ဒီမှာ ... တစ်ခုခုဖြစ်သွားတာလား ... ။
Vol. 2 Ch. 16
အဖြူရောင် ပိုးဖဲအင်္ကျီဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်လှုပ်ရှား တကြီးဖြင့် ပြေးတက်လာသည်။
ဤမိန်းကလေးနှစ်ယောက်သည် သူတွေ့ဖူးသောနိုင်ငံများရှိ အမျိုးသမီးများထက် ပို၍ရစ်မူးဖွယ်ကောင်းချေပြီ။
လူအင်အားကို စုဆောင်းရန်အတွက် စေလွှတ်ခံရပြီးကတည်းက ဤဒုက္ခသည်များ နှင့်သာ သူ အချိန်ကုန်ခဲ့၏။
ထို့ကြောင့် လှပသောအမျိုးသမီးများကို မြင်ချိန်တွင် တောက်လောင်နေသော ဆန္ဒများ မဖုံးကွယ်နိုင်တော့ဘဲ ဂနာမငြိမ်ဖြစ်လာသည်။
ဦးလေဝူက အဖြူရောင် ပိုးဖဲအင်္ကျီနှင့် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားထံ ကြည့်၏။ အမှန်ပင် အန္တရာယ်ရှိနေချေပြီ။
ရန်သူများတွင် အနိမ့်ဆုံးသည် အခြေခံတည်ဆောက်ခြင်း အဌမအဆင့်တွင် ရှိနေကြကာ အားလုံး၏သွေးသားစွမ်းအင်များ လောင်ကျွမ်းနေသည်မှာ လိုတာထက် ပိုနေသည်။
“ မုဝေ ... ရှောင်ယွင် ... မင်းတို့နှစ်ယောက် မြန်မြန် ထွက်သွားသင့်ပြီ။ ”
ဦးလေးဝူက အသက်ပြင်းပြင်းရှူလျက် လှည့်ကြည့်ကာ ပြောကြားလိုက်သည်။ မုဝေက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ၊
“ ဦးလေးဝူ၊ မင်းသတိထားရမယ်။ ”
-ဟု စိုးရိမ်စွာ မှာကြားသည်။
လက်ရှိအချိန်၌ သူမနှင့် ရှောင်ယွင်သည် ဦးလေးဝူအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးခြင်းသည် ကူညီရာ ရောက်၏။
“ ဟားဟားဟား ... ဘယ်သွားမလို့လဲ အလှလေးနှစ်ယောက် ဒီနေ့မင်းတို့ဘယ်သူမှ ထွက်သွားလို့မရဘူး။ ”
“ ဟိတ် ... ။ ”
“ ဝှစ် ... ။ ”
အဖြူရောင် ပိုးဖဲအင်္ကျီနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက လောဘဖြင့် ပြောကြားနေစဉ် ဦးလေးဝူမှ ပြေးဝင်တိုက်ခိုက် လိုက်ပြီဖြစ်၏။
“ ချွင် ... ချွင် ... ။ ”
သတ္တုတိုက်မိသံနှင့်အတူ နှစ်ဦးသား ပေးပေါင်းများစွာ ချက်ချင်း ဆုတ်သွားကြသည်။ ဦးလေးဝူ မျက်နှာသည် ချက်ချင်း ပျက်ယွင်းသွား၏။
သူ့ရှေ့ရှိ လူလတ်ပိုင်းအရွယ် အမျိုးသား လက်ထဲတွင် ချွန်ထက်သော လက်သည်းတစ်စုံ ရှိနေချေပြီ။
ဦးလေးဝူမျက်နှာသည် ပို၍ လေးနက် လာတော့သည်။ အငိုက်ဖမ်းတိုက်ခိုက်မှုအပေါ် တစ်ဖက်လူသည် ရှောင်တခင် တုန့်ပြန်သွား၏။
သူ့လက်နက်သည် ဓားရှည်ဖြစ်ပြီး ပြိုင်ဘက်လက်နက်သည် သံမဏိလက်သည်း ဖြစ်သည်။ ဤအချက်အလက်များအပေါ် တွက်ချက်မှုအရ သူသည် ပြိုင်ဘက်ကို ထိန်းထားနိုင်ရုံသာ တတ်နိုင်ပေမည်။
ဦးလေးဝူက အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူသည် ပထမတန်းစား သခင် တစ်ယောက်ဖြစ်၏။
ရန်သူသည် သူ့ထက် သာလွန်နေပြီး ပညာရှင်ခေါ် ချီစုစည်းခြင်းနယ်ပယ်အဆင့်တွင် ဖြစ်နိုင်ချေများသည်။
ယင်းသည် အဓိပ္ပါယ်မရှိချေ။ ဤဒုက္ခသည်များကြားတွင် ပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေသည်မှာ ယုတ္တိမဲ့ချေ၏။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခသည်များကြားတွင် ကိစ္စကြီးတစ်ရပ်ကို စီစဉ်နေပုံပေပင်။
ထိုအတွေးဖြင့် ဦးလေးဝူ၏ နှလုံးသားတဒိတ်ဒိတ်ခုန်လာပြီး အရာများစွာကို တစ်ပြိုင်နက် တွေးမိလာစေသည်။
လမ်းမအတိုင်း လင်းရင်ဘုံကျောင်းထံ လှည့်ပြေးနေသော မုဝေတို့ထံ မျှော်ကြည့်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားက၊
“ ငါ့အတွက် ... အဲဒီအလှလေး နှစ်ယောက်ကို သွားဖမ်းလာခဲ့ ... သူတို့တွေသာ လွတ်မြောက်သွားရင် မင်းတို့အတွက် သေဖို့နေရာရှာထားပါ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ... ။ ”
ဒုက္ခသည်များက ချက်ချင်း ရှေ့သို့ ပြေးတက်သွားကြသည်။ ဦးလေးဝူမှ ၎င်းတို့ကို ဟန့်တားရန်ပြင်နေစဉ် လေတိုးသံများ ရုတ်တရက် ကြားလိုက်ရ၏။
“ ဇွိ ... ။ ”
ချွန်ထက်သော သံမဏိလက်သည်းက ကျားနက်နှလုံးသားကို ဆုတ်ဖြဲချင်နေသကဲ့သို့ သူ့နှလုံးသားထံ ဦးတည်လာနေသည်။
“ ထန် ... ထန် ... ။ ”
“ ဟမ့် ... ။ ”
ဦးလေးဝူခမျာ ထိတ်လန့်သွားပြီး လက်ထဲရှိဓားဖြင့် ပင့်ဖျက်လိုက်ရ၏။ သို့သော် လက်သည်းများသည် ရေစီးကြောင်းတစ်ခုလို အဆက်မပြတ် တိုးဝင်လာခဲ့သည်။
အနီးကပ်တိုက်ပွဲများတွင် လက်နက်များသည် အလျားတိုသည်နှင့်အမျှ ပို၍အသုံးပို၏။
ထို့ကြောင့် ရန်သူကိုအနားကပ်ခွင့် ပေးလိုက်ရသော ဦးလေးဝူခမျာ သူ့ဓားရှည်၏ အသုံးဝင်မှု လျော့ကျသွားသည်။
မုဝေနှင့်ရှောင်ယွင်သည် ထွက်ပြေးနေလျက်ဖြင့် မကြာခဏ နောက်ပြန် လှည့်ကြည့်နေကြရာ ဤမြင်ကွင်းကြောင့် စိုးရိမ်လာခဲ့သည်။
“ ဦးလေးဝူ ... ။ ”
မုဝေက ထိတ်လန့်တကြားအော်၏။ ဦးလေးဝူမှအံကြိတ်ကာ သူ့ရှေ့ရှိပြိုင်ဘက်ထံမှ အကြည့်ကို မရွေ့ဝံ့ဘဲ၊
“ သွား ... နောက်ပြန်ကြည့် မနေနဲ့ ဘုံကျောင်းကို ရောက်အောင်ပြေး။ ”
-ဟု အော်ဟစ်လိုက်သည်။
“ ဟမ့် ... မင်းအသက်ကို အရင်ယူမယ်။ ”
လူလတ်ပိုင်းအရွယ် အမျိုးသားက ချွန်ထက်သော သံမဏိလက်သည်းများဖြင့် လေဟာနယ်ကို ကုပ်ဖြဲလျက် ဟစ်ကြွေးတော့သည်။
လွှမ်းမိုးကြီးစိုးလွန်းသော လက်သည်း များသည် ဦးလေးဝူအပေါ် ပိုက်ကွန်တစ်ခုလို ကျဆင်းလာ၏။ အန္တရာယ်ရှိချေပြီ။
ထိုအချိန်တွင် ဦးလေးဝူသည်လည်း သူ့ကိုယ်သူ ခွန်အားမဲ့သကဲ့သို့ ခံစားလာရသည်။ ရှန်ရှင်းအဆင့် ကျွမ်းကျင်သူ။
ဤအဆင့်ကျွမ်းကျင်သူသည် တောလမ်းတစ်နေရာ၌ မည်သို့ ရုတ်တရက် ပေါ်လာနိုင်သနည်း။
နတ်နဂါးမြို့တော်တွင် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူတစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ နွေဦးဓားနန်းတော်သခင်ဖြစ်၏။
သို့သော် ဦးလေးဝူတစ်ယောက် အံကြိတ်လျက် မုဝေနှင့် အစေခံကောင်မလေး လွတ်မြောက်ရန် အချိန်ဝယ်ယူနေခဲ့မိသည်။ အဆုံးတွင် လက်သည်းကုပ်ချက်တစ်ခုသည် သူ့နှလုံးသားကို ဖောက်ထွင်းလာ၏။
“ ရွှီး ... ။ ”
ထိုအချိန်တွင် တိုးညှင်းသော မြည်သံနှင့်အတူ အဖြူဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ နောက်ရှိလေဟာနယ်သည် လှိုင်းထလာသည်ကို မြင်လိုက်ရ၏။
“ ဟမ့် ... ။ ”
သံမဏိလက်သည်း ပိုင်ရှင်သည် ကျေနပ်စွာဖြင့် ထိုအရာကို သတိမထားမိချေ။ သတိထားမိချိန်၌ လည်ပင်းတွင်မျဉ်းကြောင်း တစ်ကြောင်း ပေါ်လာပြီး လွင့်တက်သွား၏။
“ ဘာတွေဖြစ်နေတာလဲ။ ”
ထိုမြင်ကွင်းသည် ဦးလေးဝူကို ထိတ်လန့်သွားစေသည်။ တစ်ချိန်တည်းမှာပင် အကြောအခြင်များ အလွန်တောင့်တင်းလာပြီး အေးစက်သွားတော့၏။
အဝေးတွင် မုဝေနှင့် ရှောင်ယွင်သည် ထိုမြင်ကွင်းကို ပြန်လှည့်ကြည့်ကာ အံ့အားသင့် ကုန်သည်။ ဦးလေးဝူသည် အမှန်ပင် အစွမ်းထက်ချေ၏။
ထိုအချိန်တွင် လိုက်ဖမ်းနေသော ဒုက္ခသည်များသည်လည်း ပြောင်းလဲသွားသော သူမတို့နှစ်ယောက်၏ အမူအရာကြောင့် ချက်ချင်း ပြန်လှည့်ကြည့်လိုက်ကြသည်။
“ ဟမ့် ... ။ ”
တစ်ဆက်တည်းမှာပင် မျက်လုံးများပြူးလျက် လက်ထဲတွင်ရှိသော လက်နက်များ ပြုတ်ကျကုန်၏။
“ ခေါင်းဆောင် ... ။ ”
မယုံကြည့်နိုင်ဖွယ် ပြူးကျယ်နေသော မျက်ဝန်းတစ်စုံသည် သူတို့ထံသို့ လှမ်းကြည့် နေသလိုပေပင်။
ထိုမြင်ကွင်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးမှုနှင့် စကားမပြောနိုင်အောင် ကြောက်ရွံ့ကုန်ကြ၏။
“ ပြေး ... ။ ”
“ မြန်မြန် ... ။ ”
“ ရွှပ် ... ။ ”
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်လေသည်။ ရုတ်တရက် တစ်စုံတစ်ယောက်သည် ထွက်မပြေးနိုင်ခင် မျက်နှာပေါ်သို့ စိုစွတ်သော အရည်များ ကျလာသဖြင့်၊
“ မိုးရွာလာတာလား။ ”
-ဟု ရေရွတ်လျက် ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။
ကျန်သူများသည်လည်း သူတို့ မျက်နှာပေါ်ကျဆင်းလာသော အရည်များကို တို့ထိကာ ပြန်ငုံ့ကြည့်ကုန်သည်။
“ ရွှပ် ... ။ ”
“ အား ... ။ ”
အဆုံးတွင် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ဤသည်မှာ သွေး ဖြစ်ချေ၏။
လေထုအတွင်း ဦးခေါင်းများ ပျံဝဲလျက် မှိတ်မကျသွားသေးသော မျက်ဝန်းများစွာသည် ရှုပ်ထွေးမှုများဖြင့် ပြည်နှက်နေကြသည်။
“ ရွှပ် ... ။ ”
ဤတစ်ကြိမ်တွင် တစ်စုံတစ်ယောက်သည် တိုးညှင်းသော လေသံကြားလိုက်ရပြီး သူ့အမြင် အာရုံများ တရွေ့ရွေ့ မြင့်တက်လာ၏။
“ ဘာတွေ ဖြစ်နေတာလဲ။ ”
ခေါင်းမူးပြီး ရုတ်တရက် နာကျင်လာကာ မြေပြင်ရှိ ဦးခေါင်းမဲ့ခန္ဓာကိုယ်များကို မြင်တွေ့ လိုက်ရသည်။ ထိုအထဲတွင် ရင်းနှီးနေသော ခန္ဓာကိုယ်တစ်ခု ပါဝင်နေ၏။
( အား ... ။ )
ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း အသံထွက် မလာတော့ချေ။
( ငါသေပြီလား။ )
ဤသည်မှာ အသိစိတ်မှေးမှိန်မသွားခင် ဖြစ်ပေါ်လာသော နောက်ဆုံး အတွေးတစ်စ ဖြစ်လေသည်။
မြေပြင်အနှံ့ အလောင်းများဖြင့် ပြည့်နှက် လာကာ ပတ်ဝန်းကျင်ရှိ အင်းဆက်ပိုးမွှားများ၏ အော်ဟစ်သံများ ဆိတ်သုဉ်းကုန်သည်။
ဦးလေးဝူ၊ မုဝေနှင့် ရှောင်ယွင်သည် မြေပြင်ပေါ်ရှိ အလောင်းများထံ ငေးကြည့်လျက် မှင်သပ်အေးခဲနေကြသည်။ ပတ်ဝန်းကျင်တွင် သက်ရှိဟူ၍ သူတို့သုံးယောက်သာရှိချေပြီ။
( ဒီမှာ တစ်ခုခု ဖြစ်သွားတာလား။ )
***