အပြင်မှာ ကမ္ဘာကြီးက မငြိမ်းချမ်းဘူး ... ။
Vol. 2 Ch. 19
ကူချန်က စူးစမ်းလိုသော အမူအရာဖြင့် ကြည့်မိသည်။ ကူဖုန်းမှ သူ့ကိုစိုက်ကြည့်ကာ၊
“ မင်းအတွက် အမျိုးကောင်းသမီး တစ်ယောက် ငါရွေးပြီးပြီ မင်းတို့နှစ်ယောက် လက်ထပ်ပြီး ငါ့ကိုမြေးတစ်ယောက် ထားခဲ့လို့ရတယ်။ ”
“ ဟမ် ... ။ ”
ကူချန်ခမျာ အံ့ဩသွားပြီးရေနွေးခွက်ကို ပြန်ချလိုက်သည်။ ချီတုံချတုံဖြင့် မော့ကြည့်ကာ၊
“ ဖေဖေ ... မင်းအလေးအနက် ပြောနေတာလား။ ”
-ဟု ပြန်မေး၏။
ကူဖုန်းက သူ့ကို မကျေမနပ်စိုက်ကြည့်ပြီး၊
“ မင်းက ဘာအတွက် ... အလေးအနက်လားလို့ ပြန်မေးနေရတာလဲ ငါမင်းကိုပြောစရာလို သေးလို့လား ... မင်း တာအိုဘုန်းကြီးဖြစ်ခွင့်ရှိတယ် ... ငါ ကန့်ကွက်စရာမရှိဘူး ...
... ဒါပေမယ့် သားအကြီးဆိုတော့ ငါ့ကူမိသားစုအတွက် မင်းအကျိုးဆောင်ရမယ် ယောက်ျားဆိုတာ အရွယ်ရောက်လာရင် လက်ထပ်သင့်တယ် ...
... အခု မင်းအသက် ဆယ့်ခုနစ်နှစ်ရှိပြီ လက်ထပ်ပြီး ကလေးယူတာ ပုံမှန်ပဲမဟုတ်လား ဘာကို ငြင်းဆန်ချင်နေရတာလဲ။ ”
ကူဖုန်းက စကားလုံးများက တရစပ်ထွက်ကျလာသဖြင့် ကူချန်တစ်ယောက် သူ့မျက်ခုံးကိုပွတ်သပ်ကာ ခေါင်းကိုက်သွား၏။ ထို့နောက် ခဏမျှစဉ်းစားပြီး၊
“ ငါတို့မှာ ချန်ယွင်ရှိသေးတယ် မဟုတ်လား၊ သူ့ကိုလက်ထပ်ခိုင်းလိုက်ရင်ရော။ ”
“ သူက သူ ... ၊ မင်းက မင်း ... ။”
“ ဒါဆို တောင်းပန်ပါတယ် အဖေ့ဆန္ဒကို မနာခံနိုင်ဘူး။ ”
ကူချန်က ပြတ်သားစွာ ပြန်ဖြေသည်။ သားအဖနှစ်ယောက် မျက်လုံးချင်းဆုံမိကုန်ပြီး တိတ်ဆိတ်သွား၏။ နှစ်ယောက်သား အလျော့ပေးရန် စိတ်ကူးမရှိကြချေ။
အကြည့်များက ငြိမ်သက်နေသော်လည်း မုန်တိုင်းဝင်တော့မည် လေထုကဲ့သို့ အနည်းငယ် တင်းကြပ်သွားလေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြ ပြီးနောက် ကူချန်မှဦးစွာထရပ်လျက် ငြီးငွေ့စရာ ကောင်းသော အခြေအနေကို အဆုံးသတ် လိုက်တော့၏။
ကူဖုန်းဘက်သို့ အနည်းငယ်ဦးညွှတ်ကာ၊
“ ပြောစရာ မရှိတော့ရင် ... အရင် ထွက်သွားတော့မယ် ခွင့်ပြုပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါပဲ မင်းကိုငါတောင်းဆိုချင်တာ။ ”
ကူဖုန်းက သူ့ထိုင်ခုံတွင် ထိုင်လျက်မှ ကူချန်ထံမော့ကြည့်ပြီး ထပ်မံပြောကြားလာ၏။ ကူချန်မှ သက်ပြင်းချကာ၊
“ ငါ့လမ်းမှာ အချစ်မရှိဘူး ဖေဖေ။ ”
-ဟု ဆိုကာ လှည့်ထွက်သွားတော့သည်။
ကူဖုန်းသာလျှင် တစ်ယောက်တည်း ထိုင်ပြီး ကျန်ရစ်ခဲ့၏။ တစ်စက္ကန့် ... နှစ်စက္ကန့်၊ တစ်မိနစ် ... နှစ်မိနစ်၊ စသည့်အချိန်များ မည်မျှကုန်လွန် သွားသည်ကို သူ မသိချေ။
အဆုံးတွင် အသက်ပြင်းပြင်းရှူပြီး မျက်ခုံးပင့်လိုက်သည်။
( ဒါဆို ဒီကောင်လေး ... ဘာကို လိုက်ရှာနေတာလဲ။ )
ထိုအချိန်တွင် ကူချန်သည် ကူစံအိမ်မှ ထွက်ခွာလာသည်။ ကလေးငယ်နှစ်ယောက်က တံခါးဝတွင် ငုတ်တုတ်ထိုင်ပြီး ပုရွက်ဆိတ်များ ရေတွက်နေရာမှ သူ့ကိုမော့ကြည့်၏။
“ စီနီယာအစ်ကို ... ငါတို့ စားသောက်ဆိုင်သွားဖို့ အချိန်ကျပြီလား၊ ငါ ဝက်လက်စွပ်ပြုတ် သောက်ချင်တယ်။ ”
ချင်းဖန်မှ စိတ်လှုပ်ရှားစွာ ထရပ်သည်။ မင်ယွဲ့သည်လည်း တိတ်ဆိတ်စွာ ထရပ်လာ၏။ ကူချန်က ချင်းဖန်ခေါင်းကို ပွတ်သပ်ပြီး၊
“ ပန်းပဲဆိုင်ကို အရင်သွားရအောင်၊ ပြီးရင် မင်းစားချင်တဲ့ ဆိုင်ကိုလိုက်ပို့ပေးမယ်။ ”
“ ကောင်းလိုက်တာ ... let go ”
***
( ဖူစုပြက္ခဒိန်၏ (၄၄၈)နှစ်မြောက် နွေးဦးပေါက်ရာသီ၊ လင်းရင်တောင်ပေါ်မှာ မက်မွန်ပွင့်တွေ အများကြီးရှိတယ် အဋ္ဌမတန်း ဝိညာဉ်ရေးဝိုင်ချက်နည်းကို ရယူပါ ...
... မက်မွန်ဝိုင်ကို သောက်ခြင်းကြောင့် ကျင့်ကြံမှုအရှိန် အနည်းငယ်တိုးစေပြီး စွမ်းအင် လမ်းကြောင်းတွေအပေါ် အတားအဆီးမဲ့ စေတယ် ...
... နှလုံးသားကို ပျော်ရွှင်မှုပေးတယ်၊ အလွန်အကျွံသောက်ရင် မူးရစ်ပြီး အိပ်မက်တွေ ပပျောက်စေတယ်။ )
ဖူစုပြက္ခဒိန် (၄၄၈)ခုနစ်၊ ဆောင်းရာသီ ကုန်လွန်ပြီးနောက် နွေဦးရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် တစ်နှစ်ပတ်လုံး အေးခဲနေသော ရေခဲများအရည်ပျော်ကာ အရာအားလုံး ပြန်လည်ရှင်သန်လာခဲ့သည်။
ရေခဲမြစ်ကမ်းနံဘေးရှိ လင်းရင်တောင်တန်းကြီးပေါ်ရှိ မက်မွန်ပင်များမှ ပန်းများပွင့်လန်းလာနေ၏။
တောင်တန်းတစ်ခုလုံး စိမ်းလန်းလျက် မရေမတွက်နိုင်သော မက်မွန်ပန်းပွင့်များသည် မြင်ကွင်းအပြည့် ဝေနေခဲ့သည်။ တောင်ကြီး တစ်ခုလုံး ပန်းတောင်ကြီးဖြစ်လာ၏။
ကူချန်က မက်မွန်ပွင့်များစွာကို ကောက်ယူပြီး သူ့ဘေးရှိ မင်ယွဲ့ကိုင်ထားသော ဗန်းပေါ်သို့ တင်နေခဲ့သည်။
“ စီနီယာအစ်ကို ဘာလို့ ... မက်မွန်ပွင့်တွေ အများကြီး ကောက်နေရတာလဲ။ ”
မင်ယွဲ့မှ မေးသည်။
“ ဝိုင်ချက်မလို့ ... ။ ”
ကူချန်က ပြုံးပြီး ပြန်ဖြေ၏။
“ မင်းဝိုင်ချက်တတ်တာလား စီနီယာအစ်ကို။ ”
“ အရင်က မချက်တတ်ပေမယ့် အခုချက်တတ်နေပြီ။ ”
ယနေ့ လေနတ်ဘုရားဇရပ်တွင် တရားထိုင်ပြီးသောအခါ၌ တောင်တန်းကြီး တစ်ခုလုံး မက်မွန်ပွင့်များဖြင့် ဝေနေသည်ကို ငေးကြည့်နေစဉ် သူ့စိတ်ထဲ ဝိုက်ချက်နည်း ထွက်ပေါ်လာခဲ့သည်။
ဤမတိုင် အဂ္ဂိရတ်ပညာအတွက် ဆေးဘက်ဝင်ပစ္စည်းများ စုဆောင်းထားပြီး ကျင့်ကြံမှုတိုးတက်အောင် ဆေးပြားအချို့ သန့်စင်ရန် မျှော်လင့်ထား၏။
သို့သော် ပါဝင်ပစ္စည်း အများစုသည် ရှာရခက်နေသဖြင့် အစာရှောင် ဆေးပြားနှင့် စွမ်းအင်လမ်းကြောင်းဖွင့်ဆေးများကိုသာ သန့်စင်ထားနိုင်သည်။
ဤအရာများသည် သူ့အပေါ် အနည်းငယ်မျှသာ သက်ရောက်မှုရှိသဖြင့် ဆေးဖက်ဝင်ပစ္စည်းများကို အမြဲမပြတ် တမ်းတနေခဲ့သည်။
ဥပမာအားဖြင့် အစာရှောင်ဆေး၏ အကျိုးသက်ရောက်မှုသည် ဆေးတစ်လုံးခန့် သောက်ပြီးနောက် ဆယ်ရက်ကြာ အစာမစားဘဲနေနိုင်၏။
သို့သော် သူသည် မူလနန်းတော်နယ်ပယ် ကျင့်ကြံသူဖြစ်နေပြီဖြစ်ရာ အစာစားစရာမလိုဘဲ တိမ်နှင့်လေကို စားသုံးနိုင်သည့် အခြေအနေ ဖြစ်သည်။ ဤဆေးကို မလိုအပ်တော့ချေ။
ဒုတိယအနေဖြင့် စွမ်းအင်လမ်းကြောင်း သန့်စင်ခြင်းဆေးသည် ခန္ဓာကိုယ်အနှံ့ စွမ်းအင် လမ်းကြောင်းများဖွင့်ရန် ရည်ရွယ်သည်။
တစ်ဖက်တွင် သူသည် ရှန်ရှင်းခန္ဓာဖြင့် သဘာဝအတိုင်း အဟန့်အတားမရှိသောကြောင့် ဤအရာသည် သူ့အတွက် အသုံးမဝင်ပြန်ချေ။
ချင်းဖန်နှင့် မင်ယွဲ့သာ သုံးနိုင်သည်။ ထို့ကြောင့် အဂ္ဂိရတ်ပညာရပ် တိုးတက်စေရန် ဤဝိညာဉ်ဝိုင်ချက်နည်းဖြင့် စမ်းကြည့် လိုခဲ့သည်။
ဆေးဘက်ဝင်ပစ္စည်းများ ရရှိရန် မည်မျှကြာမည်ကို မသိသော်လည်း ဝိုင်ချက်ရန် မက်မွန်ပန်းနှင့် ပါဝင်ပစ္စည်းအနည်းငယ်သာ လိုခဲ့သည်။
ထို့ပြင် ဝိုင်ချက်ရန် အနည်းဆုံး ရက်ပေါင်းကိုးဆယ့်ကိုးရက်သာ ကြာပေမည်။ အဂ္ဂိရတ်လမ်းကဲ့သို့ အကန့်အသတ် မရှိသည်နှင့် စာသော် ကိုးဆယ့်ကိုးရက်သည် ကိစ္စမရှိချေ။
“ မက်မွန်ပွင့်တွေကို ရေဆေးပြီး အခြောက်လှန်းပါ အားလပ်ချိန်သစ်ကိုင်းတွေ ချိုးပြီး မြေပြင်မှာစိုက်ကြည့် အမြစ်ထွက် လာနိုင်မလား ကြည့်ရအောင်။ ”
“ ဟုတ်ကဲ့ ... ။ ”
မင်ယွဲ့မှ ခေါင်းညိတ်ပြီး မက်မွန်ဗန်းကိုသယ်ကာ ဘုံကျောင်းထံသို့ လျှောက်လှမ်းသွားတော့သည်။
ကူချန်က ထရပ်ပြီး တောင်ခြေရင်းကို မျှော်ကြည့်လိုက်ရာ ကုန်းရုန်းတက်လာနေသော ပုံရိပ်တစ်ရိပ်ကို မြင်လိုက်ရ၏။ ယင်းသည် လတ်ဆတ်သောလေပြေလေးပေပင်။
ချင်းဖန်က တောင်စောင်းသို့ ရောက်ရှိသောအခါ တံခါးနားတွင်ရပ်နေသည့် ကူချန်ကို သတိထားမိသွား၏။
ကူချန်သည် သူ့ကို ဤနေရာတွင် ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့စောင့်ဆိုင်းနေသည်ဟု ယူဆပြီး အနည်းငယ်ထိတ်လန့်သွားသည်။
“ ဟေး ... စီနီယာအစ်ကို၊ မင်းဒီမှာ ငါ့ကိုစောင့်နေတာလား။ ”
“ ဟုတ်တယ် ... ငါမင်းကို ဒီမှာစောင့်နေတာပဲ မင်းဒဏ်ရာရလာတာလား။ ”
“ မဟုတ်ပါဘူး ... မရဘူး၊ အား ... ။ ”
ကူချန်မေးခွန်းကြောင့် ချင်းဖန်က စိုးရိမ်စိတ်ဖြင့် ချက်ချင်း ခေါင်းခါရမ်းပြလိုက်ရာ ဒဏ်ရာများမှ နာကျင်သွားတော့သည်။
“ အပြင်မှာ ... ကမ္ဘာကြီးက မငြိမ်းချမ်းဘူးဆိုတာ မင်းမသိဘူးလား အခု မင်းတစ်ယောက်တည်း အပြင်ကို ဘယ်လို ထွက်ရဲတာလဲ။ ”
သို့မှသာ ကူချန်သည် သူ့ကို ဆူပူငေါက်ငမ်းရန် ဆန္ဒမရှိမှန်း နားလည်လာပြီး ချင်းဖန်က သက်ပြင်းချလိုက်သည်။
ထို့နောက် ချက်ချင်းပင် မာနကြီးသော အသွင်ဖြင့်၊
“ ဟီးဟီး ... အစ်ကိုချန် ... မင်းငါ့ကို လျှော့မတွက်ပါနဲ့ ... အခြေခံတည်ဆောက်ခြင်း ဆဋ္ဌမအဆင့်ကို ငါရောက်နေပြီ သာမာန်လူ ငါးယောက်လောက် ငါ့အနားမကပ်နိုင်ဘူး ...
... ပြီးတော့ ငါ့လိုတာအိုကလေးကို ဘယ်သူက တိုက်ခိုက်မှာလဲ ငါက ဆင်းရဲသား တစ်ယောက်မို့ လမ်းမှာလုံခြုံပါတယ်။ ”
“ ဒါပေမယ့် ... မြစ်အနောက်ဘက် လွင်ပြင်ဒေသမှာ ဘာဖြစ်သွားလဲ မင်းအသိပဲ မဟုတ်လား။ ”
မိုးခေါင်ရေရှားမှု ဖြစ်စဉ်သည် သုံးနှစ်ကြာပြီးနောက် မြစ်အနောက်ဘက် လွင်ပြင်ဒေသတွင် အစာရေစာငတ်မွတ် နေသူများဖြင့် ပြည့်နှက်နေခဲ့၏။
မိုင်ထောင်ချီမြုံနေသောမြေသည် ချဲ့ကားပြောဆိုခြင်း မဟုတ်သကဲ့သို့ ထိုနေရာမှ ပေးပို့သော သတင်းအချက်အလက်များသည် ကြောက်စရာကောင်းချေပြီ။
( သူတို့ လူသားစားနေတယ်။ )
ဤဝါကျသည် မြစ်အနောက်ဘက် လွင်ပြင်ဒေသရှိ ဝမ်းနည်းဖွယ်အခြေအနေကို အပြည့်အဝပုံဖော်ပေးချေ၏။
နူးညံ့ပြီး ဖြူစင်သော အသားအရည်နှင့် ချင်းဖန်ကဲ့သို့ ကလေးငယ်များသည် ၎င်းတို့ အကြိုက်ပေပင်။
ချင်းဖန်သည်လည်း ထိုသတင်းကို ကြားထားသည်။ ထို့ကြောင့် ပြန်သတိရလာကာ ထိတ်လန့်သွားပြီး တုန်တုန်ယင်ယင်နှင့်၊
“ စကားမစပ် စီနီယာအစ်ကို ... မင်းမသိသေးတဲ့ ကိစ္စကြီးတစ်ခု ရှန်နန်မှာ ဖြစ်သွားတယ်။ ”
-ဟု ပြောကြားလာ၏။
ကူချန်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး၊
“ ပြောပါဦး၊ ဘာကိစ္စကြီးလဲ။ ”
-ဟု ပြန်လည်မေးမြန်းလိုက်သည်။ ဤကောင်လေးသည် သူ့ကိုစကားလမ်းကြောင်း ပြောင်းနေခြင်းဖြစ်မှန်း မြင်သာနေ၏။
***