← Chapters

အွန်လိုင်း ပျံ့နှံ့မှု

Vol. 11 Ch. 153

အွန်လိုင်း ပျံ့နှံ့မှု

Vol. 11 Ch. 153

ကျားဖြန့်နှင့် သက်ဆိုင်သော အကြောင်းအရာများမှာ တစ်ရက်တည်းနှင့် လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ 

အခြေအနေမှာ အလွန် ထိတ်လန့်စရာ ဖြစ်၏။ 

ဤသို့ဖြင့် blogger များလည်း ကမ်ပိန်းတွင် ပါဝင်ပူးပေါင်းကြပြီး ဗီဒီယိုနှင့် ပုံများ တင်ပြရင်း ကျားဖြန့်တိုက်ဖျက်ရေးအတွက် ကူညီကြလေသည်။ 

လင်းချွမ်၏စာဖတ်သူ အစ်ကိုပိုင်လည်း အပါအဝင် ဖြစ်၏။ 

နေ့လယ်ခင်းတွင်။ 

ပိုင်တစ်ယောက် သူ့အခန်းထဲ၌ အိမ်နေရင်းဝတ်စုံဖြင့် ရှေးဟောင်းပစ္စည်း ထိန်းသိမ်းခြင်းနည်းများ လေ့လာနေစဉ် ရုတ်တရက် ဖုန်းဝင်လာပြီး ထိုကျားဖြန့်အကြောင်းများ သိလိုက်ရ၏။ 

“တကယ်ပါပဲ”

ပိုင် ချက်ချင်း ဒေါသများ အလိပ်လိုက် ထွက်လာသည်။ 

လွန်ခဲ့သောလက အလုပ်သမားနေ့၌ လင်းကန်တွင် သူ့အွန်လိုင်းချစ်သူ အစ်မမိုင်ကြောင့်  စက်ရု့သို့ ပြန်ပေးဆွဲခံရလုနီးပါး ဖြစ်ခဲ့သော အကြောင်းအရာအား ကွက်ကွက်ကွင်းကွင်း ပြန်မြင်လာ၏။ 

လင်းချွမ်ကြောင့်သာ မဟုတ်လျှင် ယခုဗီဒီယိုထဲမှ နှိပ်စက်ခံနေရသော ဇာတ်လိုက်ဖြစ်လာနိုင်၏။ 

သူ့အလုပ်များ ချက်ချင်း ဘေးဖယ်၍ ကွန်ပျူတာဆီ ပြေးသွားကာ ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဗီဒီယို စတင်ပြုလုပ်လေသည်။ 

အစ်ကိုပိုင်မှာ ဗီဒီယိုပြုလုပ်ခြင်း၊ live လွှင့်ခြင်း၊ edit လုပ်ခြင်းနှင့် ပစ္စည်းရွေးချယ်ခြင်းတို့တွင် အလွန် တော်ပါသည်။ 

သို့သော် ဗီဒီယိုအတွက် စာရေးသားခြင်းမှာတော့ အားနည်းလေ၏။ 

ထို့ကြောင့် လင်းချွမ်၏ စာဖတ်သူအဖွဲ့ထဲဝင်၍ အတုယူရန် ကြည့်ရသေးသည်။ 

“ဥပဒေကို လိုက်နာရန် အားလုံးတွင် တာဝန်ရှိသည်”

စာဖတ်သူအဖွဲ့ထဲတွင်။ 

စာဖတ်သူအားလုံးနီးပါး လင်းချွမ်၏ ‘လှည့်စားခြင်း’ ကို ဖတ်ပြီးဖြစ်ကာ ယခုလိုသတင်းမျိုး တွေ့သောအခါတွင် အလွန်အံ့ဩ၍ ဆူညံပွက်လောရိုက်ကုန်သည်။ 

[ဒါက ငါ့အမြင်ကြီးကို လုံးဝ ပြောင်းလဲလိုက်တာပဲ]

[ကြောက်စရာကြီး]

[လောကကြီးမှာ ဒီလိုအခြေအနေမျိုးတွေ ရှိနေတယ်လို့ လုံးဝ မယုံကြည်နိုင်ဘူး]

[ရွံစရာမြင်ကွင်းလို့သုံးရင် ပိုသင့်တော်မယ်ထင်တယ်]

[မစ္စတာလင်းရဲ့ ဝတ္ထုကို သူ့အတ္ထုပတ္တိလားလို့ နောက်ခဲ့ကြပေမဲ့ အခုတော့ အကြောင်းအရာတွေက တကယ်တူနေတာပဲ]

[အစက ဝတ္ထုဖတ်ရတယ် ထင်နေတာ။ လင်းချွမ် အဖြစ်မှန်ကို ရေးထားမှန်း အခုမှ သိတော့တယ်]

[…]

ပိုင် သက်ပြင်းချ၍ အဖွဲ့ထဲ ဝင်မေးလိုက်သည်။ 

“အစ်ကိုတို့ ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဗီဒီယိုလေး လုပ်မလို့ပဲ။ အဲ့တာ နမူနာလို့ ပြပေးလို့ ရမလားဟင်”

ထိုအခါ အဖွဲ့ထဲမှ အခြားသူများ ချက်ချင်း ပြန်ဖြေကြ၏။ 

[အစ်ကိုပိုင် တော်တော် စိတ်တိုနေမှာပဲ။ ‘လှည့်စားခြင်း’ ဝတ္ထုထဲကပဲ ကြည့်လိုက်လေ]

[ဟုတ်တယ်။ အဲ့စာအုပ်က အကောင်းဆုံး နမူနာပဲ။ လိုတာ ယူသုံးလို့ရတယ်]

[လုံးဝ ပြီးပြည့်စုံနေတာ]

[ကျွန်တော်လည်း အဲ့ဗီဒီယိုတွေ့တာနဲ့ လင်းချွမ်ဝတ္ထုကို ပြေးသတိရတာပဲ။ လုံးဝ ကွက်တိ]

[အမှန်တော့ လင်းချွမ်ကိုယ်တိုင် ဂိုဏ်းထဲမှာ သွားလေ့လာထားလားတောင် သံသယဝင်မိတယ်]

[ကျွန်တော်ရောပဲ]

[…]

ပိုင် သူတို့အဖြေကို ကြည့်ပြီးမှ သူ့နဖူးသူ ရိုက်လိုက်မိသည်။ 

“ငါလည်း တကယ့်အရူးပဲ။ လင်းရဲ့ဝတ္ထုက တကယ့် အကောင်းဆုံးကို”

သူ ချက်ချင်း ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ထဲဝင်၍ ဝတ္ထုကို ဖွင့်ကြည့်လိုက်သည်။ 

‘လွန်ခဲ့တဲ့ (၁၀) နှစ်က ကျွန်တော် ကေကေစက်ရုံကို ရောက်ခဲ့တယ်’

‘(၁၀) နှစ်အကြာမှာတော့ အခု နောက်ဆုံး လွတ်မြောက်လာပြီး ကောင်းကင်ကြီးကို ပြန်မြင်ရပြှ’

‘ဒီမှာ ညတွင်းချင်း ချမ်းသာသွားတာမျိုး မရှိသလို ကောင်းကင်ဘုံလို တောက်ပနေတာလည်း မဟုတ်ဘူး’

‘အဲ့အစား ဆန့်ကျင်ဘက်အနေနဲ့ ငရဲလိုနေရာ လှောင်အိမ်တစ်ခု၊ မမျှတခြင်းတွေ ပြည့်နေတာပဲ’

‘အဲ့မှာ လူသားဆိုတာ မရှိဘူး။ နတ်ဆိုးနဲ့ ဝက်တွေပဲ’

‘ဝက်တွေရဲ့ သေခြင်းရှင်ခြင်းဟာ နတ်ဆိုးတွေအတွက် သိပ်အရေးမပါလှပါဘူး။ ဝက်တစ်ကောင် တန်ဖိုးမရှိတော့ရင် သေရတာပဲ’

‘အဲ့နေရာကို အလိမ်ခံရပြီး ရောက်သွားသည်ဖြစ်စေ၊ ကိုယ်တိုင် စိတ်ပါပြီး ရောက်ခဲ့သည်ဖြစ်စေ ခံစားရမှာတွေ၊ ဆက်ဆံခံရမှာတွေကတော့ အတူတူပဲ။ ဘဝက ဘာတန်ဖိုးမှ မရှိတော့သလိုပေါ့’

‘…’

ထိုအချိန်တွင်။ 

ပိုင် ‘လှည့်စားခြင်း’ ဝတ္ထုကို ပြန်ဖတ်ရင်း ကြက်သီးများ ထလာမိ၏။ 

အစကတော့ လင်းချွမ် ထိုဝတ္ထုကို စိတ်ကူးယဉ်၍ ရေးသားခဲ့သည်ဟု ထင်ထားလေသည်။ 

သို့သော် ယခုမှ အဖြစ်မှန်ဖြစ်နေမှန်းကို သိလိုက်ရသည်။ 

“လင်းချွမ်က တကယ် လေးစားစရာကောင်းတာပဲ”

ပိုင် သက်ပြင်းချ၍ ဝတ္ထုထဲမှ အကြောင်းအရာ အချို့ကိုမှတ်ကာ ဗီဒီယို၌ ရေးသားလိုက်သည်။ 

ထိုအခါ ကျားဖြန့်ဗီဒီယိုနှင့် ပတ်သက်သော အကြောင်းအရာနှင့်ကွက်တိ ဖြစ်နေ၏။ 

ထို့နောက် အင်တာနက်ပေါ် တင်လိုက်သည်။ 

အွန်လိုင်းပေါ်မှ ဗီဒီယိုအများစုမှာ အကြမ်းထည်ပုံဖြင့်သာ တန်းတင်ထားကြသော်လည်း ပိုင်၏ဗီဒီယိုမှာတော့ သေသေသပ်သပ် တိတိကျကျဖြစ်၍ နားလည်ရန် ပိုလွယ်ကူ၏။ 

သူ့ဗီဒီယိုတင်ပြီးနောက် တစ်နာရီခန့်အကြာတွင်။ 

ပိုင်၏ဗီဒီယိုမှာ ကြည့်ရှုသူ (၈) သောင်းကျော်နှင့် ပြန်မျှဝေသူ (၂) သောင်းကျော် ရှိလာပြီး တဖြည်းဖြည်းလည်း တိုးတက်နေဆဲ ဖြစ်သည်။ 

လူအများစိတ်ဝင်စားခြင်းကို ခံနေရသည်။ 

[ဒီဗီဒီယိုကိုကြည့်ပြီးတော့ ငါ့အမြင်တွေ ပြောင်းလဲသွားပြီ]

[ငါ့သူငယ်ချင်းတစ်ယောက်လည်း အဲ့လို ဆွဲဆောင်ခံရတယ်လို့ ပြောသံကြားဖူးတယ်။ အဲ့တည်းက ဘာသတင်းမှ ထပ်မကြားတော့ဘူး]

[ငရဲ၊ လှောင်အိမ်၊ မမျှတမှုတဲ့။ ကြောက်စရာ စကားလုံးတွေပဲ]

[ဒီစာကို ဘယ်ကရတာလဲ။ လုံးဝ ကြက်သီးထစရာကြီး]

[ငါ မှတ်မိသလောက် ဝတ္ထုတစ်ခုရဲ့အဖွင့် ထင်တယ်]

[လှည့်စားခြင်းလေ။ ငါ ဖတ်ဖူးတယ်]

[ဟုတ်တယ်။ အဲ့တာပဲ]

[ဟုတ်တယ်။ ဟိုတစ်လောက အရမ်းပေါက်သွားတဲ့ စာအုပ်လေ]

[နောက်ထပ်ဗီဒီယိုတစ်ခုလည်း တွေ့လိုက်သေးတယ်။ အရမ်း လက်တွေ့ဆန်တာပဲ]

[အဲ့တုန်းက ဝတ္ထုဖတ်နေရတယ် ထင်တာ။ ဒါပေမဲ့ လက်တွေ့ဖြစ်နေတာပဲ]

[…]

ဤသို့ဖြင့် ပိုင်သာမက အခြားသူများမှလည်း လင်းချွမ်ဝတ္ထုထဲမှ စာသားများဖြင့် ပြန်တင်နေကြလေသည်။ 

All Chapters