အချိန်တွေကို နောက်ပြန်လှည့်ဖို့ခက်တယ်။
Vol. 3 Ch. 28
အမွေကိုဆက်ခံရန် ကြာမြင့်သော အချိန်ကာလသည် မျှော်လင့်ချက်ထက်များစွာ ကျော်လွန်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဤလျှို့ဝှက်နည်းစနစ်၏ သက်ရောက်မှုမှာ ကူချန်ကို ပျော်ရွှင်စေ၏။
“ ကောင်းကင်တာအို ပေါင်းစည်းခြင်း ... ။ ”
ဤကမ္ဘာပေါ်တွင် ပညာရပ်များကို လျှို့ဝှက်နည်းစနစ်များ၊ စွမ်းအင်ကျင့်ကြံခြင်း၊ ရွေ့လျားမှုနှင့် သုတ္တန်ဟူ၍ ခွဲခြားထားသည်။
ကောင်းကင်တာအို ပေါင်းစည်းခြင်းသည် ထိုအရာများအနက် မည်သည့် အမျိုးအစားတွင် ဖြစ်မည်ကို မသိချေ။ စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
လေနတ်ဘုရားဇရပ် အပြင်ဘက်တွင် လူအချို့ရပ်နေကာ သူ့ထံစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် အံ့အားသင့်စွာဖြင့် မတ်တပ်ထကာ အင်္ကျီလက်များကိုဝှေ့ယမ်းပြီး နောက်ပို့လိုက်သည်။ ပြီးနောက် ချန်ယွင်ထံ လှမ်းကြည့်ကာ၊
“ ချန်ယွင် ... မင်းဒီကို ဘယ်လိုရောက်လာတာလဲ။ ”
-ဟု မေးမြန်းတော့၏။
သူ့မေးခွန်းကြောင့် လူတိုင်း သတိဝင်လာတော့သည်။ ချန်ယွင်တစ်ယောက် ပြန်မဖြေနိုင်ချေ။ အကြည့်များက မက်မွန်ပင်ထံ လှမ်းကြည့်လိုက်သည်။
မက်မွန်ပန်းများသည် ရာသီဥတုနှင့် ဆန့်ကျင်ပြီး ပွင့်နေကြ၏။ ထိုမြင်ကွင်းသည် ထူးဆန်းလွန်းချေပြီ။ ကူချန်မှ သူ့အကြည့်ကို သတိထားမိသည်။
တောင်တန်းတစ်လျှောက် ပန်းပွင့်များ ဝေနေ၏။ တောင်ခြေမှ ဖြတ်တိုက်လာသော လေပြေတွင် ပန်းရနံ့သင်းသင်းများ ပါရှိနေသည်။
“ ဒါ ... ။ ”
ကူချန်သည်ပင် အံ့အားသင့်သွားပြီး မေးစေ့ကိုပွတ်သပ်ခါ စဉ်းစားနေမိတော့၏။ ဤသည်မှာ မဟာပေါင်းစည်းခြင်းနည်းစနစ်ကို နားလည်ခြင်းကြောင့် ဖြစ်နိုင်မည်လော။
မဟာပေါင်းစည်းခြင်း နည်းစနစ်သည် ကောင်းကင်၊ မြေကြီးနှင့် အချိန်စသည်တို့၏ လျှို့ဝှက်ချက်များ ပါဝင်နေသည်။
များပြားပြီးရှုပ်ထွေးသော နိယာမဖြစ်၏။ လက်ရှိအဆင့်ဖြင့် ၎င်းကို လက်ခံနိုင်ခြင်းမရှိဟု ယူဆမိသော်လည်း မထင်မှတ်ဘဲ ၎င်းကို နားလည်ခဲ့ပုံရသည်။
“ ဂလု ... ။ ”
တာအိုချင်းရှက ကူချန်ထံ မနာလိုစွာ ကြည့်နေသည်။ မည်သို့သော ဉာဏ်အလင်းဖြင့် ဤလောကအပေါ် ပြောင်းလဲမှုများဖြစ်စေ နိုင်မည်နည်း။
“ ဘာဖြစ်သွားတာလဲ။ ”
ကူချန်မှ ပြန်မေးလိုက်သည်။ ဤကာလအတွင်း ဖြစ်ပျက်နေသည်များကို နားမလည်လိုက်ချေ။
မိုးပြာခြံဝင်းတစ်ခုလုံး ရိုးရှင်းပြီး ဆန်းကြယ်သော အပြာရောင်ကျောက်သား များနှင့် တည်ဆောက်ထားသည်။
ကျောက်စားပွဲများနှင့် ကုလားထိုင်များ၊ ခြံဝင်းထောင့်ရှိ အိုမင်းနေသော ထင်းရှူးပင်များ စသည့်တို့အပေါ်တွင် စိမ်းပြာရောင်ရေညှိအချို့ ရှိနေသည်။
“ ဒီလို ဖြစ်သွားတာလား။ ”
ချင်းဖန်နှင့်မင်ယွဲ့၏ ဖြစ်စဉ်များကို နားထောင်ခေါင်းညိတ်ကာ ကူချန်တစ်ယောက် ဘေးတွင် ရပ်နေသောဓားသမားအမျိုးသားထံ မော့ကြည့်လိုက်သည်။
“ ချူချင်ရှန် ... ။ ”
“ သခင်ငယ်ကို နှုတ်ဆက်ပါတယ်။ ”
ချူချင်ရှန်က ကူချန်ကိုဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ သူ့မျက်လုံးများအတွင်း ကြောက်ရွံ့မှု အပြည့်ရှိနေ၏။
ဤသခင်ငယ်သည် ရှန်နန်နှင့် ဖူစုတစ်နိုင်ငံလုံး၌ သူ့စီးပွားရေးအမြင်ကြောင့် ကျော်ကြားလှသူဖြစ်သည်။
လက်နှစ်ဖက်ဖြင့် အရိုအသေ ပေးလိုက်သောအခါ ကျောပြင်ရှိ ပြတ်ရှရာက သူ့ကို ရှုံ့တွသွားစေ၏။ ကူချန်က သူ့ဒဏ်ရာထံ တစ်ချက်ကြည့်လိုက်ပြီး မင်ယွဲ့ကို၊
“ ငါ့အခန်းထဲမှာ တတိယသေတ္တာရဲ့ ဘယ်ဘက်အောက်ခြေက အနာကျက်ဆေး ယူလာခဲ့ပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
ထို့နောက် ချူချင်ရှန်ထံကြည့်ပြီး ခေါင်းညိတ်ပြကာ၊
“ ဒီကိစ္စကို ငါနားလည်ပြီ ... မင်းမှာ အပြစ်မရှိဘူး သူ့လိုလူမျိုးတွေသေသင့်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ဤသည်မှာ မင်ယွဲ့၏ ရှောင်လွှဲမရသော တတိယကပ်ဘေးပေပင်။ စိတ်မကောင်းသည် မှတပါး ပြောစရာမရှိချေ။
မကြာသေးမီနှစ်များတွင် ကျိုးလုသည် ရှန်နန်ပြည်နယ်သခင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့နောက်တွင် ကျိုးမိသားစုသည် ဟဲရှ ပြည်နယ်၌ ရိုင်းစိုင်းစွာပြုမူခဲ့၏။
မည်သူမျှ သူတို့မိသားစုကို အရေးယူခြင်းမပြုချေ။ ဟဲရှပြည်နယ်သခင်ပင် နှာစေးနေရ၏။
အထူးသဖြင့် ကျိုးယန်ပြုလုပ်ခဲ့သည့် မကောင်းမှုများအပေါ် လျစ်လျူရှုထားရသည်။ ချူချင်ရှန်သည် ဟဲရှပြည်နယ်ရှိ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် အာမခံအဖွဲ့တွင် အစောင့်အကြပ်အဖြစ် လုပ်ကိုင်သူပေပင်။
နှစ်တွေကြာလာသည်နှင့်အမျှ ငွေကြေးအလုံအလောက်ရရှိပြီး အနားယူရန် ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် နောက်ဆုံးတာဝန်ကို ထမ်းဆောင်ပြီး ပြန်လာချိန်၌ ဇနီးနှင့်သမီးတို့ သေဆုံးနေသည်ကို မြင်လိုက်ရသည်။
သူ့ကမ္ဘာကြီး မှောက်လှန်သွားသည်။ ဖြစ်စဉ်သည် သူ့သမီးကို ကျိုးမိသားစု၏ မြင်းနှင့် တိုက်မိသဖြင့် ဇနီးဖြစ်သူမှ အကာအကွယ် ပေးရန် ကြိုးစားရာ ကျိုးယန်၏သတ်ခြင်း ခံလိုက်ရခြင်းပေပင်။
ထိုကြောင့် ကျိုးယန်သည် နတ်နဂါးမြို့သို့ ထွက်ခွာသွားသည့် သတင်းကြားချိန်၌ နောက်မှ အမြန်လိုက်ပါလာကာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ဤကာလတွင် ချင်းဖန်နှင့် စကားစမြည် ပြောခဲ့ခြင်းပေပင်။ အထက်ပါ အကြောင်းအရာ များကို နားထောင်ပြီးနောက် ကူချန်ယွင်မှ မျက်မှောင်ကြုတ်လျက်၊
“ ဒါပေမယ့် ... မင်းက စည်းကမ်းဖောက်ဖျက်ခဲ့တယ် ငါ့ကူမိသားစုက ဒီအချိန်မှာ လူတွေရဲ့ယုံကြည်မှုကို ရယူရမယ့် အချိန်ရောက်နေပြီ ...
... ငါတို့က မင်းကို အပြစ်မပေးခဲ့ရင် လူတွေရဲ့နှလုံးသားကို အနိုင်ယူဖို့ ခက်ခဲသွား လိမ့်မယ်။ ”
-ဟု ပြောကြားလိုက်သည်။
“ အပြစ်ဒဏ်အားလုံးကို ငါချင်ရှန် ကျေကျေနပ်နပ်ကြီးခံယူပါမယ်။ ”
ချူချင်ရှန်သည် ရန်သူအပေါ် လက်စားချေနိုင်ပြီဖြစ်ရာ အခြားဂရုစိုက်စရာ မရှိတော့ချေ။ ကူချန်ယွင်က ချူချင်ရှန်ထံ တစ်ချက်ပြန်ကြည့်လိုက်ပြီး၊
“ မင်းဟာ ပညာရှင်တစ်ယောက်ပဲ မင်းနားလည်မှာပါ မင်းရဲ့ ဇနီးနဲ့သမီးအတွက် လက်စားချေတာ မမှားပါဘူး ...
... ဒါပေမယ့် နတ်နဂါးမြို့တော်ဟာ ငါ့ကူမိသားစုလက်အောက်မှာ ရှိနေတယ် ငါတို့ စည်းမျဉ်းတွေအရ မြို့တော်တဝိုက်ဆူပူအောင် လုပ်တဲ့လူတိုင်းကို ...
... ငါးနှစ်ကနေ ဆယ်နှစ်အထိ အကျဉ်းချရမယ် လူသတ်မှုတစ်ခု ကျူးလွန်ရင် အနှစ်နှစ်ဆယ် ဒါမှမဟုတ် သေဒဏ်ပဲ။ ”
ခိုင်မာသော စည်းမျဉ်းများသည် ပြဿနာများစွာကို ရှောင်ရှားနိုင်မည်ဖြစ်၏။ ကူချန်မှ သူ့ညီစကားကို ခေါင်းညိတ်သည်။
“ ဒါဆို သူ့ကို ငါနဲ့ထားခဲ့ပါ။ ”
ဤစကားအပေါ် ကူချန်ယွင်ခမျာ ချက်ချင်းတုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။ ကူချန်က ပြုံးပြပြီး၊
“ သူ့ကို မင်းအကျဉ်းချမှာ မဟုတ်လား ဒါဆိုလင်းရင်ဘုံကျောင်းမှာ အနှစ်နှစ်ဆယ်နေဖို့ အပြစ်ပေးလိုက်ပါ အကျဉ်းထောင်ထဲနေတာနဲ့ ဘာမှမကွာခြားပါဘူး ... ဒီမှာပဲဘုံကျောင်းကို စောင့်ရှောက်ခွင့် ပေးလိုက်ရင်ရော။”
ကူချန်ယွင်က ချူချင်ရှန်ထံ ကြည့်၏။ ဤလူသည် ကျေးဇူးတရားနှင့် နာကြည်းမှုကို ရှင်းလင်းစွာသိမြင်နိုင်သဖြင့် အထင်ကြီးစရာ ကောင်းသည်။
သို့သော် ကူမိသားစု၏ ချမှတ်ခဲ့သော စည်းမျဉ်းများကြောင့် အပြစ်ပေးရမည်ဖြစ်ရာ အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။
ယခုမူ ကူချန်သည် ချူချင်ရှန်ကို ကာကွယ်ပေးနေ၏။ ထိုအတွက် သက်သာရာ ရသွားသည်။
အဆုံးတွင် တိတ်ဆိတ်နေသော ကူချန်ယွင်ကြောင့် သဘောတူလိုက်ကြောင်း ကူချန်နားလည်လာ၏။ ပြုံးလျက်၊
“ ကျန်တဲ့ ကျိုးမိသားစုဝင်တွေကိုရော ဘာဆက်လုပ်မလဲ။ ”
“ စောင့်ကြည့်နေတုန်းပဲ ... ။ ”
ကူချန်ယွင်က ပြန်ဖြေ၏။
“ ဒါကို ဘယ်လိုဖြေရှင်းမှာလဲ။ ”
“ အဖေ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ ”
“ မင်းဆိုရင်ရော ... ။ ”
“ ဟမ် ... ။ ”
ကူချန်ယွင်က မဖြေနိုင်ချေ။ ကူချန်မှ ရေနွေးကြမ်းခွက်ကောက်ကိုင်ပြီး သောက်နေ လျက်ဖြင့် သူ့ညီ၏အဖြေကိုစောင့်နေခဲ့သည်။ ချန်ယွင်က အနည်းငယ်တွေးဆလျက်၊
“ ကျိုးမိသားစုဟာ လူကောင်းတွေ မဟုတ်ဘူးဆိုတာ မြင်သာပါတယ် ... ရှန်နန်ရဲ့ ပြည်နယ်သခင်ကျိုလုက အကျင့်ပျက် အရာရှိတစ်ယောက်ပဲ။ ”
-ဟု တုန့်ပြန်လာ၏။
“ ဒါဆို ဘာလို့ သူတို့ကိုလွှတ်ထားတာလဲ။ ”
ဤမေးခွန်းက ကူချန်ယွင်ကို အသက်ပြင်းပြင်း ရှူရှိုက်မိစေသည်။ ထို့နောက် ကူချန်ယွင်မှ၊
“ ကူမိသားစု နတ်နဂါးမြို့ကိုသိမ်းတုန်းက ဒီကျိုးလုက လက်နက်ချပြီး ပူးပေါင်းပေးခဲ့တယ် သူ့ကိုသစ္စာခံတဲ့ အင်အားစုတွေလည်း အတူတူ အညံ့ခံပါတယ် ...
... အခုချိန် ကျိုးမိသားစုဝင်အချို့ကို သတ်လိုက်မယ်ဆိုရင် သူ့သစ္စာခံအင်အားစုတွေ အပေါ်မှာ နည်းနည်း ပြဿနာရှိလာလိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်၏။
မင်ယွဲ့က အတွင်းခန်းမှ နောက်ထပ် ရေနွေးကြမ်းတစ်ခွက် သယ်ဆောင်လာသည်။ ကူချန်က ကူချန်ယွင်အတွက် ချပေးကာ၊
“ ဖေဖေက စီးပွားရေးသမားပဲ သူ့ခံယူချက်က မဟာမိတ်ဖွဲ့ပြီး ငွေရှာခြင်း။”
-ဟု ပြောကြားလိုက်၏။
“ ဒါပေမယ့် ... မင်းအောင်မြင်ချင်ရင် ကြင်နာမှုနဲ့ အခွင့်အာဏာအပေါ် ဟန်ချက်ညီဖို့ လိုတယ် ... ဒါမှလူတွေက မင်းကိုလေးစားမယ် မဟုတ်ရင် ... မင်းအတွက် နေရာမရှိဘူး ...
... မင်းလည်း စစ်သည်တော်တစ်ယောက် ဖြစ်နေတာကြာပြီ မင်းတို့တွေထဲမှာ အတွင်းပိုင်း ခြစားနေရင် ဘာဖြစ်မယ်ဆိုတာ သိလား။ ”
“ ငါသိတယ် ပြည်တည်နာတစ်ခုလိုပဲ ... မထိန်းချုပ်နိုင်တော့ရင် ပိုကြီးလာပြီး အန္တရာယ် ပိုများလာလိမ့်မယ်။ ”
“ မှန်တယ် ဖေဖေရဲ့အင်အားစုက သေးငယ်သေးပေမယ် အခုချိန် အရေးယူမှုတွေ မလုပ်ခဲ့ရင် ... နောင်မှာဒီလိုမျိုးလူတွေ ...
... ပိုပိုပြီး များလာလိမ့်မယ် ... အချိန်ကိုပြန်လှည့်ဖို့ ခက်တယ်ဆိုတဲ့စကား မင်းနားလည်လား ... ။ ”
ထိုစကားကို ကြားချိန်၌ ကူချန်ယွင် မျက်လုံးများ မှေးစင်းသွားကာ ရေနွေးကြမ်းကို ကောက်ယူပြီး တစ်ငုံသောက်လိုက်တော့၏။ အဆုံးတွင် ရေနွေးကြမ်းခွက်ကို ပြန်ချကာ၊
“ ငါ နားလည်ပြီ။ ”
-ဟု ပြောကြားလာလေသည်။
***