လုပ်ကြံမှု ... ။
Vol. 3 Ch. 36
“ မင်းတို့ ညီအစ်ကိုနှစ်ယောက် ဘာတွေပြောနေတာလဲ။ ”
နှစ်ယောက်သား လှည့်ကြည့်လိုက်ချိန်၌ ကူဖုန်းတစ်ယောက် သူတို့ထံ လျှောက်လာနေ သည်ကို တွေ့လိုက်ရသည်။
တစ်ဆက်တည်းမှာပင် ကူချန်လက်ထဲရှိ ကျောက်စိမ်းပုလင်းကို တွေ့သွားသဖြင့် မျက်ခုံး ပင့်လိုက်တော့၏။
“ ချန်ယွင် ယူလိုက် ... ။ ”
ထိုအရာသည် မည်သို့သောအရာမျိုး ဖြစ်မည်ကို ခန့်မှန်းနိုင်သဖြင့် တိုက်တွန်းလိုက် လေသည်။ ချန်ယွင်မှ တုံ့ဆိုင်းနေသေး၏။
“ ကျေးဇူးတင်ပါတယ် အစ်ကို။ ”
ကူချန်မှ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။
“ နောက်ကျနေပြီ ... နောက်မှ စကားပြောရအောင် ညစာအရင်စားကြမယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
အစေခံများက အဆင်သင့်ပြင်ထားသော သစ်သီးဝလံအမျိုးမျိုးနှင့် သစ်သီးခြောက်များကို စားပွဲခုံရှစ်လုံးပေါ် တည်ခင်းပေးလိုက်သည်။
နောက်ထပ် အစေခံများသည်လည်း ဟင်းပွဲမျိုးစုံယူဆောင်လျက် ဥယျာဉ်ထဲသို့ ဝင်ရောက်လာကြသည်။
လူတိုင်း ထိုင်ခုံများတွင် နေရာယူက ဝိုင်များဖြည့်ပြီး စားသောက် စကားစမြည် ပြောလာကြသည်။
ကူဖုန်းက လူတိုင်းကို ကျေးဇူးတင် စကား အနည်းငယ်ပြောကာ အနာဂတ်အကျိုးစီးပွားနှင့် ပတ်သတ်သော ကတိကဝတ်များ ပေးအပ်လိုက်လေသည်။
ပင်မစားပွဲဝိုင်းတွင် ကူဖုန်း၊ ကူချန်၊ ကုချန်ယွင်နှင့် မိသားစု၏ အကြီးအကဲအချို့ ထိုင်နေသည်။
သူတို့အားလုံးသည် အမည်ခံ ရှန်ရှင်းနယ်ပယ် ကျင့်ကြံမှုများရှိသည်။ ရှန်ရှင်း နယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
“ ဒီဝိုင်က မင်းငါ့ကိုပေးခဲ့တဲ့ မက်မွန်ပွင့်ဝိုင်လောက် မကောင်းဘူး ဒါပေမယ့် သက်တမ်းနှစ်ဆယ်လောက်ရှိတဲ့ ရတနာ တစ်ပါး ဖြစ်နေဆဲပါပဲ။ ”
“ အနှစ်နှစ်ဆယ်လား ... ။ ”
ကူဖုန်စကားကြောင့် ကူချန်ခမျာ စူးစမ်းလိုစိတ်များဖြစ်ပေါ်လာ၏။ ဤမတိုင်မီ ဝိုင်များကို သူ စိတ်မဝင်စားချေ။
မက်မွန်ပွင့်ဝိုင်ကို ကိုယ်တိုင် ချက်လုပ်ပြီးနောက် ဝိုင်အပေါ် စိတ်ဝင်စားလာ သည်မှာ သဘာဝပေပင်။
လွန်ခဲ့သော ရက်အနည်းငယ်က တာအိုချင်းရှအပေါ် အရက်သမားအဖြစ် ပြောကြားမိခဲ့၏။ ယခု သူသည် ထိုလမ်း၌ လျှောက်လှမ်းနေမိပြီဖြစ်သည်။
“ ပလောက် ... လောက် ... ။ ”
အစေခံက ဖန်ခွက်များအတွင်း ဝိုင်များလိုက်လံ လောင်းငှဲ့ပေးနေ၏။ ရနံ့သည် အလွန်မူးဝေစေသည်။ အကြီးအကဲတစ်ဦးက၊
“ ဒီနေ့ဟာ မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ဖြစ်တယ် ဒါကြောင့် အနှစ်နှစ်ဆယ် သက်တမ်းရှိတဲ့ ဝိုင်ကိုသောက်ဖို့ အခွင့်အရေးရခဲ့ပြီ။ ”
-ဟု ချီးကျုးစကားဆိုသည်။
“ အမှန်ပဲ ... ဒီဝိုင်ကို မမြည်းစမ်းရတာ နှစ်အတော်ကြာနေပြီ။ ”
အခြားသော အကြီးအကဲများမှလည်း ပြုံးရွှင်သောအသွင်များဖြင့် စိတ်လှုပ်ရှားစွာ ထောက်ခံလာကြသည်။ ကူချန်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်၏။
သူသည် အရက်သောက်ခြင်းကို မနှစ်သက်ချေ။ ကူချန်ပေးသော မက်မွန်ပွင့်ဝိုင် သည်ပင် ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင် သောကြောင့်သာ သောက်ခြင်းဖြစ်၏။ ကူချန်က ကူချန်ယွင်၏ အမူအရာကို သတိထားမိပြီး၊
“ မကြိုက်ရင် မသောက်နဲ့ ... မင်းဘယ်အရာကိုမှ အတင်းအကြပ်လုပ်နေစရာ မလိုဘူး။ ”
“ မှန်တယ် ... ။ ”
ကူဖုန်းမှလည်း ခေါင်းညိတ်ပြသည်။ ဝိုင်သည်ပယင်းကဲ့သို့ ကြည်လင်တောက်ပပြီး လန်းဆန်းသော အမွှေးရနံ့မျိုးထုတ်ပေး၏။ ရနံ့ရှူရှိုက်ရုံဖြင့် မူးယစ်လာစေသည်။
“ ကောင်းလိုက်တဲ့ဝိုင် ... ။ ”
ကူဖုန်းမှ မှတ်ချက်ပေး၏။ ထို့နောက် သူ့အတွက် ဖြည့်ပေးထားသော ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လျက်၊
“ အားလုံး အတူတူ သောက်ကြရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
လုတိုင်း ပြုံးရွှင်သောအမူအရာနှင့် ဖန်ခွက်ကိုမြှောက်လိုက်ကြ၏။ ထိုစဉ်ကူချန်က ဝိုင်ရနံ့ကိုရှူရှိုက်ကာ ပါဝင်ပစ္စည်းများအပေါ် ခွဲခြမ်းစိတ်ဖြာနေခဲ့ရာမှ မျက်ခုံးပင့်လိုက်သည်။
“ အစ်ကို ... ဘာဖြစ်လို့လဲ။ ”
လူတိုင်း ဝိုင်ခွက်အပေါ် လောဘဖြင့် သောက်ရန်ပြင်သော်လည်း ဝိုင်မသောက်သည့် ချန်ယွင်မှ ထိုအမူအရာအပေါ် သတိထားမိသွား၏။
“ ဝှစ် ... ။ ”
ကူချန်မှ ပြန်မဖြေသေးဘဲ လက်လှိုင်းဖြင့် ဝိုင်ခွက်များအပေါ် ပုတ်ထုတ်လိုက်တော့သည်။ မမြင်နိုင်သော စွမ်းအင်တစ်ခု ပျံ့လွင့်သွားပြီး ဝိုင်ခွက်များအားလုံး ကျကွဲကုန်၏။
“ ခွမ်း ... ။ ”
“ ခွမ်း ... ။ ”
ညစာစားပွဲတစ်ခုလုံး ဖန်ခွက်ကွဲသံများ ညံကုန်တော့သည်။ ဆူညံနေသော လူအုပ်မှာ ရုတ်ချည်းတိတ်ဆိတ်သွား၏။
ချီစုစည်းခြင်းနယ်ပယ်ရောက် ကျွမ်းကျင်သူများ၏ အာရုံငါးပါးသည် များစွာ ထက်မြက်နေပြီဖြစ်သည်။ သို့သော် မည်သည့် အရာများ ဖြစ်နေသည်ကို နားမလည် နိုင်သေးချေ။
ထို့ကြောင့် ကူချန်ထံ ကြည့်လိုက်သည်။ ကူချန်က ဖန်ခွက်ထဲသို့ လက်ညှိးနှစ်ချလိုက်ပြီး လျှာပေါ်တင်လျက် ချက်ချင်းပင်၊
“ ဝိုင်ခန်းတာဝန်ခံကို ... အခုဖမ်းလာခဲ့။ ”
-ဟု အမိန့်ပေး၏။
ကူချန်အမိန့်ကြောင့် အမှောင်ထဲမှ အစောင့်များ လှုပ်ရှားသွားလေသည်။ ထိုလူများ အနေဖြင့် ကူချန်ကို ကောင်းစွာသိထားပြီးဖြစ်ရာ ကူဖုန်းထက်ပင် လေးစားကြချေ၏။ ကူဖုန်းက မျက်ခုံးပင့်လျက်၊
“ တစ်ယောက်ယောက် ဝိုင်ကို အဆိပ်ခတ်ထားတာလား။ ”
-ဟု မေးမြန်းလာသည်။
ကူချန်မှ ခေါင်းညိတ်ပြလိုက်သည်။ လူအုပ်ကြီးခမျာ အမူအရာများ ပြောင်းသွားပြီး လက်ထဲရှိ ဝိုင်ခွက်အလွတ်ထံ ထိတ်လန့်စွာ ပြန်ကြည့်လိုက်ကြ၏။
“ စိတ်အေးအေးထားကြပါ ... ငါတို့စားပွဲပေါ်က ဝိုင်လောက်ပဲ အဆိပ်ခတ် ထားတာပါ ... ကျန်တဲ့ဝိုင်တွေက အန္တရာယ်ကင်းပါတယ်။ ”
ကူချန်မှ ပြုံးပြီးပြောသည်။ ထို့ကြောင့် အခြားသော စားပွဲဝိုင်းရှိ အကြီးအကဲများသည် အနည်းငယ် သက်သာရာ ရကုန်၏။
၎င်းတို့အတွက် ရည်ရွယ်သောဝိုင်သည် ဆယ့်ငါးနှစ်သက်တမ်းသာရှိသဖြင့် လုပ်ကြံသူ အနေဖြင့် ကူဖုန်းကိုသာ ပစ်မှတ်ထားကြောင်း မြင်သာနေသည်။
လူတိုင်း သက်ပြင်းချလိုက်ကြသည်။ အရမ်းကြောက်စရာကောင်း၏။ အထူးသဖြင့် မည်သူသည် မိသားစုခေါင်းဆောင်အပေါ် လုပ်ကြံလိုကြောင်း မသိခြင်းပေပင်။
တစ်ဖက်တွင်လည်း သခင်ငယ်၏ ကျင့်ကြံမှုသည် မည်သည့်နယ်ပယ်၌ ဖြစ်မည်ကို သိချင်လာကြပြန်သည်။
မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိ အကြီးအကဲများနှင့် ဧည့်အကြီးအကဲများပင် ထိုအရာကို မမြင်နိုင်ချေ။
မည်သူမဆို ဤအခြေအနေမျိုးဖြင့် ရင်ဆိုင်ရသော် ဖြစ်စဉ်နှင့် စိတ်ခံစားချက်များကို ချိန်ညှိယူရပေမည်။ ဆိုလိုသည်မှာ သခင်ငယ်၏ ပစ်မှတ်သည် ဝိုင်ခွက်များဖြစ်၏။ မဟုတ်သော် သူတို့ပင် သိလိုက်မည်မဟုတ်ချေ။
မိသားစုခေါင်းဆောင်နှင့် သူတို့သည် မျိုးဆက်ဟောင်းများ ဖြစ်သည်။ တစ်စုံတစ်ခုကို သတိပြုမိပါက ချက်ချင်းဗီဇအသိစိတ်ဖြင့် တုန့်ပြန်လှုပ်ရှားပေးမည်။ ဤဖြစ်စဉ်၌ မည်သူမျှ ထိုအဆင့်မရောက်ခဲ့ချေ။
ကောက်ချက်များအရ သခင်ငယ်၏ ကျင့်ကြံမှုသည် သူတို့အားလုံးထက်များစွာ မြင့်မားနေခြင်းဖြစ်နိုင်မည်။
ထိုအတွေးမျိုး ရှိလာသည်နှင့်တပြိုင်နက် အချင်းချင်း ပြန်ကြည့်ကာ ထိတ်လန့်တကြား ကူချန်ထံကြည့်လိုက်တော့သည်။
အမြဲတမ်း နှိမ့်ချစွာနေထိုင်သော ဤလူငယ်သည် ထိုမျှထက်မြက်သည်လော။ လင်းရင်ဘုံကျောင်းသို့ ထွက်ခွာသွားခြင်းသည် လျှို့ဝှက်ချက်ကိုဖုံးကွယ်ရန် ရည်ရွယ်ကာ ကူဖုန်းမှ စေလွှတ်ခဲ့သည်လော။
ဤနည်းဖြင့် သခင်ငယ်သည် ကူမိသားစုအတွက် အရေးကြီးသော အချိန်၌ ဝှက်ဖဲတစ်ချပ် ဖြစ်လာမည်မဟုတ်လော။ လေထုသည် ချက်ချင်း တိတ်ဆိတ်လာ၏။
များမကြာခင် ဝိုင်ခန်းတာဝန်ခံနှင့် အစေခံများ ရောက်ရှိလာသည်။ အကြီးအကဲ များစွာ၏ အကြည့်ကြောင့် အစေခံများခမျာ တုန်းယင်လာ၏။
တစ်စုံတစ်ရာ မှားယွင်းခဲ့ကြောင်း မည်သူမဆို နားလည်နိုင်ချေပြီ။ ထို့ကြောင့်ပင် အချို့အစေခံများသည် များစွာတုန်ရင်လျက် ခြေလှမ်းပင် မလှမ်းနိုင်လောက်အောင် အားနည်းလာကုန်ကြတော့သည်။
***
Book-3