အနည်းငယ် ... ။
Vol. 3 Ch. 35
ကူမိသားစုအတွင်း စည်ကားနေသည်။ ကူဖုန်းသည် အသက်လေးဆယ်ပြည့် မွေးနေ့ပွဲ၌ အပြင်လူများကို ဖိတ်ကြားခြင်း မရှိသော်လည်း မိသားစုဝင်များအားလုံး တက်ရောက်ကြ၏။
ကူမိသားစုတွင် အကြီးအကဲတစ်ဦးနှင့် ဧည့်အကြီးအကဲတစ်ဦး ဖြစ်ရန် ကျင့်ကြံမှုမှာ အခြေခံကျသည်။
ချီစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူများသည် စစ်သည်တော်များလောက၌ ထိပ်တန်းအဆင့်ရှိ ပညာရှင်တစ်ဦးဖြစ်သည်။ ထိုအဆင့် ပညာရှင်များဖြင့် ကူမိသားစုသည် အုတ်မြစ်ကို အခိုင်အမာ ချမှတ်ထား၏။
အကြီးအကဲများ၊ ဧည့်အကြီးအကဲများနှင့် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် မွေးနေ့ပွဲသို့ လူပေါင်းသုံးရာအထိ တက်ရောက်ခဲ့သည်။
အဆိုပါပွဲကို ယဲ့ယွမ်တွင်ကျင်းပသည်။ ယဲ့ယွမ်သည် ကူမိသားစု၏ အကြီးဆုံးဥယျာဉ် ဖြစ်ကာ မဏ္ဍပ်များစွာနှင့် ကျယ်ပြန့်သော တံတားပါရှိပြီး ရေကန်အတုရှိသည်။
ကျောက်တံတားတစ်နေရာတွင် ကျောက်စားပွဲကြီး ရှစ်လုံးကို သပ်သပ်ရပ်ရပ် စီထားသည်။
စားပွဲပေါ်တွင် လတ်ဆတ်သော သစ်သီးဝလံများ၊ သစ်သီးခြောက်၊ အချိုပွဲနှင့် အခြားသရေစာများဖြင့် ပြည့်နေသည်။
ကူချန် ရောက်ရှိသောအခါတွင် ထိုနေရာသည် လူအများနှင့် စည်ကားနေပြီး စကားစမြည်များ ပြောဆိုနေပြီဖြစ်၏။
နေရာတိုင်းတွင် သုံးလေးယောက် အုပ်စုဖွဲ့လျက် ရယ်မောနေကြသည်။ ကူချန်မှ ငန်းတစ်ကောင်ကဲ့သို့ တင့်တယ်သော တာအိုဝတ်လုံကို ၀တ်ဆင်ထား၏။
အရပ်ရှည်ရှည် သွယ်လျသော အသွင်အပြင်နှင့် ချောမောသော မျက်နှာသည် လူများ၏ အာရုံစိုက်မှုကို ခံရသည်။
ဧည့်အကြီးအကဲတို့၏ သားစဉ်မြေးဆက်များသည် ကူချန်ထံမှ အကြည့်များ မခွာနိုင်ကြချေ။
အထူးသဖြင့် မိန်းကလေးများသည် သူ့ထံကြည့်ပြီး တောက်ပသော မျက်ဝန်းများနှင့် တီးတိုးစကားဆိုနေကြသည်။
ကူချန်အသွင်သည် များစွာ ပြောင်းလဲခြင်း မရှိခဲ့ချေ။ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သည်။ ထို့ကြောင့် အကြီးအကဲများက နှုတ်ဆက်၏။
“ သခင်ငယ်ကို နှုတ်ဆက်ပါတယ်။ ”
“ မင်္ဂလာပါ သခင်လေး။ ”
ကူမိသားစုထံသို့ ဤနှစ်များအတွင်း ဝင်ရောက်လာကြသည့် ဧည့်အကြီးအကဲများမှာ ထိုမြင်ကွင်းကြောင့် စူးစမ်းလိုစိတ်ဖြင့် စုံစမ်းလာတော့၏။
“ ဒီသခင်ငယ်က ဘယ်သူလဲ။ ”
“ သူက ငါတို့ကူမိသားစုရဲ့ သခင်ငယ်ပဲ။ ”
“ ဟမ့် ... ဘာလို့အရမ်းငယ်နေရတာလဲ။”
ကူချန်တစ်ယောက် ဖူစုနိုင်ငံတွင် ကျော်ကြားခဲ့ချိန်၌ အသက်(၁၂)သာ ရှိသေး၏။ သို့သော် ထိုအချိန်က သူ့ကို မြင်ဖူးသူ နည်းပါးလှသည်။
နှစ်များစွာကုန်လွန်ပြီးနောက် ကူချန်၏ အသက်သည် (၂၅)နှစ်ခန့် ဖြစ်သင့်၏။ သို့သော် ယနေ့တွင် အသက် (၂၀)အရွယ်သာ ဖြစ်နေသည်။
ကူချန်သည် လူတိုင်း၏နှုတ်ဆက်မှုကို အပြုံးဖြင့် တုံ့ပြန်လိုက်၏။ သူ လျှောက်လှမ်းရာ လမ်းတစ်လျှောက် အသံများ တိုးဖျော့သွားခဲ့သည်။
မိသားစုအကြီးအကဲအချို့သည် ကူချန်ကိုနှုတ်ဆက်လိုသော်လည်း သခင်ငယ်မှ ခေါင်းညိတ်ပြီးသာ လူတိုင်းကိုတုန့်ပြန်သဖြင့် နှုတ်မဆက်ဖြစ်ကြတော့ချေ။
တစ်ဖက်တွင် သူတို့ရင်ထဲ၌လည်း စိုးရိမ်ပူပန်မှုအချို့ ရှိနေခဲ့သည်။ ယင်းသည် မိသားစုအနာဂတ်နှင့် သက်ဆိုင်၏။
ကူမိသားစု၏ အမွေကို ဤသခင်ငယ်မှ ဆက်ခံသင့်သည်။ သခင်ငယ် အရည်အချင်းမှာ မိသားစုခေါင်းထက်ပင် သာလွန်၏။
သို့သော် သခင်ငယ်သည် တာအိုဘုံကျောင်းသို့ ဝင်ရောက်သွားခဲ့သည်။ ဤသို့သော လောကီရေးရာကို ဂရုစိုက်မည် မဟုတ်ကြောင်း ပြောကြားထား၏။
အထူးသဖြင့် ကူချန်နှင့် ယခင်က ပူးပေါင်းလုပ်ကိုင်ဖူးကြသော အကြီးအကဲများ၊ ဧည့်အကြီးအကဲများ စသည်တို့သည် နှမျောတသစွာ ကြည့်မိကြသည်။
ထိုစဉ်က ဤသခင်ငယ်သည် အသက်(၁၂)နှစ်သားအရွယ်ဖြင့် ရင့်ကျက်မှု၊ တည်ငြိမ်မှုနှင့် ပြောင်မြောက်သော စီးပွားရေးဗျူဟာများ ပြသခဲ့သည်။
လက်ရှိ ဒုတိယသားကူချန်ယွင်သည် အလွန်ထက်မြက်ပြီး ရဲစွမ်းသတ္တိရှိသော်လည်း သခင်ငယ်၏ ပြိုင်ဘက်မဟုတ်သေးချေ။
ဆိုလိုသည်မှာ အင်အားစုတစ်ခု၏ ခေါင်းဆောင်အနေဖြင့် ရဲစွမ်းသတ္တိရှိမှုများထက် လိမ္မာပါးနပ်မှုသည် ပို၍အရေးကြီးသည်။
ထို့ကြောင့် ကူမိသားစုအတွင်း အဖွဲ့သုံးဖွဲ့ကွဲထွက်လာသည်။ တစ်ဖွဲ့သည် ကူချန်ကို ထောက်ခံပြီး ကျန်တစ်ဖွဲ့သည် ကူချန်ယွင်အပေါ် ရွေးချယ်၏။
နောက်ဆုံးအဖွဲ့သည် ကြားနေဖြစ်သည်။ ကူချန်က ထိုအချင်းအရာကို မြင်နိုင်သော်လည်း ဤကိစ္စတွင်ပါဝင်ရန် ရည်ရွယ်ချက်မရှိချေ။
များမကြာခင် ကူချန်ယွင်တစ်ယောက် သံချပ်ကာချပ်ဝတ်ကို ချွတ်ထားပြီး အဖြူရောင် ပိုးဖဲအင်္ကျီဖြင့် ဥယျာဉ်ထဲဝင်ရောက်လာ၏။
လမ်းလျှောက်လာဟန်သည် နဂါးနှင့်ကျားကဲ့သို့ ရောင်ဝါများ ပွင့်နေသည်။ သူ့ကို ထောက်ခံသော အုပ်စုက ချက်ချင်း ရှေ့လှမ်းတက်လာကာ၊
“ ဒုတိယသခင်လေး ... ။ ”
-ဟု နှုတ်ဆက်လာ၏။
ကူချန်ယွင်က ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးများက ကူချန်ထံ ကျရောက်သွား၏။ ထိုကြောင့် အနည်းငယ် စဉ်းစားကာ လျှောက်လှမ်းလာခဲ့သည်။
“ အစ်ကို ... ။ ”
ကူချန်မှ ခေါင်းညိတ်ပြီး ရယ်မောလျက်၊
“ ဝိုင်အာနိသင် ဘယ်လိုလဲ။ ”
“ အရမ်းကောင်းတယ်။ ”
မက်မွန်ပွင့်ဝိုင်သည် အမှန်ပင် ထူးထူးခြားခြားဖြစ်ပြီး သူ့ကျင့်ကြံမှုအပေါ် နှစ်ဆကျော် တိုးစေ၏။ မယုံနိုင်စရာပေပင်။
ဤမတိုင်မီ ကျင့်ကြံမှု အရှိန်မြှင့်ရန် ဆေးဖက်ဝင်အပင်အချို့ အသုံးပြုခဲ့ဖူးသည်။ သို့သော် ထိုဝိုင်ကို မမီချေ။
“ လင်းရင်ဘုံကျောင်းကို နောက်ထပ် ဝိုင်အိုးနှစ်အိုးထပ်ယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ။ ”
“ အကောင်းဆုံးပဲ ... ။ ”
သူနှင့် အနည်းငယ်ဆင်တူသည့် လူငယ်ထံကြည့်ကာ ကူချန်မှ ပြုံးလိုက်သည်။ ချန်ယွင်သည် သူ့ထက် (၂)နှစ်ငယ်သော်လည်း သူ့ထက် အသက်အနည်းငယ် ကြီးရင့်နေပုံ ပေါ်ချေ၏။
စစ်သည်တော်တစ်ဦးအတွက် လက္ခဏာပေပင်။ ရှိရင်းစွဲ အသက်အရွယ်ထက် ပို၍ရင့်ကျက်စေသည်။ ထို့နောက် ကျောက်စိမ်း ပုလင်းသေးသေးလေးကို ထုတ်ယူပြီး၊
“ ဒါကို ခုနစ်ရက် တစ်ကြိမ် လိမ်းပါ။ ”
-ဟု ပြောကြားလိုက်သည်။
“ ဒါဘာလဲ ... ။ ”
ချန်ယွင်မှ သိချင်သွားသည်။
“ မင်းရဲ့ ... ချီစုစည်းခြင်းနယ်ပယ်ကို အာဟာရဖြည့်ပေးပြီး ရှန်ရှင်းနယ်ပယ်ထဲကို မြန်မြန်ရောက်စေနိုင်တဲ့ စွမ်းအင်ဆေး။ ”
ထိုအဖြေစကားကြောင့် ချန်ယွင်ခမျာ အံ့သြသွားလေသည်။
“ ဒီလိုဆေးမျိုး တကယ်ရှိတာလား။ ”
သူ့ရှေ့မှ ကျောက်စိမ်းပုလင်း သေးသေးလေးကို ကြည့်ပြီး ကူချန်ယွင်က၊
“ အစ်ကို၊ မင်းရဲ့ လက်ရှိကျင့်ကြံမှုက ဘယ်အဆင့်လဲ။ ”
-ဟု မေးမြန်းလိုက်သည်။
သူနှင့် အဖေသည် ဤမေးခွန်းကို အမြဲသိချင်နေခဲ့သည်။ အဖေက အစ်ကိုသည် ရှန်ရှင်းနယ်မြေသို့ ဝင်ရောက်နေပြီဟု ထင်ကြေးပေးထား၏။
ထိုအဖြေသည် သူ့ကို အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။ ဤအစ်ကိုသည် စီးပွားရေး၌ သူ့ထက်အရည်အချင်း ရှိလှသဖြင့် အခြားကဏ္ဍများတွင် သာလွန်လိုခဲ့သည်။
သို့သော် ကဏ္ဍတိုင်း၌ သူသည်သာ နိမ့်ကျနေပုံပေပင်။ အစ်ကိုသည်သာ ရှန်ရှင်း နယ်ပယ်တွင်ရှိနေပါက သူ့ထက် နယ်ပယ် တစ်ခုစာ သာလွန်နေပြီဖြစ်သည်။
နှစ်နှစ်အတွင်း သူသည် ထိုနယ်ပယ်သို့ ရောက်မှသာလျှင် အရည်အချင်း ပြည့်မီနိုင်မည်။ သို့သော်(၂)နှစ်အတွင်း ချီစုစည်းခြင်းနယ်ပယ်ထံ ဖြတ်ကျော်ရန် မဖြစ်နိုင်သေးချေ။
အခြေခံတည်ဆောက်ခြင်း အဆင့်မှသည် ချီစုစည်းခြင်းနယ်ပယ်ရောက်ရန် တစ်နှစ်ကျော် အချိန်ယူခဲ့ရသည်။
ချီစုစည်းခြင်းနယ်ပယ်မှသည် ရှန်ရှန်နယ်ပယ်သို့ ကူးပြောင်းခြင်းသည် ပို၍ပင် ခက်ခဲလွန်းသည်။ လူများစွာသည် ဤနယ်ပယ် အတွင်း ဘဝတစ်ခုလုံး ကုန်ဆုံးသွားတတ်၏။
ထို့ကြောင့် အစ်ကိုနှင့် သူ့ကြား ကွာဟချက်သည် နှစ်နှစ်ထက် ပိုနေပုံပေပင်။ ရှန်ရှင်းနယ်ပယ်သို့ ဖြတ်ကျော်ရန် အစ်ကိုတွင် လျှို့ဝှက်ချက် ကြီးကြီးမားမားရှိရပေမည်။
ကူချန်က ပြုံးသည်။ ထို့နောက် ညာလက်ကိုဆန့်ထုတ်ပြီး လက်ချောင်းများဖြင့် အနည်းငယ်ဟပြကာ၊
“ မင်းနဲ့ငါက သိပ်မကွာခြားပါဘူး ... တကယ်တော့ နည်းနည်းလေးပဲ။ ”
-ဟု ပြန်ဖြေလိုက်သည်။
တည်ဆောက်ခြင်း၊ ရှန်ရှင်း၊ ယွမ်ဖူ၊ ခရမ်းရောင်နေမင်း၊ စင်ကြယ်ခြင်း၊ တန်ခိုးရှင်၊ စိတ်ဝိညာဉ်သခင် စသည်တို့ဖြင့်ယှဉ်သော် ချီစုစည်းခြင်းနှင့် ယွမ်ဖူသည် အမှန်ပင် နည်းပါးသော ကွာဟချက်လေးပေပင်။
***