← Chapters

ကပ်ဘေးကိုးပါး ကံကြမ္မာ။

Vol. 2 Ch. 22

ကပ်ဘေးကိုးပါး ကံကြမ္မာ။

Vol. 2 Ch. 22

“ စီနီယာအစ်ကို ငါမြို့ကို တကယ်သွားရမှာလား။ ”

ချင်းဖန်က ကူချန်ထံ သတိထားကြည့်ပြီး ပြန်မေးသည်။ ကူချန်မှ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဝိုင်ကိုမြည်းစမ်းလျက်မှ မက်မွန်ဝိုင်များ ချက်သင့်သည်လောဟု တွေးနေခဲ့သည်။

မက်မွန်ပွင့်ဝိုင်များ ချက်လုပ်ရန် (၈၁)ရက်မျှသာကြာမြင့်သည်။ ထို့ပြင်ဝိုင်များကို ကြာရှာ်စွာ သိမ်းထားခြင်းသည် အနံ့နှင့် အရသာကို ကောင်းမွန်စေမည်။

သို့သော် နှမျောစရာကောင်းသည်မှာ မက်မွန်ပွင့်မှတပါး အခြားသော ဝိညာဉ်ရေး ပါဝင်ပစ္စည်းများ သူ့တွင် မရှိခြင်းဖြစ်သည်။

၎င်းတို့ကို အချိန်တိုအတွင်း စုဆောင်းရန် မဖြစ်နိုင်ချေ။ စုဆောင်းပြီးချိန်တွင် မက်မွန်ပွင့် ရာသီကုန်ဆုံးသွားမည်ဖြစ်သည်။

ကူချန်ထံမှ တုန့်ပြန်မှု မရသဖြင့် ချင်းဖန်က စိတ်လှုပ်ရှားမှု အရိပ်အမြွတ်ပြကာ မင်ယွဲ့ထံသို့ လှည့်ပြီး မျက်စိမှိတ်ပြလိုက်၏။

တာအိုဘုံကျောင်းတွင် နေထိုင်ခြင်းဖြင့် ပျင်းရိစရာ ကောင်းလွန်းသည်။ စီနီယာအစ်ကို တစ်ယောက် မည်သို့အသက်ရှင်နေသည်ကို နားမလည်နိုင်ချေ။

ချင်းဖန်၏ အချက်ပြမှုကြောင့် မင်ယွဲ့က နှုတ်ခမ်းကိုကိုက်ကာ တုံ့ဆိုင်းစွာဖြင့် ကူချန်ထံ မော့ကြည့်ကာ၊

“ စီနီယာကို ငါလည်း ... ။ ”

-ဟု စကားစလိုက်သည်။

သိုသော် သူမ စကားမဆုံးမီ ကူချန်မှ လှည့်ကြည့်လာပြီး၊

“ မင်းသွားခွင့် မရှိဘူး။ ”

-ဟု တားမြစ်လာခဲ့သည်။

“ ဟုတ် ... ဟုတ်ကဲ့၊ စီနီယာအကို။ ”

မင်ယွဲ့ခမျာ ခေါင်းအနည်းငယ်ငုံ့ကာ ဘေးသို့ရွေ့ပြီး ရပ်နေလိုက်တော့၏။ ချင်းဖန်က ကူညီလိုသဖြင့်၊

“ စီနီယာအစ်ကို ... မင်ယွဲ့ကို ဘာလို့အပြင်ထွက်ခွင့် မပေးရတာလဲ ... ။ ”

-ဟု မေးမြန်းလိုက်သည်။

ကူချန်မှ ရှင်းပြရန် ဆန္ဒမရှိချေ။ သို့သော် အနည်းငယ် စိတ်ဓာတ်ကျနေသော မင်ယွဲ့ကို သတိထားမိသောအခါ စဉ်းစားပြီး၊

“ ဘာလို့လဲဆိုတော့ ... သူ့မှာ အန္တရာယ်ရှိနေတယ် ဒါကြောင့် ငါ့ကူညီဖို့ဆိုရင် သူ့ကိုအနားမှာ ထားရမယ်။ ”

-ဟု ပြန်လည်ဖြေကြားလိုက်သည်။

“ ဟမ် ... အန္တရာယ်ရှိနေတာလား။ ”

ချင်းဖန်နှင့် မင်ယွဲ့တို့နှစ်ဦးသည် စိတ်ရှုပ်ထွေးသွား၏။ ဤသည်မှာ ကြောက်စရာ ကောင်းချေပြီ။

“ စီနီယာအစ်ကို ... မင်း ငါတို့ကို ကြောက်အောင် ခြောက်နေတာမဟုတ်လား ... ။ ”

“ မင်းတို့ကို ကြောက်အောင်ခြောက်ပြီး ငါဘာလုပ်ရမှာလဲ ... လူတွေကို ကြောက်အောင် ခြောက်ဖို့ ငါ့ဘယ်တော့မှ စိတ်ကူးမရှိဘူး။ ”

ထိုစဉ်က မင်ယွဲ့ကိုလက်ခံလိုက်ရသည့် အကြောင်းအရင်းသည် သူမကံကြမ္မာအပေါ် သူ မြင်ခဲ့သောကြောင့်ဖြစ်၏။

အံ့ဩစရာကောင်းသည်မှာ သူမနှင့် ချင်းဖန်သည် တူညီသောကံကြမ္မာများရှိသည်။ ခရမ်းရောင်ပေပင်။

သို့သော် ကွဲပြားသည်မှာ ချင်းဖန်သည် သူတော်စင်ဖြစ်ပြီး မင်ယွဲ့သည် ကပ်ဘေးကိုးပါး ပေပင်။

သူတော်စင်ဟူသော ချင်းဖန်ကံကြမ္မာကို မသိသော်မှ ကပ်ဘေးကိုးပါးဟူသော မင်ယွဲ့၏ ကံကြမ္မာကို သူ မှန်းဆနိုင်သည်။

ဤသည်မှာ သေခြင်းကိုးကြိမ်ဖြစ်၏။ ဆိုလိုသည်မှာ မင်ယွဲ့သည် အသက်နှင့်သေခြင်း ကပ်ဘေးများကို ကိုးကြိမ်ကြုံတွေ့ရပေမည်။

ယင်းကို ဖြတ်ကျော်နိုင်မှ သာလျှင် ကောင်းကင်သို့ ပျံတက်နိုင်မည်ဖြစ်၏။ သူမ၏ ပထမကပ်ဘေးသည် အစာရေစာငတ်မွတ် ခေါင်ပါးခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် သူမမိဘများ သေဆုံးသွားခဲ့ပြီး တစ်ဦးထဲသာ ကျန်ရစ်ခဲ့၏။ ဒုတိယကပ်ဘေးသည် သူတို့နှင့် ပထမဆုံး တွေ့ဆုံမှုပေပင်။

ထိုစဉ်က ချင်းဖန်အကူအညီကြောင့် မသေခဲ့ခြင်းဖြစ်သည်။ အဆိုပါအချင်းအရာများ ကြားကြားပြီနောက် ချင်းဖန်တစ်ယောက် အနည်းငယ် ခေါင်းကုပ်သွား၏။

မင်ယွဲ့ကိုသနားစိတ်ဖြင့် မသက်မသာ ဖြစ်လာခဲ့သည်။ သူမကံကြမ္မာသည် ခါးသီးလွန်း ချေပြီ။ သေခြင်းတရားအပေါ် ကိုးကြိမ်တိတိ ဖြတ်ကျော်ရမည်ဖြစ်၏။

တစ်ဖက်တွင် မင်ယွဲ့သည်လည်း အနည်းငယ်ထိတ်လန့်ကာ ကူချန်ပြောပြသည့် အဆိုပါမြင်ကွင်းများကို ပြန်မြင်နေမိသည်။

ရုတ်တရက် ကူချန်က အတွေးတစ်ခု ရရှိလာသည်။ လက်ရှိတွင် နတ်နဂါးမြို့တော်၌ ငြိမ်သက်နေပြီဖြစ်သည်။ ထိုကြောင့် သူမတွင် အန္တရာယ် မဖြစ်သင့်ချေ။

အတွေးများဖြင့် မင်ယွဲ့ကို ချင်းဖန်နှင့်ထည့်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ လင်းရင်ဘုံကျောင်းတွင် ကလေးဟူ၍ ဤနှစ်ယောက်သာ ရှိသည်။

ကလေးဟူသည် တစ်နေရာထဲတွင် မနေနိုင်ချေ။ သူတို့သည် ဘုန်းကြီးများကြား ပျော်စရာ ကင်းမဲ့နေမည်။

အရွယ်ရောက်နေ သူတိုင်းသည် စိတ်ဝင်စားသည့် အချင်းအရာများအပေါ် လုပ်ဆောင်လိုကြသည်။

( ဟမ့် ... ကံကြမ္မာမျက်လုံးနဲ့ ဘာလို့ မကြည့်ရတာလဲ။)

ဆိုလိုသည်မှာ ဤကလေးနှစ်ယောက်ကို သူ့နောက်တစ်ချိန်လုံး လိုက်စေရန် ဆန္ဒမရှိချေ။ ဆုံးဖြတ်ပြီးသည်နှင့် ရုတ်တရက် ကံကြမ္မာ မျက်လုံးများသုံးရန် သတိရလာသည်။

ကလေးနှစ်ယောက် ဦးခေါင်း​ပေါ်တွင် တိမ်မည်းများရစ်သိုင်းပြီး သွေးစွန်းနေသည်ကို မြင်လိုက်ရသည်။

အန္တရာယ်များပုံပေပင်။ သူ့အမူအရာ လေးနက်လာသည်ကို မြင်ချိန်၌ ချင်းဖန်က စိတ်ဝင်စားလာပြီး၊

“ စီနီယာအစ်ကို၊ မင်းဘာဖြစ်နေတာလဲ။ ”

-ဟု မေးတော့သည်။

“ မင်းတို့ နှစ်ယောက် ... ။ ”

ကူချန်က စကားပြောတော့မည့်အချိန်တွင် ကလေးနှစ်ယောက် ဦးခေါင်းအထက်ရှိ သွေးတိမ်များ လျင်မြန်စွာ ပျံ့လွင့်သွား နေသည်ကို သတိပြုမိလိုက်သည်။

“ ဟမ့် ... ။ ”

ထို့ကြောင့် စကားမဆိုသေးဘဲ အနည်းငယ်တွေးတောကာ ကလေးနှစ်ယောက် ဦးခေါင်းအထက် ပြန်ကြည့်လိုက်သည်။

( မင်းတို့ မြို့ထဲသွား ... ။ )

အတွေးများမဆုံးခင် သွေးတိမ်များ ချက်ချင်းသိုင်းဖွဲ့လာ၏။ ကူချန်တစ်ယောက် မျက်ခုံးပင့်လိုက်သည်။

( ဒီလိုကိစ္စတွေ တကယ်ရှိနေတာလား။ )

ဆိုလိုသည်မှာ ကလေးနှစ်ယောက်သည် နတ်နဂါးမြို့သို့သွားပါက အန္တရာယ်နှင့် ကြုံတွေ့ ရပေမည်။

( ဒါဆို တစ်ယောက်တည်း လွှတ်ရင်ရော။ )

ဤအတွေးဖြင့် ကလေးနှစ်ယောက် ဦးခေါင်းအထက်ရှိ တိမ်တိုက်အပြောင်းအလဲထံ စောင့်ကြည့်သည်။

ပုံမှန် တိမ်တိုက်များ ဖြစ်သွားချေ၏။ ဤအချင်းအရာသည် သူ ထိန်းချုပ်နိုင်သော အဆင့်တွင် ရှိနေပုံပေပင်။

ယင်းကြောင့် စိတ်ကူးရလာပြီး စက္ကူပြားနှစ်ချပ်ကို ထုတ်ယူကာ အစီရင်များ ရေးသားလိုက်သည်။

ဤသည်မှာ ကောင်းကင်သံသရာ မုန်ညင်းစေ့သုတ္တန်- ဝင်္ကပါအစီရင်ဖန်တီးခြင်း နည်းစနစ်မှ နားလည်ထားခြင်းဖြစ်၏။

လက်ရှိအချိန်တွင် ဝင်္ကပါဖွဲ့စည်းရန် ပစ္စည်းမရှိသေးသောကြောင့် ဝင်္ကပါဖွဲ့စည်းခြင်း စွမ်းအားကို မထုတ်ယူနိုင်ချေ။

အစီရင်များသာ ရေးဆွဲနိုင်သည်။ အစီရင်ဟူသည် ဝင်္ကပါ၏ အစိတ်အပိုင်းငယ် ဖြစ်သည်။ ထို့နောက် ရေးဆွဲပြီးသော အစီရင်နှစ်ခုကို ချင်းဖန်နှင့် မင်ယွဲထံ ကမ်းပေးလိုက်ပြီး၊

“ ဒီအစီရင်နှစ်ခုကို ... မင်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သိမ်းထားပါ ဘယ်လိုနည်းနဲ့မှ လုံးဝမပျောက်စေနဲ့ ... ။ ”

“ စီနီယာအစ်ကို ဒါက ဘာလုပ်ဖို့လဲ။ ”

ချင်းဖန်က စိတ်ဝင်စားသွား၏။

“ မေးမနေနဲ့ မင်းတို့အတွက် အသုံးဝင်လာလိမ့်မယ်။ ”

နှစ်ယောက်သား အစီရင်စာရွက်ကို ယူလိုက်သည်။ သူတို့ခေါင်းပေါ်ရှိ သွေးတိမ်များ ပါးလျကုန်ကာ အနည်းငယ်မျှသာ ကျန်တော့၏။

( လိုသေးတာလား ... ။ )

ကူချန်က ခဏမျှစဉ်းစားပြီးနောက်၊

“ မှတ်ထားပါ ... နတ်နဂါးမြို့တော်မှာ အန္တရာယ်တစ်ခုခုကြုံခဲ့ရင် ကူမိသားစုဆီသွား ... ကြားလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

ချင်းဖန်မှ တုံ့ပြန်လိုက်သည်နှင့် သူတို့ ဦးခေါင်းထက်ရှိ သွေးတိမ်များ ပျောက်ကွယ် သွားလေသည်။ ယင်းကြောင့် ကူချန်မှ ခေါင်းညိတ်လိုက်တော့၏။

ထိုစဉ် ချင်းဖန်တစ်ယောက် ရုတ်တရက် သတိရလာပြီး၊

“ နေဦး ... စီနီယာအစ်ကို ... မင်း ဘာပြောလိုက်တာလဲ အခုငါတို့နှစ်ယောက်ကို အပြင်ထွက်ခွင့်ပေးလိုက်တာလား။ ”

-ဟု အံ့အားသင့်စွာ ပြန်မေးသည်။

“ ငါနောင်တမရခင် သွားတော့။ ”

“ ဟမ် ... ဟားဟားဟား ဒါဆိုဒီချင်းဖန် လေပြေလေးလို ချက်ချင်း ပြေးသွားလိုက်မယ် စီနီယာအစ်ကို ငါတို့သွားပြီ။ ”

အဆုံးတွင် ချင်းဖန်သည် မင်ယွဲ့၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ခြံအပြင်သို့ လှည့်မကြည့်တမ်း ထွက်ပြေးသွားတော့သည်။

***

All Chapters