ထူးခြားသော ဧည့်သည်များ
Vol. 11 Ch. 163
မိုတုမြို့၌ အမှောင်ထုကြီးစိုး၍ ကြယ်ရောင်မြစ်ကဲ့သို့ နီယွန်မီးရောင်များ တစ်စတစ်စ တောက်ပလာသည်။
နူးညံ့သော လေပြည်ညင်းမှာတော့ ညနေခင်းမှစကာ မနက် အရုဏ်တက်ချိန်အထိ မြို့ထဲတွင် တိုက်ခတ်နေလေ၏။
တောက်ပသော နေလုံးကြီးမှာ အနောက်ဘက်တွင် နီရဲနေသည်။
ပိုင် ပုံမှန်အတိုင်း ဝမ်ပိုင်စတူဒီယိုသို့ ရောက်လာပြီး လင်းချွမ်၏ နည်းလမ်းများအား ထပ်လေ့လာရန် ပြင်နေသည်။ ဤနည်းဖြင့် သူ့ ယဉ်ကျေးမှု ထိန်းသိမ်းရေး အရည်အချင်းလည်း တိုးတက်လာနိုင်၏။
မနေ့ညက ထင်ချွမ်နှင့် live ထဲတွင် စစ်ဆေး စကားပြောခဲ့ရသည်မှာတော့ အလွန် ကျေနပ်စရာကောင်းလေသည်။
ပထမဆုံး ကြိုးစားခဲ့သည့် ရှေးဟောင်းပစ္စည်း အတုမှာ ထင်ချွမ်ကဲ့သို့ ပညာရှင်ကိုပင် လှည့်စားနိုင်ခဲ့၏။
သူ နောက်ပိုင်း ကြေးပစ္စည်းများ ထိန်းသိမ်းရာတွင် ပညာများစွာ ရနေလေပြီ။
လင်းချွမ်၏ ဝတ္ထုမှာ အလွန်ထူးဆန်းလေသည်။
ထိုအချိန်တွင် ပိုင် ဝမ်ပိုင်စတူဒီယို ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ထိုင်ရင်း ဖုန်းထဲမှ ‘ရှေးဟောင်းပစ္စည်းများ’ ဝတ္ထုအား ဖတ်နေသည်။
“နေ့သစ်ကို ပညာတွေ သင်ယူရင်း စတင်ရမှာပေါ့”
ပိုင် ရေရွတ်ရင်း တစ်ယောက်တည်း ရယ်မောနေမိ၏။
ထို့နောက် ဝတ္ထုထဲ စတင်အာရုံစိုက်လိုက်သည်။
‘ရှေးဟောင်းပစ္စည်း မွမ်းမံမှုမှာ တဖြည်းဖြည်း အောင်မြင်လာပြီး မြို့ငယ်လေးထဲမှာ တော်တော် နာမည်ကြီးလာခဲ့တယ်’
‘ကျွန်တော့်အောင်မြင်မှုကြောင့် လူအတော်များများလည်း လာရှာကြပြီး အကဲဖြတ်ခိုင်းတာ ဒါမှမဟုတ် ရောင်းချတာတွေ ရှိလာတယ်’
‘တစ်နေ့မှာ ရီလင်ဆိုတဲ့အမျိုးသားတစ်ယောက် ပန်းချီတွေနဲ့ ရောက်လာတယ်’
‘သူ့ပုံစံက ဆံပင်ကို ကျော့နေအောင် ဖြီးထားပြီး မျက်မှန်တပ်ထားတယ်။ စကားပြောပုံအရတော့ တခြားနယ်ကပဲ။ သူ့အလုပ်အကိုင် အရင်းအနှီးအတွက် ပစ္စည်းတွေ ရောင်းချင်တယ်တော့ ပြောတယ်’
‘ကျွန်တော်တော့ သူ့ပစ္စည်းတွေကြည့်ပြီး ရယ်လိုက်မိတယ်’
‘သူ ကြွေထည်အစည်းအရုံး ဥက္ကဋ္ဌသား ကျန်းချန်နဲ့ တိတ်တဆိတ် ဆက်သွယ်ထားတာလည်း တွေ့ရတယ်။ ပြောရရင် ကျန်းချန်ရဲ့ ဝမ်းကွဲညီအစ်ကိုပေါ့’
‘ကျွန်တော့်ဆီကို ဒီလိုပန်းချီတွေ ယူပြီး ရောက်လာတည်းက ကောင်းတဲ့ရည်ရွယ်ချက်တော့ မဟုတ်ဘူး’
‘သူ့ပန်းချီကို ကျွန်တော့်စားပွဲပေါ် ချပြတယ်။ ဝါးနှင့်ကျောက်တုံး ပန်းချီပဲ’
‘ပန်းချီထဲမှာ ဝါးပင် (၄) ပင် အပေါ်ကို ထိုးထောင် တက်နေပြီး အရွက်တွေလည်း အနုပညာ လက်ရာမြောက်စွာနဲ့ ဝေဖြာနေတယ်။ အနောက်မှာတော့ အာရုံစိုက်မိစရာ ကျောက်တုံးကြီးတစ်ခု ရှိနေတာပေါ့’
‘ရီလင်က အဲ့တာ ကျန်းပန်ချောင်ရဲ့ ပန်းချီအစစ်ဆိုပြီး ယွမ် (၃) သိန်းလောက် တန်တယ်လို့ ပြောတယ်။ ကျွန်တော့်ကိုတော့ (၂) သိန်းလောက်နဲ့ ရောင်းမယ်ပေါ့။
‘ဒါ ပြန်ဆွဲထားတာကြီးလေ။ သူ့နည်းက ခေတ်တော့မီတယ်။ တော်ရုံ စုဆောင်းသူတွေကတော့ သတိထားမိမှာ မဟုတ်ဘူး။ ပညာရှင်တွေလည်း အချိန်တော်တော်ယူပြီး လေ့လာရလောက်တယ်’
‘ဒါပေမဲ့ ကျွန်တော်ကတော့ တစ်ချက် ကြည့်လိုက်ရုံနဲ့ တန်းသိတာပဲ’
‘နည်းနည်း စဉ်းစားကြည့်လိုက်တော့ ကျန်ချန်း လုပ်ကြံထားမှန်း သတိထားမိပြီး (၁) သိန်း (၇) သောင်းနဲ့ ဝယ်ပေးလိုက်တယ်’
‘ဘာလို့ဆို ယွမ် (၅) သိန်းနဲ့ သူတို့ကို ပြန်ရောင်းမှာလေ’
‘…’
ပိုင်တစ်ယောက် ဝတ္ထုထဲ အလွန် အာရုံစိုက်နေမိစဉ်။
ဒေါက် ဒေါက် ဒေါက်။
ရုတ်တရက် စတူဒီယိုအပြင်ဘက်၌ တံခါးခေါက်သံ ကြားရသည်။
သို့သော် သူ တံခါးထဖွင့်ပြီးနောက် အပြုံးလည်း ပျောက်ကွယ်သွားရသည်။
အပြာရောင်ယူနီဖောင်းဖြင့် ရဲသားနှစ်ဦးမှာ သူ့ကို ပေါက်ထွက်မတတ် စိုက်ကြည့်နေကြ၍ ဖြစ်လေသည်။
“ဆရာတို့ ဘာကိစ္စများရှိလို့လဲဗျ”
ပိုင် အံ့ဩစွာ မေးလိုက်သည်။
“မင်္ဂလာပါ ခင်ဗျားက ပိုင်ယန်လား”
ရဲတစ်ဦးမှ ယဉ်ကျေးစွာ မေးလိုက်သည်။
“ဟုတ်ပါတယ်။ ဘာလို့လဲဗျ”
ထိုရဲမှ ပိုင့်ကို သေချာကြည့်ပြီးမှ
“မစ္စတာပိုင်ယန် ကျွန်တော်တို့က မိုတုရဲစခန်းက ရဲဝန်ထမ်းတွေပါ။ ခင်ဗျားကို တရားမဝင် အုတ်ဂူဖော်ခြင်းအတွက် သံသယရှိလို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ”
ပိုင် ရုတ်တရက် လန့်ဖျပ်၍ တုန်လှုပ်သွားကာ
“ဆရာတို့ အထင်လွဲနေပြီထင်တယ်။ ကျွန်တော်က ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးမေဂျာမှာ မဟာတန်း တက်နေတာပါ။ ဘာလို့ အုတ်ဂူဖော်ရမှာလဲဗျာ”
“ခင်ဗျား မနေ့ညက ထင်ချွမ်ရဲ့ live မှာ ကြေးကရား အကဲဖြတ်ခိုင်းခဲ့တယ်မလား”
ပိုင် ရုတ်တရက် ခေါင်းငြိမ့်လိုက်ပြီးမှ ချက်ချင်း ခေါင်းယမ်းကာ
“မနေ့ညက အဲ့လိုတော့ လုပ်ခဲ့ပေမဲ့ အတုကြီးပါ”
“အတုလား”
ရဲသားမှာ မျက်မှောင်ကြုတ်သွားပြီး
“အဲ့ကြေးကရား အခု ဘယ်မှာလဲ”
“ပြမယ်”
ပိုင် အခန်းထဲပြေးဝင်ကာ ကရားယူ၍ ပြန်ထွက်လာသည်။
ထိုအခါ ရဲသားများ ဓာတ်ပုံထဲမှ အခြေအနေနှင့် သေချာတိုက်ဆိုင် စစ်ဆေးနေကြသည်။
“ရဲဝန်ထမ်းတွေက ဒီလိုရှေးဟောင်းပစ္စည်းအကြောင်း နားလည်တာလား”
ပိုင် သူတို့အမူအရာကြောင့် မနေနိုင်ဘဲ မေးလိုက်မိသည်။
ရဲတစ်ဦးမှာ ခေါင်းယမ်း၍
“မနေ့က ပစ္စည်းနဲ့တူလားလို့ပဲ စစ်တာပါ”
“အဲ့တာတော့ အတူတူပဲလေ”
ပိုင် မဲ့ရွဲ့ကာ ပြောသည်။
ရဲသားနှစ်ဦး အချင်းချင်းကြည့်၍ ခေါင်းငြိမ့်လိုက်ပြီးနောက်
“ဒါဆို ရှင်းသွားပြီပေါ့။ ကျွန်တော်တို့လည်း ဒါကိုပဲ ရှာနေတာပါ”
“အတုပါဆို။ ဘာလို့ရှာတာလဲ”
ပိုင် နားမလည်နိုင်တော့ပေ။
ထိုအခါ ရဲသားမှပြုံး၍
“မစ္စတာပိုင်ယန် ဒီကြေးကရားက အတုဟုတ်မဟုတ်ကတော့ ပညာရှင်တွေ အဆင့်ဆင့် ထပ်စစ်ဆေးရမှာပါ။ အခုတော့ ကျွန်တော်တို့နဲ့အတူ စစ်ကြောရေးအတွက် လိုက်ခဲ့ပေးရပါမယ်”