်းလိုလို လင်းရင်ဘုံကျောင်းသို့ တစ်ကြိမ်သို့မဟုတ် နှစ်ကြိမ်ခန့် လာရောက်ကာ ရှိခိုးသည်မှာ နှစ်အနည်းငယ်တိုင်နေပြီဖြစ်သည်။
သို့သော် သူမ၏ ဆန္ဒအမှန်ကိုမူ လူတိုင်းသိထားသည်။ ကူချန်မှ ခေါင်းညိတ်ပြီး၊
“ ကောင်းပါတယ်၊ အခုအပြင်မှာ မလုံခြုံတော့ဘူး မြို့ထဲမှာနေတာ မင်းအတွက် ပိုကောင်းတယ်။ ”
-ဟု ပြောကြား၏။
မုဝေသည် ကူချန်မျက်လုံးထဲတွင် တစ်စုံတစ်ခုကို ကြိုးစားရှာဖွေခဲ့သော်လည်း စိတ်ပျက်ခြင်းဖြင့် အဆုံးသတ်သွားလေသည်။ နှုတ်ခမ်းကို တင်းတင်းစေ့လျက်၊
“ မင်းငါ့ကို ပြောချင်တာ မရှိဘူးလား။ ”
-ဟု သတ္တိကို စုစည်းကာ မေးမြန်းလိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ အစေခံမလေးသည်လည်း အသက်ပင် မရှူဝံ့တော့ဘဲ ခေါင်းငုံ့လျက် နားစိုက်ထောင်နေ၏။
မုဝေသည် လာဗင်ဒါပန်းပင်ပုံစံ ချည်ထိုးထားသော အစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။
သူမ၏ ချောမောသော မျက်နှာပြင်တွင် အရည်ရွှမ်းနေသော မျက်ဝန်းတစ်စုံက အနား သပ်ထား၏။
ထိုမျက်လုံးများဖြင့် လူအများကို စိုက်ကြည့်ပါက နက်ရှိုင်းသော ရေကန်တစ်ကန် ကဲ့သို့ နက်နဲပြီး ဆွဲဆောင်မှုရှိသည်။
ကူချန်သည် ထိုမျက်လုံးများရှိ မျှော်လင့်ချက်များကို ခံစားမိကာ အနည်းငယ် စိတ်လှုပ်ရှား သွားသော်လည်း တည်ငြိမ်စွာ ပြင်ယူလျက်၊
“ လမ်းခရီးမှာ သတိထားပြန်ပါ ... ။ ”
-ဟု ပြောကြားလိုက်သည်။
ဤသည်မှာ သူမ မျှော်လင့်ထားသော စကားမျိုးမဟုတ်သဖြင့် စိတ်ပျက်လက်ပျက်နှင့် မုဝေတစ်ယောက် တိတ်ဆိတ်သွားပြီး ချက်ချင်း လှည့်ထွက်သွား၏။
ခေါင်းငုံ့ရပ်ကျန်ရစ်ခဲ့သော အစေခံ ကောင်မလေးသည်လည်း သက်ပြင်းချလျက် ကူချန်ထံ မော့ကြည့်ကာ၊
“ တာအိုဘုန်းကြီး၊ မင်း တကယ် နားမလည်ဘူးပဲ ငါတို့မိန်းကလေးက ဘာလို့ လစဉ်လတိုင်း ဒီကိုလာနေတာလဲဆိုတာ ... ။ ”
-ဟု ရှင်းပြရန် ပြင်လိုက်သည်။
“ ရှောင်ယွင် ... ။ ”
ထိုစဉ် မုဝေက ပြန်လှည့်ကြည့်ကာ အော်လိုက်သောကြောင့် အစေခံမလေးက စကားကို ဆက်မပြောတော့ဘဲ သူမနောက် ပြေးလိုက်သွားတော့၏။
ကူချန်က ထိုမြင်ကွင်းကိုရပ်ကာ ကြည့်နေခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြား မြင်ကွင်းသည် အလွန်ပင် ကျယ်ပြန့်ချေ၏။
ခပ်လှမ်းလှမ်းတွင် တောင်တန်းများစွာက နဂါးကြီးများအလား ကွေ့ကောက်တွန့်လိမ်ကာ စိမ်းလန်းစိုပြေနေသည်။
တောင်တန်းများ အလွန်တွင် ရေခဲမြစ်ကြီးသည် ငွေရောင်ပိုးသားတစ်စကဲ့သို့ တလက်လက် တောက်ပနေ၏။
ကမ္ဘာကြီးတွင် ဆယ်စုနှစ် အနည်းငယ် ကြာပြီးနောက် သာမန်လူများမှာ အရိုးစုအဖြစ် ပြောင်းလဲသွားပေမည်။
ဤသည်မှာ သေမျိုးတစ်ယောက်အတွက် ကောင်းကင်ဘုံမှ ပေးအပ်ထားသော အပြစ်ဒဏ် ပေပင်။
ထို့ကြောင့် ထာဝရရှင်သန်လိုသော် ချစ်ခြင်းကို ပစ်ပယ်ရမည်ဖြစ်၏။ ဤလမ်းတွင် အဖော်မဲ့ကာ အထီးကျန်ချေမည်။
“ ဒုတ် ဒုတ် ... ဒုတ်ဒုတ်။ ”
အတွေးများစွာဖြင့် လှည့်ထွက်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ခံစားလိုက်ရကာ မျက်မှောင်ကြုတ်ပြီး၊
“ ငါ့နှလုံး ခုန်နေတာလား ... ။ ”
-ဟု ရေရွတ်လိုက်၏။
ယင်းသည် တစ်စုံတစ်ရာကို အရိပ်အမြွက်ပြနေသကဲ့သို့ နားမလည်နိုင် လောက်အောင် ဖြစ်နေသည်။
ရုတ်တရက် အတွေးများစွာဖြင့် တောင်တက်လမ်းအတိုင်း လှုပ်လီလှုပ်လဲ့ ဆင်းသွားနေသော မုဝေထံ လှည့်ကြည့် လိုက်မိသည်။
အချိန်အနည်းငယ်စဉ်းစားပြီး သူမ၏ ဦးခေါင်းထက်သို့ကြည့်ရန် ကံကြမ္မာမျက်လုံးကို အသုံးပြုလိုက်၏။
လူနှစ်ယောက် ဦးခေါင်းထက်တွင် မီးခိုးရောင်မြူများ၌ သွေးများစွန်းနေသည်ကို မြင်လိုက်ရသည်။
မျက်မှောင်ကြုတ်လျက် ပထမဆုံး အကြိမ်အဖြစ် အနည်းငယ်မျှ စိတ်လှုပ်ရှားသော ခံစားချက်များ ဝင်ရောက်လာ၏။
ကံကြမ္မာမျက်လုံးသည် ဖုံးကွယ်နေသော လှည့်စားမှုမှန်သမျှကိုမြင်နိုင်ပြီး တစ်စုံတစ်ဦး၏ ကံကြမ္မာအပေါ်လည်း ချွင်းချက်မရှိချေ။
ကံကြမ္မာသည် အကြောင်းတရားကို ရည်ညွှန်းသည်။ အခွင့်အရေးသည် ကြွယ်ဝမှုကို ကိုယ်စားပြု၏။
ကံကြမ္မာကို ကောင်းကင်က အဆုံးအဖြတ်ပေးပြီး အခွင့်အရေးအတွက်မူ အချိန်မှ ကိုင်တွယ်ပေသည်။
အချို့သည် ကံကောင်းခြင်း တိမ်မြူများ ရှိတတ်၏။ အချို့သည် ရေသောက်သော်မှ ရေနင်သည့် ကံကြမ္မာမျိုး ပိုင်ဆိုင်သည်။
တောင်ခြေတွင် ရထားလုံးတစ်စင်း ရပ်စောင့်နေ၏။ ရထားလုံး မောင်းနှင်သူသည် သာမန် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းရိုးသားပုံပေါ်၏။ မုဝေနှင့် အစေခံမိန်းကလေး ဆင်းလာသည်ကို မြင်သောအခါ ထိုအမျိုးသားက ပြုံးရယ်လျက်၊
“ ပန်းတစ်ပွင့်က ခံစားချက်အပြည့်နဲ့ ခုန်ဆင်းချင်ပေမယ့် စမ်းချောင်းလေးကတော့ နှလုံးသားမဲ့လွန်းပါတယ်။ ”
-ဟု စာသားအချို့ ရွတ်ဆိုတော့သည်။
ထိုအသံကြောင့် အစေခံကောင်မလေးက ခါးထောက်လိုက်ပြီး၊
“ ဦးလေးဝူ၊ ကျေးဇူးပြုပြီး ဒီမှာပဲ ရွဲ့စောင်းပြောနေတာကို ရပ်လိုက်ပါ ... ငါတို့ မိန်းကလေး စိတ်ချမ်းသာနေတာ မဟုတ်ဘူး။ ”
-ဟု ရန်တွေ့တော့၏။
“ ဟား ဟား ဟား၊ ကောင်းပြီ ... ကောင်းပြီ ငါဘာမှ မပြောတော့ပါဘူး။ ”
ဦးလေးဝူက ရယ်မောလျက် မုဝေကိုပြန်ကြည့်ကာ မနေနိုင်တော့ဘဲ၊
“ မိန်းကလေး ... အဲဒီတာအို ဘုန်းကြီးလေးကို အရင်က ငါမြင်ဖူးပါတယ် သူ့ကြည့်ရတာ စိတ်ပိုင်းဖြတ်ထားပုံရတယ် သံတုတ်ကို အပ်နဲ့ထိုးနေသလိုမျိုး သူ့ရဲ့ အထင်ကြီးမှုကိုရဖို့ ခက်လိမ့်မယ်။ ”
-ဟု ရှင်းပြလိုက်သည်။
သူ့စကားကြောင့် အစေခံကောင်မလေးက ဒေါသတကြီးဖြင့် သေးငယ်သော လက်သီးများ ဆုပ်ပြလျက်၊
“ ဟမ့် ... အဲဒီဘုန်းကြီးက ဘာများ ကောင်းနေလို့လဲ ... ငါတို့မိန်းကလေးက အရမ်း လှတယ် သဘောထားကြီးတယ်၊ ...
... သနားတတ်တယ်၊ ကြင်နာတယ် ... ဒီလိုမိန်းကလေးမျိုးကို မီးအိမ်နဲ့ရှာရင်တောင် မတွေ့နိုင်တဲ့ မြင့်မြတ်သူပဲ ...
... နတ်နဂါးမြို့မှာ ငါတို့မိန်းကလေးကို လက်ထပ်ချင်တဲ့လူတွေ အနောက်တံခါးကနေ အရှေ့တံခါးအထိ တန်းစီနေတယ် ...
... ဟုတ်တယ် သခင်မလေး ငါတို့ တခြားတစ်ယောက် ရှာရအောင် ဒီဘုန်းကြီးကို ငါကြည့်မရတော့ဘူး။ ”
သို့မှသာ မုဝေတစ်ယောက် အနည်းငယ် အာရုံပြန်ရလာပြီး မျက်လုံးများ ပြူးသွားသည်။ ထို့နောက် အစေခံမိန်းကလေး၏ နဖူးကို လက်သီးဆုပ်ဖြင့် ထုချကာ၊
“ ဟမ့် ... ကောင်မလေး နင်ဘာသိလဲ၊ နင့်ရဲ့သခင်မလေးငါက သစ္စာကြီးမားလွန်းတဲ့ လူတစ်ယောက်ပါ ... ။ ”
-ဟု တုန်ပြန်တော့၏။
အစေခံ ကောင်မလေးက နောက်ပြန်ဆုတ်သွားကာ သူ့နဖူးကိုပွတ်သပ်ပြီး နှုတ်ခမ်းစူလျက်၊
“ ဒါပေမယ့် ... တာအိုဘုန်းကြီးက သစ္စာမရှိရင် ဘာဖြစ်မလဲ။ ”
-ဟု စောဒကတတ်လိုက်၏။
မုဝေအမူအရာ အေးခဲသွားသည်။ ချက်ချင်းပင် သူမ လက်သီးများကို တင်းတင်း ဆုပ်ကိုင်လျက်၊
“ ရှောင်ယွင် ... မင်းရဲ့သခင်မလေးကို သေချာကြည့်စမ်း ... နတ်နဂါးမြို့က အဲဒီလိုမျိုး ရုပ်ဆိုးတဲ့လူတွေကို ငါကြိုက်မဲ့ပုံလားဆိုတာ။ ”
“ ဒါပေမယ့် ကူမိသားစုခေါင်းဆောင်က သူ့သားကြီးနဲ့ သခင်မလေးကို လက်ထပ်ပေးဖို့ သခင်မလေးအဖေဆီမှာ တောင်းရမ်း နေတယ်လို့ ငါကြားထားတယ်။ ”
“ ဟမ့် ... လက်မထပ်နိုင်ပါဘူး ... အဖေသဘောတူလိုက်ရင် အဲဒီကူမိသားစုရဲ့ သားကြီးနဲ့ သူ့ဘာသာ လက်ထပ်ပါစေ။ ”
သို့သော် ထိုစကားကိုပြောပြီးနောက် မုဝေတစ်ယောက် အကြည့်များ မှုန်မှိုင်းသွား တော့သည်။
ဤသည်မှာ ကူမိသားစုဖြစ်၏။ သူမ ဖခင်သည် ငြင်းဆန်ဝံ့ခြင်း ရှိ-မရှိ မသေချာချေ။ ထိုအတွေးက သူမအပေါ် စိုးရိမ်စိတ်များ ဝင်ရောက်လာစေ၏။
***