ယုံကြည်စိတ်ချရသော
Vol. 12 Ch. 169
ချန်ဟွေ့ နေရခက်စွာဖြင့်
“ငါ သူ့အကြောင်းမေးမယ်မှန်း ဘယ်လိုသိလဲ”
ထိုစဉ် ရှန်ချန်းချန်းအသံမှာ သိသိသာသာ ရင်းနှီးသွားသလိုပုံဖြင့်
“သူက ငါ့သူငယ်ချင်းလေ။ ဒီနေ့ပဲ မိုတုသွားတာ။ ရှေးဟောင်းပစ္စည်းအကြောင်း နားလည်တဲ့ အွန်လိုင်းစာရေးဆရာဆိုတော့ သူ့ပဲ တွေးမိတာပဲ”
“သူငယ်ချင်းလား။ ချစ်သူလား”
ချန်ဟွေ့ စနောက်သလို ပြော၏။
“ဖြစ်လုနီးပါးပေါ့လေ”
“…”
သူ ဖုန်းဆက်မိသည်ကိုပင် နောင်တရချင်လာသည်။
ဟုတ်တာလား။ မဟုတ်တာလား။ ဖြစ်လုနီးပါး ဆိုတာက။
“လင်းချွမ် ပြဿနာတစ်ခုခု ရှိလို့လား”
ရှန်ချန်းချန်း စိုးရိမ်စွာ မေးလိုက်၏။
ချန်ဟွေ့ မိုတု၌ တာဝန်ကျသည်ကိုတော့ သိပါသည်။
ရဲဝန်ထမ်းမှ သူ့အကြောင်း လာမေးနေသည်မှာ လင်းချွမ် ထပ်အဖမ်းခံရပြန်ပြီလား။
“မဟုတ်ပါဘူး။ သူက ရှေးဟောင်း ကြေးကရားတစ်ခုကို အတုအစစ် ခွဲပေးနိုင်ခဲ့လို့ သူ့နောက်ကြောင်းပါ သိချင်မိလို့ပါ”
ချန်ဟွေ့ပြုံး၍ ပြောလိုက်သည်။
“သူ့အသေးစိတ်တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ သေချာတာတော့ သူက လုံးဝ စိတ်ချယုံကြည်ရတယ်”
ရှန်ချန်းချန်း အခိုင်အမာ ပြောလေသည်။
စိတ်ချယုံကြည်ရတာလား။
“အဲ့လောက်တောင် အထင်ကြီးစရာကောင်းတာလား”
ချန်ဟွေ့ လန့်ဖျပ်၍ အလွန်အံ့ဩနေမိသည်။
“ကျွန်မပြောပြနိုင်တာ ဒါအကုန်ပဲ။ ဪ သူ မိုတုက အမှုတစ်ခုခုမှာ ပတ်သက်နေတာ၊ ပြစ်မှုထဲ ပါနေတာမျိုးဆိုရင်တော့ ကျွန်မကို ချက်ချင်း ပြောပေးနော်”
ရှန်ချန်းချန်း ထပ်ပြောလိုက်၏။
သူ လင်းချွမ်နှင့် သိလာသည့်အချိန်ကြာလေ ပြစ်မှု ကျူးလွန်ရန် မွေးဖွားလာသူဖြစ်ကြောင်းသိလေ ဖြစ်သည်။
သို့သော် အန်လင်း၌ဆိုလျှင် အားလုံး သိနေပြီးဖြစ်၍ ကိစ္စမရှိလှပေ။
အဝေးရောက်နေသောအခါတွင်တော့ ရှန်ချန်းချန်း စိုးရိမ်မိ၏။
နောက်ဆုံးတစ်ခါက လူမိုက် (၁၀) ယောက်နှင့် တိုက်ခိုက်စဉ်ကလည်း သူကသာ အလွန်လန့်ဖျပ်၍ စိတ်ပူခဲ့ရသည်။
ပြောရလျှင် အရူးတစ်ပိုင်းပင် ဖြစ်လေသည်။
ထို့နောက် မကြာမီ ဖုန်းချလိုက်ကြပြီး ရှန်ချန်းချန်း အလုပ်ပြန်လုပ်လေ၏။
အမှန်တော့ သူ အလွန်အလုပ်ရှုပ်နေခြင်း ဖြစ်ပြီး လင်းချွမ်အကြောင်းဆို၍သာ စကားပြောပေးခြင်း ဖြစ်သည်။
ဖုန်းချပြီးနောက် ချန်ဟွေ့ဘက်တွင်လည်း ခံစားချက်များ ရောထွေးနေ၏။
သူ့ကိစ္စမဟုတ်သော အွန်လိုင်းစာရေးဆရာအကြောင်း မေးရန် ဖုန်းဆက်မိခဲ့ပြီး ယခုတော့ သူ့ဘဝသူ မေးခွန်းထုတ်နေမိတော့သည်။
တက္ကသိုလ်တက်သည့်တောက်လျှောက်၌ သူကသာ ရှန်ချန်းချန်းအပေါ် အာရုံကျနေခဲ့သော်လည်း ရှန်ချန်းချန်းကတော့ သူ့ကို လုံးဝ စိတ်မဝင်စားပေ။
ဘွဲ့ရပြီးနောက် ယခုမှ ပထမဆုံး ဆက်သွယ်မိခြင်း ဖြစ်ပြီး လင်းချွမ်ကိုအကြောင်းပြကာ ရှန်ချန်းချန်းနှင့် စကားပြောရန် တွေးထားသော်လည်း လင်းချွမ်နှင့် ထိုသို့ ပတ်သက်နေလေသည်
အလွန် တိုက်ဆိုင်လွန်းလှ၏။
ဖုန်းပြောရင်း ရှန်ချန်းချန်း လင်းချွမ်အပေါ် မည်မျှ စိုးရိမ်ကြောင်း၊ ဂရုစိုက်ကြောင်းသာ သိလိုက်ရသည်။
ဟူး~
ချန်ဟွေ့ ထိုဖုန်းနံပါတ်လေးကိုကြည့်ရင်း သက်ပြင်းချမိ၏။
…
မိုတုရဲစခန်း။
ခပ်လှမ်းလှမ်းမှပင် ပိုင်ယန် လင်းချွမ်ကိုတွေ့ကာ လေအဟုန်ကဲ့သို့ ပြေးလာ၏။
“လင်းက တကယ့် ညီအစ်ကိုပဲ”
“ဟေ့ ဟေ့ ကျွန်တော်တို့ လူမြင်ကွင်းကြီးမှာနော်”
လင်း ပိုင်ယန်ဖက်မည်အား အမြန်တားလိုက်သည်။
“လင်းသာ မရှိရင် ကျွန်တော် တကယ် ဒုက္ခရောက်ပြီဗျာ”
ပိုင် သက်ပြင်းချ၍ ပြော၏။
လင်းချွမ်ပြုံး၍ သူ့ပုခုံးအားပုတ်ကာ အားပေးလိုက်သည်။
“ပထမဆုံးအခေါက်ဆိုတော့ ဒီလိုပဲ စိတ်လှုပ်ရှားတာပေါ့”
“ပြောမနေပါနဲ့တော့။ အဲ့အခန်းထဲထိုင်ပြီး အဖြေကို စောင့်ရတာ စိတ်ထဲမှာ ဗလာကြီးပဲ ရှိတော့တယ်။ လင်း မြန်မြန်ရောက်လာပြီး သက်သေပြပေးဖို့ပဲ တွေးနေမိတာ”
လင်းချွမ် ရယ်မော၍
“ဒါက အတွေ့အကြုံနဲ့ စကားပြောတာပဲ။ ခဏခဏဆို ကိုင်တွယ်နိုင်သွားလိမ့်မယ်။ ဘယ်လို အပြစ်ကင်းကြောင်း ပြောရမလဲဆိုတာမျိုးပေါ့”
ပိုင် ခေါင်းအဆက်မပြတ် ယမ်းကာ
“နောက်တစ်ခါတော့ မလုပ်ပါနဲ့ဗျာ”
ထိုစဉ် ယုယွီ နှုတ်ခမ်းလေးစူလျက်
“ရှင်က တော်တော် အတွေ့အကြုံ ရှိပုံပဲနော်”
“အင်း ကျွန်တော်က အမှုတော်တော်များများကြုံဖူးတယ်လေ”
လင်းချွမ်ဘေးတွင် မိန်းမလှတစ်ဦး ပါနေသည်အား ပိုင်ယန် ယခုမှ သတိထားမိသည်။
ပုခုံးကျဂါဝန်လေးနှင့် အသားဖွေးဖွေးမှာ လိုက်ဖက်ညီနေပြီး မျက်လုံးအောက်မှ မှဲ့လေးကြောင့်လည်း ပိုဆွဲဆောင်မှု ရှိနေ၏။
“မရီး မင်္ဂလာပါ”
ပိုင်ယန်မှ စ၍ နှုတ်ဆက်လိုက်သည်။
လင်းချွမ် မျက်နှာပျက်သွားကာ
“အစ်ကိုပိုင်ရယ် အထင်မလွဲပါနဲ့။ ဒါက ကျွန်တော့် အယ်ဒီတာ ယုယွီတဲ့။ အွန်လိုင်း စာရေးနည်းအတွက် နည်းပြလည်း ဟုတ်တယ်”
ယုယွီပြုံး၍ ခေါင်းငြိမ့်ပြ၏။
“မင်္ဂလာပါ အစ်ကိုပိုင်”
ပိုင် လင်းချွမ်နားကပ်၍ ခပ်တိုးတိုးဖြင့်
“လင်း ခြေသွက်လှချည်လား။ ကောင်မလေးတောင် ပြောင်းသွားပြီနော်။ ဟိုတစ်ခါက ရဲမေလေး (၂) ယောက်ကရော”
“ဘာတွေပြောနေတာလဲ။ သူများကို အဲ့လို လိုက်သိက္ခာမချစမ်းပါနဲ့”
လင်းချွမ် ခပ်အေးအေး ပြန်ပြောသည်။
ပိုင် ရယ်မော၍
“ဒါဆို မရီးက ဘယ်တစ်ယောက်တုန်း”
“သူ အခု အိမ်မှာ”
“တကယ့် ဆရာကြီးဗျာ”
ပိုင် လက်မထောင်၍ ပြန်ပြောသည်။
“ကျွန်တော်သာ အခု မလာရင် ခင်ဗျား ရဲစခန်းမှာ နောက်ရက်ပိုင်းလောက် ဆက်နေရမှာနော်”
“လင်းရယ် တကယ့် ညီအစ်ကိုလိုပါပဲ။ ကျေးဇူးတင်တဲ့အနေနဲ့ မနက်ဖြန် မိုတုမြို့ ရှေးဟောင်းပစ္စည်း ပြပွဲကို ခေါ်သွားမယ်။ လိုက်မှာမလား”
“ရှေးဟောင်းပစ္စည်း ပြပွဲလား”
လင်းချွမ် စိတ်ဝင်စားသွား၏။
“အခု နိုင်ငံခြားက ပညာရှင်တွေပါ ရောက်နေလို့လေ။ ဒီလိုအဖွဲ့ထဲဝင်ဖို့ဆို တော်တော် အရည်အချင်းရှိမှ ဖြစ်မယ်”
“မနက်ဖြန် ဘယ်အချိန်လဲ”
လင်းချွမ် ပြုံး၍ မေးလိုက်၏။
“မနက်ဖြန်က ညနေ (၅) နာရီလေ။ ကိုယ်တိုင် ခေါ်သွားပေးမှာ။ မရီးလည်း ခေါ်ခဲ့လေ”
ပိုင် ထပ်နောက်လိုက်သည်။
လင်းချွမ် မနက်ဖြန် မနက်ပိုင်းတွင် ဒါရိုက်တာနှင့် အစည်းအဝေးထိုင်ကာ ကျန်အချိန်ကို ယုယွီ စီစဉ်ထားသည်ဟုဆို၍ မည်သို့လုပ်ရမည်မသိ ဖြစ်နေသည်။
ထိုစဉ် ယုယွီမှ
“ကျွန်မ လိုက်ခဲ့ပေးမယ်လေ။ အဲ့တာပြီးမှ မိုတုညအလှကို လိုက်ကြည့်လည်း ရတာပဲ”
“ဟုတ်ကဲ့ ရပါတယ်”
“ဒါဆို အခု ဟိုတယ် ပြန်ကြတာပေါ့။ အယ်ဒီတာချုပ်ကလည်း လက်ဆောင်ပို့ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ညစာလိုက်ကျွေးမယ် ပြောသေးတယ်”
“လက်ဆောင်က သူ့ဆီတောင် မရောက်သေးဘူး။ ညစာ လိုက်ကျွေးနေပြီ။ ကျေးဇူးပါဗျာ”
“ဘာပဲဖြစ်ဖြစ် ရှင်က တစ်ပိုင်းကို ဖတ်ရှုသူ (၂၀၀၀၀) လောက်ရှိတဲ့ စာရေးဆရာလေ။ ပြိုင်ပွဲမှာလည်း ဆုရထားသေးတယ်။ ပစ္စည်းဆိုလည်း အစစ်အတိုင်း ရမှာ”
လင်းချွမ် ရယ်မော၍
“အဲ့လောက်လည်း မဟုတ်ပါဘူးဗျာ”
လင်းချွမ်၏ လက်ရာများကိုသာ ပြတိုက်၌ထားလျှင် မည်သူမျှ အတုဟု ထင်ကြမည် မဟုတ်ချေ။