စိတ်ဝိညာဉ်သခင် ... ။
Vol. 2 Ch. 23
“ ဒေါက်ဒေါက် ... ။ ”
လင်းရင်ဘုံကျောင်းအတွင်းရှိ ခြံဝင်းငယ်တစ်ခုရှေ့တွင်ရပ်ပြီး ပိတ်ထားသော ဝင်းတံခါးကို ကူချန်မှခေါက်လိုက်သည်။
“ ဆရာ တံခါးဖွင့်ပေးပါ ... မင်းအထဲမှာရှိနေမှန်း ငါသိတယ်။ ”
“ မဟုတ်ဘူး ... ငါဒီမှာမရှိဘူး။ ”
“ ဒါပေမယ့် မင်းအသံငါကြားနေတယ်။ ”
“ ကျွီ ... ။ ”
တံခါးကိုအတွင်းကနေ တွန်းဖွင့်ပြီး တာအိုချင်းရှတစ်ယောက် လှမ်းထွက်လာကာ ပြတ်သားသော အသွင်ဖြင့်၊
“ ငါဘာမှ မသိဘူး။ ”
-ဟု ပြောကြားလာ၏။
“ စိတ်အေးအေးထားပါ ဆရာ။ ”
ကူချန်က တာအိုချင်းရှကို နူးညံ့သောအကြည့်များဖြင့်၊
“ ငါက ကြင်နာတတ်တဲ့ လူတစ်ယောက်ဆိုတာ မင်းသိပါတယ် ဒီလို အင်အားသုံးရတာကို ငါမကြိုက်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ဒါဆို မင်းနောက်က အဲ့ဒါတွေကို အရင်ဘေးဖယ်လိုက်လို့ရမလား။ ”
တာအိုချင်းရှက ကူချန်နောက်တွင် လေလွင့်မျောနေသော ဓားရှည်(၁၂)လက်ကို လက်ညှိုးထိုးပြပြီး ကြောက်လန့်တကြား ပြောကြားလာသည်။
ထိုဓားများသည် လေထဲတွင် တွဲလျောင်းဆိုင်းငံ့လျက် ဝိညာဉ်များရှိနေသလို သူ့ထံစူးစူးစိုက်စိုက်ကြည့်နေ၏။
ထက်ရှလွန်းသော အသွားသည် သူ့စိတ်နှလုံးကို တုန်လှုပ်စေသည်။ ကူချန်က သတိရသွားပြီး၊
“ အိုး ... ဟုတ်ပါရဲ့ တောင်းပန်ပါတယ် ဒီဓားတွေက နည်းနည်းလေး ထိန်းရသိမ်းရ ခက်နေလို့ပါ ... ။ ”
-ဟု ဆိုကာ ရုတ်သိမ်းလိုက်သည်။
“ ရွှပ် ... ။ ”
“ မင်း ... ။ ”
“ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်။ ”
ရုတ်တရက် ဓားတစ်လက်သည် တာအိုချင်းရှ နားရွက်အနား ဖြတ်ပျံလာသဖြင့် ထိတ်လန့်စွာ မျက်လုံးပြူးသွား၏။
“ ဆရာ မင်းအဆင်ပြေရဲ့လား ... ။ ”
“ ရွှပ် ... ။ ”
“ သောက်ခွေး ... မင်းငါ့ကို သတ်နေတာလား သူဌေး။ ”
တာအိုချင်းရှခမျာ မျက်နှာ ဖြူလျော်သွားရာမှ ထိတ်လန့်စွာဖြင့် ချက်ချင်း ရှောင်တိမ်းလိုက်ရပြန်သည်။
“ သေစမ်း ... ဒီကောင် ထွက်ပြေးပြန်ပြီ တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ ”
“ မင်းတကယ် ငါ့လိုအဘိုးကြီးကို တကယ်ရက်စက်ချင်နေတာပဲ။ ”
တာအိုချင်းရှက အံကြိတ်ပြီး၊
“ ဂိုဏ်းရဲ့စည်းကမ်းတွေအရ ငါမင်းကို ဘာမှမပြောနိုင်ဘူး ဒါပေမယ့် ... ဒီလူအိုကြီးရဲ့ နှလုံးသားက ကြင်နာတတ်တယ်။ ”
-ဟု ဆိုလာတော့သည်။
“ မင်းကို ခက်ခဲတဲ့မေးခွန်းတွေ ငါမမေးပါဘူး ... ကျင့်ကြံခြင်းကမ္ဘာအကြောင်း သိချင်ရုံပါ။ ”
တာအိုချင်းရှမှ ကူချန်ထံ ပြန်ကြည့်သည်။ ထို့နောက် အချိန်အတော်ကြာ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တိတ်ဆိတ်သွား၏။
***
လေနတ်ဘုရားဇရပ်ပေါ်တွင် တာအိုချင်းရှသည် မက်မွန်ပွင့်ဝိုင်ကို အရသာခံ သောက်လိုက်ပြီး၊
“ တစ်ငုံ မြည်းစမ်းကြည့်တာနဲ့တင် ... မင်းရဲ့ဝိညာဉ်ရေးဝိုင်က တကယ်ကောင်းတယ် ဒါမျိုး မသောက်ရတာ ကြာနေပြီ။ ”
-ဟု ဝန်ခံလိုက်တော့သည်။
ကူချန်က တာအိုချင်းရှ၏ ဖန်ခွက်ကို ထပ်ဖြည့်ပေးကာ၊
“ အရင်က ဒီလိုဝိညာဉ်ဝိုင်သောက်ဖူးလား။ ”
-ဟု မေးမြန်းခဲ့၏။
“ မှန်တယ် ... အဲဒီတုန်းက ငါက ပြင်ပတပည့်တစ်ယောက်ပဲ အကြီးအကဲတွေရဲ့ ဝိုင်နည်းနည်း သောက်ခွင့်ရခဲ့တယ် ဒီတစ်သက် သောက်ခွင့်မရနိုင်တော့ဘူးလို့ ထင်နေတာ။ ”
“ ဒါဆို ငါမင်းကို ဝိုင်တစ်အိုးပေးမယ်။ ”
“ ဟမ့် ... ။ ”
“ လုံလောက်ပြီလား ... ။ ”
“ အင်း ... လုံလောက်ပြီ ဒါပေမယ့် ... ”
ထို့နောက် တာအိုချင်းရှက မျက်ဝန်းများ မှေးစင်းလျက် ကူချန်ထံ သံသယနှင့် ပြန်ကြည့် လိုက်ကာ၊
“ ကျင့်ကြံခြင်းလောကအကြောင်း မင်းတကယ် မသိဘူးလား။ ”
-ဟု မေးမြန်းလာ၏။
“ အင်း ... ။ ”
ကူချန်မှ ခေါင်းညိတ်ပြီး ဝိုင်တစ်ခွက် ငှဲ့သောက်လိုက်သည်။ တာအိုချင်းရှက ခဏမျှ တုံ့ဆိုင်းသွားကာ၊
“ ဒါဆို အဲဒီဓားတွေက မင်းဘယ်ကနေ ရလာတာလဲ။ ”
-ဟု ထပ်မေး၏။
“ ငါကိုယ်တိုင်လုပ်ထားတာ။ ”
“ မင်းကိုယ်တိုင် ... ။ ”
“ အင်း ... ဟုတ်တယ် ... ။ ”
ထိုအချိန်တွင် တာအိုချင်းရှအသံသည် တုန်ခါသွားပြီး မျက်ဝန်းများပြူးကျယ်သွားကာ ဝိုင်ခွက်ကိုင်ထားသည့်လက်သည် လေထဲ၌ ရပ်တန့်သွားသည်။
“ ဘာထူးဆန်းလို့လဲ၊ ဒီဝိညာဉ်ဝိုင်ကိုလည်း ငါကိုယ်တိုင်ချက်ခဲ့တာပဲ။ ”
တူညီသောဝါကျကို မတူညီသော လူနှစ်ဦးသည် လေသံကွဲလွဲစွာပြောဆိုခဲ့ပါက အဓိပ္ပါယ်ထပ်တူ မပေးနိုင်ချေ။
ဆိုလိုသည်မှာ အသံနေအသံထားနှင့် စကားလုံးအသုံးအနှုန်းများ မကိုက်ညီသောအခါ ကွဲလွဲမှုများဖြစ်လာပေမည်။
တာအိုချင်းရှက သူ့လက်ထဲရှိ ဝိုင်ခွက်ကို ငုံ့ကြည့်လိုက်သည်။ တဖြည်းဖြည်း အသိစိတ် ဝင်လာချိန်၌ တုန်လှုပ်ခြောက်ခြားသွား၏။
“ ကျင့်ကြံမှုလောကကိုတောင် မသိဘဲ တစ်စုံတစ်ယောက်က ဒါတွေကို ဘယ်လိုလုပ် ကိုယ်တိုင်လုပ်နိုင်ရတာလဲ။ ”
ကူချန်မှ အနည်းငယ်စဉ်းစားပြီး၊
“ အိပ်မက်ထဲမှာ နားလည်လာတယ်လို့ ပြောရင် မင်းယုံလား။ ”
“ ဒီလိုလား ... ။ ”
ရုတ်တရက် အကြောင်းပြချက်အချို့ ပေးလိုက်ခြင်းကို တာအိုချင်းရှမှ ယုံကြည်သွား ခဲ့သဖြင့် ကူချန်သည်ပင် အံ့သြသွား၏။
တာအိုချင်းရှမှ တံတွေးမျိုချပြီး မျက်နှာအနည်းငယ် နီမြန်းလျက် စိတ်လှုပ်ရှား သွားကာ၊
“ တကယ်ပဲ မင်းအိပ်မက်ထဲကို ဝင်လာနိုင်ရင် နတ်ဝိညာဉ်သခင်တစ်ပါး ဖြစ်လိမ့်မယ်။ ”
“ နတ်ဝိညာဉ်သခင်လား ... ။ ”
“ ဟုတ်တယ် သူကလွဲလို့ တခြားရှိနိုင်ပါ့မလား။ ”
တာအိုချင်းရှ အသက်ပြင်းပြင်းရှူပြီး၊
“ ကျင့်ကြံခြင်းလောကမှာ ချီစုစည်းခြင်းနယ်ပယ်မတိုင်မီ အခြေခံအုတ်မြစ် တည်ဆောင်ခြင်း နယ်ပယ်ရှိတယ် ...
... သူ့အထက် ရှန်ရှင်းနယ်ပယ်ကို ဝင်ခွင့်အဖြစ် သတ်မှတ်ပြီး ယွမ်ဖူနယ်ပယ်ကို စစ်မှန်သောကျင့်ကြံသူ ခေါ်တယ် ...
... သေမျိုးတွေက ရှန်ရှင်းနယ်ပယ်ကို ကျွမ်းကျင်သူအဖြစ် လေးစားတယ် ဒါပေမယ့် ကျင့်ကြံခြင်း လောကကြီးမှာတော့ ... ယွမ်ဖူ နယ်ပယ်ရောက်မှသာ လေးစားမှုရနိုင်မယ် ...
... ယွမ်ဖူနယ်ပယ်အထက်မှာ စစ်မှန်သောသခင်လိုခေါ်တဲ့ ခရမ်းရောင်နေမင်း နယ်ပယ်နဲ့ ... ၊ စင်ကြယ်ခြင်းနယ်ပယ်လို့ ခေါ်တဲ့ ဉာဏ်အလင်းနယ်ပယ်ရှိတယ် ...
... မဟာတန်ခိုးရှင်နယ်ပယ်နဲ့ ... အဆုံးမှာတော့ စိတ်ဝိညာဉ်သခင်လို့ ခေါ်ကြတဲ့ နတ်ဝိညာဉ်နယ်ပယ်ရှိတယ်။
( ရှန်ရှင်း။ ယွမ်ဖူ။ ခရမ်းရောင်နေမင်း။ စင်ကြယ်ခြင်း။ မဟာတန်ခိုးရှင်။ စိတ်ဝိညာဉ် သခင်။ )
ကူချန်က အဆိုပါနယ်ပယ်များကို ဖြည်းညှင်းစွာ ရွတ်ဆိုလျက် စိတ်မသက်မသာ ခံစားလာရသည်။ နောက်ဆုံးတော့ ခရီးမှာ ဝေးလွန်းချေပြီ။
“ ဆရာ ... နတ်ဝိညာဉ်နယ်ပယ်လို့ ဘာလို့ ခေါ်ကြတာလဲ။ ”
“ မြို့နတ်ဘုရားကို မင်းသိလား။”
တာအိုချင်းရှက မေးသည်။ ကူချန်သည် သူ့စိတ်ထဲ ရှုပ်ထွေးမှုဖြင့် ခေါင်းညိတ်ပြလိုက်၏။ ဤကမ္ဘာပေါ်တွင် မြို့နတ်ဘုရားများ တကယ်ရှိနေသည်။
“ သဘာဝအတိုင်းပဲ စိတ်ဝိညာဉ်သခင်တွေမှာ နတ်ဝိညာဉ်တစ်ပါး ရှိတယ် ... ဒါကြောင့် ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ...
... အဲဒီနတ်ဝိညာဉ်ကို လူဝင်စားခြင်း အတွက် အသုံးပြုနိုင်တယ် ... အချို့ဆိုးရွားတဲ့ နတ်ဝိညာဉ်တွေဆိုရင် အခြားလူတွေရဲ့ ခန္ဓာကိုယ်ကို လုယူကြတယ် ...
... ဆိုလိုတာက နတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတွေက သူတို့ခန္ဓာပျက်စီးသွားရင် ဝိညာဉ်တွေနဲ့ ပြန်လည်မွေးဖွားဖို့ မြို့တွေ၊ ...
... တောင်တန်းကြီးတွေနဲ့ မြစ်တွေလို ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ အရပ်ဒေသတွေမှာ လှည့်လည်နေထိုင်ကြတယ် ...
... ဒဏ္ဍာရီလာ မြို့နတ်ဘုရားတွေ၊ တောင်နတ်ဘုရားတွေနဲ့ မြစ်နတ်ဘုရားတွေဟာ ရုပ်ခန္ဓာပျက်စီးသွားတဲ့ နတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတွေပဲ အချိန်ကြာလာတာနဲ့ ...
... လူတွေက စိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတွေအပေါ် လေးစားမှုတွေရှိလာပြီး နတ်ဝိညာဉ်တွေအဖြစ် သတ်မှတ်လာကြတယ် ...
... ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ် ပျက်သွားလို့ ဝိညာဉ်ပဲ ကျန်တော့တာတောင် ကမ္ဘာကြီးကို စိုးမိုးနိုင်ဆဲမို့ပဲ။ ”
“ စိတ်ဝိညာဉ်နယ်ပယ်။ ”
ကူချန်၏ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားပြီး စိတ်ဝင်စားလျက်ဖြင့်၊
“ စိတ်ဝိညာဉ်နယ်ပယ်အထက်မှာ ရှိသေးလား။ ”
-ဟု ထပ်မေး၏။
“ ရှိတယ်။ ”
“ နတ်ဝိညာဉ်နယ်ပယ်ပြီးရင် ကောင်းကင်ဝင်ခွင့်နယ်ပယ်ရှိတယ် အဲဒီတုန်းက ငါတို့ဂိုဏ်းချုပ်က စိတ်ဝိညာဉ်သခင်ဖြစ်ပြီး ...
... ကောင်းကင်ဝင်ခွင့်နယ်ပယ်ရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲလိုတော့တယ် ... ဒါပေမယ့် နောက်ဆုံးမှာတော့ ... ။ ”
စကားပြောနေလျက်မှ တာအိုချင်းရှ အသံရပ်သွားသည်။ ဤအကြောင်းအရာများနှင့် ပတ်သတ်၍ တစ်စုံတစ်ရာ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သည်ကို မြင်နိုင်၏။
တာအိုချင်းရှမှ ယင်းကို ဆက်ပြောလိုပုံ မရချေ။ ထို့ကြောင့် အတိတ်၌ ပိတ်မိနေသော တာအိုချင်းရှကို အကြောင်းအရာပြောင်းကာ လှုပ်နှိုးလိုက်ရ၏။
သည့်နောက် တာအိုချင်းရှက ကောင်းကင်နှင့်မြေကြီးကြားရှိ ဝိညာဉ်ရေးရာ ပစ္စည်းများတွင် အဆင့် (၉)ဆင့်ရှိသည်ကို ပြောပြခဲ့သည်။ ဆေးပြားများနှင့် ဝင်္ကပါများ တွင်လည်း ထိုနည်းလည်းကောင်းပေပင်။
ဝိညာဉ်ရေးလက်နက်များကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ထိပ်တန်းဟူ၍ ခွဲခြားထားသည်။
ကျင့်ကြံမှု ပညာရပ်များတွင်လည်း နည်းစနစ်၊လျှို့ဝှက်နည်းစနစ်၊ပုံစံနှင့်အဆင့်မြင့် ဟူ၍လည်းရှိသည်။
တာအိုချင်းရှသည် ယခင်၏ ဂိုဏ်းကြီးတစ်ဂိုဏ်း၌ ပြင်ပတပည့်ဖြစ်သည်။ သူ သင်ယူခွင့်ရခဲ့သော လျှို့ဝှက်နည်းစနစ်မှာ ‘ဓားထိန်းချုပ်ခြင်းနည်းစနစ်’ ဖြစ်၏။
သို့သော် ဂိုဏ်းအမည်ကို ထုတ်ဖော်မပြောခဲ့ချေ။ စကားစမြည် ပြောကြား ပြီးနောက် ကူချန်အတွက် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
***