← Chapters

ရတနာ

Vol. 11 Ch. 158

ရတနာ

Vol. 11 Ch. 158

‘ကျွန်တော် ဒီမြို့မှာနေသရွေ့ ကြွေထည်လောကမှာတော့ ဥက္ကဋ္ဌရဲ့သားကို မယှဉ်နိုင်တော့တာ သိလိုက်တယ်’

‘ကျွန်တော့်ရှေ့မှာ လမ်းကြောင်း (၂) ခုပဲ ရှိတယ်။ တစ်ခုက ဒီနေရာကို စွန့်ခွါဖို့နဲ့ နောက်တစ်ခုက အလုပ်အကိုင် ပြောင်းဖို့ပဲ’

‘အဲ့တာကြောင့် ကျွန်တော် အလုပ်ပြောင်းဖို့ တွေးလိုက်တယ်’

‘ချက်ချင်းပဲ လုပ်ငန်းဒေဝါလီခံကြောင်း ကြေညာပြီး အလုပ်သမားတွေကို အနားပေးလိုက်တယ်။ ကျွန်တော် အယုံကြည်ရဆုံးလက်ထောက် ချင်ကလွဲလို့ပေါ့’

‘ကျွန်တော် ရှေးဟောင်းပစ္စည်းတွေ ထုလုပ်တော့မယ်’

‘အမှန်တော့ လင်းအိမ်တော်ရဲ့ ဘိုးဘေးတွေလည်း ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးကနေ ကြွေထည်လုပ်ငန်းဘက် ကူးလာတာပဲ။ ဒါပေမဲ့ နောက်ပိုင်း အပြိုင်အဆိုင်များပြီး ရန်သူ ရှိလာတော့ ဒီမြို့လေးမှာ ကြွေထည်ပိုင်းပဲ လုပ်ကြတော့တာ’

‘ရှေးဟောင်းပစ္စည်း ပြုလုပ်တဲ့ လျှို့ဝှက်နည်းက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတော့ ကျွန်တော့်ဆီလည်း ရောက်ပြီးသားပါ’

‘အိုဟောင်းနေတဲ့ သစ်သားခြံတံခါးကို ဖြတ်ပြီး ကျွန်တော်နဲ့ ချင်တို့ ရှေးဟောင်းပစ္စည်း ဈေးကွက်အတွက် လိုအပ်တာတွေ လိုက်ရှာဝယ်ကြတယ်’

‘ကျွန်တော်ပထမဆုံး မွမ်းမံဖို့ လုပ်တာတော့ ကြွေထည်ပစ္စည်းပါပဲ’

‘ချင်ကန်ရှီရဲ့ ငါးရောင်စုံနဲ့ ရေမှော် ပန်းကန်လုံးလေ’

‘…’

ကျန်းရီရှင်း ဆက်၍ဆက်၍ ဖတ်သွားရင်း မစ္စတာလင်း၏ ဘိုးဘေးလုပ်ငန်းအား ပြောင်းလဲ ဆက်ခံပုံ၊ ရှေးဟောင်းပစ္စည်း မွမ်းမံခြင်းနှင့် ချင်ကန်ရှီ ပန်းကန်လုံး ပြုလုပ်ပုံ အဆင့်ဆင့်တို့ကို တွေ့ရသည်။ 

ချင်မင်းဆက် ကြွေပန်းကန်လုံး ပြုလုပ်ရန်မှာ အဟောင်းအခံတစ်ခုကို အပေါ်မှ ဆေးရေးခြယ်၍ နောက်ထပ် အရောင်ခံဆေးတင်ရသည်။ ထိုအချိန်တွင် ရိုးရာဆေး၊ အရက်၊ ပိုတက်ဆီယမ်ပါမဂ္ဂနိတ်တို့ကို ပြန်သုံးကာ ဟောင်းနွမ်းပုံ ပြုပြင်ပြီးမှ အဆုံးသတ်လေသည်။ 

ချင်ကန်ရှီ ငါးရောင်စုံနှင့်ရေမှော် ပန်းကန်လုံးမှာ ဤသို့ဖြင့် ဈေးကွက်ထဲ ဝင်လာတော့သည်။ 

ကျန်းရီရှင်း နားမလည်နိုင်စွာဖြင့် တတွတ်တွတ် ရွတ်နေမိသည်။ 

“ဒါ တကယ့် လုပ်နည်းတွေပါ ပါတာပဲ။ ငါ ဒီဝတ္ထုကို စောဖတ်မိရင် ငါ့ရဲ့ ယွမ် (၂၈၈,၀၀၀) အလိမ်ခံရမှာ မဟုတ်ဘူး”

သူ ဆက်၍ဖတ်ရင်း စာအုပ်အဆုံးသို့ ရောက်လာသည်။ 

စာလုံးရေ (၅) သောင်းကျော်မှာ မြန်ဆန်စွာ ပြီးဆုံးသွားလေသည်။ 

‘ဒါပဲလား’

ကျန်းရီရှင်းတစ်ယောက် ဆက်၍ ဖတ်ချင်နေသေး၏။ 

မစ္စတာလင်း၏ ကြွေပန်းကန်လုံးကို ပညာရှင်များ အကဲဖြတ်သောအခါ မည်သို့ဖြစ်သွားမည်ကို စိတ်ဝင်စားနေသည်။ ပစ္စည်းအတုကို ဖော်ထုတ်နိုင်မည်လား။ သို့မဟုတ် အစစ်ထင်၍ ကျော်သွားနိုင်မည်လား။ 

“အယ်ဒီတာချုပ် ဒီလောက်ဆိုရင် ရုပ်ရှင် ပြန်ရိုက်ဖို့ အဆင်ပြေပြီလား”

ယုယွီ သူ့အခွင့်အရေးကို လက်လွတ်မခံဘဲ မေးလိုက်သည်။ 

“ပုံမှန်အနေနဲ့ အနည်းဆုံး subscription (၂) သောင်း ရှိရမှာပေမဲ့ အခုနောက်ပိုင်း (၃) သောင်းအထိ လိုလာတယ်။ အဲ့တာမှ ရုပ်ရှင်အဖြစ် ပြန်ရိုက်နိုင်မှာ”

ကျန်းရီရှင်း ခပ်အေးအေးဖြင့်

“ဒါပေမဲ့ ဒီစာအုပ်က ထူးခြားတဲ့အကြောင်းအရာမျိုးလေ။ အဲ့တာကြောင့် နည်းနည်းတော့ လျှော့နိုင်လောက်တယ်”

“ဘယ်လောက်လောက်လဲ”

“အနည်းဆုံး (၁၅,၀၀၀) လောက်ပေါ့”

ထို ‘ရှေးဟောင်းပစ္စည်းများ’ စာအုပ်မှာ အယ်ဒီတာအနေဖြင့် စိတ်ဝင်စားဖွယ် မရှိလှသော်လည်း စာဖတ်သူအဖြစ်တော့ ဆွဲဆောင်မှု ရှိလွန်းသည်။ 

လင်းချွမ်၏ စာလုံးရေ (၅) သောင်းမှာ တစ်ထိုင်တည်း ပြီးသွားပြီး ထိပ်တန်းအခြေအနေထဲ ပါဝင်လေသည်။ 

ယခုလိုအခြေအနေကို ထိန်းကာ subscription (၁၅,၀၀၀) ရလျှင် ရုပ်ရှင်ရိုက်ကူးခွင့် ရရှိလေပြီ။  

“ကျေးဇူးတင်ပါတယ်။ အယ်ဒီတာချုပ်”

ယုယွီ ပြုံးရွှင်၍ ပြောလိုက်သည်။ 

“ရုပ်ရှင်ရိုက်ကူးခွင့်က မရသေးဘူးနော်။ ကျေးဇူးတင်မစောနဲ့ဦး”

ကျန်းရီရှင်းမှ ဆက်ပြော၏။ 

“လင်းချွမ်သာ သူ့ဝတ္ထု (၂) ခု ရုပ်ရှင်ရိုက်ကူးခွင့်ရရင် မင်းစွမ်းဆောင်ရည်လည်း တိုးပြီ”

ယုယွီ မျက်လုံးအရောင်လေး တောက်သွားပြီး

“ဘယ်လောက်တိုးမှာလဲ”

အယ်ဒီတာတစ်ဦး၏ စွမ်းဆောင်ရည်မှာ ဝက်ဘ်ဆိုဒ်အတွက် မည်မျှ တိုးတက်စေခဲ့သည်၊ ရုပ်ရှင်ရိုက်ကူးခွင့် ရရှိသည်၊ မည်မျှ အောင်မြင်သည်ကိုကြည့်၍ အကဲဖြတ်လေ၏။ Subscription အရေအတွက်မှာလည်း အရေးကြီးလေသည်။ 

မည်သို့ပင်ဖြစ်စေ အသက် (၁၉) နှစ်အရွယ် ပါရမီရှင်၏ ဇာတ်လမ်းမှာ သန်းချီ၍ subscription ရထားသူကို ယှဉ်နိုင်မည် မဟုတ်ပါ။ 

အယ်ဒီတာချုပ် ခဏစဉ်းစား၍ ပြုံးကာ

“မင်းကို အယ်ဒီတာချုပ်ရာထူး တိုးပေးဖို့လောက်တော့ ဘာကိစ္စမှ မရှိပါဘူး”

“အယ်ဒီတာချုပ်လား”

ယုယွီ လန့်ဖျပ်ကာ အလွန်အံ့ဩနေမိသည်။ 

လင်းချွမ်၏ဝတ္ထု (၂) ပုဒ်သာ အဆင်ပြေလျှင် အယ်ဒီတာချုပ်ရာထူးကို မျှော်လင့်နိုင်လေပြီ။ 

ဒါကို မည်သို့ခေါ်သနည်း။ 

ဆင်ဖြူတော်မှီ၍ ကြံစုပ်ခြင်း ဖြစ်၏။ 

အဟွတ်!

ယုယွီ သူနှင့် လင်းချွမ်၏ ပတ်သက်မှုကိုပင် မတွေးနိုင်တော့ချေ။ 

အားလုံးပြီးသောအခါ ယုယွီ ပျော်မြူး၍ ရုံးခန်းထဲမှ ထွက်လာ၏။ 

ထို့နောက် လင်းချွမ်အား စာပို့လိုက်သည်။ 

“လင်းချွမ်ရယ် ရှင်က ကျွန်မရဲ့ ရတနာလေးပဲ”

All Chapters