← Chapters

သွေးဝိညာဉ်ဂိုဏ်း ... ။

Vol. 2 Ch. 17

သွေးဝိညာဉ်ဂိုဏ်း ... ။

Vol. 2 Ch. 17

“ အား ... ။ ”

ရှောင်ယွင်၏အော်သံကြောင့် အချိန်အတော်ကြာ ငြိမ်သက်သွားသော ပတ်ဝန်းကျင်မှာ ပြန်အသက်ဝင်လာသည်။

သူမသည် မြေပြင်ပေါ်လဲသွားပြီး မုဝေ၏ ညာခြေထောက်ကိုဖက်ကာ ထိုမြင်ကွင်းများထံ ကြည့်နေခဲ့၏။

မုဝေသည်လည်း မျက်နှာ ဖြူဖျော့နေပြီ ဖြစ်သည်။ အဝေးရှိ ဦးလေးဝူတစ်ယောက် သတိ ပြန်ဝင်လာ၏။

သူ့ရှေ့ရှိ မြေပြင်ပေါ် လဲကျနေသော လူလတ်ပိုင်းအရွယ် အမျိုးသားထံ ဦးစွာပြန်၍ ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူလျက် လက်ဝှေ့ယမ်းကာ၊

“ ဘယ်က ... စီနီယာများ အကူအညီပေးဖို့လာလဲ ငါမသိပါဘူး၊ ဝူလုံက မင်းကိုကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

တစ်ဖက်မှ တုန့်ပြန်မှုမရှိချေ။ ၎င်းသည် သူ့ကိုယ်သူထုတ်ဖော်ပြရန် ဆန္ဒရှိပုံမရကြောင်း မြင်သာနေ၏။

သို့မဟုတ် ဤသို့သော အရိုအသေ ပေးခြင်းကို ဂရုမစိုက်သည်လည်း ဖြစ်နိုင်မည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် ရှန်ရှင်းအဆင့် ဖြစ်သောကြောင့် တုန်လှုပ်နေမိသည်။

တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရမှု သည်လည်း ဖြစ်ပေါ်လာ၏။ ဤအရပ်ဒေသတွင် ထိုအဆင့် ကျွမ်းကျင်သူကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။

“ ဦးလေးဝူ ... ။ ”

မုဝေက အနား ပြန်လျှောက်လာပြီး၊

“ အဆင်ပြေလား ... ။ ”

-ဟုမေးမြန်းသည်။

ဦးလေးဝူက ခေါင်းယမ်းကာ၊

“ အဲဒီစီနီယာကြောင့် ကံကောင်းသွားတယ် မဟုတ်ရင် ငါသေလိမ့်မယ်။ ”

-ဟု ပြန်ဖြေသည်။

မုဝေက ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ဦးလေးဝူထံ လှည့်ကြည့်ကာ၊

“ ဦးလေးဝူ၊ အဲဒီစီနီယာ ဒီမှာရှိသေးလား။ ”

-ဟု ထပ်မေး၏။

ဦးလေးဝူက ကူကယ်ရာမဲ့စွာ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ရှိ-မရှိ သူပင် မသိချေ။ စီနီယာသည် အစွမ်းထက်လွန်းသည်။

ထိုအဆင့် ဖြစ်တည်မှုမျိုးအပေါ် သူခန့်မှန်းနိုင်သည့် အနေအထားတွင် မရှိချေ။ သို့သော် တစ်ဖက်လူသည် သူ့မျက်နှာကိုပင် မပြသောကြောင့် ကျေးဇူးတရားအတွက် ကူညီခြင်းမဟုတ်ကြောင်း မြင်သာ၏။

ထိုသို့သော မွန်မြတ်သည့်စရိုက်သည် လေးစားရန် ထိုက်တန်သည်။ နောက်ဆုံးတွင် ‌ရှောင်ယွင်က မတ်တပ်ထရပ်လာနိုင်၏။

“ ဝှစ် ... ။ ”

ဖြူဖျော့ပြီး ကြောက်လန့်နေသည့် အသွင်မျိုးဖြင့် မြေပြင်ပေါ်ရှိ အလောင်းများကို ဂရုတစိုက် ရှောင်တိမ်းကာ ပြေးလာသည်။

ဦးလေးဝူက ငုတ်တုတ်ထိုင်ချလိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၏ အလောင်းကို စစ်ဆေးကြည့်၏။

“ ဦးလေးဝူ ဘာလုပ်နေတာလဲ။ ”

“ ဒီလူက ကျင့်ကြံမှုမြင့်မားတယ် ဘာလို့ ဒုက္ခသည်တွေကြားမှာ အခုလိုရောထွေးနေလဲ ငါသိချင်တယ် ​​ဒါကထူးဆန်းတယ်။ ”

“ နားမလည်ဘူး ဦးလေးဝူ။ ”

မုဝေက ပြန်မေးသည်။ ဦးလေးဝူမှ အသက်ပြင်းပြင်းရှူလျက် မျက်မှောင်ကြုတ်ပြီး၊

“ ဒီလူမှာ တစ်ခုခု လွဲမှားနေတယ်လို့ ဦးလေးဝူ သံသယရှိနေတာပါ။ ”

-ဟု ပြောကြားလိုက်သည်။

ရုတ်တရက် လူလတ်ပိုင်းအရွယ် အမျိုးသား၏ အင်္ကျီလက်ကို တွန်းဖယ်လိုက်ရာ သွေးအမှတ်အသားတစ်ခု ထွက်ပေါ်လာ၏။ ဦးလေးဝူ၏ မျက်ဝန်းများ မှေးစင်းသွားပြီး၊

“ သွေးဝိညာဉ်ဂိုဏ်း ... ။ ”

-ဟု ရေရွတ်လိုက်သည်။

မုဝေက ထိုအမည်ကို မသိသဖြင့် စိတ်ရှုပ်ထွေးသွား၏။

“ ဦးလေးဝူ၊ သွေးဝိညာဉ်ဂိုဏ်းဆိုတာ ဘာလဲ၊ သူတို့က အရမ်းအစွမ်းထက်လား။ ”

ဦးလေးဝူ မျက်နှာသည် ဆိုးရွားသော အမှတ်တရအချို့ကို ပြန်သတိရသွားသကဲ့သို့ ဖြူဖျော့သွားချေပြီ။

ထို့ကြောင့် မုဝေက ဦးလေးဝူပခုံးကို ညင်သာစွာတွန်းလိုက်ပြီး၊

“ ဦးလေးဝူ၊ အဆင်ပြေလား။ ”

-ဟု စိုးရိမ်စိတ်ဖြင့် စူးစမ်းကြည့်၏။

သို့မှသာ ဦးလေးဝူတစ်ယောက် သတိပြန်ဝင်လာပြီး အသက်ပြင်းပြင်းရှူလျက်၊

“ ဒီကိစ္စက နည်းနည်းတော့ ဒုက္ခဖြစ်လိမ့်မယ်။ ”

-ဟု ပြန်ဖြေသည်။

မုဝေနှင့် ရှောင်ယွင်က တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်သည်။ အဆုံးတွင် ရှောင်ယွင်မှ စိတ်မရှည်တော့ဘဲ၊

“ ဦးလေးဝူ ... သိပ်လျှို့ဝှက်မနေပါနဲ့ သွေးဝိညာဉ်ဂိုဏ်းအကြောင်း ငါတို့ကို မြန်မြန် ပြောပြပါ။ ”

-ဟု တောင်းဆိုလိုက်၏။

ဦလေးဝူက တုံ့ဆိုင်းသွားပြီးနောက် သူတို့နှစ်ယောက်ကို ရှင်းပြလာခဲ့သည်။

“ မိန်းကလေးမုအဖေနဲ့ ခရီးသွားတုန်းက ဒီသွေးဝိညာဉ်ဂိုဏ်းကို ငါတို့ကြုံတွေ့ခဲ့ဖူးတယ် သူတို့အရမ်းရက်စက်တယ် သူတို့ဂိုဏ်းထဲမှာ ကျွမ်းကျင်သူတွေ အများကြီးရှိပြီး ခန့်မှန်းရခက်တယ် ...

... အဲဒီတုန်းက မင်းအဖေနဲ့ ငါက စစ်ဘေးသင့်ပြည်သူတွေကို ကူညီဖို့သွားခဲ့တာ ဒါပေမဲ့ ... ငါတို့ရောက်တဲ့အချိန်မှာ တစ်မြို့လုံး အသတ်ခံထားရတယ်။ ”

မုဝေနှင့် ရှောင်ယွင်မှ ထိတ်လန့် သွားတော့၏။ လူတစ်သန်းကျော်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းမည်သည်။ မည်မျှ ရက်စက်လွန်းသနည်း။

“ ဂလု ... ။ ”

ရှောင်ယွင်က တံတွေးမျိုချလိုက်ပြီး သူမခြေရင်းရှိ အလောင်းများထံ ငုံ့ကြည့်ကာ၊

“ ဦးလေးဝူ၊ သူတို့တွေက အဲဒီသွေးဝိညာဉ်ဂိုဏ်းရဲ့ လူတွေလို့ မင်းပြောချင်နေတာလား။ ”

“ ဟုတ်တယ် ... ။ ”

ဦးလေးဝူတစ်ယောက် ထိုအချိန်က အဖြစ်အပျက်များကို ပြန်ပြောင်းသတိရလာကာ ခေါင်းယမ်းလျက်၊

“ ဒီသွေးဝိညာဉ်ဂိုဏ်းက အရမ်း ရက်စက်ကြမ်းကြုတ်တယ် သူတို့သတ်ခဲ့တဲ့ လူတွေကိုရဲ့ သွေးတွေအားလုံးကို ထုတ်ယူပြီး ယဇ်ပူဇော်ကြတယ် ...

... ဖူစုနိုင်ငံမှာ သူတို့မရှိနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အခုကြည့်ရတာ နေရာအနှံ့ကို စိမ့်ဝင်နေပြီထင်တယ် ဒါမှမဟုတ် အစတည်းက သူတို့ဒီမှာရှိနေတာမျိုး ဖြစ်မယ်။ ”

စကားဆုံးသည်နှင့် ဦးလေးဝူက မတ်တပ်ထရပ်ပြီး မုဝေထံ လှည့်ကြည့်ကာ၊

“ ဒီကိစ္စကို မင်းအဖေဆီ ချက်ခြင်း ပြန်သွားပြီး ပြောရမယ် ငါတို့တွေ စောစောစီးစီး အစီအစဥ်တချို့လုပ်ရမယ်။ ”

“ ကောင်းပြီ ဦးလေးဝူ ... ။ ”

မုဝေက ခေါင်းညိတ်လိုက်သည်။ မြင်းသေဆုံးသွားသောကြောင့် ခြေလျင်သွားရန် မှတပါး ရွေးချယ်စရာ မရှိတော့ချေ။

ရုတ်တရက် မုဝေတစ်ယောက် နှလုံးသားတဒိတ်ဒိတ်ခုန်လာသဖြင့် တောအုပ် တစ်နေရာသို့ လှည့်ကြည့်လိုက်သည်။ မည်သူမျှ ရှိမနေချေ။ သံသယအရိပ်အမြွက်များစွာဖြင့် ဦးလေးဝူနောက်သို့ လိုက်ပါလာခဲ့သည်။

သူမတို့သုံးယောက်၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းကာ တောအုပ်အတွင်းမှ လူတစ်ယောက် ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ဤသည်မှာ တာအိုဝတ်လုံနှင့် ချောမောလှပသော တာအိုဘုန်းကြီးငယ် တစ်ပါးဖြစ်သည်။ သူ့နားတွင် ဓားသုံးလက် ပျံဝဲနေပြီး သွေးစက်များ စီးကျနေ၏။

ထို့နောက် တာအိုဘုန်းကြီးက မုဝေ၏ဦးခေါင်းအထက်ကို မျှော်ကြည့်လိုက်ရာ တိမ်မြူများ အဖြူရောင်ပြောင်းသွားကြောင်း မြင်လိုက်ရသည်။ ဤသည်မှာ ကံကောင်းခြင်း လက္ခဏာပေပင်။

မြေပြင်ပေါ်ရှိ အလောင်းများကို ဖြတ်ကျော်လျက် ထိုင်ချကာ လူလတ်ပိုင်း အရွယ်အမျိုးသား အင်္ကျီလက်စကို ဖယ်ပြီး သွေးအမှတ်အသားထံ ငုံ့ကြည့်လိုက်၏။

“ ဒီလိုဆိုးညစ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းက ဖူစုနိုင်ငံမှာ ပေါ်လာတာလား။ ”

ဤဂိုဏ်းနှင့် ပတ်သတ်သော အချက်အလက်များကို ကူမိသားစု မှတ်တမ်း၌ ဖတ်ကြည့်ထားဖူးသည်။

၎င်းတို့သည် နိုင်ငံများစွာကို ဖြန့်ကျက်ထားနိုင်သော လျှို့ဝှက်ဆန်းကြယ် လွန်းသည့် နတ်ဆိုးဂိုဏ်းကြီးဖြစ်၏။

သူတို့၏ ရည်ရွယ်ချက်ကို မည်သူမျှ မခန့်မှန်းနိုင်သော်လည်း စစ်ပွဲနှင့် ကပ်ဘေးများ အတွင်း ၎င်းတို့ရောက်ရှိလာမည်ကို သေချာပေါက်ပြောနိုင်ကြသည်။

ဆိုလိုသည်မှာ သွေးဝိညာဉ်ဂိုဏ်း ရောက်ရှိလာခြင်းဖြင့် ဖူစုနိုင်ငံတော်သည် ပို၍ ဖရိုဖရဲဆန်လာပေတော့မည်။

***

All Chapters