← Chapters

အမှောင်ထဲမှ ရန်စွယ်။

Vol. 3 Ch. 32

အမှောင်ထဲမှ ရန်စွယ်။

Vol. 3 Ch. 32

တာအိုချင်းရှ၏ဂိုဏ်းသည် ဖြောင့်မတ်သောဂိုဏ်း ဖြစ်၏။ ထိုဂိုဏ်းကြီး ကြုံတွေ့ရသော ကပ်ဘေးသည် မကောင်းဆိုး ရွားများနှင့် ဆက်စပ်နေနိုင်သည်။

“ ဘာတွေတွေးနေတာလဲ ... လာသောက်။ ”

တာအိုချင်းရှက ကျောက်စားပွဲပေါ်ရှိ ဝိုင်အိုးကို ကောက်ယူလိုက်ပြီး သူတို့နှစ်ယောက် အတွက် ဖြည့်လိုက်သည်။

နှစ်ယောက်သား ပြိုင်တူမော့သောက်လျက် တာအိုချင်းရှက ရယ်သည်။

“ ဂိုဏ်းမှာရှိနေတုန်းက ဒီလို ဝိညာဉ်ဝိုင်မျိုးကို အများကြီးသောက်ရမယ်လို့ ငါတစ်ခါမှ စိတ်ကူးမယဉ်မိဘူး။ ”

ကူချန်က ပြုံးသည်။

“ ဆရာ မင်းဂိုဏ်းကို ပြန်သွားဖူးလား။ ”

တာအိုချင်းရှက လက်ထဲမှ ဝိုင်ခွက်ကို ပြန်ချလိုက်ကာ သက်ပြင်းချတော့သည်။

“ ဟုတ်တယ် ငါလွမ်းခဲ့သေးတယ် ဂိုဏ်းကိုပြန်ဖို့ နှစ်အနည်းငယ်ကြာတဲ့အထိ အိပ်မက်မက်ခဲ့ဖူးတယ် ဂိုဏ်းက ငါ့အိမ်ပါပဲ ...

... ဂိုဏ်းကငါ့ကို မမွေးစားခင်မှာ လမ်းပေါ်မှာ ရှင်သန်ရပြီး တောခွေးတွေနဲ့ လုယက်စားသောက်ခဲ့ရတယ် မရေရာတဲ့ ဘဝကို နှစ်တော်တော်ကြာ ...

... ဖြတ်သန်းခဲ့ဖူးတယ် လမ်းပေါ်မှာ နေထိုင်ပြီး ဘဝရဲ့လှိုင်းလုံးကြီးတွေ အောက်မှာ လူဖြစ်ရကျိုးနပ်တယ်လို့ တစ်ခါမှ မခံစားခဲ့ရဖူးဘူး ...

... ဂိုဏ်းကိုရောက်တော့မှသာ ငါ့ရဲ့ညီအစ်ကိုမောင်နှမတွေကြောင့် ဘဝရဲ့ အဓိပ္ပါယ်ကို ရှာတွေ့ခဲ့တာ ... ငါဆိုလိုတာက မင်းဘဝမှာ မင်းအပေါ် ...

... ဂရုစိုက်ပေးမဲ့လူ ... မင်းဂရုစိုက်ရမဲ့လူ ဒီလိုတွေမရှိရင် ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေ ဖြစ်လာတော့မှာ မဟုတ်ဘူး ... ပျော်ရွှင်မှု ... ဝမ်းနည်းမှုတွေ ကင်းမဲ့လာလိမ့်မယ်။ ”

တာအိုချင်းရှ၏ စကားကို နားထောင်ပြီးနောက် ကူချန်ခမျာ အတွေးထဲ နစ်မျောသွားလေသည်။

( မင်းကို ဘယ်သူမှ ဂရုမစိုက်တဲ့အခါ ဒါမှမဟုတ် ... မင်းအတွက် ဂရုစိုက်စရာ တစ်စုံတစ်ယောက် မရှိတဲ့အခါ ဒီကမ္ဘာကြီးက အဓိပ္ပါယ်မရှိတော့ဘူးလား။ )

ဤသည်မှာ သူ ယူဆထားသည်နှင့် များစွာကွာခြားလေသည်။ တာအိုချင်းရှက စကားဆက်ပြော၏။

“ ဒါပေမယ့် ငါလုပ်ချင်ရင်တောင် ဘာလုပ်နိုင်မှာလဲ ဂိုဏ်းဘယ်မှာ ရှိမှန်းတောင် ငါမသိတာ ပြန်သွားဖို့ ခက်ခဲလွန်းပါတယ်။ ”

“ အမှန်ပဲ ... ။ ”

ဤကမ္ဘာကြီးသည် အမှန်ပင် ကြီးမားလွန်း၏။ တောင်ပိုင်းဝိညာဉ်ကုန်းမြေ တစ်ခုတည်း၌ပင် နိုင်ငံပေါင်း သောင်းဂဏန်းရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ရှန်ရှင်းနယ်ပယ်ကျင့်ကြံမှုဖြင့် နိုင်ငံအားလုံးကို သွားရောက်လိုသော် သူ့တသက် မဖြစ်နိုင်ချေ။

မူလနန်းတော်နယ်ပယ် ကျင့်ကြံသူများ လုပ်နိုင်ကြသော်လည်း ရှန်ရှန်းနယ်ပယ်အတွက် သေချာပေါက်ခက်ခဲပေမည်။

ရှန်ရှင်းနယ်ပယ်ကျွမ်းကျင်သူများသည် တစ်နေ့လျှင် မိုင်(၅၀၀)သာ သွားလာနိုင်သည်။ မူလနန်းတော်နယ်ပယ်အတွက်မူ ခန္ဓာကိုယ်၌ စစ်မှန်သောစွမ်းအင်များကို သိမ်းဆည်းနိုင် သဖြင့် မိုင်ထောင်ချီပျံသန်းနိုင်၏။

အကြောင်းအရာများစွာကို ပြောကြားပြီးနောက်တွင် တာအိုချင်းရှက ထိုအကြောင်း ဆက်မပြောတော့ဘဲ၊

“ ထားလိုက်ရအောင် သောက် ... စကားများများ ပြောတာက အကျိုးမရှိနိုင်ပါဘူး ဒုက္ခပိုရောက်စေတယ် ... သေချာတာကတော့ ငါတို့ဂိုဏ်းဆက်ပြီး ရှိနေဦးမှာပါ။ ”

-ဟု ဆိုလာတော့သည်။

ကူချန်မှ ဆက်မပြောတော့ဘဲ ဝိုင်သောက်ရန်သာ အာရုံစိုက်လိုက်တော့၏။ မျက်စိတစ်မှိတ်အတွင်း ဆောင်းရာသီ ရောက်ရှိလာသည်။

မီးခိုးရောင်ကောင်းကင်ကြီးသည် နှင်းများထူထပ်စွာကျလာပြီး ကမ္ဘာမြေကြီးကို အဖြူရောင်အဖြစ် ပြောင်းလဲပစ်လိုက်၏။

ဒေသအပူချိန်များ သိသိသာသာ ကျဆင်းသွားကာ လင်းရင်‌ဘုံကျောင်းမှ မြင်နေရသော ဟန်မြစ်သည် လုံးဝအေးခဲလျက် ရထားလုံးများ ဖြတ်သန်းမောင်းနှင် နိုင်နေပြီဖြစ်သည်။

လေနတ်ဘုရားဇရပ်မှ ကြည့်သော် ရေခဲမြစ်ကိုဖြတ်လျက် ခရီးသွားများရှုပ်ပွနေ၏။ ကူချန်က အကြည့်ကို ပြန်ရုတ်ကာ၊

“ ဒီရက်ပိုင်း ဒုက္ခသည်တွေ ပိုရောက်လာနေပုံရတယ် တခြားဒေသတွေက မငြိမ်းချမ်းသေးဘူးထင်တယ်။ ”

ဟဲရှလမ်းအပါအဝင် နေရာအတော်များများသည် နှစ်အတော်ကြာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရသည်။

ဤ(၂)နှစ်အတွင်း ဆန်စပါးများပင် မထွက်ရှိသလောက်ဖြစ်နေသည်။ ရုံးတော်မှ ကူညီပံ့ပိုးသော်လည်း အရန်စားနပ်ရိက္ခာများ လျော့နည်းလာပြီဖြစ်သည်။

နှစ်အနည်းငယ်အတွင်း အသီးသီးသော အင်အားစုများသည် ဆန်စပါးများ ရည်ရွယ်ချက် ရှိရှိ ဝယ်ယူသိုလှောင်ကြ၏။

ထိုသို့သော အကြောင်းများကြောင့် ဖူစုနိုင်ငံတစ်ဝှမ်း ကြီးမားသော ငွတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပွားလာခဲ့သည်။

ရှန်နန်ပြည်နယ်တွင် စပါးဈေးသည် လွန်ခဲ့သောနှစ်အနည်းငယ်ထက် ငါးဆအထိ ခုန်တက်ကာ လူအများအပြား ဒုက္ခရောက် နေကြသည်။ ထို့ကြောင့် ဒုက္ခသည်များ ပိုများပြားလာသည်မှာ သဘာဝပေပင်။

လင်းရင်ဘုံကျောင်း အနီးတဝိုက်တွင် ဒုက္ခသည်များ ကျဲပါးလာပြီး နတ်နဂါးမြို့သို့ ဦးတည်ကုန်ကြသည်။

အကြင်သူသည် အားနည်းသူ ဖြစ်သော် အခြားသူများ၏ သားကောင် ဖြစ်လာမည်မှာ သေချာ၏။

ထို့ကြောင့် ဒုက္ခသည်များသည် စည်းလုံးညီညွှတ်လာကြပြီး အချင်းချင်းကူညီ ရိုင်းပင်းလာကုန်၏။ ဤသည်မှာ ရှင်သန်ရန် အတွက် စည်းမျဉ်းတစ်ခုပေပင်။

မဝေးလှသော အရပ်တွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ခြံရံလျက် သန်မာသော အမျိုးသားများက ခရီးနှင်နေသည်။

သူတို့၏ စုတ်ပြတ်နေသော အဝတ်အစားများကြောင့် ဒုက္ခသည်မိသားစု အဖြစ် မြင်ရုံဖြင့် သိနိုင်၏။

“ ဆရာ၊ ရှန်လုံမြို့ကို ရောက်ပါပြီ။ ”

မြင့်မားသောမြို့ရိုးကို မော့ကြည့်ပြီး ရှစန်းတစ်ယောက် ခေါင်းညိတ်လိုက်လေသည်။ ရှန်နန်တွင် အချမ်းသာဆုံးသော ဤမြို့သည် မျှော်လင့်ထားသည့်အတိုင်း ခမ်းနားလှ၏။

“ ဒီမြို့တော်ရဲ့ အေးချမ်းမှုအတွက် ကူမိသားစုအပေါ် ကျေးဇူးတင်ရမယ် သူတို့က ပြည်နယ်ခြောက်ခုကိုသာ လွှမ်းမိုးမထားဘူး ဆိုရင် ... ဒီနေရာက တခြားဒေသတွေလိုပဲ မငြိမ်းမချမ်းဖြစ်နေလိမ့်မယ်။ ”

ကူမိသားစုသည် ရှန်နန်လမ်း တစ်လျှောက်တွင် ပြည်နယ် (၆)ခုတိုင်အောင် သိမ်းပိုက်ထားနိုင်ပြီဖြစ်၏။ ၎င်းတို့သည် အလျင်စလိုမရှိခဲ့ဘဲ ပြည်နယ်တိုင်းကို အေးချမ်းအောင် ထိန်းချုပ်ထားသည်။

သူသည် ဤဒေသများတွင် ပရမ်းပတာအခြေအနေမျိုး ဖန်တီးခဲ့သော်လည်း ကူမိသားစုနှင့် နွေဦးဓားနန်းတော်သည် တုန့်ပြန်မှုမပြခဲ့ချေ။

ထို့ကြောင့် နတ်နဂါးမြို့တော်၌ ဝရုန်းသုန်းကားဖြစ်စေရန် ရည်ရွယ်ကာ ယခု ရောက်ရှိလာခြင်းဖြစ်သည်။

ကူမိသားစု မငြိမ်းချမ်းသရွေ့ ရှန်နန်လမ်းတစ်လျှောက် သွေးလွှမ်းလာမည်မှာ သေချာချေပြီ။

“ ဆရာ ... ဘာလို့ ဒီလောက် သတိထားသင့်တာလဲ ကူမိသားစုထဲကို ခိုးဝင်ပြီး သူတို့ရဲ့ခေါင်းဆောင်ကို သတ်လိုက်ရင် အဆင်ပြေသွားမယ် မဟုတ်လား။ ”

တစ်စုံတစ်ယောက်မှ အကြံပေးသည်။

“ လူမိုက် ... ကူမိသားစုက သူတို့လက်အောက်မှာ ချီစုစည်းခြင်းနယ်ပယ် ပညာရှင်တစ်ရာနီးပါးရှိတယ် ... ဒါဆို ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူမရှိဘဲ အမိန့်ပေးနိုင်မယ်လို့ မင်းထင်နေလား။ ”

ထို့နောက်တွင် ရှစန်းသည် တိတ်ဆိတ်သွားကာ နတ်နဂါးမြို့တော်ကြီးထံ စိုက်ကြည့်နေတော့သည်။

ကူမိသားစုတွင် ရှန်ရှင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရှိနေမည်မှာ သေချာချေပြီ။ ဤတစ်ကြိမ် စွန့်စားရပေမည်။

“ မှတ်ထားပါ ... ငါတို့ရဲ့ရည်မှန်းချက်က ရှန်နန်လမ်းတစ်လျှောက် ပြဿနာဖန်တီးဖို့ပါပဲ ဒေသခံအုပ်စိုးရှင်တွေနဲ့ ...

... ထိပ်တိုက်မတွေ့စေနဲ့ မြို့ရောက်ရင် ငါတို့လူတွေကို အကြောင်းကြားပြီး အမြန်စုဝေး ခိုင်းလိုက်ပါ။ ”

“ နားလည်ပါပြီ။ ”

***

All Chapters