← Chapters

မုန်တိုင်းလာနေပြီ ... ။

Vol. 2 Ch. 18

မုန်တိုင်းလာနေပြီ ... ။

Vol. 2 Ch. 18

( ဖူစုပြက္ခဒိန် (၄၄၇) ခုနှစ်မြောက် နွေဦးရာသီတွင် သွေးဝိညာဉ်ဂိုဏ်းနဲ့ဆုံတွေ့ပြီး လောက၏အရှုပ်အထွေးများကြား မလွဲမသွေ ပါဝင်လိုက်ရပြီဖြစ်တယ် ...

... သွေးလုလင် ဖုန်းချောင်ကို သတ်ပစ်လိုက်တဲ့အတွက် နတ်နဂါးမြို့ဧရိယာ အပေါ် ... သွေးဝိညာဉ်ဂိုဏ်းက အာရုံစိုက်လာ ကြလိမ့်မယ် မြို့ဧရိယာအတွင်း စိုးရိမ်ရေမှတ် မြင့်တက်လာပြီ။ )

ကူချန်က သူ့ခြေရင်းရှိ အလောင်းကို ငုံ့ကြည့်လိုက်သည်။ ဤသည်မှာ သွေးလုလင် ပင်လော။ ယင်းသည် သွေးဝိညာဉ်ဂိုဏ်းရှိ ရာထူးငယ်တစ်ခု ဖြစ်သင့်ပေသည်။

အဆင့်အတန်းမြင့်မားခြင်း မရှိသည်မှာ သေချာ၏။ သို့တိုင် ထိုရာထူးမျှသော လူသည် ရှန်ရှင်းအဆင့်၌ ရှိနေသည်။

သွေးဝိညာဉ်ဂိုဏ်းသည် မှတ်တမ်းတွင် ရေးထားသည့်အတိုင်း အမှန်တန်ခိုးကြီးချေ၏။ ၎င်းတို့ကြားတွင် ရှန်ရှင်းအဆင့်ထက် သာလွန်သူများ ရှိနေနိုင်မည်။

၎င်းတို့အတွင်းမှ တစ်စုံတစ်ယောက် သေဆုံးသွားသောကြောင့် တစ်ဖက်အဖွဲ့အစည်း အနေဖြင့် သဘာဝအတိုင်း အာရုံစိုက်လာမည် ဖြစ်သည်။

လက်ရှိတွင် သူ့ကျင့်ကြံမှုသည် တိုးတက်နေသော်လည်း အဟုန်မှာ ယခင်ထက် များစွာနှေးကွေးသွားသည်။ ကျင့်ကြံမှု နယ်ပယ် မြင့်မားလာသည်နှင့်အမျှ ကြုံရသော သဘာဝပေပင်။

သို့သော် ဤအတိုင်းလွှတ်ထား၍မရချေ။ နည်းလမ်းရှာရပေမည်။ မည်သည့် အချိန်တွင် ရန်သူ ရောက်ရှိလာမည်ကို မပြောနိုင်ချေ။ ပိုသန်မာနေသမျှ ပိုကောင်းနိုင်သည်။

လက်ရှိ သူ့တွင် အဆင့်နိမ့်ဝိညာဉ်ရေး ဓားသုံးလက် ပိုင်ဆိုင်ထားသည်။ ပမာဏမှာ နည်းနေသေးသည်။

လေဟာနယ်ဓားသုတ္တန်တွင် မှတ်တမ်းတင်ထားသော အဆင့်နိမ့်ဓားအစီရင် ဖော်ဆောင်ရန်ပင် ဝိညာဉ်ရေးဓား (၁၂)လက် လိုအပ်ပေသည်။

အတွေးများဖြင့် မြေပြင်ပေါ်ရှိ အလောင်းများထံကြည့်ကာ လက်ချောင်းများ ထိပ်ဖျား၌ မီးတောက်ကို ဆင့်ခေါ်ခဲ့၏။

“ ဖျစ် ... ဖျစ် ... ။”

ဤသည်မှာ ချီမီးတောက်ဖြစ်သည်။ ချီအနှစ်သာရကို လောင်ကျွမ်းထားခြင်းပေပင်။ မီးတောက်က အလောင်းများပေါ် ပြုတ်ကျ သွားပြီး ပြာအဖြစ် လောင်ကျွမ်းလေသည်။

လေသို့မဟုတ် မိုးရွာချိန်၌ ထိုပြာများ မြေပြင်နှင့် ရောနှောသွားပေမည်။ ထို့နောက် လှည့်ထွက်လာခဲ့၏။

( ပြာမှုန်မှသည် ပြာမှုန်သို့၊ မြေမှုန်မှသည် မြေမှုန်သို့။ အကြင်သူသည် လူသားတစ်ဦးသာ ဖြစ်ကြောင်း ပြာမှုန်မှ သတိပေးနေသည်။ )

***

ရက်အနည်းငယ်အကြာတွင် ဖူစုနိုင်ငံ အနောက်ဘက်လွင်ပြင်ရှိ တောင်တန်းကုန်းကြီး တစ်ခုပေါ်သို့ လူအချို့တက်ရောက် နေကြသည်။

တောင်ကုန်းပေါ်တွင် လှိုဏ်ဂူတစ်ခုရှိပြီး အတွင်း၌အလင်းရောင် ရရှိစေရန်မီးရှူးတိုင်များ ချိတ်ဆွဲထားကာ ဂူအတွင်းရှိ အမှောင်ထုနှင့် စိုစွတ်မှုကို လွင့်ပြယ်စေ၏။

ဂူအတွင်း လမ်းကြောင်းများသည် ပုရွက်ဆိတ်တောင်ပို့ကဲ့သို့ ရှုပ်ထွေးလှသည်။ အတွင်းခန်းတစ်နေရာ၌ ဝေယာသည် စာအုပ်တစ်အုပ် ဖတ်နေ၏။

“ အကြီးအကဲ ... ။ ”

ရုတ်တရက် တစ်စုံတစ်ယောက်သည် တံခါးဝတွင်ရပ်ကာ ရိုသေစွာဖြင့် ဦးညွှတ်သည်။ ဝေယာမှ ထိုသူထံ မော့ကြည့်ပြီး လက်ထဲမှ စာအုပ် ပြန်ငုံ့ဖတ်ကာ၊

“ ဘာကိစ္စလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ရှန်နန်ကို ပို့လိုက်တဲ့ ... သွေးလုလင်ဆီကနေ ဆက်သွယ်မှု မရတော့ပါဘူး ... ။ ”

“ ရှန်နန်လား ... ။ ”

ဝေယာက အနည်းငယ် မျက်မှောင်ကြုတ်ကာ၊

“ ရှန်နန်မှာ ကြည်လင်သော နွေဦးဓားနန်းတော်သခင်ကလွဲရင် ဘယ်သူမှ ရှန်ရှင်းအဆင့်ကို မရောက်သေးပါဘူး ...

... သွေးပေါက်ကွဲခြင်း ဆေးပြားကိုပါ ထည့်တွက်လိုက်ရင် ငါ့ဂိုဏ်းရဲ့သွေးလုလင်ကို တိုက်နိုင်တဲ့ ပြိုင်ဘက်မျိုး မရှိသင့်ပါဘူး ...

... ကြည်လင်သော နွေဦးဓားနန်းတော်သခင်က ထူးထူးခြားခြား လှုပ်ရှားမှုတစ်ခုခု လုပ်ခဲ့သလား။ ”

“ မလုပ်ခဲ့ပါဘူး အကြီးအကဲ။ ”

“ ဒါဆို ရှန်နန်မှာ တခြားရှန်ရှင်းအဆင့် ကျွမ်းကျင်သူရှိပုံရတယ် ဒါကအံ့သြစရာတော့ မဟုတ်ဘူး ... ဒါပေမယ့် ...

... ငါတို့ ရှန်နန်ကိုရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးတယ် ဒီလူက ခြေရာခံ နိုင်တယ်ဆိုတော့ အရည်အချင်းရှိပုံရတယ်။”

ဝေယာက လှောင်ပြုံးဖြင့် ချီးကျူး လိုက်လေသည်။ တံခါးအပြင်ဘက်ရှိ သတင်း ပေးပို့သူက အဆင်မပြေသော အပြုံးဖြင့် ခေါင်းကိုတတ်နိုင်သမျှ ငုံ့ထားလိုက်၏။

“ သွေးလုလင်အကြီးအကဲဆီ အကြောင်းကြားပြီး ရှန်နန်ကိုတာဝန်ယူခိုင်းပါ ပရမ်းပတာဖြစ်တာမျိုးလိုချင်တယ် ပိုရှုပ်လေ ပိုကောင်းလေပဲ။ ”

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

“ ပြီးတော့ တိရိစ္ဆာန်တွေကို ဘယ်လိုပြင်ဆင်ထားလဲ။ ”

ဤတစ်ကြိမ်၌ ဝေယာသည် သူ့လက်ထဲရှိစာအုပ်ကိုချလိုက်ပြီး အမူအရာ လေးနက်လာ၏။

“ သခင် ... ငါတို့ လူ (၈)သိန်းကျော် စုစည်းထားပါတယ် အခုသတ်ပစ်ဖို့အချိန်ကျပြီ ထင်ပါသလား။ ”

“ နည်းသေးတယ် အရေအတွက် တစ်သန်းအနည်းဆုံးရှိပါစေ တစ်သုတ်ချင်းစီ သတ်ရမယ် အများကြီးကို တစ်ခါတည်း မသတ်ကြနဲ့ ... ။ ”

“ နားလည်ပါပြီ ... ။ ”

“ ဆက်လုပ်ပါ ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

တစ်ချိန်တည်းမှာပင် နတ်နဂါးမြို့ ကူမိသားစုစံအိမ်တွင် ကူဖုန်းသည် လက်ထဲရှိ လက်ဖက်ရည်ခွက် မချဘဲ မျက်နှာချင်းဆိုင်တွင် ထိုင်နေသောကူချန်ထံ ကြည့်နေသည်။

ကူချန်က တည်ငြိမ်စွာဖြင့် လက်ဖက်ရည်တစ်ငုံ ငုံ့သောက်နေ၏။ သူ၏ လှုပ်ရှားမှုတိုင်းသည် လျင်မြန်ခြင်းမရှိသကဲ့သို့ နှေးကွေးခြင်းလည်း မရှိချေ။.

သဘာဝနှင့်ပေါင်းစပ်ကာ ပြေပြစ်နေ၏။ ကူဖုန်းအတွက် အနည်းငယ် စိတ်မသက်မသာ ခံစားရစေသည်။

( ဒါ ငါ့သားရော ဟုတ်ရဲ့လား ... ဘာလို့မဟုတ်ဘူးလို့ ခံစားနေရတာလဲ။ )

တစ်ကိုယ်တည်း တွေးတောလျက် အထီးကျန်သွားခဲ့သည်။ သူ့သားနှင့် ယှဉ်သော် သူ့တွင် ငွေရနံ့များသာ ထုံမွှန်းနေ၏။

အတွေးများက အနည်းငယ် အဆင်မပြေ ဖြစ်လာပြီးနောက် စိတ်တည်ငြိမ်စေရန် အသက် ပြင်းပြင်းရှူကာ၊

“ မင်း ဘာလာလုပ်တာလဲ။ ”

-ဟု မေးမြန်း​လိုက်သည်။

“ တစ်ခုခု ဖြစ်နေပြီ။ ”

ကူချန်မှ တိုတိုတုတ်တုတ် ပြန်ဖြေ၏။ ထိုအဖြေကြောင့် ကူဖုန်းခမျာ လှုပ်ရှားမှုများ လေထဲရပ်တန့်သွားသည်။

ဤကောင်လေးအတွက် လူကိုယ်တိုင် ပြန်လာရသည့် မည်သို့သော တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သနည်း။

ကူချန်သည် မိသားစုစီးပွားရေးကို အမွေဆက်ခံလိုခြင်း မရှိသည့် အချက်မှတပါး အခြားသောကဏ္ဍများတွင် ထူးချွန်၏။

ကူချန်က သူကြုံခဲ့ရသော သွေးဝိညာဉ်ဂိုဏ်းအကြောင်း ပြောပြခဲ့သည်။ ထို့ကြောင့် ကူဖုန်းအမူအရာ ပြောင်းလဲသွား တော့၏။ သွေးဝိညာဉ်ဂိုဏ်း၏ တည်ရှိမှုကို သူသိရှိနေသည်မှာ ထင်ရှားချေပြီ။

ကူမိသားစု၏ စီးပွားရေးများကို ဖူစုနိုင်ငံပြင်ပအထိ ဖြန့်ကျက်ထားနိုင်သည်။ ထို့ကြောင့် အခြားသောနိုင်ငံများရှိ သတင်း အချက်အလက်များကို ဝယ်ယူရသည်မှာ သဘာဝပေပင်။

အခန်းတွင်း လေထုသည် ရုတ်တရက် တိတ်ဆိတ်သွား၏။ သတင်းကို အနည်းငယ် စဉ်းစားသုံးသပ်ပြီးနောက် ကူဖုန်းက၊

“ ဒါတွေကို မင်းဘယ်လို သိတာလဲ။ ”

-ဟု ပြန်၍မေးမြန်းသည်။

“ ကိုယ်တိုင်တွေ့ခဲ့တာ ... ။ ”

“ ဘယ်မှာလဲ ... ။ ”

“ မြို့အပြင်ဘက်၊ လင်းရင်ဘုံကျောင်းကို ဦးတည်နေတဲ့ လမ်းမပေါ်မှာ။ ”

“ ကြည့်ရတာ သွေးဝိညာဉ်ဂိုဏ်းကို ပံ့ပိုးကူညီနေတဲ့ ဒုက္ခသည်အုပ်စုတစ်ခုတော့ ရှိနေပုံရတယ်။ ”

“ အမှန်ပဲ ... ။ ”

“ မင်းရဲ့သတင်းက အရမ်းအရေးကြီးတယ် တတ်နိုင်သမျှ ငါပြင်ဆင်မှုတွေ လုပ်ထားသင့်တယ်။ ”

ကူဖုန်းက လေးနက်စွာဆိုသည်။ ထိုအချင်းအရာကို ကြားချိန်၌ ကူချန်နှလုံးသား အနည်းငယ်လှုပ်ရှားသွားပြီး ကူဖုန်းထံသို့ ပြန်ကြည့်လိုက်၏။

“ မင်း ဘယ်လိုထင်လဲ ။ ”

“ အဖေ ဘယ်လိုထင်လဲ။ ”

သားအစ်ဖနှစ်မေးခွန်းထုတ်သံက တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ အဆုံးတွင် ကူချန်က ရေနွေးခွက်ပြန်ချကာ၊

“ ဒီလောကကြီး ကမောက်ကမ ဖြစ်တော့မယ်လို့ ထင်တယ်။ ”

-ဟု ဖြေကြားလိုက်သည်။

ကံကြမ္မာနှင့် အခြေအနေများအရ သူ့အဖေကူဖုန်းသည် လက်ရှိအနေအထားတွင် ကျေနပ်နေမည်မဟုတ်ဟု ယုံကြည်၏။

“ မင်းငါ့ကိုကူညီဖို့ ပြန်လာမှာလား။ ”

“ မလာဘူး ... ။ ”

အဖြေသည် ပြတ်သား၏။ ထို့ကြောင့် ကူချန်မှ သူ့သားကို ပြန်ကြည့်သည်။ ကူချန်၏ တည်ငြိမ်ပြီး မယိမ်းယိုင်သော ဆုံးဖြတ်ချက်ကို မြင်လိုက်ရသောအခါ သက်ပြင်းချလျက်၊

“ ဒါဆို ... နောက်ကိစ္စပြောရအောင် ငါမင်းကို ပြောစရာရှိတယ်။ ”

***

All Chapters