စာအုပ်အသစ်
Vol. 11 Ch. 159
အငှါးတိုက်ခန်း၌။
လင်းချွမ် ယုယွီထံမှစာကိုကြည့်ကာ ပြုံးသွားမိသည်။
“ယုယွီ ဘာကိစ္စရှိလို့လဲ”
“ရှင်က စာအုပ်ထုတ်ဖို့သာ အာရုံစိုက်။ ကျွန်မနောက်ကနေ အညွှန်းလိုက်ပေးပေးမယ်”
လင်းချွမ် မျက်ခုံးပင့်၍
“ကျေးဇူးပါ ယုယွီရယ်”
“ကျွန်မကတောင် ကျေးဇူးတင်ရမှာပါ။ အခု ကျွန်မ စွမ်းဆောင်ရည်ကောင်းလာတာ ရှင့်ကြောင့်ပဲ။ မိုတုမြို့ဘက် လာခဲ့ဦးလေ။ ကျွန်မ ကောင်းကောင်း ဝယ်ကျွေးပါမယ်”
ယုယွီ ပျော်ရွှင်စွာ ပြော၏။
“ကျွန်တော် ဒီရက်ပိုင်းတော့ လာဖို့ အစီအစဉ် မရှိသေးဘူးဗျ”
“ရှင် မေ့နေပြီလား။ ရှင့်ရုပ်ရှင်ရိုက်ကူးဖို့က မိုတုက နေရောင်ခြည် ထုတ်လုပ်ရေးနဲ့ ပူးပေါင်းရမှာလေ။ မကြာခင် အဖွဲ့က အစည်းအဝေးအတွက် ဆွေးနွေးဖို့ ခေါ်လိမ့်မယ်။ နောက်ရက်ပိုင်းလောက် နေရင်ပေါ့”
ယုယွီမှ ရှင်းပြ၏။
လင်းချွမ် ထိုအခါမှ သတိရသွားပြီး
“နားလည်ပါပြီ။ မိုတုမြို့ရောက်ရင် သေချာပေါက် လာတွေ့ပါမယ်”
“စောင့်နေပါ့မယ်”
“အခုတော့ စာအုပ်အသစ် ထုတ်ဖို့လုပ်လိုက်ပါဦးမယ်”
“ကောင်းပါပြီရှင်။ အညွှန်းကိစ္စကတော့ ကျွန်မကိုသာ အပ်ထားလိုက်။ အယ်ဒီတာချုပ်လည်း သဘောကျနေပါတယ်။ Subscription (၁၅,၀၀၀) လောက်ရရင် ရုပ်ရှင်ရိုက်ကူးခွင့် ရနိုင်ပြီ”
ယုယွီမှ ပြောလိုက်၏။
လင်းချွမ် အနည်းငယ် အံ့ဩသွားပြီး
“ယုယွီ မင်းရဲ့နှစ်ကုန် ဘောနပ်စ်ကို ရင်းလိုက်ပြန်ပြီလား”
“အမှန်တော့ အယ်ဒီတာချုပ်သာ သဘောမတူရင် ကျွန်မရဲ့ နှစ်ကုန်ဘောနပ်စ်ကို ထပ်ရင်းရမှာပဲ။ ဒါပေမဲ့ ရှင့်ဝတ္ထုအဖွင့်ကို ဖတ်ကြည့်ပြီး အရမ်းကြိုက်သွားတာ”
“သူလည်း ရှေးဟောင်းပစ္စည်းလောကထဲကလား”
လင်းချွမ် အံ့ဩစွာ မေးလိုက်သည်။
“ထင်ရတာပဲ။ သူ ချင်ကန်ရှီ ငါးရောင်စုံ ပန်းကန်လုံးတောင် အလိမ်ခံရသေးတယ်လေ။ ပိုက်ဆံတွေလည်း အများကြီး ပါသွားတယ်။ အဲ့တာ ရှင့်မို့လို့ ပြောပြတာနော်။ လျှောက်မဖြန့်နဲ့ဦး”
ယုယွီ အယ်ဒီတာချုပ်ရုံးခန်းဘက် လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ကျွန်တော်တောင် တစ်ခုပေးလိုက်လို့ ရသေးတယ်”
လင်းချွမ် ပြုံး၍ ပြော၏။
“အဲ့တာ အရမ်းဈေးကြီးတာလေ”
“ကျွန်တော် ထုထားတဲ့ထဲက ပေးမှာပေါ့။ အဲ့တာဆို ဈေးသိပ်မရှိဘူး”
“ရှင် ရှေးဟောင်းပစ္စည်းထုတာ တကယ် တော်လား”
“ကျွန်တော့် ဦးလေးငယ်ရဲ့ ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့ အရည်အချင်းက မဆိုးပါဘူး။ ကျွန်တော် အဲ့က သင်ထားတာလေ”
“ရှင့်ဦးလေးငယ်က လူလိမ်လား”
“ဟုတ်တယ်။ ကျွန်တော့်ဦးလေးက အိမ်က ထွက်မသွားခင် အိုးလုပ်ငန်းမှာ လုပ်တာလေ။ နောက်တော့ အိမ်ကထွက်သွားပြီး ရှေးဟောင်းပစ္စည်း အတုလုပ်တဲ့နေရာမှာ တအားတော်တာ။ သူ ပြန်လာတော့ ကျွန်တော်လည်း နည်းနည်း သင်ထားတာ”
လင်းချွမ်မှ ရှင်းပြ၏။
“ကောင်းပါပြီ။ ရှင့်ကို ယုံပါတယ်”
“တကယ်ပြောတာ။ ဦးလေးငယ်က အဲ့အရည်အချင်းတော့ အရမ်းရှိတယ်”
“ကောင်လေးရယ် ရှင့်ကို ယုံပါတယ်လို့”
“ယုယွီရော ဘယ်လိုပစ္စည်းမျိုး ကြိုက်လဲ။ ကျွန်တော်လာရင် ယူလာပေးမယ်”
ယုယွီမှာ သူ့အပေါ် အမြဲဂရုစိုက်ကူညီပေးခဲ့သောကြောင့် အသိအမှတ်ပြုသည့်အနေဖြင့် လက်ဆောင်ပေးရပေမည်။
“ကြိုက်တာကတော့ ပန်းအိုးအလှမျိုးပေါ့။ ကျွန်မစားပွဲမှာ အလှထားလို့ရအောင်”
ယုယွီ မူမနေဘဲ သူ့စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။
“ပန်းအိုးလား။ ကျွန်တော့်ကိုသာ အပ်လိုက်”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ပန်းအိုးအတွက် အလှအိုးပုံစံများစွာရှိပြီး ပုံရိပ်ယောင်လောက၌ သူ ‘မင်ဟုန်ဝူ၏ နွေဦးကျောက်စိမ်း ပန်းအိုးကိုပင် အတုပြုလုပ်ဖူးလေသည်။
ထိုပန်းအိုးမှာ အလွန်ကျက်သရေရှိ ထည်ဝါပြီး မင်မင်းဆက် နန်းတွင်းသုံးပစ္စည်းဖြစ်၍ ယုယွီ၏ အကြိုက်နှင့်တွေ့လောက်သည်။
“စာအုပ်အညွှန်းအတွက်လည်း ကျွန်မကိုသာ အပ်ထားလိုက်”
ယုယွီပြုံး၍ ပြောလိုက်သည်။
ထို့နောက် လင်းချွမ် စာအုပ်တင်ရန် ပြင်ဆင်ကာ စနစ်မှ အချက်အလက်များကို သွားကြည့်၏။
[စာအုပ်: ရှေးဟောင်းပစ္စည်းများ]
[အခြေအနေ: ထုတ်ဝေပြီး]
[လက်ရှိ အောင်မြင်မှုစံနှုန်း : ၀/၂၀၀၀၀]
“တကယ်ပါပဲ။ ပျမ်းမျှ subscription ကလည်း (၂) သောင်းတောင်။ မြင့်လိုက်တာ။ နောက်ထပ် စာအုပ်တွေဆိုရင် (၅) သောင်းအထိ ရောက်မလား မသိဘူး”
လင်းချွမ်စိတ်ထဲမှ ကျိန်ဆဲမိ၏။
ထိုသို့ အမှတ်မြင့်လျှင် အချိန်လည်း ပေးရနိုင်သည်။
ချက်ချင်းပြည့်မီရန် မဖြစ်နိုင်ပါက ယုယွီနှင့် ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ် အယ်ဒီတာချုပ်တို့ကို လက်ဆောင်များပေး၍ ဂရုစိုက်ရပေမည်။
ကျန်းကိုလည်း သေချာပေါက် မေ့ထား၍ မဖြစ်ပေ။
“ကျန်း ခဏနေ ရှေးဟောင်းပစ္စည်းဆိုင် သွားကြမလား”
လင်းချွမ် ကျန်းကို လှမ်းဖက်၍ ပြောလိုက်သည်။
“သွားမယ်လေ။ ညကျရင် ဈေးဝယ်ထွက်တာကို လိုက်ပေးမှာလား”
“ဆိုင်မှာ လိုအပ်တာတွေ လုပ်ပေးပြီးရင် လိုက်ခဲ့မှာပေါ့”
“ဒါဆို အသားကပ်ခြေအိတ်တွေ ဝယ်ဦးမှပဲ။ သူဌေးက ဘယ်လိုပုံမျိုးကြိုက်လဲ”
“အပြင်ကိုတော့ မဝတ်ရဘူးနော်”
“သူဌေးအတွက်ပဲ ဝတ်ပြမှာပါ”
“ဒါဆို အကုန် ဝယ်လိုက်မလား”
“ဒီည… လာခဲ့မှာလား”
“လူဆိုးမလေး”
“…”
ထိုအချိန်တွင် ယုယွီမှာ စာအုပ်သစ်ကိစ္စများ လိုက်လုပ်ပေးရင်း အလုပ်ရှုပ်နေသည်။
စာအုပ်မှာ တင်လိုက်ပြီးသည်နှင့် အမာခံပရိသတ်များ အပြေးရောက်လာကြ၏။
[သံသယရှိသူလင်း စာအုပ်အသစ် ထွက်ပြီပဲ။ ပြီးရင် တိုင်ရတော့မယ်]
[ပြစ်မှုအကြောင်း ရေးထားပြန်ပြီလား]
[သူ အရမ်းကြိုးစားတာပဲ။ သေသွားမှာ မကြောက်ဘူးလား]
[ပထမဆုရပြီးခါစမှာ စာအုပ်အသစ်ထုတ်တာပဲ။ တကယ် အနားတောင်မယူဘူး]
[အခုက ရှေးဟောင်းပစ္စည်းအကြောင်းပဲ။ ဘယ်လိုမျိုးပါလိမ့်]
[ရှေးဟောင်းပစ္စည်းအတု လုပ်တာလား။ ဘယ်လိုတောင် ကျူးလွန်ရဲတာလဲ]
[ဒါနဲ့ ရှေးဟောင်းပစ္စည်းအကြောင်း ပြောတော့ အစ်ကိုပိုင်ကိုတောင် သတိရသွားပြီ]
[…]
မိုတုမြို့၊ ဝမ်ပိုင်စတူဒီယို။
အစ်ကိုပိုင် ရှေးဟောင်းပစ္စည်း မွမ်းမံပြီးနောက် အနားယူသည့်အနေဖြင့် ဧည့်ခန်းထဲတွင် ဖုန်းသုံးနေသည်။
“လင်း စာအုပ်အသစ် ထွက်ပြီလား”
သူ ရေရွတ်လိုက်ရင်း ပြုံးသွားမိသည်။
သူသည် လင်းချွမ်၏ အမာခံပရိတ်သတ်တစ်ယောက်ပင်။
လင်းချွမ်၏ အရေးအသားနှင့် ဇာတ်လမ်းမှာ အလွန်ကောင်းမွန်သည့်အပြင် သူ့အသက်ကိုလည်း ကယ်ထားဖူး၍ သေချာပေါက် အားပေးရပေမည်။
“ရှေးဟောင်းပစ္စည်းများ”
“လင်းက တကယ်တော်တာပဲ။ အောင်မြင်နေတဲ့အချိန်မှာ တစ်ခါတည်း စာအုပ်အသစ် ထုတ်လိုက်နိုင်တယ်”
ရှေးဟောင်းပစ္စည်းအကြောင်းက ငါလည်း သဘောကျတဲ့နယ်ပယ်ပဲ။
သူ အချိန်မဆွဲတော့ဘဲ ချက်ချင်း ဖွင့်ဖတ်လိုက်သည်။
စာဖတ်သူအနေဖြင့် ရတနာသေတ္တာလည်း ပို့ပေးလိုက်သေး၏။
“လင်းရေ ခင်ဗျားရဲ့ ရှေးဟောင်းပစ္စည်းဗဟုသုတ ပြည့်ဝရဲ့လားဆိုတာ ကြည့်ကြသေးတာပေါ့။ မပြည့်ဝလည်း ကျွန်တော် သင်ပေးမှာပေါ့ဗျာ”