ရှေးဟောင်းပစ္စည်း လိမ်လည်မှု
Vol. 11 Ch. 157
စာရေးဆရာများ ဝတ္ထုရေးသားရာတွင် အစပိုင်းရလဒ်များမှာ ကျေနပ်ဖွယ် မရှိ၍ လက်မခံနိုင်ဘဲ ရှိတတ်ကြသည်။ ထို့နောက် ထိုဝတ္ထုကို ဖြတ်ချကာ နောက်တစ်အုပ်ရေးရန် ပြင်လေသည်။ ဤသို့ဖြင့် ထပ်၍ မကျေနပ်နိုင်သေးဘဲ ထပ်ဖြတ်ချကာ သံသရာလည်နေတော့သည်။
ကျန်းရီရှင်း ထိုအခြေအနေကို ကောင်းကောင်း နားလည်နေလေပြီ။
“ဝတ္ထုက ဘယ်လိုဖြစ်မလဲ အစအနတောင် မမြင်ရသေးတာကို။ ရုပ်ရှင်ရိုက်ဖို့ ပြန်ညွှန်းနေတာလား။ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ”
ယုယွီမှ ခပ်အေးအေးဖြင့်
“ဖတ်သာ ဖတ်ကြည့်လိုက်ပါ။ တွေ့လိမ့်မယ်။ ဒီနယ်ပယ်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူး”
“ဘယ်နယ်ပယ်လဲ”
ကျန်းရီရှင်း အမူအရာပြောင်းသွားပြီး ယုယွီပို့ပေးသော ဖိုင်အား ငုံ့ကြည့်လိုက်သည်။
“ရှေးဟောင်းပစ္စည်းများ… သူက ရှေးဟောင်းပစ္စည်း နယ်ပယ်လည်း နားလည်တာလား”
ယုယွီ ခေါင်းယမ်း၍ ပြုံးကာ
“ရှေးဟောင်းပစ္စည်းအကြောင်းတော့ သိမသိ မပြောတတ်ဘူး။ ပြစ်မှုနောက်ခံဇာတ်လမ်းတော့ ဘယ်သူမှ လာယှဉ်လို့ မရဘူး”
‘ဒမ် ဒမ် ဒမ်’ တီးလုံးကြားသည်နှင့် လောင်းကစားနတ်ဘုရား ကောင်းကျင့်ကို တွေးမိစေသကဲ့သို့ လင်းချွမ်၏ ပြစ်မှုမှတ်တမ်း အရည်အချင်းသည်လည်း အလွန်ထူးခြား ထင်ပေါ်လျက် ရှိ၏။
ထိုဇာတ်ကြောင်းမျိုး ရေးနေကျဖြစ်သည့် ဟန်တန်ပင် ဒုတိယနေရာသို့ ကျသွားလေပြီ။
အမှန်တော့ သူလည်း စာအုပ်အသစ်ကို ဇွန်လအတွင်း ထုတ်ဝေရန် ပြင်ဆင်ထားသော်လည်း ပြန်စဉ်းစား၍ လင်းချွမ်နှင့် အချိန်လွှဲထုတ်ရန် ဆုံးဖြတ်ကာ အနောက်ဆုတ်လိုက်သည်။
မယှဉ်ပြိုင်နိုင်လျှင် ရှောင်ရမည်။
ကျန်းရီရှင်းမှာ လင်းချွမ်အား ယုယွီလောက် အာရုံမထားခဲ့မိချေ။ ယခုလိုပြောမှ သူ တဖြည်းဖြည်း သတိထားမိလာပြီး မျက်မှောင်ကြုတ်လျက်
“မင်းပြောတာ ဖြစ်နိုင်တယ်နော်”
“ဒါဆို သူ့ရဲ့ ‘ရှေးဟောင်းပစ္စည်းများ’ စာအုပ်ကို ရုပ်ရှင်ပြန်ရိုက်ဖို့ ညွှန်းလို့ရပြီလား”
“ငါမှ မဖတ်ရသေးတာ”
ကျန်းရီရှင်း နေရခက်စွာ ပြန်ပြောမိသည်။
ထို့နောက်မှ ဖိုင်ကို အေးဆေး ဖွင့်ကြည့်လိုက်သည်။
‘ကျွန်တော့်နာမည် မစ္စတာလင်း’
‘ကျွန်တော့်ကို ရှေးဟောင်းပစ္စည်း လောကမှာတော့ ဆရာတစ်ဆူအနေနဲ့ လေးစားဂုဏ်ယူကြတယ်။ ရောင်းဝယ်ရေးလုပ်နေတဲ့ မိတ်ဆွေတွေလည်း ထောင်ချီလို့ပေါ့’
‘ဒါပေမဲ့ ဘယ်သူမှမသိတာ ကျွန်တော်က ကမ္ဘာ့ရှေးဟောင်းပစ္စည်း ထုဆစ်မှု အကျွမ်းကျင်ဆုံးဆိုတာပဲ’
‘ကျွန်တော့်ဘဝမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး ထုလုပ်ဖူးတယ်။ တချို့ကို ဆရာတွေဆီကရပြီး တချို့လည်း ရောင်းဝယ်ရင်း ရလာတာပေါ့။ အင်္ဂလန်က ပြတိုက်တွေမှာတောင် ကျွန်တော့်လက်ရာတွေ ရှိတယ်။ ဖန်သားအခန်းတွေထဲ ထည့်ပြီး သမိုင်းကြောင်းရဲ့ လှပတဲ့ဆွဲဆောင်မှုကို ခံစားကြတာပေါ့လေ’
‘ဟုတ်ပါတယ်။ ကျွန်တော်သာ ဒီလျှို့ဝှက်ချက်ကို ထုတ်မပြောရင် ဒီလက်ရာတွေအားလုံး အစစ်လို့ ယုံကြည်ပြီး ကျော်သွားကြမှာပဲ’
‘ဘယ်သူမှ အတုအစစ် သေချာမသိကြဘူးလေ’
‘ဒါပေမဲ့ နောက်ပိုင်းမှာ သာမာန်လူတွေ အများကြီး ဒီလောကထဲ ဝင်လာကြတယ်။ အလိမ်ခံရတာတွေ၊ အကွက်ချ စီစဉ်တာတွေ အစုံနဲ့ စီးပွါးပျက်တဲ့အထိ လုပ်စားကြတာပေါ့။ ရှေးဟောင်းပစ္စည်း ဈေးကွက်ကြီးဆိုတာ အလိမ်တွေပြည့်ပြီး အမြတ်ရဖို့ တစ်ခုတည်းအတွက် ရည်ရွယ်သလို ဖြစ်လာတယ်’
‘ကျွန်တော် ဒီလိုအဖြစ်မျိုးတော့ မတွေ့ချင်ဘူးလေ’
‘ဒီအတိုင်း ဆက်သွားနေရင် ရှေးဟောင်းပစ္စည်း ဈေးကွက်က သူ့ရဲ့အနှစ်သာရ ပျောက်ကွယ်ပြီး အဆင့်နိမ့်လာတော့မယ်’
‘အဲ့တာကြောင့် ကျွန်တော့်ဘဝနဲ့ရင်းပြီး ဒီလို လိမ်လည်နေတဲ့သူတွေကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်’
‘…’
ထိုမျှအထိ ဖတ်ပြီးနောက် ကျန်းရီရှင်း မျက်မှောင်ကြုတ်ကာ အတွေးများ ရှုပ်ထွေးလာမိသည်။
“အယ်ဒီတာချုပ် ဒီလောက်နိဒါန်းဆိုရင် အဆင်ပြေပြီလား”
ယုယွီ တစ်ခုခုကို ခံစားမိကာ မေးလိုက်သည်။
'...'
“ရှေးဟောင်းဈေးကွက်က တကယ် ယုတ်မာကြတာပဲ”
ကျန်းရီရှင်း ရေရွတ်လိုက်၏။
ယုယွီ ပါးစပ်အဟောင်းသားဖြင့် အံ့ဩသွားကာ
“အယ်ဒီတာချုပ် အလိမ်ခံရဖူးတာလား”
ကျန်းရီရှင်း လက်အမြန် ယမ်းပြ၍
“ငါ မဟုတ်ပါဘူး။ ငါက ဘာလို့ အလိမ်ခံရမှာလဲ”
“အယ်ဒီတာချုပ် ထင်နေတာ ကျွန်မက”
ယုယွီ ရယ်မော၍ ပြောလိုက်၏။
“အဟမ်း”
ကျန်းရီရှင်း မသိချင်ယောင်ဆောင်၍
“ငါ မဟုတ်ပါဘူး။ ကျောက်စိမ်းတွေ၊ ရှေးဟောင်းပစ္စည်းတွေ ဝယ်စုရတာကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတာ။ ချင်မင်းဆက် ကြွေပန်းကန်ဆိုပြီး တစ်ယောက်လာရောင်းတယ်လေ။ ငါးရောင်စုံ ကူးခတ်နေတဲ့ပုံနဲ့ ချင်ကန်ရှီရဲ့ ပန်းကန်လုံးတဲ့။ အဲ့တာကို ယွမ် (၂၈၈,၀၀၀) နဲ့ ဝယ်လိုက်တာ။ ဒါပေမဲ့ နောက်ရက်ပိုင်းလောက်ကြာတော့ အတုဖြစ်နေမှန်း သိလိုက်ရတယ်လေ။ တကယ်ပါပဲ”
“ချင်ကန်ရှီရဲ့ ငါးရောင်စုံ ပန်းကန်လုံးလား”
ယုယွီ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“အာ ဟုတ်တယ် ဟုတ်တယ်။ အဲ့တာပဲ”
ကျန်းရီရှင်း ချက်ချင်း ပြန်ဖြေပြီးမှ ထူးဆန်းစွာဖြင့်
“ယုယွီ မင်း အဲ့နာမည်ကို ဘယ်လိုလုပ် သိတာလဲ”
“ဒီမှာ ဘယ်သူမှ ရှိတာလည်း မဟုတ်ဘူး။ ကျွန်မမေးတာသာ အရင်ဖြေပါ”
“ဘာမေးတာလဲ”
“အလိမ်ခံရတဲ့သူငယ်ချင်းက အယ်ဒီတာချုပ် ကိုယ်တိုင်ပဲမလား”
ယုယွီ ခပ်ပြုံးပြုံးလေး မေးလိုက်သည်။
“မဟုတ်ပါဘူး။ ငါ မဟုတ်ပါဘူးဆို။ ငါက ဘာလို့ အလိမ်ခံရမှာလဲ”
ကျန်းရီရှင်း စူပုတ်၍ဖြေရင်း စကားလမ်းကြောင်း အမြန်လွှဲနေတော့သည်။
“မင်းရော ရှေးဟောင်းပစ္စည်းအကြောင်း သိလို့လား။ ပန်းကန်လုံးနာမည်တောင် သေချာသိနေတာ”
“ကျွန်မတော့ မသိပေမံ့ လင်းချွမ်ဝတ္ထုထဲမှာ ပါတယ်လေ။ ချင်ကန်ရှီပန်းကန်လုံးရဲ့ ပြုလုပ်ပုံတောင် အသေးစိတ် ရေးထားသေးတယ်။ ဒီနိဒါန်းထဲမှာတင် ပါတာ”
ယုယွီ ခေါင်းယမ်း၍ သူ့ဖုန်းအား လက်ညှိုးထိုးပြလိုက်သည်။
ဟင်။
ကျန်းရီရှင်း မျက်မှောင်ကြုတ်၍ လင်းချွမ်၏ ဝတ္ထုအား ဆက်ဖတ်ကြည့်၏။
‘လင်းမိသားစု ကြွေထည်လုပ်ငန်းဟာ မြို့ရဲ့ နာမည်ကြီး စက်ရုံဖြစ်ပြီး လူကြိုက်လည်း များပါတယ်’
‘ဒါပေမဲ့ ကြွေထည်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌရဲ့သားက နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတော့ သူ့အတွေးတွေက ကျွန်တော်နဲ့ အရမ်းကွာခြားနေတယ်။ ပြိုင်ပွဲတွေမှာတော့ သူ့လက်ရာလည်း နာမည်ကြီးပါတယ်’
‘ဒါပေမဲ့ ကျွန်တော့်ရဲ့ စကားတစ်ခွန်းကြောင့် အခြား မိတ်ဆွေတွေက လင်းအိမ်တော်ရဲ့ ကြွေထည်တွေ မဝယ်နိုင်အောင် လုပ်လိုက်ကြတယ်။ ဒီလိုနဲ့ ဒေဝါလီ ခံရတဲ့အထိဖြစ်လာတာပေါ့’
‘ကျွန်တော်လည်း အလုပ်ရုံရှေ့လေးမှာ စိတ်ညစ်ညစ်နဲ့ ထိုင်နေရင်း ကျွန်တော့်ကို အမြဲစိတ်ပူ ဂရုစိုက်ပေးတဲ့ ချင်လေးက ဘယ်လိုဆက်လုပ်ကြမလဲလို့ မေးလာတယ်’