ပြောင်းလဲမှု
Vol. 11 Ch. 151
ရုံးခန်းထဲတွင်။
ကျုံချန်မင်း တုန်လှုပ်သွားပြီး အံ့ဩစွာဖြင့်
“ရုတ်တရက် အသတ်ခံရတာလား။ ဘာတွေ ဖြစ်ကုန်တာလဲ”
ရဲဝန်ထမ်းလေးမှ ရရှိထားသော အချက်အလက်များအား တင်ပြလိုက်၏။
ယနေ့ မနက် (၈) နာရီတွင် သူဌေးပေါင် စက်ရုံထဲမှ ထွက်လာခဲ့သည်။
(၉:၃၀) ဝန်းကျင်၌ သူ့ကားကို ရေတက်ကမ်းလွန်တွင် တွေ့ခဲ့ပြီး စက်ရုံ၏ (၆၀) ကီလိုမီတာအကွာတွင် ဖြစ်၏။ ထိုကား၌ ကျည်ပေါက်ရာများစွာ ရှိနေပြီး သူ ချက်ချင်း သေဆုံးခဲ့သည်ဟု ယူဆရပါသည်။
အခင်းနေရာတွင် တရားခံမှာ ခုခံထားပုံ မပေါ်သည့်အပြင် အနီးအနားတွင် သက်သေလည်း မရှိပေ။
“သိပါပြီ”
သူဌေးပေါင်၏ သေဆုံးမှုအကြောင်း နားထောင်ရင်း ကျုံချန်မင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် အနည်းငယ် ပြုံးမိသွားသည်။
ထို့နောက် ကျန်းပြောင်အား ဖုန်းပြန်ဆက်လိုက်၏။
“မင်း စိတ်ဝင်စားလောက်မယ့် နောက်ဆုံးပေါ်သတင်း ရထားတယ်နော်”
ကျုံချန်မင်း ဆိုဖာပေါ်ထိုင်ရင်း ရေနွေးကြမ်းတစ်ငုံ သောက်၍ ပြောလိုက်သည်။
“အကြီးအကဲကျုံ ပြောပါဦးဗျ”
ကျန်းပြောင် ပြန်မေးလိုက်၏။
“နယ်စပ်ကျားဖြန့်ဂိုဏ်းရဲ့ ခေါင်းဆောင် သူဌေးပေါင် ဒီမနက်ပဲ အသတ်ခံလိုက်ရတယ်”
ကျုံချန်မင်း ပြုံး၍ ပြောလိုက်၏။
တစ်ဖက်တွင်တော့ ကျန်းပြောင် မျက်မှောင်ကြုတ်၍ မှင်တက်၍ အတွေးများ ရှုပ်ထွေးသွားသည်။
တစ်မနက်လုံး ကျားဖြန့်ဂိုဏ်း အချက်အလက်များ ပေါက်ကြားမှုကြောင့် ရှုပ်ထွေးနေခဲ့ပြီး ယခု သူဌေးပေါင် အသတ်ခံရပြန်သည်။
ယနေ့အတွင်း ဖြစ်ပျက်မှုများတွင် တိုက်ဆိုင်မှု အလွန်များနေလေပြီ။
ထိုအဖြစ်အပျက် အစအဆုံး နောက်ကွယ်တွင် ချုပ်ကိုင်နေသော လက်တစ်စုံ ရှိရမည်။
ဖုန်းထဲတွင် ကျုံချန်မင်း အားရပါးရ ရယ်မော၍
“သူတို့ပြောတာတော့ အခင်းနေရာမှာ သူ ခုခံရုန်းကန်ထားတဲ့ပုံ မရှိဘူးတဲ့။ သက်သေလည်း မရှိဘူးဆိုတော့ တော်တော် စိတ်ဝင်စားစရာပဲ”
“တော်တော် ကျွမ်းကျင်မယ် ထင်တယ်”
ကျန်းပြောင်လည်း မျက်မှောင်ကြုတ်လျက် အံ့ဩနေသည်။
သို့သော် မကြာမီ သူ့အမူအရာ ပြောင်းလဲသွား၏။
အလွန်ကျွမ်းကျင်ဟူသော စကားလုံးမှာ ရင်းနှီးနေပါသည်။
“အဟမ်း”
ကျုံချန်မင်း ချောင်းဟန့်၍ ပြုံးကာ
“သူဌေးပေါင်က ငါတို့လူ မဟုတ်ဘူးလေ။ ကျားဖြန့်ဂိုဏ်းခေါင်းဆောင်။ ငါတို့ရဲ့ ရန်ညှိုးတွေနဲ့ယှဉ်ရင် သူအသတ်ခံရတာက အံ့ဩစရာတော့ မဟုတ်ဘူး။ အရမ်း မတွေးပါနဲ့။ အစီအစဉ်အတိုင်းပဲ သွားတာပေါ့။ ကျားဖြန့်က ဂိုဏ်းအခွဲတွေကို အကုန်ရှင်းပေးမယ်။ ကျန်တာတော့ ကျားဖြန့်တိုက်ဖျက်ရေးစင်တာကနေ ဆက်လုပ်ပါစေပေါ့”
“နားလည်ပါပြီ အကြီးအကဲကျုံ”
ကျန်းပြောင်မှ ပြန်ဖြေလိုက်သည်။
ကျုံချန်မင်စကားကြောင့် သူလည်း အထားနပ်သွား၏။
နောက်ကွယ်တွင် မည်သူကြိုးကိုင်နေသည်က အရေးမကြီးပေ။
သူတို့တာဝန်မှာ နယ်မြေထဲမှ ကျားဖြန့်ဂိုဏ်းများအား ရှင်းလင်းသုတ်သင်ရန်သာ ဖြစ်သည်။
ဇာတ်ဆရာကို ဖော်ထုတ်နေရန် မလိုပါ။
ကျုံချန်မင်း ခေါင်းငြိမ့်ပြ၍ ပြုံးကာ
“အခုရထားတဲ့ ကျားဖြန့်အချက်အလက်တွေနဲ့ ချက်ချင်း အထူးအဖွဲ့ဖွဲ့ကြမယ်။ ကဲ ယုံကြည်ချက်ရှိရှိနဲ့သာ ဆက်လုပ်ပေတော့”
“ဟုတ်ကဲ့ပါ”
ကျန်းပြောင် လေးနက်စွာ ပြောလိုက်သည်။
ထို့နောက် သူနှင့်အတူ ဟန်မြစ်အပိုင်းအဖွဲ့၏ သက်ဆိုင်ရာဌာနများပါ ပူးပေါင်းလေ၏။
ကျားဖြန့်၏ဂိုဏ်းများကို ရှင်းလင်းရေး ဆောင်ရွက်ချက်များသည် နိုင်ငံတစ်ဝှမ်း အရှိန်အဟုန်ဖြင့် မြန်ဆန်စွာ ပျံ့နှံ့သွားတော့သည်။
…
နယ်စပ်၊ ကျားဖြန့်ဂိုဏ်းနယ်မြေ။
နေ့လယ်ပိုင်းတွင် ကောင်းကင်ကြီး အုံ့ဆိုင်း၍ တိမ်ထူကာ နေရောင်ခြည်များ မြေပြင်ပေါ် ကျရောက်ရန် ကြိုးစားနေသော်လည်း အရိပ်အယောင်မျှဖြင့် ပျောက်ဆုံးသွားရသည်။
…
ထိုကျားဖြန့်ဂိုဏ်းဒေသမှာ မြူခိုးများ ရစ်ဆိုင်းနေပြီး ငှက်အော်သံအချို့ဖြင့်သာ ထီးထီးကြီး ရှိနေသည်။
အပေါ်ဆုံးထပ် ရုံးခန်း၌။
ခေါင်းဆောင်၏ လက်ထောက်ဖြစ်သူ မီ။
မဟုတ်သေး။
ထိုမနက်က လျှို့ဝှက်စေခိုင်းမှုတစ်ခုကြောင့် သူဌေးပေါင်တစ်ယောက် အသတ်ခံလိုက်ရပြီး ယခုအခါ မီသည် စက်ရုံတစ်ခုလုံး၏ ခေါင်းဆောင် ဖြစ်လာ၏။
“အခု ငါ သူဌေးလုပ်ရမယ့်အလှည့်ပဲ”
သူ ရှပ်အင်္ကျီအနက်လေး ဝတ်ဆင်လျက် ခက်ထန်တင်းမာသော မျက်နှာထားဖြင့် သူဌေးပေါင်၏ ထိုင်ခုံတွင် ကျောမှီ၍ ထိုင်ကာ အေးစက်စက် ပြုံးနေမိသည်။
တစ်ခါက သူဌေးပေါင်၏ ခံစားချက်များကို အပြည့်အဝ ခံစားကြည့်နေသည်။
ငွေ၊ ဂုဏ်၊ အာဏာ။
ထိုအရာအားလုံးမှာ သူ့အတွက် ပျော်ရွှင်စရာဖြစ်၏။
စိတ်ကူးယဉ်မှုများ မထိန်းနိုင်အောင် ဖြစ်နေရသည်။
သူ့ကိုယ်သူ ဝတ္ထုတစ်ပုဒ်၏ ဇာတ်လိုက်ဟု ထင်နေမိ၏။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင် သူဌေးပေါင် သေဆုံး၍ သူကိုယ်တိုင် ခေါင်းဆောင် ဖြစ်လာခဲ့ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်နေလေပြီ။
ထို့ကြောင့် ရာထူးနှင့်ကိုက်ညီစွာ တာဝန်ယူ ဖြေရှင်းရမည်များလည်း ရှိလာ၏။
ပထမဆုံးမှာ လင်းချွမ်ကိစ္စ ဖြစ်သည်။
မနေ့ညက သူ အဖွဲ့တစ်ဖွဲ့ စီစဉ်၍ လင်းချွမ်တို့ကို တိုက်ခိုက်ရန် စေခိုင်းခဲ့သော်လည်း ကျရှုံးသွားရသည်။
ယခု နောက်ကြောင်း အမြန်ပြန်ရှင်းထားရမည် ဖြစ်ပြီး မဟုတ်လျှင် အန်လင်းရဲများ စစ်ဆေးသည်နှင့် တိုက်ဆိုင်ကာ အချက်အလက်များ ပေါ်ပေါက်သွားနိုင်ပါသည်။ ထိုအခါ အဆုံးအရှုံး ကြီးမား၍ သူ့နေရာကိုပါ သက်ရောက်လာနိုင်၏ာ
လင်းချွမ်ကတော့။
မီ အာရုံစိုက်၍ သေချာစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။
“လင်းချွမ် မင်းမနေ့ညက ကံကောင်းပြီး ရဲတွေ အချိန်မီ ရောက်လာလို့ အသက်ရှင်သွားတာပဲ။ မဟုတ်ရင် အခုချိန် သေနေတာကြာပြီ”
သူ့အတွေးထဲတွင် လင်းချွမ်မှာ သာမာန် အွန်လိုင်းစာရေးဆရာတစ်ယောက်အဖြစ်သာ ရှိသေး၏။
မှန်ပါသည်။
သာမာန်အွန်လိုင်းစာရေးဆရာမှာ မည်မျှ ခုခံနိုင်မည်နည်း။
အချိန်တစ်ခုကို စိတ်ရှည်ရှည်စောင့်၍ မုန်တိုင်း ပြီးဆုံးသည်နှင့် ပုရွက်ဆိတ်လေးတစ်ကောင်ကို သတ်သကဲ့သို့ အလွယ်တကူ ဖယ်ရှားလိုက်ရုံပင်။
ဘာမှ အထူးစိုးရိမ်စရာ မရှိပါ။
ကျားဖြန့်ဂိုဏ်း အပေါ်ဆုံးထပ် ရုံးခန်း။
မီ သက်ပြင်းချ၍ ဖုန်းလှမ်းယူကာ ဟန်မြစ်အပိုင်းမှ လျှို့ဝှက်နံပါတ်တစ်ခုကို ဆက်လိုက်သည်။
‘တီ တီ တီ’
တစ်စက္ကန့်၊ သုံးစက္ကန့်၊ ငါးစက္ကန့်၊ တစ်ဆယ်စက္ကန့်…
သူ အချိန်တစ်ခုကြာအောင် စောင့်နေသော်လည်း ဖုန်းဖြေဆိုခြင်း မရှိပေ။
“ငါ့ရာထူးအသစ် အခြေအနေကို မကျေနပ်တဲ့သူ ရှိနေတာလား”
မီ မျက်မှောင်ကြုတ်၍ အမူအရာ အေးစက်သွား၏။
သူ နောက်ထပ် အန်လင်းနားမှ ဂိုဏ်းခွဲတစ်ခုကို ဖုန်းဆက်ရန် ကြိုးစားပြန်သည်။
သူ မခိုင်းဘဲ ဘာမှမလှုပ်ရှားသေးဖို့ပြောရန် ဖြစ်၏။
လျှိုချင်းတို့အဖွဲ့ လှုပ်ရှား၍ အဖမ်းခံလိုက်ရသည်မှာ မကြာသေးပေ။ ယခုအချိန် ထပ်လှုပ်ရှားမိပါက သူတို့ကိုပါ ထိခိုက်လာနိုင်၍ ဖြစ်လေသည်။