သူက နတ်ဘုရားပဲ
Vol. 11 Ch. 152
“အာဝေ့”
မီ ရုံးခန်းအပြင်ဘက်သို့ လှမ်းအော်လိုက်သောအခါ အသားညိုညိုလူတစ်ဦး အမြန် ဝင်လာပြီး
“ဟုတ်ကဲ့ သူဌေး ဘာများလိုအပ်လို့ပါလဲ”
“ဒုတိယထပ်ကိုသွားပြီး ဟန်မြစ်အပိုင်းက အဖွဲ့ကို စုံစမ်းခိုင်းလိုက်။ နာခံမှုမရှိရင်တော့ ရှင်းလိုက်”
အာဝေ့ ခေါင်းငြိမ့်ပြ၍ ထွက်သွားလေသည်။
ဒုတိယထပ်မှာ ကျားဖြန့်၏ အင်တာနက်ကွန်ယက်များ ရှိရာနေရာ ဖြစ်၏။
ထိုအထပ်တွင် ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ စုဝေးနေသည်။
အာဝေ့ချက်ချင်း အခြေအနေကို စစ်ဆေးလိုက်သည်။
ထို့နောက် မိနစ် (၂၀) ခန့်အကြာတွင် အပေါ်ဆုံးထပ်သို့ ပြန်ပြေးလာ၏။
“သူဌေး အဲ့အဖွဲ့က…”
“ဘာဖြစ်လဲ”
မီ လက်ဖက်ရည် အေးဆေးသောက်ရင်း မေးလိုက်သည်။
“အဲ့အဖွဲ့က အားလုံး အဖမ်းခံလိုက်ရပါပြီ”
အာဝေ့ ထိတ်လန့်တကြား ပြောလေသည်။
ရုံးခန်းတစ်ခုလုံးလည်း တိတ်ဆိတ်သွား၏။
မီ မျက်မှောင်ကြုတ်၍ ခဏအကြာမှ
“အားလုံး ပါသွားတာလား”
“ဟုတ်ပါတယ်”
အာဝေ့မှ ဆက်၍
“လွန်ခဲ့တဲ့ နာရီဝက်ကျော်ကျော်လောက်ကပဲ ရဲတွေ ရုတ်တရက် ဝင်စီးပြီး အကုန် ဖမ်းသွားတာ”
“သူတို့က အမြဲ လျှို့လျှို့ဝှက်ဝှက် နေတာပဲကို။ ဘယ်လိုလုပ် မိသွားတာလဲ”
မီ လုံးဝ နားမလည်နိုင် ဖြစ်နေ၏။
သူဌေးပေါင်မှာ အပြင်ဂိုဏ်းခွဲများကို မကြာခဏ ဆက်သွယ်လေ့ရှိသောကြောင့် သူနှင့်လည်း ရင်းနှီးနေပါသည်။
အာဝေ့ ခေါင်းယမ်းကာ
“အဲ့တာတော့ မသိပါဘူး”
မီ ရုတ်တရက် လန့်ဖျပ်၍ အခြားဂိုဏ်းခွဲတစ်ခုကို ဖုန်းဆက်လိုက်သည်။
‘တီ တီ တီ’
‘လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်…’
မီ နောက်ထပ် ဂိုဏ်းခွဲ (၅) ခုခန့်ကို ထပ်ဆက်သော်လည်း မည်သူမျှ မကိုင်ကြချေ။
ထိုစဉ် စက်ရုံအပြင်ဘက်၌ လေတစ်ချက်ဝှေ့သွားပြီး သူ ကြက်သီးထသွား၏။
မီ မျက်နှာပျက်ကာ
“ဘာရပ်လုပ်နေတာလဲ။ သွားကြည့်လေ”
သူ ချက်ချင်း အော်လိုက်မိသည်။
အာဝေ့လည်း ဒုတိယထပ်သို့ ပြေးဆင်းသွားပြီး စစ်ဆေးလေ၏။
နာရီဝက်ခန့်အကြာ။
ထင်သည့်အတိုင်း အားလုံး အဖမ်းခံရပြီးလေပြီ။
မီမှာ မျက်လုံးများ ပြာဝေ၍ ခေါင်းမူးလာမိသည်။
တစ်နာရီအတွင်း ဂိုဏ်းခွဲများ ရုတ်တရက် အဖမ်းခံနေရ၏။
ဘာတွေ ဖြစ်ကုန်တာလဲ။
သူတို့ကို ပစ်မှတ်ထားနေတာလား။
မနက်တည်းက သူဌေးပေါင် ရုတ်တရက် သေဆုံးကာ ဂိုဏ်းခွဲများ ပြဿနာတက်ကြသည်။
“ငါတို့ မထိသင့်တဲ့သူကို သွားရန်စမိတာများ ရှိသေးလား”
မီမျက်မှောင်ကြုတ်၍ ပြောမိ၏။
“သူဌေး နောက်ထပ်သတင်းအသစ် ရှိပါတယ်”
အာဝေ့ ဒုတိယထပ်မှ အကြောင်းကြားစာ ရောက်လာ၍ ပြောလိုက်သည်။
“ကျွန်တော်တို့ပုံတွေနဲ့ စက်ရုံအကြောင်းကို ဝက်ဘ်ဆိုဒ်တွေမှာ အတင်ခံထားရတယ်တဲ့”
အာဝေ့ တုန်ရီစွာ ပြောလိုက်၏။
မီလည်း ရင်ခုန်သံ အလွန်မြန်စွာဖြင့် ကွန်ပျူတာကို အမြန် ဖွင့်ကြည့်လိုက်ကြသည်။
ထိုအခါ သူတို့ကျားဖြန့်နှင့် ပတ်သက်ပြီး လုပ်ငန်းစဉ်များအကြောင်း ဝက်ဘ်ဆိုဒ်များ၌ တင်ထားသည်ကို တွေ့ရလေသည်။
…
မီ တံတွေးမျိုချ၍ မျက်နှာပျက်နေမိသည်။
ထို့နောက် ဗီဒီယိုတစ်ခု တွေ့ရပြီး ဖွင့်ကြည့်လိုက်၏။
ဗီဒီယိုထဲတွင် အပွင့်ရိုက်ရှပ်အင်္ကျီနှင့်လူများက လူတစ်ဦးကို သံတုတ်ဖြင့် ဝိုင်းရိုက်နေကြခြင်း ဖြစ်သည်။
“အား”
ထိုလူမှ စူးစူးရှရှ အော်လိုက်သည်။
အောက်မှ ကွန်းမန့်များ၌လည်း ကျိန်ဆဲမှုများ ပြည့်နှက်နေသည်။
[ရက်စက်လိုက်တာ။ ဒီလိုနည်းနဲ့ ပိုက်ဆံရှာနေကြတာလား]
[ဒီလိုတွေ ဖြစ်နေမယ်လို့ တစ်ခါမှ မတွေးဖူးဘူး]
[ဖမ်းကြလေ။ သူတို့ကို အကုန်လုံး အပြစ်ပေးရမှာ]
[…]
မီမှာ အလွန် မျက်နှာပျက်နေမိ၏။
သူတို့ အမိန့်မနာခံသူအား နှိပ်စက်ဖူးသည့် အခြေအနေ ဖြစ်ပါသည်။
ထိုအပြုအမူမျိုး ပြုလုပ်ခဲ့သည်မှာ တစ်ကြိမ် နှစ်ကြိမ် မကပေ။
“ဒါတွေ ဖျက်ပစ်လိုက်။ ကွန်းမန့်တွေလည်း ထိန်းဦး။ ဘာရပ်လုပ်နေကြတာလဲ”
မီ ဒေါသတကြီး အော်လိုက်သည်။
သူတို့ကို မည်သူလုပ်ကြံနေမှန်း မသိသော်လည်း နတ်ဘုရားတစ်ပါးဟုတော့ သေချာပါသည်။
မီ မည်သို့ စဉ်းစားပါစေ လုံးဝ နားမလည်နိုင် ဖြစ်နေ၏။
အဘယ်ကြောင့်ဆိုသော် သာမာန် အွန်လိုင်းစာရေးဆရာလေးတစ်ဦးက ထိုမျှအထိ ဖျက်ဆီးနိုင်မည်ဟု မတွေးဖူးသောကြောင့် ဖြစ်လေသည်။