← Chapters

နောက်ကြောင်း စုံစမ်းခြင်း

Vol. 12 Ch. 168

နောက်ကြောင်း စုံစမ်းခြင်း

Vol. 12 Ch. 168

ပြတင်းပေါက်မှ လိုက်ကာအား ဘေးသို့ အနည်းငယ် ဆွဲလိုက်ရာ တောက်ပသော နေရောင်ခြည်အချို့ ထောင်းထီကြေးကရားပေါ် ကျရောက်လာကြသည်။ 

လင်းချွမ် ဆိုဖာတစ်ဖက်ခြမ်းတွင်ထိုင်၍ စစ်ဆေးမှုရလဒ်အဖြေအတွက် စောင့်နေသည်။ 

ဘေးတွင် အခြားပညာရှင်များလည်း ထိုသို့ပင် ဖြစ်သည်။ 

အနေအထားမှာ အားလုံး စိတ်လှုပ်ရှားစရာ ဖြစ်နေ၏။ 

ပြတိုက်တာဝန်ခံ ပညာရှင်မှာ မျက်လုံးမှိတ်၍ အနားယူနေသည်ဟု ထင်ရသော်လည်း ရင်ထဲတွင် ပူလောင်နေမိသည်။ 

ပိုင်ယန့်ဆရာ ချန်ချင်းကတော့ လင်းချွမ်နှင့် စကားပြောရင်း ပို၍ ယုံကြည်လာ၏။ 

နာရီဝက်မျှ ကြာသောအခါ။ 

ချန်ဟွေ့တစ်ယောက် စစ်ဆေးမှုရလဒ်ဖြင့် ပြန်ရောက်လာသည်။ 

“ရဲသားချန် ဘယ်လိုလဲ”

ပညာရှင်တစ်ဦးမှ အားတက်သရော ထမေးသည်။ 

အခြားသူများလည်း မတ်တပ်ရပ်လိုက်မိကာ စိတ်ဝင်တစား ငေးနေ၏။ 

ထို ထောင်းထီကြေးကရား၏ အတုအစစ် ပြဿနာမှာ ပိုင်ယန်၏ အပြစ်ရှိမရှိကို ဖော်ပြနိုင်ရုံမက လက်ရှိ သူတို့၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေလေသည်။ 

ချန်ဟွေ့ သက်ပြင်းချ၍ ပထမဆုံး လင်းချွမ်ကို ကြည့်ပြီးမှ ကောင်းချင်လင်းဘက်လှည့်၍ နေရခက်စွာဖြင့်

“ရဲဌာနက စစ်ဆေးရေးအဖွဲ့ရဲ့ အဖြေအရတော့ အခု သတ္ထုထဲမှာ ကော့ပါးကာဘွန်နိတ်၊ အီပိုစီဖ အေခရီလိတ်တို့ ပါဝင်ပြီး စစ်ဆေးမှု ပြုလုပ်ပြီးပါပြီ…”

ဘေးမှ ရဲဝန်ထမ်းမှာ ထူးဆန်းသလို နားထောင်နေသော်လည်း ပညာရှင်များအတွက်တော့ ဓာတုပစ္စည်းအမည်များမှာ ရင်းနှီးပြီး ဖြစ်ပါသည်။ အားလုံးမှာ အခြေခံပါနေကျပစ္စည်းများ ဖြစ်၏။ 

ချန်ဟွေ့၏ ကြေညာချက်ကြောင့် ပညာရှင်များ အားလုံး အံ့ဩနေကြသည်။ အထူးသဖြင့် ကောင်းချင်လင်း ဖြစ်သည်။ 

သူ လင်းချွမ်အား ဂရုမစိုက်သလိုကြည့်၍ နှာခေါင်းရှုံ့ကာ ထွက်သွားလေ၏။ 

လင်းချွမ်မှာတော့ ပြုံးလျက်ပင် ရှိလေသည်။ 

အစ်ကိုပိုင်၏ ကြေးကရား ပြုလုပ်ပုံနှင့် ကောင်းချင်လင်း လှည့်စားခံခဲ့ရခြင်းတို့မှာ မည်သူ့အပြစ်မှ မဟုတ်ဘဲ တစ်ဦးချင်းစီ၏ အရည်အချင်း၊ လုပ်ဆောင်နိုင်စွမ်းတို့ကြောင့် ဖြစ်သည်။ 

မြစ်ထဲတွင် လမ်းလျှောက်သူအတွက် ဖိနပ် ရေမစိုဘဲ မဖြစ်နိုင်ပါ။ 

လင်းချွမ်ကဲ့သို့ ပုံရိပ်ယောင်လောက၌ အလွန်တတ်ကျွမ်းနေသူပင် မတော်တဆ ရှိတတ်ပါသည်။ 

“ရဲသားချန် ဒီလောက်ဆို ကျွန်တော့်စာဖတ်သူကို လွှတ်ပေးလို့ ရပြီလား”

လင်းချွမ် ချန်ဟွေ့အား ပြုံး၍ ပြောလိုက်သည်။ 

“သူ အပြင်မှာ စောင့်နေပါပြီ”

ချန်ဟွေ့မှ ပြန်ဖြေ၏။ 

“ကျေးဇူးတင်ပါတယ် ရဲသားချန်”

လင်းချွမ် သဘောကျစွာ ပြုံး၍ အပြင်ထွက်သွား၏။ 

ယုယွီလည်း အပြင်၌ စောင့်နေရသည်မှာ ကြာနေလေပြီ။ 

ချန်ဟွေ့နှင့် သူ့လုပ်ဖော်ကိုင်ဖက်တို့ လင်းချွမ် ထွက်သွားသည်ကို ကြည့်၍ ရေရွတ်မိ၏။ 

“ဒီလင်းချွမ်က အသက်ငယ်ပြီး အွန်လိုင်း စာရေးဆရာ ဆိုပေမဲ့ ရှေးဟောင်းပစ္စည်း အကဲဖြတ်တာတော့ တော်တော်ကျွမ်းတယ်နော်”

“တကယ့် ဆရာကြီးပဲ။ အန်လင်းကနေ ရောက်ရောက်လာချင်း လိုက်လာပြီး ကြေးကရားရဲ့ ပါဝင်ပစ္စည်းတွေအကုန် ရွတ်ပြတာ။ ကောင်းချင်လင်းတောင် မနိုင်ဘူး”

ချန်ဟွေ့ ပြန်ပြော၏။ 

“ကျွန်တော်တို့ လိုက်စုံစမ်းနေတဲ့ တရားမဝင် အမှုတွေနဲ့ ပတ်သက်နေမယ်လို့ ထင်လား”

ချန်ဟွေ့ ရယ်မောကာ

“အစကတော့ အဲ့လို တွေးမိစရာရှိပေမဲ့ သူ အခုလေးတင် အန်လင်းက ရောက်လာတာလေ။ ဘယ်အချိန် ဘယ်လို ပတ်သက်မှာလဲ”

“ကျွန်တော်လည်း အထင်သက်သက်ပါဗျာ”

ထိုရဲဝန်ထမ်းလေးမှ ရယ်မော၍ ပြောလိုက်သည်။ 

ချန်ဟွေ့မှ

“ဒါပေမဲ့ သူ့မျက်လုံးစူးရှရှကတော့ တကယ် အသိအမှတ်ပြုရမယ်။ ကျွန်တော်တို့ နောက်ပိုင်း အကဲဖြတ်စရာရှိရင်လည်း ခေါ်ကြတာပေါ့”

ချန်ဟွေ့ လင်းချွမ်ကို ပြန်၍ အားကိုးမိ၏။ 

ဘေးမှ ရဲဝန်ထမ်းလည်း ထောက်ခံသလို ခေါင်းငြိမ့်ကာ

“မနက်ဖြန်ဆို နိုင်ငံခြားက ပညာရှင်တွေလည်း ရောက်ဦးမှာ။ ဒီတစ်ခါ ရှေးဟောင်းပစ္စည်းပြပွဲကတော့ ပညာရှင်တွေအများကြီး တက်ရောက်တော့ တကယ် ပွဲကောင်းပဲ။ ကျွန်တော်တို့လည်း ဒီအခွင့်အရေးမှာ သေချာပေါက်သွားပြီး စုံစမ်းရမယ်” 

“ကောင်းပါပြီ”

ချန်ဟွေ့ ခေါင်းငြိမ့်ပြလိုက်၏။ 

ထို့နောက် အပြင်ထွက်သွားပြီး အရေးကြီးပုဂ္ဂိုလ်စာရင်း၌ မှတ်ထားသည့် ဖုန်းတစ်လုံးအား ဆက်လိုက်၏။ 

သူ လင်းချွမ်အကြောင်း ပိုသိရစေရန် အန်လင်းမှ သူငယ်ချင်းကို ဆက်သွယ်လိုက်ခြင်း ဖြစ်သည်။ 

ရှန်ချန်းချန်း ဖြစ်၏။ 

တီ တီ တီ။ 

“ဟယ်လို ဘယ်သူပါလဲ”

ရှန်ချန်းချန်း၏ ယဉ်ကျေးသောအသံလေး ထွက်ပေါ်လာသည်။ 

“ငါပါ ချန်ဟွေ့”

ချန်ဟွေ့ နေရခက်စွာ ပြန်ဖြေလိုက်၏။ 

ရှန်ချန်းချန်းအသံမှာ ချိုသာသော်လည်း ‘ဘယ်သူလဲ’ ဟု ပြန်မေးနေ၍ သူ့ဖုန်းနံပါတ်ကို မမှတ်ထားမှန်း သိကာ သူစိမ်းဆန်သလို ကြက်သီးများ ထသွားသည်။ 

“ချန်ဟွေ့လား”

ရှန်ချန်းချန်း အံ့ဩသွားမိ၏။ 

ချန်ဟွေ့မှ ဆက်ကာ

“ချန်းချန်း အခု အလုပ်ရှုပ်နေလားဟင်”

“အင်း အလုပ်ထဲမှာပဲ။ ပြောစရာ ရှိလို့လား”

“အမှန်တော့ အများကြီး မဟုတ်ပါဘူး။ လူတစ်ယောက်အကြောင်း မေးချင်တာ။ သူက အန်လင်းကပဲမို့လို့လေ”

“ဘယ်သူတုန်း”

“ရှေးဟောင်းပစ္စည်းအကြောင်း နားလည်တဲ့ အွန်လိုင်းစာရေးဆရာလေ။ သူ့နာမည်က…”

“လင်းချွမ်လား”

ရှန်ချန်းချန်း တစ်ဖက်မှ အသံခပ်တင်းတင်းဖြင့် အံ့ဩစွာ ပြောမိ၏။ 

All Chapters