← Chapters

မတော်တဆမှု ... ။

Vol. 3 Ch. 30

မတော်တဆမှု ... ။

Vol. 3 Ch. 30

မုဝေနှင့် မတွေ့တော့သည်မှာ သွေးဝိညာဉ်ဂိုဏ်းဖြစ်စဉ် ပြီးဆုံးကတည်းက ဖြစ်ကြောင်း ကူချန်သတိရသွားသည်။

ယင်းသည် တစ်နှစ်နီးပါးရှိသွားချေပြီ။ အချိန်များ ကုန်လွန်သည်မှာ မြန်ဆန်ကြောင်း အမှတ်မထင် တွေးမိလာ၏။

သူမ မျက်နှာပေါ်တွင် ရင့်ကျက်မှု တစ်ချို့သည်ပင် နေရာယူထားပြီး ဆွဲဆောင်မှု ပိုတိုးလာစေသည်။

သူ့ဘေးနားရှိ ရှောင်ယွင်သည်လည်း အထင်ကြီးလောက်စရာ ကြီးထွားလာခဲ့၏။ ခန္ဓာကိုယ်နှင့်အတူ အရပ်သည်လည်း မြင့်မား လာပြီး ပြောင်းလဲမှုများ ပြသနေချေပြီ။

“ မတွေ့တာကြာပြီနော် မိန်းကလေးမု ... ။ ”

နှုတ်ဆက်သံကြောင့် မုဝေက သတိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။ တာအိုချင်းရှစကားအရ ကူချန်တောင်ပေါ်မှ ဆင်းသွားသည်မှာ လအနည်းငယ် ကြာနေချေပြီ။

“ တာအိုဘုန်းကြီး ... မင်းထွက်​သွား​ပြီး မကြာဘူး ငါတို့​ရောက်​လာသေးတယ်​ အခုဆို ဘယ်နှစ်ကြိမ်မြောက်မှန်း မသိဘူး ... ။ ”

“ ရှောင်ယွင် ... ။ ”

“ အ ... နာတယ်။ ”

မုဝေမှ ရှက်ရွံ့သွားကာ ရှောင်ယွင် ခါးကိုလိမ်ဆွဲလိုက်၏။ ရှောင်ယွင်တစ်ယောက် အော်ဟစ်လျက်ဘေးသို့ ရွေ့လိုက်သည်။

သို့သော် သူမ ခြေလှမ်းသည် ကျောက်လှေကားအစွန်းကိုသာ နင်းမိသွားပြီး ဟန်ချက်ပျက်ကာ လဲကျသွား၏။

“ အား ... ။ ”

မုဝေခမျာ ထိတ်လန့်စွာဖြင့် ချက်ချင်း ဖမ်းဆွဲလိုက်သော်လည်း လက်ဖဝါးကို မမိဘဲ ရိုက်ချလိုက်သကဲ့သို့ ပိုဆိုးသွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ကာ ကူချန်က သက်ပြင်းချပြီး ချက်ချင်းပင် ရှောင်ယွင်အနား ရွေ့လျားသွားလျက် ဖမ်းယူပေးလိုက်၏။

( ဟမ့် ... ကျောက်စိမ်းလက် တစ်စုံလား ... ဘာလို့များ ဒီလောက်နူးညံ့နေတာလဲ ရနံ့ကရော ဘာလို့သင်းနေရတာလဲ။ )

မျက်လုံးများ မှိတ်လျက် ရှောင်ယွင်က ကြောက်လန့်နေသည့်ကြားမှ အတွေးဝင်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

ကူချန် မျက်နှာကို ဦးစွာမြင်သည်။ နေရောင်ခြည်အောက်တွင် တောက်ပနေသော နှင်းစက်အလား ကြည့်ရန်ပင် ရှက်ရွံ့စေ၏။

“ မိန်းကလေး မင်းအဆင်ပြေလား။ ”

ရုတ်တရက် အသံကြောင့် မျက်နှာပေါ် အနည်းငယ် ငေးစိုက်ကြည့်မိသည်ကို သတိရ လာခဲ့ကာ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။

မျက်နှာတစ်ပြင်လုံး ရှက်ရွံ့နီမြန်းလျက် မုဝေထံ ခိုးကြည့်လိုက်ပြီးနောက် တုန်လှုပ်စွာ အနားသွားရပ်နေလိုက်သည်။

“ သခင်မလေး ... မင်း လဲကျချင်ယောင်ဆောင်မလား။ ”

မုဝေထံမှ စူးရှသောအကြည့်ကြောင့် နှာခေါင်းကိုပွတ်လျက် မေးမြန်းလိုက်လေသည်။ မုဝေက ပြန်မဖြေဘဲ စိုက်ကြည့်နေဆဲဖြစ်သဖြင့် တိတ်ဆိတ်စွာ ခေါင်းငုံ့ပြီးရပ်နေလိုက်၏။

( ဒီတာအိုဘုန်းကြီးရဲ့ ကိုယ်သင်းရနံ့က ဘယ်လိုရနံ့မျိုးလဲ သူ့ခန္ဓာကိုယ်မှာ မြက်ခင်းနဲ့ သစ်ပင်တွေရဲ့ လတ်ဆတ်တဲ့ ရနံ့မျိုးတွေ ဘာလို့ရှိနေရတာလဲ။)

ခေါင်းငုံ့ထားလျက်မှ သူမအတွေးများ ဝင်ရောက်လာပြန်သည်။ တစ်ဖက်တွင် ကူချန်မှ သခင်နှင့်ကျွန်ထံ နားမလည်စွာ ကြည့်လိုက်ပြီး၊

“ မိန်းကလေးမူ ... မင်းခဏလောက် ပြန်လိုက်လာချင်လား။ ”

“ မလိုက်ဘူး။ ”

မုဝေက ချက်ချင်း တုန့်ပြန်လျက် စိတ်ပျက်လက်ပျက်နှင့် ရှောင်ယွင်၏လက်ကို ကိုင်ဆွဲကာ ဖြတ်ကျော်သွား၏။

ရှောင်ယွင်ခမျာ နာခံမှုရှိစွာဖြင့် တိတ်တဆိတ် လိုက်ပါသွားလေသည်။ ကူချန်က ခေါင်းညိတ်လျက်၊

“ ဒါဆို လမ်းခရီး ဂရုစိုက်ပါ။ ”

-ဟု မှာကြားလိုက်သည်။

မုဝေက တုန့်ပြန်ခြင်း မပြုတော့ချေ။ တောင်ခြေသို့ ဦးတည်ကာ ခပ်သွပ်သွပ်လှမ်းနေ တော့၏။ သူမနောက်မှ လိုက်ပါလာသော ရှောင်ယွင်မှ၊

“ မိန်းကလေး အဆင်ပြေရဲ့လား။ ”

-ဟု သတိကြီးစွာ မေးလိုက်သည်။

“ ငါ အဆင်မပြေတဲ့ပုံ ပေါက်နေလို့လား။ ”

( သေချာတယ် ... မင်းစိတ်ညစ်နေတယ်။ )

ရှောင်ယွင်မှ ပြန်မဖြေဝံ့ချေ။ မုဝေမျက်နှာပေါ်တွင် မပျော်ရွှင်နိုင်ဟူသော စကားလုံးများ ရေးထိုးထားသည်ဟု ခံစားရသည်။

“ သခင်မလေး ... မတော်တဆပါ စိတ်ထဲမထားပါနဲ့ မင်းအတွက် ငါကြိုတင်ပြီး စမ်းသပ်ပေးတာလို့ ယူဆပါ။ ”

“ ဘယ်လိုခံစားရလဲ ... ။ ”

ရှောင်ယွင်က မုဝေ၏ ထူးဆန်းနေသော လေသံကို သတိမထားမိဘဲ စိတ်လှုပ်ရှားစွာနှင့်၊

“ အရမ်းကောင်းတယ် ... လုံခြုံသွားတယ်လို့ ခံစားရတယ်။ ”

-ဟု ငေးမောလျက် ပြန်ဖြေသည်။ ထို့‌နောက်၊

“ တာအိုဘုန်းကြီးဟာ ... သစ်ပင်ပန်းပင်တွေလို မွှေးပျံ့လန်းဆန်းတဲ့ ရနံ့မျိုးရှိနေတယ် အဲဒီရနံ့ကို ရှင်းမပြတတ်ဘူး ဒါပေမယ့် အရမ်းမွှေးတာကိုတော့ ... ။ ”

သို့သော် လေထုသည် တစ်ခုခု မှားယွင်းနေမှန်းခံစားမိပြီး ရှောင်ယွင်က မုဝေထံ မော့ကြည့်လိုက်သည်။

မုဝေက နှုတ်ခမ်းကို တင်းတင်းစေ့လျက် စူးရဲစွာစိုက်ကြည့်နေသဖြင့် မျက်လုံးပြူးကာ ထိတ်လန့်သွား၏။

“ သခင်မလေး ... မင်းတကယ် အဆင်ပြေရဲ့လား။ ”

“ ငါနှစ်ပေါင်းများစွာ ... ကြိုးစားနေခဲ့တာတောင် သူ့လက်ကို ကိုင်ခွင့် မရသေးဘူး ... နင်ဒီအခွင့်အရေးကို ခိုးယူသွားပြီ။ ”

“ သခင်မလေး ... ဒါတကယ့် မတော်တဆမှုပါ တကယ့်ကို မတော်တဆမှုပါ မတော်ဆမှုတွေက ဘယ်တော့ဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ”

ရှောင်ယွင်က ထိတ်လန့်တကြားနှင့် ရှင်းပြတော့သည်။

“ ဘယ်သူ သိနိုင်မလဲ ... နောက်နှစ်ရက်နေရင် သခင်မလေးလည်း တာအိုဘုန်းကြီးနဲ့ မတော်တဆလက်ထပ်ပြီး ကလေးတွေ ရနိုင်ပါတယ်။ ”

သို့မှသာ မုဝေအမူအရာက အနည်းငယ် ပြေလျော့လျက် သူမထံစေ့စေ့ကြည့်လိုက်ပြီး၊

“ နင်ငါ့ကို နှစ်သိမ့်ပေးချင်ရင် အနည်းဆုံးတော့ နင်ပြောခဲ့တဲ့ မတော်ဆမှု တကယ်ဖြစ်မယ်လို့ ကတိပေးပါ။ ”

“ အိုး ... ဒါပေါ့ ဖြစ်နိုင်ပါတယ် ဒီလိုမတော်ဆမှုမျိုး တကယ်ဖြစ်နိုင်ပါတယ် တာအိုဘုန်းကြီးက ပြောဖူးတယ် မဟုတ်လား ဒီကမ္ဘာပေါ်မှာ အရာအားလုံးဖြစ်နိုင်တယ်လို့။ ”

မုဝေက အနည်းငယ် စိုက်ကြည့်ပြီး ပြန်လှည့်ထွက်သွားမှသာလျှင် ရှောင်ယွင်ခမျာ သက်ပြင်းချနိုင်တော့သည်။

( ငါဒီရက်ပိုင်းအတွင်း နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းထားရမယ်။ )

အထူးသဖြင့် စကားအပြောအဆို ဆင်ခြင်ရပေမည်။ မဟုတ်သော် သခင်မလေး အမြင်၌ အဆင်ပြေမည်မဟုတ်နိုင်။

( ဒါပေမယ့် ... ဒီဘုန်းကြီးက တကယ်မွှေးတယ် ငါ့ရင်တွေတောင်ခုန်လာပြီ ကိုက်စားချင်လိုက်တာ။ )

ရှောင်ယွင်က ထိတ်လန့်တကြားနှင့် ရင်ဘတ်ပေါ် စမ်းကြည့်လိုက်ရာ နှလုံးခုန်သံများ အနည်းငယ် မြန်နေသည်ကို ခံစားလိုက်ရ၏။

( ဟမ့် ... ဒီဘုန်းကြီးက မှော်ဆန်လိုက်တာ ... ။ )

***

All Chapters