ဤသည်မှာ ပြောင်းလဲခြင်း မည်၏ ... ။
Vol. 2 Ch. 21
မိုးပြာခြံဝင်း။ ကူချန်သည် စားပွဲပေါ်ရှိ ဝိုင်ပုလင်းအစို့ကိုဖယ်ရှားပြီး ဖွင့်လိုက်သည်။ လန်းဆန်းသော မက်မွန်ရနံ့များ ပျံ့နှံ့လာကာ စိတ်နှလုံးကို ပျော်ရွှင်လာစေ၏။
အတွင်း၌ ခံတွင်းတွေ့စေမည့် ပယင်းရောင်တောက်နေသော အရည်များကို ဖောက်ထွင်းမြင်နေရသည်။
“ မြန်မြန် ... မြန်မြန်ငှဲ့စမ်းပါ။ ”
နေ့တစ်ဝက်စောင့်ခဲ့ရသဖြင့် တာအိုချင်းရှတစ်ယောက် သည်းမခံနိုင်တော့ဘဲ ဝိုင်ခွက်ထဲဖြည့်ပေးရန် ကူချန်ကို တောင်းဆိုလိုက်သည်။
“ ဆရာ ... သည်းခံပါ စိတ်မရှည်တဲ့ လူတွေဟာ တို့ဟူးပူပူကို မစားရဘူးဆိုတဲ့စကား ကြားဖူးသလား ... ။ ”
“ ဒါကဝိုင် ... တို့ဟူးမဟုတ်ဘူး။ ”
တာအိုချင်းရှက စောဒကတက်သည်။
“ ဒါပေမယ့် ဝိုင်ကို(၉၉၉၁)ရက်ကြာအောင် ချက်ဖို့လိုတယ် ... တစ်ရက်လောက်စောဖွင့်ရင် ဝိုင်ဖြစ်လာမှာ မဟုတ်ဘူး။ ”
“ ဒါပေမယ့် ... ဒီလိုရနံ့မျိုးကို ဘယ်သူသည်းခံနိုင်မှာလဲ။ ”
တာအိုချင်းရှ စကားကိုကြားချိန်၌ ကူချန်တစ်ယောက် မပြုံးဘဲ မနေနိုင်တော့ဘဲ ဝိုင်ခွက်နှစ်ခွက်ထဲ ဝိုင်အပြည့်ထည့်လိုက်၏။
တာအိုချင်းရှက သူ့လှုပ်ရှားမှုများကို ဂရုတစိုက်စောင့်ကြည့်ကာ၊
“ သတိထားပါ မဖိတ်စေနဲ့ ... ဒီလိုမျိုး ဝိုင်ကောင်းကောင်း မသောက်ရတာကြာပြီ။ ”
-ဟု သတိပေးနေခဲ့သည်။
“ ဆရာ ... ခွက်နှစ်ခွက်ပြည့်တဲ့အထိ စောင့်ပါဦး။ ”
“ မစောင့်တော့ဘူး ငါအရင် သောက်လိုက်မယ် ။ ”
တာအိုချင်းရှက ဝိုင်ခွက်တစ်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်ချလိုက်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း လန်းဆန်းသွား၏။
ဝိုင်သည် ကောင်းကင်နှင့်မြေကြီး၏ အနှစ်သာရကို စုဆောင်းထားပုံပေပင်။ တစ်ငုံ သောက်လိုက်ရုံဖြင့် စစ်မှန်သောစွမ်းအင်များ စတင်လှုပ်ခတ်လာသည်။
“ ဝိုး ... ဒါဝိညာဉ်ဝိုင်ပဲ။ ”
တာအိုချင်းရှခမျာ ထိတ်လန့်သွားပြီး သူ့ဘေးနားရှိ ကူချန်ထံ မယုံနိုင်စွာလှမ်းကြည့် လိုက်လေသည်။ ကူချန်က ဝိုင်ဖန်ခွက်ကို ကောက်ယူပြီး တစ်ငုံသောက်လိုက်၏။
သူ့ခန္ဓာကိုယ်ထဲ ရုန်းကြွလာသော စွမ်းအင်အနှစ်သာရကို ခံစားလိုက်ရပြီးနောက် ကျေနပ်စွာခေါင်းညိတ်လျက်၊
“ ကောင်းတယ် ... ဒီမက်မွန်ပွင့်ဝိုင်က တကယ့်ကို မှော်ဆန်တာပဲ ... သောက်ပြီးရင် သွေးလည်ပတ်မှု ချောမွေ့စေတယ်။ ”
-ဟု မှတ်ချက်ပေးသည်။
ခန္ဓာကိုယ်အတွင်း စစ်မှန်သောစွမ်းအင်များ စီးဆင်းမှုများ ပို၍မြန်လာ၏။ လက်ရှိအချိန်တွင် ကျင့်ကြံသော် တိုးတက်နှုန်း အနည်းဆုံး (၃၀%) ရနိုင်ပေမည်။
“ ဒီဝိုင်က ဘယ်အဆင့်လဲ။ ”
“ အဠမတန်း ... ။ ”
အတွေးများအတွင်း နစ်မျောနေသော ကူချန်သည် တာအိုချင်းရှစကားကို အမှတ်တမဲ့ ပြန်၍ဖြေကြားလိုက်သည်။ သို့သော် ချက်ချင်း အံ့အားသင့်စွာဖြင့်၊
“ ဟမ့် ... ဒါကို ဝိညာဉ်ဝိုင်လို့ မင်းဘယ်လိုသိတာလဲ ဆရာတော်။ ”
-ဟု မေးမြန်းလိုက်၏။
ဤသည်မှာ အဂ္ဂိရတ်ပညာနှင့် လက်နက်သန့်စင်ခြင်းကဲ့သို့ သာမန်အသိပညာ အတွင်း၌ မရှိကြောင်း ထင်ရှားသည်။
ကျင့်ကြံခြင်းကမ္ဘာ အသိဉာဏ်ဖြင့်သာ ဝိုင်ကိုခွဲခြားနိုင်၏။ ကူမိသားစုတွင် ထိုအဆင့်၏ မှတ်တမ်းမျိုးပင် မပိုင်ဆိုင်ချေ။
မှတ်တမ်းသည် အကြောင်းအရာများကို အနည်းငယ်မျှသာ ဖော်ပြနိုင်ပြီး ဒဏ္ဍာရီအဖြစ် မှတ်ချက်ပေးထားသည်။
ထိုသို့သော အချင်းအရာကို တာအိုချင်းရှသည် မည်သို့ သိသနည်း။ စိတ်ဝင်စားစရာပေပင်။
“ အဟွတ် ... အဟွတ် ... ။ ”
တာအိုချင်းရှမှ ချောင်းဆိုးသွားသည်။ ထို့နောက် သူ့မေးခွန်းကို မကြားတော့သကဲ့သို့ မျက်နှာချက်ချင်းလွှဲလိုက်၏။
“ ဆရာတော် ... မင်းဘယ်လိုသိလဲ။ ”
ကူချန်မှ အလွတ်မပေးချေ။ တာအိုချင်းရှက ရုတ်တရက် ကောင်းကင်ပေါ် ပြန်မော့ကြည့်ကာ ကျယ်လောင်သောအသံဖြင့်၊
“ ဟားဟားဟား ... ဒီဝိုင်ကို သောက်ခွင့်ရတာ ဂုဏ်ယူစရာပဲ ကောင်းတယ် ဝိုင်ကောင်းတယ်။ ”
-ဟုဆိုလျက် ခြံတံခါးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
“ ဝှစ် ... ။ ”
ခြံတံခါးဝရောက်သည်နှင့် ရယ်မောသံ ရုတ်ခြည်းရပ်သွားကာ ခြေသုတ်တင်ထွက်ပြေး ပျောက်ကွယ်သွားတော့၏။
ကူချန်သာလျှင် တစ်ယောက်တည်း ရပ်လျက်ကျန်ရစ်သည်။ မျှော်လင့်ချက်ပန်းတိုင် အပေါ် မြင်နေရသကဲ့သို့ သူ့မျက်လုံးများတွင် အလင်းများ တောက်ပနေ၏။
တာအိုဘုန်းကြီးတွင် လျှို့ဝှက်ချက် တစ်ခုရှိချေပြီ။ ဤမတိုင်မီ ကျင့်ကြံမှုကမ္ဘာကို ရှာဖွေရန်စိုးရိမ်နေခဲ့၏။
သို့သော် ထိုအခွင့်အရေးသည် အနား၌ တစ်ချိန်လုံး သူနှင့်အတူ အမြဲအတူရှိနေခဲ့သည်။ တာအိုချင်းရှသည် ယနေ့တွင် ခြံဝင်းအတွင်းမှ ထွက်ပြေးသွားနိုင်သော်လည်း ဘုံကျောင်းကို မထားခဲ့နိုင်ချေ။
“ ဂလု ... ဂလု ... ။ ”
ထိုအချိန်တွင် တစ်စုံတစ်ယောက် အရည်မျိုချနေသံကို ကြားမိသဖြင့် လှည့်ကြည့် လိုက်သည်။ ချင်းဖန်က နှုတ်ခမ်းကိုလျာဖြင့် သပ်ကာ ပြန်၍ပြုံးပြလာ၏။
“ ဒီလောက် လောဘကြီးမနေပါနဲ့ ... နောင်မှာ မင်းအရက်သမား ဖြစ်သွားလိမ့်မယ်။ ”
“ ဒါပေမယ့် အစ်ကိုကြီး ... ဒီအချိုရည်တွေက အရမ်းသောက်ချင်စရာ ကောင်းလွန်းတယ်။ ”
မက်မွန်ပွင့်ဝိုင်၏ ရနံ့သည် ယစ်မူးပြီး အလွန်ကြွယ်ဝသည်။ စကားပြောနေစဉ် ချင်းဖန် မျက်နှာနီရဲလာ၏။
“ ဟား ဟား ဟား ... ။ ”
သူ့တင်မက သူ့နောက်ပါးထံတွင် တိတ်ဆိတ်စွာရပ်နေသော မင်ယွဲ့သည်လည်း အလားတူပေပင်။ ကလေးနှစ်ယောက်၏ ယစ်မူး နေဟန်ကို ကြည့်ပြီး ကူချန်မှရယ်သည်။
“ ဟမ် ... စီနီယာအစ်ကို။ ”
ထို့နောက် မင်ယွဲ့မျက်နှာပေါ်သို့ လက်ဖြင့်ထိလိုက်သည်။ အပူငွေ့များ လက်ထံ ကူးစက်လာစဉ် မင်ယွဲ့သတိရလာ၏။
“ နောက်တစ်ခါ ... မင်းဆန္ဒရှိရင် သကြားလုံးတွေ သွားဝယ်စားပါ ဝိုင်ကိုမထိနဲ့။ ”
“ ဒါပေမယ့် အစ်ကိုကြီး ... ၊ ငါတို့ကို မြို့ထဲမသွားဖို့ တားမြစ်ခဲ့တယ် မဟုတ်လား။ ”
ချင်းဖန်မှ မျက်မှောင်ကြုတ်လျက် ပြော၏။
“ ဒါက အရင်တုန်းကပဲ အခုသွားနိုင်ပြီ။ ”
“ တကယ်လား။ ”
“ အင်း ... ။ ”
သို့မှသာ ချင်းဖန်တစ်ယောက် ချက်ချင်း ရွှင်လန်းသွားပြီး ထပ်မံအတည်ပြုလေသည်။ ကူချန်က ခေါင်းညိတ်လိုက်၏။
လက်ရှိအချိန်တွင် နတ်နဂါးမြို့တဝိုက် သိပ်အန္တရာယ် မရှိတော့ချေ။ လွန်ခဲ့သောလက ကူမိသားစုသည် ပုန်ကန်မှုစတင်လာခဲ့ပြီး ဤဧရိယာကို သိမ်းပိုက်ထားသည်။
ရှန်နန်အစောင့်တပ်ခွဲငါးခုသည်ပင် ကူမိသားစုနှင့်အတူ ရပ်တည်ရန် ဆန္ဒရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်လာခဲ့၏။
ရှန်နန်ဒေသတွင် အစောင့်တပ်ရင်း(၁၂)ခု ရှိသည်။ ၎င်းတို့သည် ရှန်နန်ဒေသကြီးအတွင်းရှိ ဖူစုဘုရင်၏ အုတ်မြစ်ဖြစ်၏။
ယခုမူ ထိုအုတ်မြစ်တစ်ဝက်သည် ကူမိသားစုနှင့် ပူးပေါင်းခဲ့သဖြင့် တုန်လှုပ်ဖွယ် သတင်းပေပင်။
ရှန်နန်ဒေသတွင် ပြည်နယ်(၁၅)ခုရှိပြီး လူဦးရေသန်း(၄၀)နေထိုင်၏။ ကူမိသားစုသည် တပ်ရင်း(၅)ခုနှင့်အတူ တစ်လအတွင်း ပြည်နယ် (၅)ခုကို သိမ်းပိုက်နိုင်ခဲ့သည်။
၎င်းတို့မှာ ရှန့်လုံပြည်နယ်၊ ချင်ယွဲ့ပြည်နယ်၊ ဟန်ယွဲ့ပြည်နယ်၊ ကျောက်စိမ်းပြည်နယ်နှင့် ရှန်းပြည်နယ်တို့ဖြစ်သည်။
(တရုတ်ပြည်အရှေ့ဘက်ဒေသ၊ တောင်ဘက်ဒေသ၊ အရှေ့တောင်တန်းဒေသ၊ အနောက်ဘက်ဒေသ၊ အနောက်တောင်ဒေသ။)
ထို့နောက် ထပ်မံ၍ နယ်မြေချဲ့ထွင်ခြင်း မပြုတော့ဘဲ အဆိုပါပြည်နယ်ငါးခုရှိ ဒေသခံ အင်အားစုများနှင့် ဒုက္ခသည်များအားလုံးကို ဖယ်ရှားရန် အချိန်တစ်လယူခဲ့ရသည်။
ယခုမူနှစ်လအတွင်း ရှန်နန်ဒေသသည် လုံးဝပြောင်းလဲသွားချေပြီ။ ပြည်နယ်ငါးခုလုံးကို အစောင့်တပ်ရင်းများဖြင့် တည်ငြိမ်စေခဲ့၏။
သို့သော်လည်း ကျန်ရှိနေခဲ့သော အင်အားစုများသည် အခြားသောပြည်နယ်များ အတွက် အချင်းချင်းတိုက်ခိုက်နေကြသဖြင့် ရှုပ်ပွနေဆဲဖြစ်သည်။
လက်ရှိအချိန်အထိ ပုန်ကန်သူများတွင် ကြည်လင်သော နွေဦးဓားနန်းတော်မှ ပြည်နယ် (၃)ခုကို သိမ်းယူထားသည်။
ကျန်ပြည်နယ်(၇)ခုအနက် (၃)ခုသည် ဖူစုရုံးတော်အပေါ် ၎င်းတို့၏သစ္စာစောင့်သိမှုကို ဖော်ပြထားဆဲဖြစ်ပြီး ကျန်ပြည်နယ်(၄)ခုတွင် ဒုက္ခသည်များနှင့် အသီးအသီးသော အင်အားစုများ ဝင်ရောက်နေ၏။
မိသားစုတိုင်းသည် ခွန်အားစုဆောင်းပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ အခြားသောမိသားစုများ အပေါ် သိမ်းပိုက်ရန် ကြံရွယ်ကြသည်။
ထို့ကြောင့် ကူမိသားစုသည် အုတ်မြစ် ခိုင်မာစေရန် ဒုက္ခသည်များကို မြို့သားအဖြစ် ခံယူစေခြင်း၊ နှင်ထုတ်ခြင်းသို့မဟုတ် သတ်ခြင်းများ ပြုလုပ်ခဲ့ရသည်။
ဤနည်းအားဖြင့် မြို့ပြင်နှင့် မြို့ထဲတွင် ဒုက္ခသည်များကင်းရှင်းကာ ကျွမ်းကျင်သူများ ကိုပင် ကူမိသားစုမှ စုဆောင်းနိုင်ခဲ့သည်။
ထိုဖြစ်စဉ်အပေါ် ပုန်ကန်ခြင်းဟု ခေါ်ဆိုနိုင်မည်လော။ မခေါ်ဆိုနိုင်သေးချေ။ ပြောင်းလဲခြင်းဟုသာ ရည်ညွှန်းနိုင်သည်။ ကူမိသားစု၏ ကြွယ်ဝမှုကြောင့် ပြောင်းလဲလာခြင်းပေပင်။
***