ခေါင်းမာသူများ ... ။
Vol. 3 Ch. 34
ကူချန်သည်ပင် အံ့သြသွားသည်။ တာအိုချင်းရှသည် အသက်အရွယ်ကြီးသော်မှ မုဆိုးမလှလှလေးကို အရယူနိုင်ခဲ့သည်။ ယခုအမွှာပင် လွယ်ထားရပြီဖြစ်၏။
တာအိုချင်းရှ မျက်နှာသည် နီမြန်းပြီး ရှက်ရွံ့နေချေပြီ။ တစ္ဆေသရဲများ ပူးကပ်သကဲ့သို့ တုန်တုန်ယင်ယင်ဖြင့်၊
“ ငါ့မှာ ကလေးရှိပြီ၊ ငါ့မှာ ကလေးရှိပြီ ... ။ ”
-ဟု ရေရွတ်နေတော့သည်။
ကူချန်မှ ထိုမြင်ကွင်းကြောင့် ခေါင်းယမ်းလျက်ရယ်လေသည်။ ယင်းသည် ပုံပြင်တစ်ပုဒ်ကို အမှတ်ရစေ၏။
ဖန်ကျင်းသည် အရာရှိစာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးနောက် အကြီးမားဆုံး အောင်မြင်မှုအဖြစ် ဝင့်ကြွားခဲ့သည်။
တာအိုချင်းရှသည်လည်း ထိုသို့ပေပင်။ အသက်ကြီးမှ ကလေးရခြင်းသည် ကြီးမားသော အောင်မြင်မှုပေပင်။
“ ဆရာမင်းက မြက်နုကိုစားပြီး အခွင့်ကောင်းယူလိုက်တာပဲ။ ”
“ ဟမ့် ... မင်းဘာသိလဲ ... ငါက လူပျိုတစ်ယောက်ပဲ တကယ်နစ်နာတာ ငါပါ။ ”
လူပျိုလား။ ကူချန်တစ်ယောက် အနည်းငယ်မျက်ခုံးပင့်လိုက်သည်။ သို့သော် ဤသည်မှာ အမှန်ဖြစ်၏။ တာအိုချင်းရှသည် သူသည် အဖော်မဲ့နေသူဟု ပြောခဲ့ဖူးသည်။
“ ဘာပဲဖြစ်ဖြစ် ဆရာက အသက်ကြီးနေပြီ မုဆိုးမလှလှလေးကတော့ အရွယ်ကောင်းမှာပဲ ဆရာ မနစ်နာပါဘူး။ ”
“ ဘာအသက်ကြီးနေတာလဲ ငါ့အသက်(၇၀)နားပဲ ရှိသေးတယ် သန်မာပြီး ကျန်းမာနေသေးတယ် ။ ”
တာအိုချင်းရှက ယုံကြည်ချက် ရှိရှိဖြင့် ငြင်းခုံလာသည်။ ဤနေရာ၌ ကူချန်သည်လည်း တစ်ဖက်လူဖြင့် မယှဉ်နိုင်ကြောင်း သိလိုက်၏။ တာအိုချင်းရှ၏ တိုက်ပွဲဝင်စွမ်းရည်သည် အထူးကောင်းမွန်နေသည်။
ထိုစဉ် ရထားလုံးက ရုတ်တရက် ရပ်သွားပြီး ပန်းချီဆရာအသံ ထွက်ပေါ်လာသည်။
“ သခင်ငယ် ... ငါတို့မြို့ထဲဝင်တော့မယ် ဆရာတော်ကို အရင်လိုက်ပို့ပေးရမလား။ ”
“ မြန်လိုက်တာ ... ။ ”
တာအိုချင်းရှက အံ့သြသွားသည်။ ပန်းချီဆရာမှ ပြုံးလျက်၊
“ ငါတို့ ဟန်မြစ်ကို တိုက်ရိုက် ဖြတ်လာတာပါ မြစ်ပြင်က အေးခဲပြီး ရထားလုံး ဖြတ်သန်းနိုင်နေပြီ ဒါက လမ်းခရီးကို သုံးပုံနှစ်ပုံ ကျုံ့စေတယ်။ ”
-ဟု ရှင်းပြလာ၏။
တာအိုချင်းရှက ချက်ခြင်းထရပ်လိုက်သည်။
“ ငါ့ကို လိုက်ပို့စရာ မလိုပါဘူး ငါကိုယ်တိုင်သွားလို့တယ် ဒါပေမယ့် ... ။ ”
ထို့နောက် ကူချန်ထံ လှည့်ကြည့်လျက်၊
“ ကူချန်၊ မင်းကတော့ ... အရမ်းဈေးကြီးတဲ့ လက်ဆောင်တွေ ပေးစရာမလိုဘူး ။ ”
-ဟု ပြုံးကာ ပြောကြားလာတော့သည်။
“ ဟားဟားဟား ... သွားပြီ။ ”
တာအိုချင်းရှက ရယ်မောလျက် ရထားလုံးပေါ်မှ ဆင်းသွားတော့၏။ ကူချန်ခမျာ မျက်ခုံးပင့်လျက် တာအိုချင်းရှစကားကို တွေးတောကာ ကျန်ရစ်ခဲ့သည်။
“ စျေးကြီးတဲ့ လက်ဆောင်တွေ မလိုဘူးဆိုတာ ဘာအဓိပ္ပါယ်လဲ။ ”
ထို့နောက်တွင် ပြတင်းပေါက်ဖွင့်ပြီး တာအိုချင်းရှ ထွက်သွားရာအရပ်ထံ မျှော်ကြည့် လိုက်လေသည်။ ပန်းချီဆရာက သူ့ထံ ပြန်ငုံ့ကြည့်လျက်၊
“ သခင်ငယ် ... ဆရာတော် မျက်နှာက ဘာဖြစ်သွားတာလဲ။ ”
-ဟု မေးမြန်းလာ၏။
“ ဘာမှ မဖြစ်ပါဘူး ... သူ ဆေးမှားသောက်မိသွားတာ ဒီလောက်ပါပဲ သွားကြရအောင်။ ”
“ ဟုတ်ကဲ့ ... ။ ”
ပန်းချီဆရာက ခေါင်းညိတ် လိုက်တော့သည်။ ကူစံအိမ်သို့ ရောက်ပြီးနောက် ကူချန်သည် သူ့ဖခင်ဖြင့် တွေ့ခွင့်မရသေးချေ။
လက်ရှိအချိန်တွင် ကူဖုန်းသည် နေ့စဉ်နှင့်အမျှ ကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်း နေခဲ့ရသည်။ အဆုံးတွင် မနက်လင်းချိန်နီးမှသာ တွေ့ခွင့်ရသည်။
မဏ္ဍပ်များ၊ကျောက်တုံးကြီးများ၊ တံတားများဖြင့် စမ်းချောင်းအတုများ ပါရှိသော ဥယျာဉ်တစ်နေရာတွင် သားအဖနှစ်ယောက် ထိုင်နေသည်။
ကူချန်က ပန်းချီဆရာကို လင်းရင်ဘုံကျောင်းမှယူလာသော မက်မွန်ပွင့် ဝိုင်နှစ်အိုး ယူလာစေလိုက်၏။
ဝိုင်အိုးကို မြင်သောအခါ ကူဖုန်း မျက်ဝန်းများသည် အလင်းရောင်များ တောက်ပ လာလေသည်။ ထို့နောက် ကူချန်ထံ ပြန်ကြည့်ကာ၊
“ ဒါ ... မင်းချန်ယွင်ကို ပေးခဲ့တဲ့ မက်မွန်ပွင့်ဝိုင်လား။ ”
“ ဟုတ်ကဲ့ ... ။ ”
ကူချန်မှ ခေါင်းညိတ်သည်။ ကူဖုန်း၏ မျက်လုံးများတွင် အံ့သြမှုအရိပ်အယောင်များ ပေါ်လာခဲ့သည်။ ထိုနေ့က ချန်ယွင်၏ ဝိုင်ကို မြည်းစမ်းခဲ့သေးသည်။ အရသာမှာ အံ့မခန်းဖြစ်၏။
အာနိသင်သည် ချီစုစည်းခြင်းနယ်ပယ်မှ စစ်သည်တော်များ၏ ကျင့်ကြံမှုအမြန်နှုန်းကို မြှင့်တင်ပေးနိုင်ရုံသာမက သူ့အပေါ်၌ပင် သက်ရောက်မှုပေးနေသည်။
သို့သော် ဝိုင်သည် ချန်ယွင်အတွက် ဖြစ်နေသဖြင့် ဆန္ဒကို ထိန်းချုပ်လျက် ဝိုင်အိုးကို ပြန်ပေးလိုက်ရသည်။
ချန်ယွင်မှ ပေးအပ်လိုသော်လည်း ဖခင်တစ်ဦးအတွက် ယုတ္တိမရှိသောကြောင့် ငြင်းဆန်ခဲ့ရ၏။ အချိန်ကြာလာသည့်တိုင် မေ့မရသေးချေ။ ယခု ကူချန်မှ နှစ်အိုး ပေးလာပြီဖြစ်သည်။
“ ပန်းချီဆရာ ငါ့အခန်းထဲကို သွားထားလိုက်။ ”
“ ဟုတ်ကဲ့ ... ။ ”
ပန်းချီဆရာက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ ကူချန်မှ ရုတ်တရက် ဟန့်တားကာ၊
“ ခဏစောင့်၊ ဒါကိုလည်း ယူသွားဦး။ ”
-ဟု ပြောကြားလိုက်၏။
စားပွဲပေါ်တွင် ကျောက်စိမ်းပုလင်း သေးသေးလေး ထွက်ပေါ်လာ၏။
“ ဒါက ... ။ ”
“ ဒါဖေဖေအတွက် ငါ့ရဲ့ မွေးနေ့လက်ဆောင်လို့ မှတ်ယူပါ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေတဲ့ ဆေးဘက်ဝင်အရည် တစ်မျိုးပဲ ... ထိရောက်မှုက ဝိုင်ထက် ပိုကောင်းပါတယ်။ ”
ကူဖုန်းသည် ကူချန်၏အကြည့်ကို သတိပြုမိပြီး ရုတ်တရက် မျက်နှာပူသွားသည်။ သူ့သားသည် သူ့ဆန္ဒများကို မြင်နိုင်၏။
တစ်ဆက်တည်းမှာပင် ကူချန်၏ အတွေးများသည် ပြန့်ကျဲသွားတော့သည်။ ဤသို့သော ဆေးဘက်ဝင်အရည်များကို မည်သည့်အရပ်မှ ရရှိခဲ့သနည်း။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် အဖြေမရသဖြင့် မေ့ပစ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။
“ ဖေဖေ၊ မင်းမှာပြောစရာရှိရင်ပြောပါ။ ”
ကူချန်က ပြုံးလျက်မေးလိုက်သည်။
“ ကောင်းပြီ ... ငါတိုက်ရိုက်ပဲ မေးမယ် ငါတို့နောက်ဆုံးတွေ့ဆုံချိန်မှာ ပြောထားတဲ့ကိစ္စ မင်းဘယ်လို စဉ်းစားပြီးပြီလဲ။ ”
ကူချန်မှ အနည်းငယ် တွေဝေသွားသည်။ နောက်ဆုံးအကြိမ် သူတို့ မည်သည့်အကြောင်း ဆွေးနွေးနေခဲ့သနည်း။ ထို့နောက်သတိရလာပြီး၊
“ ဖေဖေမင်း ... တကယ် လက်မလျှော့သေးဘူးလား။ ”
“ ဟမ့် ... ဘာလို့ ငါလက်လျော့ရမှာလဲ။ ”
ကူဖုန်းက သူ့ကိုဒေါသတကြီး စိုက်ကြည့်ပြီး၊
“ မွေးဖွားခြင်း၊ အသက်ကြီးရင့်ခြင်း၊ ဖျားနာခြင်း၊ သေဆုံးခြင်း၊ အိမ်ထောင်ပြုခြင်းနဲ့ အခမ်းအနားကျင်းပခြင်း ဒါတွေကို ဘယ်သူ ရှောင်လွှဲနိုင်မှာမို့လဲ။ ”
ကူချန်မှ ခေါင်းယမ်းသည်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းတရားသည် ရှောင်၍မရသော်လည်း ပယ်ရှားနိုင်ပါက အသက်ရှည်နိုင်မည်။
မင်္ဂလာပွဲအခမ်းအနားဟူသည် မလိုအပ်သောအရာများပေပင်။ ကျင့်ကြံမှုလမ်း ခရီးသည် အရှုံးနှင့်အမြတ် ရောထွေးနေမည်။
ကူဖုန်းက ကူကယ်ရာမဲ့စွာ သူ့သားကို ကြည့်သည်။
“ ဘာလို့ ခေါင်းမာနေရတာလဲ။ ”
ကူချန်မှ ပြုံးပြီး ပြန်မေး၏။
“ ဒါဆို ဘာလို့ လက်မလျော့သေးတာလဲ။ ”
သူသည် ကူမိသားစု၏ တစ်ဦးတည်းသော မျိုးဆက်မဟုတ်ချေ။ ကူချန်ယွင် ရှိသေးချေ၏။ ကူချန်ယွင်နှင့် သူသည် မိခင်တစ်ဦးတည်းမှ ဆင်းသက်လာခြင်းပေပင်။
အမွေဆက်ခံရန် သူ့ကို ရွေးချယ်၍ ရပေသည်။ သားအစ်ဖနှစ်ယောက် တိတ်ဆိတ် သွားတော့၏။ မနက်ရောင်နီပျို့လာချေပြီ။
***