စောင့်မျှော်နေသော အန္တရာယ် ... ။
Vol. 2 Ch. 15
လူဦးရေ နှစ်သန်းကျော်ရှိသော နတ်နဂါးမြို့သို့ဝင်ရောက်ရန် သဘာဝအတိုင်း မြို့တံခါးများစွာရှိသည်။
လင်းရင်ဘုံကျောင်းနှင့် မြို့တော်ကြား အကွာအဝေးကို မျဉ်းဖြောင့်အတိုင်းတွက်သော် နှစ်မိုင်သာ ကွာဝေး၏။
သို့သော် ဟန်မြစ်သည် သူတို့ကို ခြားထားသဖြင့် ရှည်လျားသော လမ်းအတိုင်း ကွေ့ပတ်သွားရန် လိုနေသေးသည်။ ရထားလုံး တစ်စင်းသည် ထိုလမ်းမကြီးအတိုင်း ဖြည်းညှင်းစွာ ရွေ့လျားနေ၏။
မုဝေဘေးတွင်ထိုင်နေသော အစေခံကောင်မလေးက ကန့်လန့်ကာများဖွင့်ပြီး အပြင်သို့ အကြိမ်ကြိမ်ချောင်းကြည့်သည်။
“ သခင်မလေး၊ ဒီကောင်တွေ ထပ်လာမယ်ထင်လား။ ”
မုဝေက မျက်လုံးပြူးလျက်၊
“ နင့် ပါးစပ်က ကျီးကန်းပါးစပ်ပဲ ... မိုက်မဲတဲ့ စကားတွေ ရပ်လိုက်စမ်း။ ”
“ ဟား ဟား ဟား ... သခင်မလေး မင်းကြောက်နေတယ်။ ”
အစေခံမိန်းကလေးမှ ရယ်မောလျက်၊
“ ဘာဖြစ်လဲ ငါတို့မှာ ဦးလေးဝူရှိတယ် ဦးလေးဝူက ပထမတန်းစား စစ်သည်တော်ပဲ ဒီဒုက္ခသည်တွေ သူ့ကိုမယှဉ်နိုင်ပါဘူး။ ”
-ဟု ပြောကြားသည်။
သို့မှသာ မုဝေသည် စိတ်သက်သာရာ ရသွားတော့၏။ ဦးလေးဝူသည် ဤမတိုင်မီတွင် နေရာအနှံ့သွားလာနေခဲ့သော စစ်သည်တော် တစ်ဦး ဖြစ်သည်။
သူမဖခင်နှင့် သိကျွမ်းလာပြီးနောက် မုမိသားစုစံအိမ်တွင် ဧည့်အကြီးအကဲအဖြစ် နေထိုင်နေခြင်းပေပင်။
သူ့ခွန်အားသည် အမည်ခံ ချီစုစည်းခြင်းနယ်ပယ်တွင်ဖြစ်၏။ ထို့ကြောင့် ထိပ်တန်းသခင်တစ်ဦးလည်း ဖြစ်သည်။
ပထမအဆင့်သခင် တစ်ဦးသည် လူသုံးဆယ်မှသည် ငါးဆယ်ကို အလွယ်တကူ အနိုင်ယူနိုင်သည်။ (ပထမအဆင့် သခင်ဟူသည် သတ္တမ၊ အဠမနှင့် နဝမအဆင့် အခြေခံ တည်ဆောက်ခြင်း နယ်ပယ်ဖြစ်၏။)
ရထားအပြင်ဘက်ရှိ ဦးလေးဝူက နှစ်ယောက်ကြား စကားစမြည်ပြောဆိုနေသံကို ကြားပြီး၊
“ ဘာပဲဖြစ်ဖြစ် ငါတို့ သတိထားရမယ် ... လူငါးဆယ်လောက်ကို ငါကိုင်တွယ်နိုင်ပေမယ့် တိုက်ပွဲဖြစ်လာရင် ငါမင်းတို့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ”
မုဝေသည် ထိုစကားကိုကြားသောအခါ သက်ပြင်းချလိုက်၏။ သူမသည် ကိုယ်ခံပညာကို လေ့ကျင့်ထားသော်လည်း စွမ်းရည်သည် အထက်တန်းစားမဟုတ်ချေ။
အခြေခံတည်ဆောက်ခြင်း ဒုတိယအဆင့် တွင်သာ ရှိသေးသည်။ သာမန်လူတစ်ယောက် သို့မဟုတ် နှစ်ယောက် ဖြင့်သာ ရင်ဆိုင်နိုင်၏။
သူမပတ်ဝန်းကျင်တွင် လူအများ ဝိုင်းရံလာပါက လက်မြှောက်ရန်မှတပါး အခြား မရှိနိုင်ချေ။
အစေခံမိန်းကလေးက စူးစမ်းချင်စိတ်ကြောင့် တံခါးကန့်လန့်ကာကို ရုတ်တရက် ဆွဲဖွင့်ပြီး၊
“ ဦးလေးဝူ၊ လင်းရင်ဘုံကျောင်းက တာအိုဘုန်းကြီးမှာ ... အရည်အချင်းတစ်ခုခု ရှိနေတယ်လို့ မင်းထင်လား။ ”
-ဟု မေးမြန်းလိုက်သည်။
ဦးလေးဝူက ခဏမျှစဉ်းစားပြီးနောက် မျက်မှောင်ကြုတ်ကာ ခေါင်းခါလျက်၊
“ သူ့ကို ငါမမြင်နိုင်ဘူး ... ဒါပေမယ့် သူ့မှာကျင့်ကြံမှု ရှိတာတော့ သေချာပါတယ်။ ”
-ဟု ပြန်ဖြေ၏။
ကူချန်နှင့် သူသည် မကြာခဏ တွေ့ဆုံဖူးကြသော်လည်း ဆက်ဆံရေးသည် မရှိသလောက်ပေပင်။
နောက်ဆုံးတော့ ထိုသူသည် မုဝေမှ သဘောကျသော ဘုန်းကြီးတစ်ပါးဖြစ်သည်မို့ သူ့အပေါ် သဘာဝကျကျ မဆန်းစစ်ဝံ့ချေ။
“ ဟမ့် ... ။ ”
အစေခံမိန်းကလေးက သက်ပြင်းချကာ သူမပါးပြင်ကို လက်နှစ်ဖက်ဖြင့် ညှပ်ကိုင်လျက်၊
“ ဒီတာအိုဘုန်းကြီးဟာ ... ရုပ်ချော လွန်းပေမယ့် အရမ်းပြတ်သားတယ် ငါတို့ရဲ့ မိန်းကလေးကို သူမို့ ငြင်းပယ်နိုင်တယ်။ ”
-ဟု မှတ်ချက်ပေး၏။ ဦးလေးဝူမှ ပြုံးသည်။
“ ပါးစပ်ပိတ်ထားစမ်း ... ရှောင်ယွင်။ ”
မုဝေက ရှက်ရွံစွာဖြင့် ဒေါသတကြီး အော်ဟစ်၏။ အစေခံမိန်းကလေးမှ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ပင့်မလျက် ပတ်ဝန်းကျင် ရှုခင်းများထံ ငေးကြည့်နေလိုက်သည်။
ထို့နောက် နှာခေါင်းရှုံ့လျက်ဖြင့် ရှုပ်ယှက်ခတ်နေသော တောအုပ်အတွင်းကြည့် လိုက်ကာ ဦးလေးဝူပခုံးကို တို့ထိလျက်၊
“ ဦးလေးဝူ ... ၊ ငါတို့လမ်းမှာ ပုန်းအောင်နေတဲ့လူ တစ်ယောက်ယောက် ရှိနေတယ်လို့ မင်းထင်လား။ ”
-ဟု စကားစမြည်ပြောရန် ကြိုးစားတော့၏။
“ ပုန်းအောင်းနေတဲ့ လူလား။ ”
ဦးလေးဝူ၏အမူအရာ ရုတ်တရက် ပြောင်းသွားပြီး တောအုပ်ထံသို့ မျှော်ငေးကြည့် ကြည့်လိုက်လေသည်။
တောထဲတွင် အမှန်ပင် လူတစ်စုသည် ပုန်းကွယ်နေခဲ့၏။ အဖြူရောင် ပိုးဖဲအင်္ကျီနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လမ်းမအပေါ် မျှော်ကြည့်နေသည်။
သူ့မျက်နှာသည် အနည်းငယ် နီမြန်း ဖြူဖျော့နေကာ နှုတ်ခမ်းမွေးများ ရှည်လျားစွာ တွဲလောင်းကျနေ၏။
မျက်လုံးများသည် အဝေးမှ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသော ရထားလုံးထံ လောဘကြီးစွာ စိုက်ကြည့်နေသည်။
“ ဒီရထားလုံး သေချာလား။ ”
ထိုအမျိုးသားသည် သူ့ဘေးရှိလူကို လှည့်ကြည့်ကာ မေးလိုက်သည်။ သူ့ဘေးတွင် ပိန်ပိန်နှင့် ဒုက္ခသည်တစ်ယောက် ရှိနေပြီး မျက်နှာတစ်ပြင်လုံး ပွန်းပဲ့ရာများ ပြည့်နှက်နေ၏။
ဘယ်ဘက်လက် တံထောင်ဆစ်ကို အဝတ်တစ်ထည်ဖြင့် ပတ်ပြီး လည်ပင်းတွင် ချိတ်ဆွဲထားသည်။
“ ဟုတ်တယ်၊ ဒီရထားလုံးပဲ ခေါင်ဆောင်။ ”
ထို့နောက် ရထားလုံးမောင်နှင်နေသည့် အဖိုးအိုထံ မကျေမနပ်မျက်လုံးများဖြင့် စိုက်ကြည့်ကာ၊
“ အဲဒီရထားလုံးထဲမှာ အရမ်းလှတဲ့ မိန်းကလေးနှစ်ယောက် ပါလာတာ ငါတွေ့တယ် ငါသူတို့ကို ခေါင်းဆောင်ဆီ လက်ဆောင် ပေးချင်ပေမယ် ဒီအဖိုးကြီးက အစွမ်းထက် နေမယ်လို့ မမျှော်လင့်ထားဘူး။ ”
-ဟု ပြောကြားလိုက်၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်ပြသည်။ အဝေးရှိ ရထားလုံးထံသို့ ကြည့်လျက် နှုတ်ခမ်းမွေးများပွတ်သပ်ကာ၊
“ အဲဒီလူရဲ့ ကျင့်ကြံမှုအဆင့် ... ဘယ်လောက်ပဲ ရှိနေပါစေ အဲဒီမိန်းကလေး နှစ်ယောက် ငါ့လက်ကနေ မလွတ်နိုင်ဘူး။ ”
-ဟု ကြုံးဝါးလိုက်၏။
ပိန်ပိန်ပါးပါး အမျိုးသားက ချီတုံချတုံနှင့်၊
“ ခေါင်းဆောင်၊ အဲဒီမိန်းကလေးတွေကို သခင်တစ်ယောက်က အကာအကွယ်ပေးတာ ဆိုတော့ သူတို့ကသာမာန်လူတွေတော့ မဖြစ်သင့်ဘူးထင်တယ် … ။ ”
-ဟု သတိပေးရန် ကြိုးစားလိုက်၏။
“ သာမန်လူ မဟုတ်တော့ ဘာဖြစ်လဲ။ ”
အဖြူရောင် ပိုးဖဲအင်္ကျီဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ပိန်ပိန်ပါးပါး အမျိုးသားထံ လှည့်ကြည့်လိုက်ပြီး၊
“ နတ်နဂါးမြို့မှာ ကူမိသားစုသာ ငါ့ကို နည်းနည်း ကြောက်သွားအောင် လုပ်နိုင်တယ် တခြားသူတွေကတော့ ... ဟီးဟီး ဟား ဟား ဟား ... ။ ”
ထို့နောက် ရွံ့စရာကောင်းသော သူ့ရယ်မောသံကို ရပ်လိုက်ကာ၊
“ မင်းက ... ငါ့သွေးဝိညာဉ်ဂိုဏ်းရဲ့ တပည့်ဖြစ်နေပြီ သွေးဝိညာဉ်ဂိုဏ်းအကြောင်း တကယ် မသိသေးဘူး ... မင်းကိုပြောပါရစေ၊ ငါတို့မှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ် ထိပ်တန်းအဆင့် သခင်သုံးယောက်အပြင် ...
... ချီစုစည်းခြင်းနယ်ပယ်နဲ့ ... ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူကြီးတွေတောင် ရှိတယ် ... ဒီနေ့မင်းတို့ဆီမှာ ငါပေးထားခဲ့တဲ့ သွေးဝိညာဉ်ဆေးပြားကို ဘာလို့ စမ်းမကြည့်ရတာလဲ။ ”
သူ့စကားကြောင့် နောက်လိုက် ဒုက္ခသည်တစ်စုက ခေါင်းညိတ်ပြလိုက်ကြပြီး သွေးဝိညာဉ်ဆေးပြားကို သောက်လိုက်၏။
စားသုံးပြီးသည်နှင့် ခန္ဓာကိုယ်အနှံ့ သွေးများပွက်ပွက်ဆူလာပြီး ခဏအတွင်းမှာပင် ခွန်အားများ တိုးလာချေပြီ။
အဖြူရောင်ဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုအပြောင်းအလဲများအပေါ် သတိထားကြည့်ကာ၊
“ သွေးဝိညာဉ်ဆေးပြားက မင်းတို့ရဲ့ ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေတယ် မဟုတ်လား ဒါဆိုဒီလိုဆေးလုံးတွေ ...
... ပိုင်ဆိုင်ထားတဲ့ သွေးဝိညာဉ်ဂိုဏ်း ဘယ်လောက်တောင် တန်ခိုးကြီးလဲဆိုတာ မင်းတို့တွေ တွေးကြည့်သင့်တယ်။ ”
-ဟု ပြောကြားလိုက်၏။
ယခုအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းသည် ဖူစုနိုင်ငံကို ဖြန်ကျက်ရန်အတွက် လူအင်အား လိုအပ်ချေပြီ။ လက်ရှိအချိန်သည် ထို့အတွက် အချိန်ကောင်းဖြစ်၏။
“ ငါတို့ဂိုဏ်းသာ ဖူစုကို သိမ်းပြီးခဲ့ရင် အနာဂတ်မှာ မင်းတို့အားလုံး စည်းစိမ်ချမ်းသာ သေချာပေါက်ခံစားရမှာပါ ... ပြည်နယ်သခင် ရာထူးကိုတောင်ရဖို့ အခွင့်အရေးရှိနိုင်တယ်။ ”
“ ပြည်နယ်သခင်လား။ ”
ထိုဘွဲ့ထူးကို ကြားသောအခါ ဒုက္ခသည်တိုင်းမျက်လုံးများနီရဲလာ၏။ သာမန် လူများအတွက် ပြည်နယ်သခင်ရာထူးသည် ကြီးကျယ်သော အဆင့်ဖြစ်သည်။
“ ဟမ့် ... ခေါင်းဆောင်၊ သူတို့ရထားလုံးကို ပြန်လှည့်နေပြီ ထွက်ပြေးတော့မယ့်ပုံရတယ်။ ”
ရုတ်တရက် လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် လှည့်ရန်ပြင်နေသည့် ရထားလုံးကို သတိထားမိသွားသည်။
အဖြူရောင် ပိုးဖဲအင်္ကျီဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်း စိုးရိမ်လာပြီး၊
“ ဟမ့် ... မင်းတို့ ပြေးလို့လွတ်မယ် ထင်နေတာလား ... ငါ့နောက်လိုက်ခဲ့ကြ ... ။ ”
-ဟု အော်ဟစ် အမိန့်ပေးလိုက်သည်။
ထို့နောက် အံ့အားသင့်ဖွယ်အရှိန်ဖြင့် ခုန်တက်သွားပြီး ကျောက်ခဲများကောက်ယူကာ ပစ်လွှတ်လိုက်တော့၏။
“ ဝှီး ... ဝှီး ... ။ ”
“ ဟီး ... ဟစ် ဟစ် ဟစ် ... ။ ”
ကျောက်တုံးများအနက် တစ်လုံးသည် မြင်းကြီးလည်ပင်းကို ဖောက်ဝင်သွားခဲ့သည်။ ချက်ချင်းပင် သွေးများ စီးကျလျက် ရထားလုံး တစ်စင်းလုံး တုန်ခါယိမ်းထိုးသွား၏။
“ ဦးလေးဝူ ... ။ ”
“ ဟမ့် ... ။ ”
အစေခံကောင်မလေးက ထိတ်လန့်သွားသည်။ ဦးလေးဝူတစ်ယောက် ရှေ့သို့ ခုန်ဆင်းလိုက်ပြီး ရုန်းကန်နေသော မြင်းခေါင်းပေါ် လက်တင်လိုက်၏။
“ ဂလုန်း ... ။ ”
မြင်းကြီးမှာ ချက်ချင်း သေဆုံးသွားပြီး မြေပြင်ပေါ်လဲကျသွားသဖြင့် ရထားလုံးသည် ရှေ့သို့စောင်းကျသွားချေပြီ။
ထို့နောက် ဦးလေးဝူသည် စိုးရိမ်စိတ်ဖြင့် နောက်သို့ပြန်လှည့်ကြည့်ကာ ပြေးလာနေသည့် ဒုက္ခသည်များစွာကို ရင်ဆိုင်ရန် ပြင်လိုက်၏။
မုဝေနှင့် အစေခံကောင်မလေးက ရထားလုံးပေါ်မှခုန်ဆင်းပြီး ဦးလေးဝူနောက်၌ ရပ်ကာ ထိတ်လန့်နေခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက မုဝေတို့နှစ်ယောက်ကိုမြင်ချိန်တွင် မျက်ဝန်းများ ချက်ချင်း တောက်ပလာတော့၏။
“ ဟား ဟား ဟား ... မဆိုးဘူးဟေ့ တကယ်မဆိုးဘူး ဒီလိုအလှလေး နှစ်ယောက်ကို ဖမ်းမိရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ ”
***