ဉာဏ်အလင်းရခြင်း ... ။
Vol. 3 Ch. 27
ရထားလုံးတစ်စင်းသည် လင်းရင်တောင်ခြေသို့ ဖြည်းညှင်းစွာ ဆိုက်ရောက်လာသည်။
ရထားလုံးကို ဦးဆောင်လာသူသည် သံချပ်ကာဝတ် လူငယ်တစ်ယောက် ဖြစ်သည်။ ထက်မြက်သော မျက်ခုံးနှင့် တောက်ပသော မျက်လုံးများရှိကာ အလွန်ချောမော၏။
“ ကျွီ ... ။ ”
ရထားလုံးတံခါးပွင့်လာပြီး ချင်းဖန်နှင့် မင်ယွဲ့အပြင် ပတ်တီးများ ပြည့်နှက်နေသည့် ဓားသမားအမျိုးသား ဆင်းလာသည်။
ကူချန်ယွင်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် သူ့ရှေ့ရှိ တောင်တန်းကြီးထံ ကြည့်လိုက်သည်။ ထို့နောက် ချင်းဖန်နှင့် မင်ယွဲ့ကို ပြန်ငဲ့ကြည့်ကာ၊
“ ဒါ ... လင်းရင်တောင်လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဟုတ်တယ် ... ။ ”
ချင်းဖန်က ခေါင်းညိတ်ပြီး၊
“ မင်း ငါတို့နဲ့လိုက်ချင်လား။ ”
-ဟု မေးလိုက်သည်။
ကူချန်ယွင်မှ ခေါင်းခါသည်။ သို့သော် တုံ့ဆိုင်းစွာဖြင့် တောင်ကြီးထံမော့ကြည့်လျက် အနည်းငယ် စိတ်ရှုပ်ထွေးလာပြီး၊
“ ကြည့်ရအောင် ... ။ ”
-ဟု ပြောင်းလဲ ပြောကြားလိုက်သည်။
***
တာအိုဘုံကျောင်းရှေ့တွင် လူတစ်စုရပ်နေ၏။ တာအိုချင်းရှက ထိုအဖွဲ့ကို မြင်သောအခါ အံ့အားသင့်သွားသည်။
အထူးသဖြင့် ဒဏ်ရာရ ဓားသမား အမျိုးသားကို သတိထားမိသွားချိန်တွင်၊
“ ဘာတွေဖြစ်နေတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ချင်းဖန်က တာအိုချင်းရှ တွေးသိသဖြင့်၊
“ ဆရာ ... ဒီအကြောင်းကို နောက်မှရှင်းပြမယ်သူက စီနီယာအစ်ကိုရဲ့ ညီကူချန်ယွင်ပါ။ ”
“ ကူချန်ယွင်လား ... ။ ”
တာအိုချင်းရှခမျာ ကူချန်ယွင်ထံ သတိထားကြည့်လိုက်သည်။ သူသည် ကူဖုန်းနှင့် ဆုံဖူး၏။
မည်သို့ပင် ကြည့်စေကာမူ ဤမျှ ကြည့်ကောင်းလွန်းသော သားနှစ်ယောက်ကို ထိုလူ၏မျိုးဆက်အဖြစ် တွေးကြည့်၍မရချေ။
“ အဟွတ် ... အဟွတ် ... ။ ”
ကြည့်ရသည်မှာ ကူဖုန်း၏ဇနီးသည် ချောမောမည်မှာ သေချာချေပြီ။ မဟုတ်သော် ဤလူငယ်နှစ်ယောက်သည် သားအရင်း မဖြစ်နိုင်ချေ။
တာအိုချင်းရှတစ်ယောက် ဦးညွှတ်လိုက်ပြီး၊
“ ဒီအဘိုးကြီးချင်းရှက ... သခင်လေးချန်ယွင်ကို နှုတ်ဆက်ပါတယ် သခင်လေးက ... သခင်လေးကူချန်နဲ့တွေ့ဖို့ ဒီမှာရှိနေပေမယ့် ... ။ ”
“ ဘာဖြစ်လဲ ... ။ ”
ကူချန်ယွင်က မျက်မှောင်ကြုတ်ပြီး တာအိုချင်းရှထံ တိုက်ရိုက်မေးလိုက်တော့သည်။ သူသည် စစ်သည်တော်တစ်ယောက်ဖြစ်ကာ ရိုးရှင်းပွင့်လင်းသူဖြစ်၏။
“ သခင်လေးကူချန်ဟာ အခုအချိန်မှာ ဉာဏ်အလင်းရနေပါတယ် .. ဒါကသခင်လေးနဲ့ မတွေ့နိုင်တော့မှာ စိုးရိမ်မိပါတယ်။ ”
“ ဉာဏ်အလင်းလား ... ။ ”
ကူချန်ယွင်တစ်ယောက် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ ဤကမ္ဘာကြီးတွင် ရုတ်တရက် ဉာဏ်အလင်းရခြင်းဟူသော ဒဏ္ဍာရီများ ကြားဖူး၏။
သို့သော် သူ့အစ်ကိုသည် ဉာဏ်အလင်းရနေသည်ဟု ဤဘုန်းကြီးမှ ပြောကြားလာနေသည်။
ကူချန်ယွင်၏ အသွင်အပြင်အရ သူ့စကားအပေါ် ယုံကြည်ခြင်း မရှိကြောင်း တာအိုချင်းရှမှ သိ၏။ ထို့ကြောင့် မည်သို့ ရှင်းပြရမည်ကို မသိဖြစ်လာသည်။
သူသည်လည်း ထိုသို့ခံစားရကာ ဆက်သွယ်ခဲ့သည်။ သို့သော် ကူချန်သည် ရုပ်တု တစ်ခုကဲ့သို့ တုန့်ပြန်မှုမရှိဘဲထိုင်နေ၏။
ထို့ကြောင့် အခြေအနေကို စောင့်ကြည့်ပြီးနောက် အတည်ပြုချက်တစ်ခု ချမှတ်နိုင်ခဲ့သည်။ ဤသည်မှာ ဉာဏ်အလင်း ရရှိခြင်းပေပင်။
( ကောင်လေး ... မင်းငါ့ကို ဒီလိုပုံစံနဲ့ စကားပြောခိုင်းနေတာလား။)
တာအိုချင်းရှတစ်ယောက် သူ့ရှေ့မှ လူငယ်ကိုကြည့်ကာ ခေါင်းကိုက်လာသည်။ အဆုံးတွင် ကူချန်ထံ ခေါ်ဆောင်သွားရန် စိတ်ကူးရသွားခဲ့၏။
“ မင်းမယုံရင် ငါ့နောက်ကိုလိုက်ခဲ့။ ”
ကူချန်ယွင်မှ ဤဘုန်းကြီးလိမ်ညာမည် မဟုတ်ကြောင်း သိသော်လည်း စူစမ်းလိုသဖြင့် ခေါင်းညိတ်ပြီး လိုက်ပါလာခဲ့သည်။
ချင်းဖန်သည်လည်း သဘာဝအတိုင်း သိချင်လွန်းသဖြင့် မင်ယွဲ့ထံ ငဲ့ကြည့်လိုက်ပြီး၊
“ ငါတို့ လိုက်ကြည့်မလား။ ”
-ဟု မေးသည်။
“ အင်း ... ။ ”
မင်ယွဲ့က ခေါင်းညိတ်သည်။ စီနီယာအစ်ကို၏ သူမကံကြမ္မာအပေါ် ခန့်မှန်း နိုင်ခဲ့သော စကားများ ပြန်သတိရလာ၏။
“ ဒါဆို သွားကြည့်ရအောင်။ ”
ထို့နောက် နှစ်ယောက်သား တာအိုချင်းရှနောက်သို့ လိုက်ပါသွားခဲ့သည်။
လေနတ်ဘုရားဇရပ်တွင် ကူချန်သည် မလှုပ်မယှက်နှင့် ကျောက်ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာလဲလျောင်းနေသည်။
သူ့ထံမှ ရောင်ဝါသည် ဂုဏ်သိက္ခာရှိပြီး လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ပါရှိနေ၏။
တာအိုချင်းရှက လေနတ်ဘုရားဇရပ်နှင့် အဝေးတွင်ရပ်ကာ ကူချန်ထံ ကြည့်လိုက်သည်။ ဤသည်မှာ တောင်ပိုင်းစိတ်ဝိညာဉ် ကုန်းမြေ၌ ရှားရှားပါးပါးဖြစ်ရပ်ပေပင်။
လူတစ်ယောက်သည် ဉာဏ်အလင်း ရရှိပြီးတောက် ကြီးမားသော တိုးတက်မှုများ ရှိလာပေမည်။ ဤသည်မှာ ကျင့်ကြံသူများ အတွက် အိမ်မက်ပေပင်။
တာအိုချင်းရှက ကူချန်ယွင်ထံ လှည့်ကြည့်လိုက်ပြီး၊
“ ငါမင်းကို မလိမ်ခဲ့ဘူးဆိုတာ ယုံပြီလား။ ”
-ဟု ပြောကြားလိုက်သည်။
ကူချန်ယွင်မှ မျက်မှောင်ကြုတ်ပြီး တိတ်ဆိတ်သွား၏။ ဤသည်မှာ ဉာဏ်အလင်း ပင်လော။ ယင်းသို့ဆိုသော် သူ့အစ်ကို၏ အဆင့်သည် မည်သည့်နယ်ပယ်၌ ရှိနေမည်နည်း။
ချင်းဖန်နှင့် မင်ယွဲ့က နောက်ပါးဆီမှနေ၍ အဝေးရှိမြင်ကွင်းကို ကြည့်လိုက်သည်။ သူတို့၏ စီနီယာအစ်ကိုသည် အမှန်ပင် ကြည့်ကောင်း၏။
“ ဒီအခြေအနေက ဘယ်လောက် ကြာနိုင်လဲ။ ”
ကူချန်ယွင်က တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလျက် မေးမြန်းလိုက်သည်။ တာအိုချင်းရှက ခေါင်းယမ်းကာ၊
“ သတ်မှတ်ထားတာ မရှိဘူး ... တစ်ခါတစ်လေ ခဏလေးပဲ တစ်ခါတစ်လေ ရက်၊ လ၊ ဒါမှမဟုတ် ဆယ်စုနှစ်တွေတောင် ကြာသွားနိုင်တယ်။ ”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
ကူချန်ယွင်မှ အံ့အားသင့်သွားကာ၊
“ လူ့သက်တမ်းက နှစ်တစ်ရာပဲ ရှိတယ် ဉာဏ်အလင်းရရှိဖို့ တစ်စုံတစ်ယောက်အတွက် ဆယ်စုနှစ်တွေ ကုန်လွန်နိုင်တာလား။ ”
“ ဒုတိယသခင်လေး ... ဒီကမ္ဘာကြီးမှာ လူ့သက်တမ်းက နှစ်တစ်ရာပဲ ရှိနိုင်တယ်လို့ မင်းတကယ်ထင်နေတာလား။ ”
“ ဘာကို ဆိုလိုချင်တာလဲ။ ”
ကူချန်ယွင်သည် တာအိုချင်းရှ စကား၏နောက်ကွယ်မှ အဓိပ္ပါယ်ကို ချက်ခြင်း နားမလည်နိုင်ခဲ့ချေ။
တာအိုချင်းရှက မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက် ဆက်မပြောဘဲ ပြုံးလိုက်သည်။ ကိစ္စတိုင်းသည် စကားလုံးများဖြင့် မလုံလောက်ချေ။
ကျင့်ကြံခြင်းလောကတွင် တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေသော ဝေါဟာရတစ်ခုရှိသည်။
“ ကံကြမ္မာ ... ။ ”
ဤဝေါဟာရသည် စိတ်ဝိညာဉ် ကုန်းမြေတွင်လည်း အလွန်အရေးပါလှကာ ‘ကံ’ဟု သတ်မှတ်ကြ၏။
ကံကြမ္မာရှိသော်လည်း ကံမရှိက မကြုံဆုံနိုင်။ ကံရှိသော်လည်း ကံကြမ္မာမရှိသော် အလားတူပေပင်။ အရာအားလုံးသည် ကံကြမ္မာအပေါ် မူတည်ပြန်၏။
ကျင့်ကြံသူတစ်ဦးသည် သန်မာလာသည်နှင့်အမျှ ထိုအချင်းအရာများ အပေါ် များစွာအလေးထားသည်။ ဆိုလိုသည်မှာ ဤကောင်လေး ကူချန်ယွင်တွင် ကံကြမ္မာရှိသော် သိပေလိမ့်မည်။
ကူချန်ယွင်က တာအိုချင်းရှကို သံသယဝင်လာ၏။ ဘုန်းကြီးနှင့် အစ်ကိုသည် ထူးခြားဟန် ဆောင်နေသည်။
သူတို့ကိုယ်သူတို့ အင်မော်တယ် ကျင့်ကြံသူများကဲ့သို့ ပြုမူနေ၏။ ထိုအတွေးဖြင့် လှောင်ပြောင်လိုစိတ်များ ဝင်ရောက်လာပြီး တာအိုချင်းရှထံ ပြန်ကြည့်မိသည်။
( ဒီဘုန်းကြီး ငါ့အစ်ကိုအပေါ် လှည့်ဖျားနေတာလား။ )
တာအိုချင်းရှက ကူချန်ယွင်အကြည့်ကို သတိပြုသွားခဲ့ပြီး မျက်ခုံးပင့်များလိုက်တော့၏။ ကူချန်၏ညီလေးသည် ကူချန်နှင့်ယှဉ်သော် အနည်းငယ် မိုက်မဲနေချေပြီ။
“ ဘာတွေဖြစ်နေတာလဲ။ ”
ထိုစဉ် မင်ယွဲ့က ရုတ်တရက် လက်ညှိုးထိုးပြလာသည်။ လေနတ်ဘုရားဇရပ် ဝန်းကျင်ရှိ သစ်အရွက်များအားလုံးသည် အဝါရောင်ပြောင်းကုန်၏။
များမကြာခင် ခြောက်သွေ့ပြီး မြေပြင်ပေါ်ကြွေကျ ပြန့်ကျဲကုန်တော့သည်။ ထိုမြင်ကွင်းသည် အသက်တစ်ရှိုက်စာအတွင်း နွေရာသီမှသည် ဆောင်းရာသီသို့ ရောက်ရှိ သွားသည်နှင့်တူနေ၏။
ကြည့်နေဆဲမှာပင် အကိုင်းအခက်များ၌ ရွက်နုများပေါက်လာပြီး အစိမ်းရောင်အရွက်များ အဖြစ်သို့ ပြန်လည်ကြီးထွားကာ ပန်းဖူးများ ဖူးပွင့်လာတော့သည်။
“ မက်မွန်ပန်းတွေ ပွင့်လာတာလား။ ”
တောင်တန်းအနှံ့ လန်းဆန်းသော ပန်းရနံ့များဖြင့် ချက်ချင်းပြည့်နှက်လာသည်။ ထိုမြင်ကွင်းသည် တစ္ဆေသရဲမြင်နေရသကဲ့သို့ လူတိုင်းအတွက် နားမလည်နိုင်ခဲ့ချေ။
( ငါ့အမြင် တစ်ခုခုမှားနေတာလား။ )
ကူချန်ယွင်တစ်ယောက် မျက်ခုံးပင့်လျက် စိတ်ရှုပ်ထွေးသွားစဉ် ကုလားထိုင်ပေါ်ရှိ ကူချန်မှ မျက်ဝန်းများ ဖြည်းညှင်းစွာပွင့်လာတော့၏။
***