စစ်ကြောရေး
Vol. 12 Ch. 166
ရဲကားတစ်စီး မိုတုလေဆိပ်မှ ထွက်ခွါကာ လမ်းမကျယ်ပေါ် မောင်းနှင်လာသည်။
လင်းချွမ် ရဲကားထဲတွင် လိုက်ပါလာပြီး ပြတင်းပေါက်မှတစ်ဆင့် ရှုခင်းများကို လိုက်ကြည့်နေသော်လည်း အရှိန်ကြောင့် မြင်ကွင်းထဲမှ ပြန်ပျောက်သွားကြသည်။
ပြင်ပလေအေးကြောင့် ကားမှန်များ ပိတ်ထားပြီး လင်းချွမ် အသက်ရှူကြပ်သကဲ့သို့ ခံစားလာရသည်။
ထို့နောက် သက်ပြင်းချ၍
“မိုတုမြို့က သိပ်ဖော်ရွေတာပဲနော်။ လေယာဉ်ပေါ်က ဆင်းတာနဲ့ ရဲကားနဲ့တောင် အဆင်သင့် လာကြိုပေးတယ်။ ကောင်းလိုက်တာ”
ရဲကားလေးသည် လမ်းကြိုလမ်းကြားများစွာကို ဖြတ်သန်းပြီးနောက် မိုတုရဲစခန်းသို့ ရောက်ရှိလာတော့သည်။
ရဲစခန်းပုံစံမှာတော့ အန်လင်းနှင့် သိပ်မကွာလှပေ။
ဧည့်ခန်းဆောင်၊ အခန်းအမျိုးမျိုး။
သို့သော် လင်းချွမ် ဟိုဟိုဒီဒီ ကြည့်မိသောအခါ ရှန်ချန်းချန်း၊ ရှချင်းချင်း၊ ကျန်းပြောင်၊ ဟူတာချန်းတို့ကို သတိရမိသည်။
အန်လင်းရဲစခန်းမှာ သူ့အတွက် အိမ်တစ်အိမ်နှင့် တူသော်လည်း ဤနေရာတွင်တော့ ရင်းနှီးသော မျက်နှာဟူ၍ မတွေ့ရပေ။
သူ့အတွက် စိတ်သက်သာရစေသည့် တစ်ခုတည်းသော အချက်မှာတော့ သူ၏ ယုံကြည်စိတ်ချရသော တာဝန်ယူတတ်သည့် အယ်ဒီတာ ယုယွီတစ်ယောက် လေဆိပ်မှ ရဲစခန်းအထိ လိုက်လာပေး၍ ဖြစ်လေသည်။
အစကတော့ ယုယွီကို အထုပ်များ ဟိုတယ်တွင်သာ သွားထားခိုင်းစေခဲ့သော်လည်း ယုယွီ စိတ်ပူလွန်းနေ၍ ပါလာခြင်း ဖြစ်၏။
လင်းချွမ်မှ သူ့ကို ပြန်ချော့နေရသည်။
“မစိုးရိမ်ပါနဲ့ ယုယွီရယ်။ ကျွန်တော်က စာအုပ်ပဲ ရေးတာပါ။ တရားမဝင် ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးဆိုတာ ဘာမှမှ မဆိုင်တာ”
“ရှင် စာအုပ်ပဲရေးတာ သိပေမဲ့ အဲ့တာ အဆင်ပြေရဲ့လား မသေချာဘူးလေ”
ယုယွီ နှုတ်ခမ်းလေးစူ၍ မျက်စောင်းထိုးလိုက်မိသည်။ သူ အလွန် စိတ်ပူနေမိသည်။
သူ လင်းချွမ်၏စာအုပ်များအကြောင်းကို သိနေ၍ စိုးရိမ်ခြင်း ဖြစ်လေသည်။
အဲ့စာအုပ်တွေနဲ့ ပတ်သက်နေတာလား။
ကျေးဇူးပြုပြီး ပြစ်မှုမရှိလိုက်ပါနဲ့။
လင်းချွမ် ရယ်မော၍ စိတ်ထဲမှ တွေးမိသည်။
သူ့စာအုပ်များမှာ စနစ်၏စီစဉ်ပေးမှုကြောင့် ဖြစ်ပြီး သူလည်း မတတ်နိုင်ပါ။
“ရဲဘော်လင်းချွမ် ကျွန်တော်တို့နဲ့ စစ်ကြောရေးအခန်းထဲ လိုက်ခဲ့ပေးပါ”
ရဲသားချန်မှ ပြောလိုက်၏။
လင်းချွမ် ခေါင်းငြိမ့်ကာ အေးအေးဆေးဆေး လိုက်သွားသည်။
အချိန်မှာ နေ့လယ်ခင်းပင် ရောက်နေလေပြီ။
နေရောင်ခြည်မှာ စူးရှတောက်ပ၍ သစ်ရွက်စိမ်းများ ပိုမို လင်းလက်နေ၏။
သာယာသော လေညင်းမှာတော့ နေ့လယ်ခင်း အပူဓာတ်လျော့စေရန် စွမ်းဆောင်နေလေသည်။
စစ်ကြောရေးအခန်းထဲ၌။
အခြေခံအချက်များ မေးမြန်းပြီးနောက် ချန် လင်းချွမ်ကိုကြည့်၍
“လင်းချွမ် ပိုင်ယန်ဆိုတဲ့လူကို သိလား”
“ပိုင်ယန်လား”
လင်းချွမ် အံ့ဩသွားပြီး မျက်မှောင်ကြုတ်၍
“ဟုတ်ကဲ့ သိပါတယ်။ ကျွန်တော့် စာဖတ်သူပါ။ သူ ဘာဖြစ်လို့လဲဟင်”
ချန် ပြုံး၍ ရှင်းပြ၏။
“အခြေအနေကတော့ သူ့ကို တရားမဝင် ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးအမှုမှာ သံသယရှိသူအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ သူ့ဆီမှာရှိတဲ့ ကြေးကရားက ခင်ဗျားဝတ္ထုထဲက နည်းအတိုင်း အတုလုပ်ထားတယ်လို့ ပြောနေပါတယ်”
“…”
ဤသို့ဖြင့် အခြေအနေကို ရှင်းလင်းသွားလေသည်။
အစက အုတ်ဂူတူးဖော်မှုဟု ထင်ခဲ့ကြသေးသော်လည်း ပိုင်ယန်၏ ဆရာမှ အာမခံပေးသောကြောင့် တရားမဝင် ကူးသန်းရောင်းဝယ်မှုဖြင့် ပြန်လည် စုံစမ်းနေရသည်။ သို့သော် ပိုင်ယန်မှာတော့ သူကိုယ်တိုင် အတုလုပ်ထားသည်ဟု ဆိုနေ၏။
ရဲများနှင့် ပညာရှင်များကတော့ ထောင်းထီကြေးကရား အစစ် မှန်ကန်ကြောင်းသာ ပြောကြသည်။
ထို့ကြောင့် ပိုင်ယန်တစ်ယောက် လင်းချွမ် မိုတုသို့ လာမည်ကို တွေးမိကာ သူ့ဖြူစင်မှုကို သက်သေပြရန်အတွက် အကူအညီတောင်းရတော့၏။
နောက်ဆုံး ရဲသားချန်လည်း မတတ်နိုင်ဘဲ လင်းချွမ်အားရှာကာ စစ်ဆေးရလေသည်။
လင်းချွမ် ဇာတ်လမ်းအပြည့်အစုံ ကြားပြီးနောက် ရယ်မော၍ စိတ်ထဲတွင် တွေးလိုက်မိသည်။
အစ်ကိုပိုင်ကတော့ ပြဿနာရှာဖို့ မွေးလာတာပဲ။ ဒီတစ်ခါ ထပ်ကူညီရဦးမှာပေါ့။
နောက်တစ်ခါဆိုရင်တော့ ကြိုပြောမှပဲ။
“ဆရာချန် ပိုင်ယန်ဆိုတာ အစတည်းက ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးမေဂျာကပါ။ သူ့အတွက် ကြေးကရားအတုလုပ်တာလောက်က ဘာမှမခက်ပါဘူး”
လင်းချွမ်ပြုံး၍ ပြောလိုက်သည်။
“သူ့မှာ ဒီလိုနောက်ခံရှိမှန်း သိပြီးသားပါ။ ဒါပေမဲ့ ကောင်းချင်လင်းတို့လို ပညာရှင်တွေကို လှည့်စားနိုင်တဲ့အထိကျတော့ ရှင်းပြဖို့ ခက်တယ်လေ”
ချန် သေချာရှင်းပြ၏။
လင်းချွမ် ခဏစဉ်းစား၍
“ဆရာချန် ကျွန်တော် အဲ့ကြေးကရားကို ကြည့်လို့ရမလား။ ကျွန်တော့်စာအုပ်ထဲကအတိုင်း လိုက်လုပ်ထားတာဆိုရင် အတုဖြစ်ကြောင်း ကျွန်တော် သက်သေပြပေးနိုင်ပါတယ်”
ချန် သူ့ကိုစိုက်ကြည့်ကာ အံ့ဩသလိုဖြင့်
“ခင်ဗျားက ရှေးဟောင်းပစ္စည်း အကဲဖြတ်ပေးနိုင်တာလား”
“နည်းနည်းပါ”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
ချန် နားမလည်နိုင်စွာဖြင့် စာရွက်ထဲမှ အချက်အလက်များအား ပြန်ကြည့်မိ၏။
အမည် : လင်းချွမ်။
အသက် : ၂၄။
နေထိုင်ရာအရပ် : အန်လင်း။
အလုပ်အကိုင် : အွန်လိုင်းစာရေးဆရာ။
“အဲ့တော့ ခင်ဗျားရဲ့ အဓိကအလုပ်က အွန်လိုင်းမှာ စာရေးပြီး ရှေးဟောင်းပစ္စည်း အကဲဖြတ်တာကိုလည်း ထပ်လုပ်တာလား”
“ဒါက စိတ်ဝင်စားလို့ လုပ်ရုံပါ။ ဒါပေမဲ့ ကျွန်တော့်မှာ အသိအမှတ်ပြုလက်မှတ် ရှိပါတယ်”
လင်းချွမိပြုံး၍ ဆက်ပြော၏။
“အဲ့ကြေးကရားကို ခဏလောက် ပြပေးပါလား”
ချန် ဘေးမှရဲဝန်ထမ်းကို လှည့်ကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ
“ကျွန်တော့်နောက် လိုက်ခဲ့ပါ”
သူ ရှေ့မှဦးဆောင်၍ ခေါ်သွားပြီး အခြားအလုပ်ခန်းတစ်ခုသို့ ရောက်လာသည်။
အခန်းထဲတွင် တက်ကြွသော ပညာရှင် (၃) ဦးမှာ ထိုကြေးကရားကို သေချာစစ်ဆေး၍ ဆွေးနွေးနေကြ၏။