စာအုပ်အသစ်
Vol. 11 Ch. 156
“အဲ့လိုဝတ္ထုအတွက် အခွင့်အရေးများတယ်လား”
လင်းချွမ် အံ့ဩကာ မျက်ခုံးပင့်လိုက်မိသည်။
“ဟုတ်တယ်။ အဲ့ဝတ္ထုက အွန်လိုင်းစာပေလောကမှာတော့ စိတ်ဝင်စားမခံရပေမဲ့ ရုပ်ရှင်ဈေးကွက်မှာ နာမည်ကြီးတယ်”
ယုယွီ ဝမ်းသာအားရ ပြောပြ၏။
အမှန်ပင် ရှေးဟောင်းပစ္စည်းဇာတ်လမ်းများမှာ ဟက်ကာအကြောင်းကဲ့သို့ ဂုဏ်သတင်း ကျော်ဇော၏။
သို့သော် အွန်လိုင်းလောကတွင်တော့ သာမာန် ရိုးရှင်းသော အကြောင်းအရာမျှ ဖြစ်လေသည်။
ထို့အပြင် စာဖတ်သူများမှာ ခေတ်မီလာသည်နှင့်အမျှ ရှေးဟောင်းပစ္စည်းအကြောင်း ဝတ္ထုများမှာ ဖတ်ရှုသူ အလွန်နည်း၏။
ရုပ်ရှင်အနေဖြင့်ဆိုလျှင်တော့ လူကြိုက်များ အောင်မြင်နေသေးသည်။
လူမတူသည်နှင့် ဈေးကွက်လည်း မတူနိုင်တော့ပေ။
“ရှေးဟောင်းပစ္စည်းအကြောင်း ရိုက်ရမှာက နည်းနည်းတော့ ခက်မယ်နော်”
လင်းချွမ် ပြန်ပြောလိုက်၏။
ယုယွီမှ
“ဟုတ်တယ်။ ရှေးဟောင်းပစ္စည်းအကြောင်းက တော်တော်ကျွမ်းကျင်မှ ဖြစ်မှာ။ ဖော်ပြဖို့လည်း ခက်တယ်။ ရုပ်ရှင်အဖြစ် မပြောင်းလဲနိုင်ခင် အနည်းဆုံးတော့ subscription (၁) သောင်း ရှိရမှာ”
“ထင်တဲ့အတိုင်းပဲ”
လင်းချွမ် ခြောက်ကပ်ကပ် ရယ်မိ၏။
“ဘာပဲဖြစ်ဖြစ် ရှင့်စာအုပ် အဖွင့်ပိုင်းကို ဖတ်ကြည့်လို့ရမလားရှင်”
ယုယွီမှ မေးလိုက်သည်။
လင်းချွမ် ချက်ချင်းပင်
“ရမလားရှင်လား။ ယုယွီရယ် လာနောက်နေတာပဲ”
“ရှင်က အခု subscription (၂) သောင်းရှိပြီး ဝတ္ထုကို ရုပ်ရှင်အဖြစ်တောင် ပြောင်းတော့မှာလေ။ ကျွန်မက ဂျူနီယာအယ်ဒီတာဆိုတော့ ဒီလိုပဲ ပြောရမှာပေါ့”
“ဒါဆို ကျွန်တော့်ဝတ္ထုကို ပြပေးရမလားဗျာ”
လင်းချွမ် ပြုံး၍ ပြန်ပြောလိုက်သည်။
သူနှင့် ယုယွီတို့မှာ သာမာန် လုပ်ဖော်ကိုင်ဖက်အဆင့် မဟုတ်ဘဲ တစ်ဦးနှင့်တစ်ဦး အားပေးကူညီတတ်သည့် သူငယ်ချင်းများနှင့် ပိုတူလေသည်။
လင်းချွမ် ဆက်တိုက် ကျရှုံးခဲ့စဉ်၌ ယုယွီမှာ နှစ်တိုင်း စာချုပ်ချုပ်၍ အားပေးခဲ့ပါသည်။
ဟက်ကာလောကဝတ္ထု စအောင်မြင်စဉ်ကလည်း သူ အယ်ဒီတာချုပ်နှင့် လောင်းဖူး၏။
ယခုတော့ ယုယွီတစ်ယောက် အယ်ဒီတာငယ်လေး အဖြစ်နှင့် လင်းချွမ်မှ စာချုပ်ချုပ်ပေးရန် ပြန်စောင့်နေရလေပြီ။
ထိုသို့ များစွာ ကူညီပေးခဲ့သူကို လင်းချွမ်လည်း ပစ်မထားနိုင်ပါ။
မကြာမီ မနက်စာ စားပြီးနောက် ကွန်ပျူတာရှေ့ ထိုင်၍ ယုယွီအား ဝတ္ထုနိဒါန်း ပို့ပေးလိုက်သည်။
မိုတုမြို့။
နေရောင်ခြည်မှာ ရွှေရည်ကဲ့သို့ ဖြာကျနေပြီး ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရုံးပေါ်တွင် လင်းလက်နေ၏။
ယုယွီတစ်ယောက် ပန်းရောင်ဂါဝန်လေးပေါ်တွင် ပန်းရောင်အနွေးထည် ထပ်ဝတ်ထားပြီး သူ့စားပွဲတွင် ထိုင်နေရာ နူးညံ့သော မိန်းမငယ်လေးအသွင် အလွန် တောက်ပနေသည်။
ထို့နောက် ဖုန်းကိုကြည့်ကာ ပြုံးရွှင်နေမိ၏။
လင်းချွမ်မှ ဝတ္ထုနိဒါန်း ပို့လာ၍ ဖြစ်ပါသည်။
“ရှေးဟောင်းပစ္စည်းများ”
ယုယွီ ပြုံး၍ ဝင်ဖတ်ကြည့်လိုက်သည်။
အဖွင့်၌ပင် စာလုံးရေ (၅) သောင်းကျော်ရှိပြီး ယုယွီ တစ်နာရီကျော်ကြာအောင် ဖတ်လိုက်ရ၏။
ထို့နောက် ထိုစာပိုဒ်အား စာရွက်ဖြင့်ထုတ်ကာ အယ်ဒီတာချုပ် ကျန်းရီရှင်းရုံးခန်းထံ လျှောက်လာခဲ့သည်။
ဖိနပ်ဖြူလေး စီးထားသော ခြေလှမ်းများမှာ ပေါ့ပါး ကြွရွလျက် ကိုယ်လေးကို ပိုမတ်ကာ ဆံပင်သပ်ရပ်အောင် ပြင်ဆင်၍ ပျော်မြူးစွာ ရောက်လာသည်။
ထို့နောက် အခန်းရှေ့ ရောက်သောအခါ။
ဒေါက် ဒေါက် ဒေါက်။
ယုယွီ ရုံးခန်းတံခါးအား ခေါက်လိုက်၏။
ကျန်းရီရှင်း သူ့ကိုတွေ့သောအခါ ပြုံးသွားပြီး
“ယုယွီ တက်ကြွနေပါလား။ သတင်းကောင်း ရှိလို့လား”
ယုယွီပြုံး၍ အခန်းထဲ ဝင်လာသည်။
“ဒါပေါ့။ ရုပ်ရှင်အဖြစ် ပြောင်းနိုင်တဲ့ဝတ္ထုရှိလို့ လာပြတာ”
ကျန်းရီရှင်း အံ့ဩစွာကြည့်၍
“ယုယွီရယ် မင်းစာရေးဆရာ လင်းချွမ် အခုပဲ ပြိုင်ပွဲမှာ ပထမရလို့ ရုပ်ရှင်အဖြစ် ပြောင်းလဲခွင့်ရမှာလေ။ နောက်ထပ် ညွှန်းချင်တာ ရှိသေးတာလား”
ရုံးခထဲတွင် လုပ်ငန်းစဉ်အဆင့်ဆင့် အလွှာအထပ်ထပ်ကို ဖြတ်ကျော်ရပြီး ဈေးကွက်အရ အောင်မြင်နိုင်ချေရှိမှ ခွင့်ပြုမိန့်ကျပါသည်။
ထိုသို့အဖိုးတန်သော ဆုံးဖြတ်ချက်အား အယ်ဒီတာချုပ်မှ ကိုင်ဆောင်ထား၏။
စာရေးဆရာများအတွက်လည်း အလွန်ထူးခြားသော အခွင့်ကောင်း ဖြစ်လေသည်။
သို့သော် ထိုလုပ်ပိုင်ခွင့်ကို အလွယ်တကူတော့ မသုံးကြပေ။
ပျမ်းမျှ subscription မှာ အခြေခံအကျဆုံးအချက် ဖြစ်ပြီး အယ်ဒီတာချုပ်မှ အမြင်များစွာဖြင့် အပြန်ပြန် အလှန်လှန် စစ်ဆေးရသည်။
“အယ်ဒီတာချုပ် ကျွန်မ နည်းနည်း လောနေပုံ ပေါ်ပေမဲ့ တကယ် ဝတ္ထုကောင်းမလို့ ပြောတာပါ”
ယုယွီပြုံး၍ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေ၏။
“ဘယ်သူ့စာအုပ်မို့လို့လဲ”
ကျန်းရီရှင်း ပြန်မေးလိုက်သည်။
“လင်းချွမ်ဝတ္ထုပါပဲ”
ထိုအခါ ကျန်းရီရှင်း အံ့ဩစွာကြည့်၍
“သူ့စာအုပ် ‘လှည့်စားခြင်း’ က ရုပ်ရှင်ရိုက်ဖို့ ခွင့်ပြုမိန့် ရထားပြီးသား မဟုတ်ဘူးလား”
“သူ စာအုပ်အသစ် ထပ်ထုတ်တော့မှာ”
ယုယွီ ပြောပြောဆိုဆိုနှင့် ဝတ္ထုသစ်၏နိဒါန်းကို ပို့ပေးလိုက်သည်။
ကျန်းရီရှင်း သူ့ကိုငေးကြည့်၍
“ထွက်တောင်မထွက်သေးတဲ့ စာအုပ်ကို ဘယ်လိုလုပ် ညွှန်းနိုင်တာလဲ”
ယုယွီ ပြုံးရွှင်၍
“ကျွန်မ သူနဲ့ အလုပ်တွဲလုပ်လာတာ ကြာပြီလေ။ ဒီလောက်ကြည့်ရုံနဲ့ သေချာညွှန်းနိုင်ပါတယ်။ တခြားက အရေးမကြီးဘူး”
အယ်ဒီတာချုပ် ပြုံး၍ ခေါင်းယမ်းမိလေသည်။
အရည်အချင်းရှိသော စာရေးဆရာများမှာ သူတို့ နောက်စာအုပ်အတွက် အောင်မြင်မှုကြီးမည်ဟု တွေးထားတတ်ကြ၏။